သံပရာသီးသည် ကျန်းမာရေးအတွက်အစွမ်းထက်သော သီးနှံတစ်ခုဖြစ်သည့်အပြင် အလှအပရေးရာအတွက်လည်း အလွန်အသုံးဝင်သောအသီးတစ်မျိုးဖြစ်ပါသည်။ သံပရာသီးသည် လူခန္ဓာကိုယ်၏ ခေါင်းအစခြေအဆုံးအသုံးဝင်ပါသည်။ သံပရာသီးတွင် ဗီတာမင်ဓာတ်ကြွယ်ဝစွာပါသည့်အပြင် ဗီတာမင်အေ၊ ဗီတာမင်ကေ၊ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်များစွာပါဝင်ပါသည်။ သံပရာသီးကို အသားစိမ်းစားသုံးရာတွင် အသုံးပြုသည့်အပြင် အသုပ်သုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ အမောပြေစေရန်အတွက်လည်း သံပရာရည်ကိုသောက်သုံးလေ့ရှိကြပါသည်။ ထို့ပြင် သံပရာသီးကိုပါးပါးလှီးပြီး ရေဖြင့်စိမ်ထားသောသံပရာသီးစိမ်ရေကိုသောက်သုံးပေးပါက ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ပေးခြင်း၊ ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း၊ အရေပြားကိုကျန်းမာစေခြင်း၊ အစာကြေရင်ချောင်စေခြင်းနှင့် ခံတွင်းအနံဆိုးများကိုလျှော့ချပေးခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေပါသည်။ သံပရာသီးကို ဆားစိမ်နေလှန်း၍လည်း စားသုံးကြပါသည်။
သံပရာသီးဈေးကွက်အနေဖြင့် မိုးရာသီတွင်လှိုင်လှိုင်ပေါသည့်အတွက် တစ်လုံးလျှင် (၅၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး တပေါင်းလသည် အသီးရှားသည့်အချိန်ဖြစ်၍ တစ်လုံးလျှင် (၂၀၀-၂၅၀) ကျပ်ထိဈေးကောင်းခဲ့ကာ ယခု တန်ခူးလနှင့် ကဆုန်လများတွင် အသီးမလှိုင်သော်လည်း နွေသီးများထွက်ရှိချိန်ဖြစ်သည့်အတွက် အလုံးသေးပြီး တစ်လုံးလျှင် (၁၀၀) ကျပ်ဖြင့် ဈေးကွက်ဖွင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)