Main menu

ပြည်ပဲသီးဈေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal

     တိုင်ထောင်ပဲ(ခေါ်) ပဲထောင့်ရှည်(ခေါ်) ပဲသီးဈေးနှုန်းများမှာ ပြည်ဒေသဈေးကွက်အတွင်း အဝင်နည်းပါးမှုကြောင့် ဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ပဲသီးတစ်စည်းလျှင် ယခင်ဈေးထက် ပျမ်းမျှ ကျပ်(၁၅၀)ခန့်မြင့်တက်သွားကြောင်း သိရပါသည်။ ပဲသီးကိုမြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးနိုင်ပြီး ရာသီဥတုသင့်တင့်သော ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။ ရေရရှိပါက အချိန်မရွေး စိုက်ပျိုးနိုင်သော်လည်း မိုးရာသီတွင်စိုက်ပျိုးပါက ရေမဝပ်သောမြေနေရာကို ရွေးချယ်စိုက်ပျိုးသင့်ပြီး ရေဝပ်သောမြေဖြစ်လျှင် ရေနုတ်မြောင်းပြုလုပ်ထားရှိကာ စိုက်ပျိုးရကြောင်းသိရပါသည်။ ရေဝပ်သောမြေဖြစ်ပြီး အစိုဓါတ်များလွန်းချိန် မျိုးစေ့ချရာတွင် မျိုးစေ့ပုပ်သွားကာ သေသွားကြောင်း သိရသည်။ တိုင်ထောင်ပဲပင်တို့သည် ခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည် ခြောက်သွေ့နေပါက ရေပေးသွင်း၍ စိုက်ပျိုးရန်လိုအပ်ပါသည်။

     ယခင်က ပြည်မြို့တွင် ပဲသီးစိုက်ပျိုးရာဒေသများဖြစ်သော မှော်ဇာ၊ တွင်းဗြည်း၊ တောင်လုံးညို၊ ဇီးအုပ်၊ ပေါက်တော၊ မြောင်းငယ်လှ စသောနယ်များတွင် အဓိကစိုက်ပျိုးသော်လည်း ယခုကာလ ပူပြင်းသော နွေရာသီတွင် ရက်ရှည်ခြောက်သွေ့နေသည့်အတွက် ရေပေးသွင်း စိုက်ပျိုးနိုင်သည့် မှော်ဇာဒေသမှ အများဆုံးဝင်ရောက်ပြီး ကျန်ဒေသများမှ အနည်းငယ်သာ ဝင်ရောက်မှုရှိသဖြင့် အဝင်နည်းသွားကာ ပဲသီးရှားပါးမှုကြောင့် ပြည်ဈေးကွက်အတွင်း ၂၀၂၃ခုနှစ်၊ ဧပြီလနောက်ဆုံးပတ်မှစ၍ ဈေးမြင့်တက်ခဲ့ပြီး (၈)တောင့်စည်းတစ်စည်းလျှင် ယခင်က (၁၅၀)ကျပ်ခန့်ရှိခဲ့သော်လည်း ယခုမေလ(ပထမပတ်)တွင် (၃၀၀)ကျပ်အထိ လည်းကောင်း၊ (၁၀)တောင့်စည်းတစ်စည်းလျှင် ယခင်က (၂၀၀)ကျပ်ခန့်ရှိခဲ့ပြီး ယခုအချိန်တွင် (၃၅၀)ကျပ်အထိ ဈေးများမြင့်တက်သွားကြောင်းသိရပါသည်။ ယခုလို ပဲသီးရှားပါးသည့်အချိန်တွင် ရေသွင်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဈေးကောင်းရသည့်အတွက် အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)