Main menu

တစ်နှစ်ထက်တစ်နှစ်ဈေးကောင်းရလာတဲ့ ထောပတ်ပဲသီးနှံ စိုက်ဧကတိုးချဲ့စိုက်ပျိုးသင့်

Powered by Drupal

     ပဲခူးတိုင်းဒေကြီး၊ ပြည်ခရိုင်အတွင်းတွင် ပဲမျိုးစုံစိုက်ပျိုးကြသော်လည်း မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများသာ စိုက်ဧကများပြားကြပြီး ကျန်ပဲသီးနှံများမှာ စိုက်ပျိုးဧက နည်းပါးကြပါသည်။ အများဆုံး စိုက်ပျိုးသည့် ပဲများတွင် မတ်ပဲသီးနှံမှာ စိုက်ဧက(၆၀၀၀၀)ကျော်၊ ပဲတီစိမ်းသီးနှံမှာ မိုး၊ ဆောင်း (၂)ရာသီစိုက်ပျိုးပြီး မိုးပဲတီစိမ်း စိုက်ဧက (၄)ထောင်ကျော်၊ ဆောင်းပဲတီစိမ်း စိုက်ဧကမှာ (၁၉၀၀၀)ကျော်၊ ပဲစင်းငုံစိုက်ဧကမှာ (၁၄၀၀၀)ကျော်၊ ကုလားပဲ စိုက်ဧကမှာ (၁၆၀၀၀)ကျော် စိုက်ပျိုးမှုရှိကြပါသည်။ အဆိုပါပဲများအနေဖြင့် စိုက်ဧကများ၏ ထွက်ရှိမှု ပမာဏမှာလည်း များပြားကြပြီး အရောင်းအဝယ်ဖြစ်မှုပမာဏအနေဖြင့် ပြည်တွင်း၊ ပြည်ပ ရောင်းဝယ်မှုဖြစ်ကြပါသည်။ ပြည်ဈေးကွက်သို့ ဝင်ရောက်လာသော ပဲများအား ရန်ကုန်၊ မန္တလေး မြို့ကြီးများသို့ တင်ပို့ရောင်းချကြပါသည်။ ကျန်ပဲများဖြစ်သော ထောပတ်ပဲ၊ ပဲလွမ်းဖြူ၊ ပဲနီပြား စသည့် ပဲများမှာ စိုက်ဧကနည်းပါးသောကြောင့် ပဲထွက်ပေါ်ချိန်ကာလများတွင် အရောင်း အဝယ်ဖြစ်မှုများကာ ကျန်ကာလများမှာ ပဲလက်ကျန် အနည်းငယ်သာ လက်လီ ရောင်းဝယ်မှု ဖြစ်ကြပါသည်။ အဆိုပါပဲများအနက် ထောပတ်ပဲသီးနှံသည် ပြည်ခရိုင်အတွင်းရှိ မြို့နယ်များ အားလုံးတွင် စိုက်ပျိုးခြင်း မရှိဘဲ ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်တွင်သာ စိုက်ပျိုးသည့်အတွက် စိုက်ဧက စုစုပေါင်း (၄၀၀၀)ကျော်ခန့်သာ စိုက်ပျိုးမှုရှိပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ (၁၇)တင်း နှုန်းခန့် ထွက်ရှိသည်ဟု သိရပါသည်။ ဈေးနှုန်းအနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲစသော သီးနှံများကဲ့သို့ပင် ဈေးကောင်းရလျက်ရှိပြီး ပိဿာ(၂၀)တစ်တင်းကို ကျပ်(၆) သောင်းကျော် (၇)သောင်းနီးပါးအထိ ရရှိခဲ့ပါသည်။ ဈေးကောင်းရသောကြောင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် ယခုနှစ်မှာ ထောပတ်ပဲသီးနှံမှ အကျိုးအမြတ် ရရှိခဲ့သော နှစ်ဖြစ်ပါသည်။ ထောပတ်ပဲသီးနှံ၏ နှစ်အလိုက်ဈေးနှုန်းများကို လေ့လာကြည့်ရာတွင် ၂၀၂၀ ခုနှစ် မေလတွင် တစ်တင်းလျှင် (၂)သောင်းကျပ်နှုန်း၊ ၂၀၂၁ မေလတွင်လည်း တစ်တင်းလျှင် (၂)သောင်းကျပ်နှုန်း၊ ၂၀၂၂ မေလတွင် တစ်တင်း (၄၆၀၀၀)ကျပ်ဖြင့် ရရှိခဲ့တာကြောင့် နှစ်အလိုက်ဈေးနှုန်းများတွင် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်၌ ယခင်နှစ်ဈေးနှင့် တူညီနေခဲ့ပါသည်။ ၎င်းနှစ်များ၌ အခြားပဲများအပြင် ထောပတ်ပဲသီးနှံကလည်း ဈေးအေးခဲ့ကြောင်း သိရပါသည်။ ၂၀၂၂ခုနှစ်တွင် ပြည်ပတင်ပို့သောပဲအားလုံးလိုလို ဈေးမြင့်တက်လာခဲ့ပြီး ပြည်တွင်းစားသုံးမှုများသော ထောပတ်ပဲ သီးနှံဈေးအနေဖြင့်လည်း တစ်တင်း (၄၀၀၀၀)ကျပ်အထိ ပြည်ပတင်ပို့သော ပဲများ၏ ဈေးနှုန်း များနှင့်အပြိုင်မြင့်တက်လာခဲ့ကြပါသည်။ ယခု ၂၀၂၃ ပဲဈေးကွက်အတွင်း ပဲမျိုးစုံ ဈေးနှုန်းများမှာ ပဲအားလုံးလိုလို ဈေးကောင်းရလျက်ရှိ၍ ပြည်တွင်းစားသုံးမှုများသော ပဲများအားလုံးမှာလည်း ဈေးကောင်းရလျက်ရှိနေခဲ့ပါသည်။ ထောပတ်ပဲသီးနှံအနေဖြင့် ယခုကာလတွင် ပဲလက်ကျန် နည်းသွားပြီဖြစ်၍ ပဲထွက်ပေါ်စ အချိန်ရောင်းဝယ်မှုဖြစ်သည့် ပမာဏလောက် အရောင်း အဝယ်မဖြစ်တော့ဘဲ ဒေသတွင်း လက်လီသမား အချို့ဖြင့်သာ ရောင်းချနေကြရကြောင်း သိရပါသည်။ ပဲစိုက်တောင်သူများကလည်း ယခုနှစ်တွင် ထောပတ်ပဲဈေးကောင်းရနေသည့်အတွက် မျိုးပဲ အချို့သာချန်ပြီး ထွက်ရှိလာသမျှ ပဲအားလုံးကို ရောင်းချကြသောကြောင့် တောင်သူများထံတွင် ပဲလက်ကျန်မရှိတော့ဘဲ ဈေးကွက်အတွင်း သိုလှောင်ထားသူများ၏ လှောင်ပဲအနည်းငယ်သာ ကျန်ရှိနေခဲ့ကြောင်း သိရပါသည်။ လက်ကျန်လည်း နည်းလာသည့်အတွက် အခြားပဲများကဲ့သို့ အရောင်းအဝယ်ဖြစ်မှု ပမာဏမများတော့ဘဲ အိတ်အနည်းငယ်ခန့်သာ ရောင်းဝယ်နေခဲ့ကြောင်း သိရပါသည်။ ပြည်ပတင်ပို့မှုရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲ သီးနှံများဟာဆိုလျှင် စိုက်ပျိုးဧကများသလို ထွက်ရှိမှုပမာဏလည်းများသည့်အတွက် ဈေးကွက်အတွင်း တစ်နှစ်တာလုံး ရောင်းချမှုရှိခဲ့ပါသည်။ သို့သော်လည်း ထောပတ်ပဲသီးနှံစိုက်ဧကပမာဏမှာ အဆိုပါပဲများ ထက် ဧကအများကြီး လျော့နည်းခဲ့၍ ပဲထွက်ပေါ်ချိန်နှင့် အထွက်လှိုင်ချိန်များတွင်သာ လက်လီလက်ကားရောင်းဝယ်မှုများပြီး သင်္ကြန်ပြီးချိန်မှစ၍ ပစ္စည်းလက်ကျန်များ တဖြည်းဖြည်း လျော့နည်းလာပြီး ပဲလက်ကျန်ပျက်သည်အထိဖြစ်ခဲ့ကြကာ လာမည့်ပဲသစ်ပေါ်ချိန်ကာလမှသာ ဈေးကွက်အတွင်းပြန်လည်အရောင်းအဝယ်ဖြစ်မည့် ပဲအမျိုးအစားဖြစ်ပါသည်။ ထို့ကြောင့် ယခု လက်ရှိ စိုက်ပျိုးဖြစ်ထွန်းနေသော ဒေသများတွင် တစ်နှစ်ထက်တစ်နှစ်ဈေးကောင်းရရှိလာသော ထောပတ်ပဲသီးနှံအား အထွက်ကောင်းမျိုးများရွေးချယ်ကာ နောင်လာမည့်နှစ်များတွင် တစ်နှစ်ထက် တစ်နှစ်စိုက်ဧကပိုမိုတိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက ပဲစိုက်တောင်သူများ အကျိုးအမြတ် ဝင်ငွေပိုမို ရရှိလာနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)