Main menu

ရွှေတောင်ဒေသထွက်ပိန်းပန်းဈေးကွက်

Powered by Drupal

    ပိန်းပန်းပင်သည် မြန်မာလိုအခေါ်အဝေါ်ဖြစ်ပါသည် ။ အင်္ဂလိပ်လို ဆိုလျှင် Flamingo Flower ၊ Tail Flower ၊ Painter's Palette ၊ Laceleaf စသဖြင့် အမျိုးမျိုး‌ခေါ်ဆိုကြပါသည်။ မြန်မာ ပြည်တွင် ပိန်းပန်းပင်များအား လူကြိုက်များသလို အနောက်နိုင်ငံဖြစ်သည့် ထိုင်း၊ မလေးရှား၊ တရုတ်နှင့် ဖိလစ်ပိုင်တို့တွင်လည်း လူကြိုက်များကြောင်းသိရပါသည်။ ပိန်းပန်းပင်များသည် ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ ပိန်းပန်းပင်များသည် အရွက်၊ အပွင့်၊ အရောင်၊ အရွယ်အစားမျိုးစုံရှိပြီး ရာသီမရွေးပန်းများပွင့်ရန်အတွက် ပြုစု၍စိုက်ပျိုးရပါသည်။ မူလမျိုးရင်းမှာ အနီရောင်၊ ပန်းရောင်၊ အညိုရောင် နှင့်အဖြူရောင်တို့ဖြစ်ပါသည်။ ပိန်းပန်းပင်များသည် စိုက်ပျိုးရာတွင် တိုက်ရိုက်နေရောင် မထိဘဲ စိုထိုင်းမှုကို ကြိုက်နှစ်သက်ပါသည်။ ပိန်းပန်းပင်များ သည် ပုံမှန်အားဖြင့် (၃)လလျှင် တစ်ကြိမ်ပွင့်တတ်ပြီး ပွင်းလင်းရာသီ နေရောင်ကောင်းစွာရရှိလျှင် အပွင့်များစွာပွင့်ပါသည်။ မိုးရာသီရောက်လျှင် အပင်များမှ ပင်ပွားများထွက်လာပြီး ထိုပင်ပွားများကို ဖြတ်တောက်၍ မျိုးပွားစိုက်ပျိုးနိုင်ပါသည်။

     ပိန်းပန်းပင်များကို အိုးများဖြင့်စိုက်ပျိုးကြပြီး ထိုအိုးများထဲသို့ အုန်းခွံခြောက်၊ အုန်းဆံမှုန့်၊ အုန်းဆံဖတ်၊ မီးသွေးခဲ၊ စပါးခွံပြာနှင့် အုတ်နီခဲအကျိုးအကြေများကိုထည့်၍ စိုက်ပျိုးကြပါသည်။ ပိန်းပင်များအား အိုးအတွင်းသို့ထည့်၍ စိုက်ပျိုးလျှင် အပင်များခွေခေါက်၍ မနေစေရန် မြေဆွေးများ လည်းထည့်၍ စိုက်ပျိုးရပါသည်။ ရေလောင်းရာ၌လည်း စိုစွတ်ရုံသာ လောင်းပေးရပါသည်။ ပိန်းပန်းပင်မျိုးများအား ပြင်ဦးလွင်နှင့် မန္တလေးမြို့များမှဝယ်ယူပြီး ရွှေတောင်မြို့နယ် တောင်လုံးညို ရွာတွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ထိုပိန်းပန်းများကို အလှူပွဲများ၊ မင်္ဂလာဆောင်ပွဲများတွင် အလှပန်းများထိုးရာတွင် အသုံးပြုကြပါသည်။

    ရွှေတောင်ဒေသထွက် ပိန်းပန်းများအား ခြံအတွင်းသို့လာရောက်ဝယ်ယူကြသလို ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြပါသည်။ ပိန်းပန်းများမှာ ရေလောင်းပေးသဖြင့် ရာသီမရွေး ပွင့်သဖြင့် နေ့စဉ်ဝင်ငွေများလည်းရရှိပါသည်။ ရန်ကုန်မြို့သို့တင်ပို့ရာတွင် ပိန်းပန်းခက် (၁၀)ခက် တစ်စည်းအား သတင်းစာစက္ကူဖြင့်ထုတ်ပိုးကာ လေလုံသောစက္ကူပုံးများသို့ထည့်၍ တင်ပို့ရောင်းချကြပါသည်။ ယခုအချိန်တွင် အလှူပွဲ၊ မင်္ဂလာဆောင်ပွဲများတွင် အလှပန်းအိုးများထိုးရန်အတွက် ဈေးကွက်တွင် အရောင်းအဝယ်သွက်နေသဖြင့် တစ်ခက်လျှင် (၂၅၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)