ပြည်ဈေးကွက်သို့ မော်လမြိုင်၊ တောင်ငူနှင့် ယိုးဒယားဘက်မှ ဒူးရင်းသီးများ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရာသီပေါ် အသီးအနှံဖြစ်သည့်အတွက် လူအများကြိုက် နှစ်သက်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ဒူးရင်းသီးကို ပြည်ဒေသတွင် စိုက်ပျိုးမှုမရှိဘဲ နယ်များမှ ဝင်ရောက်လာပြီး ဈေးကွက်အတွင်းတွင် ရောင်းချကြပြီး တချို့မှာ ကားပေါ်သို့တင်၍ နေရာအနှံ လိုက်လံရောင်းချကြပါသည်။ တချို့မှာ online မှတစ်ဆင့် ဒူရင်းသီး ကိုင်းဆက်သီးဟူ၍ ရောင်းချကြပြီး ဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် (၁၅၀၀၀-၁၉၀၀၀)ကျပ်အထိ ရောင်းချကြောင်း သိရပါသည်။ ယိုးဒယားသီးမှာ စားသုံးလျှင်အနှစ်ထူပြီး အစေ့မှာသေးငယ်သဖြင့် ဈေးမှာလည်းမြင့်ပါသည်။ မော်လမြိုင်နှင့် တောင်ငူဘက်မှလာသောဒူးရင်းသီးကို မြန်မာသီးဟုခေါ်၍ အနှစ်နည်းသဖြင့် ယိုးဒယားသီးထက်စာလျှင် ဈေးနှုန်းအနည်းငယ်နည်းပါသည်။ ဒူးရင်းသီးကို လိုအပ်သည်ထက်ပိုမို၍ စားသုံးပေးလျှင် အပူကန်တက်သဖြင့် အပူမကန်စေရန် မင်းကွတ်သီးကိုလည်း စားပေးရမည်ဟု သိရပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချသော ဒူးရင်းသီးဈေးနှုန်းများမှာ အရွယ်အစားကိုလိုက်၍ အသေးတစ်လုံးလျှင် (၆၀၀၀-၇၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၉၀၀၀-၁၀၀၀၀)ကျပ်၊ အကြီး တစ်လုံးလျှင် (၁၂၀၀၀-၁၃၀၀၀) ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ဒူးရင်းသီးမှာ ယခုအချိန်တွင် ပေါ်ခါစဖြစ်သဖြင့် ဈေးနှုန်းများမြင့်တက်နေသော်လည်း ဝယ်ယူသူများရှိသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
DOCA(ပဲခူး)