ပခုက္ကူမြေပဲဈေးကွက်တွင် ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)၌ မြေပဲဈေးများမှာ ဈေးတက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်တွင် (၆)လမြေပဲများနှင့် (၃)လမြေပဲများ အနည်းငယ်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အနေဖြင့် မြှင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ (၆)လမြေပဲဆံမှာ ဝင်ရောက်မှုနည်းပြီး ဈေးကွက်အနေဖြင့် ယခုတစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်(၆၆၀၀ မှ ၆၈၀၀)ထိဈေးရှိပြီး (၃)လမြေပဲဆံများမှာ တစ်ပိဿာလျှင် ကျပ်(၆၈၀၀ မှ ၇၂၀၀)ထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ဈေးကွက်အတွင်းရှိ (၆)လမြေပဲများကို မြို့ပေါ်ရှိလုပ်ငန်းရှင်များနှင့် မြေပဲဆုံဆီ၊ ဆီစက်လုပ်ငန်းရှင်များက ဆီကြိတ်ရန် ဝယ်ယူလျက်ရှိပြီး မြေပဲဆားလှော်၊ မြေပဲကြက်ဥလုပ်ငန်းရှင်များကလည်းဝယ်ယူပြီး ပြည်တွင်းရှိ နေရာဒေသအနှံ့အပြားနှင့် အမြို့မြို့အနယ်နယ်သို့လည်း တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။ (၃)လမြေပဲများကိုမူ မျိုးဆံများအဖြစ် ပြန်လည်ရောင်းချကြောင်း၊ ဗန်းမော်နှင့် ကသာမြို့နယ်များမှ အနည်းငယ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ယခင်ဧပြီလ (စတုတ္ထပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် မြေပဲဆံတစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့်ဈေးနှုန်းမြှင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ပြည်တွင်းတွင်သာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ပြည်ပသို့တင်ပို့မှုမရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)