Main menu

ရွှေကမ္ဘာ ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု -ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၁) ဦးတို့သည်(၈.၅.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ အင်းရွာသစ်ရပ်ကွက်ရှိ “ရွှေကမ္ဘာ”ပဲကြော် လုပ်ငန်းရှင် ဦးပေါ်ဌေး- ဒေါ်သန်းသန်းထွေး တို့နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ရွှေကမ္ဘာ ပဲကြော်လုပ်ငန်းကို ၂၀၀၇ ခုနှစ်မှ ရင်းနှီးငွေ ကျပ်(ခန့်မှန်း) ၁၅၀ သိန်း၊ လုပ်သားအင်အား ၃ ဦးဖြင့် စတင်၍ တည်ထောင်ခဲ့ပါကြောင်း၊ ပဲကြော်ရန် ကုန်ကြမ်းအတွက် ပဲကြီးကို အဓိက အသုံးပြုပြီး တစ်နေ့ပျမ်းမျှ ပိဿာ ၆၀ ခန့် ကြော်ရပါကြောင်း၊ ပဲကြီးတစ်တင်း ၈၈၀၀၀ ကျပ် မှ ၉၀၀၀၀ ကျပ်ထိ ပေး၍ ဝယ်ယူရပါကြောင်း၊ မုံရွာမြို့တွင်းရှိ ပွဲရုံများဆီမှ ဝယ်ယူပါကြောင်း၊ ပဲကြီးအပြင် မြေပဲဆံတစ်ပြည် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ် ပေးရကြောင်း၊ နှမ်းတစ်ပြည်  ၅၉၀၀-၆၀၀၀ ရှိပါကြောင်း၊ ဈေးနှုန်းများသည် ပုံမှန်မရှိဘဲ ပြောင်းလဲ လျက်ရှိပါကြောင်း၊ တစ်နေ့ ဆီ ၃၀ ပိဿာ ကုန်ကျကြောင်း၊ လောင်စာအတွက် ဇီးသီးခွဲခြမ်းများကို အသုံးပြုပြီး ဇီးသီးခွဲခြမ်း ပိဿာ၂၀ ဝင် တစ်အိတ်လျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် တစ်နေ့ကို ၃ အိတ် ကုန်ကျကြောင်း၊ ဇီးသီးခွဲခြမ်းများကို မုံရွာစက်မှုဇုန်မှ ဝယ်ယူကြောင်း၊ ပဲကြော်ရန်အတွက် မိသားစု လုပ်အားအပြင် ပဲညှစ် လုပ်သား(၇)ဦးခန့် အသုံးပြုရပြီး လုပ်အားခအနေဖြင့် တစ်ပြည်လျှင် ၅၀၀၀ ကျပ်နှုန်း ပေးရကြောင်း၊ ပဲကြော်လုပ်သားအတွက် လုပ်အားခ တစ်ရက် ၅၀၀၀ ကျပ်နှုန်းဖြင့် (၃)ဦး ကြော်ရကြောင်း၊ ပဲကြော်လုပ်ငန်းကို တစ်လလျှင် ၂၂ ရက်လည်ပတ်ကြောင်း၊ ပဲကြော် တစ်ပိဿာလျှင် ၇၅၀၀-၈၀၀၀ ဈေးနှုန်းဖြင့် တစ်နေ့ ပိဿာ ၅၀ ခန့် ရောင်းချရကြောင်း၊  ပဲကြော်များကို မုံရွာမြို့တွင်းနှင့် အထက်အညာ မြို့များဖြစ်သော ကလေး၊ ကလေးဝ၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ မော်လိုက် အစရှိသော မြို့များသို့ ပို့ပေးရကြောင်း သိရှိရပါသည်။

     ဌာနမှ ဝန်ထမ်းများကလည်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင် ပြဌာန်းထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေး ဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)