တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၃၂/၃၏အနောက်ဖက်တွင်ရှိသော စိန်တလုံးသရက်စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယခုအခါ အသီးများပေါ်နေပြီဖြစ်ပါသည်။
စိန်တလုံးသရက်သီးမျိုးကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ရွာတွင် သွားရောက်ဝယ်ယူပြီး အပင်သက် ၅နှစ်တွင် အသီးစတင်သီးပါသည်။ အသီးသီးခါစက တစ်ပင်လျှင် အလုံး ၂၀မှ အလုံး ၃၀အထိသာသီးပြီး အပင်သက်တမ်းရင့်လျှင် အလုံး ၈၀မှ ၁၀၀အထိသီးပါသည်။
အသီးတိုင်းကို အိတ်စွပ်ပေးရပါသည်။ ယခင်နှစ်က အစွပ်အိတ်တစ်အိတ်လျှင် ၄၅ကျပ်ပေးရပြီး ယခုနှစ်တွင် တစ်အိတ်လျှင် ၆၀ကျပ်ပေးရပါသည်။ ၎င်းသရက်ခြံမှထွက်ရှိသောသရက်သီးများကို ရန်ကုန်မြို့၊ သီရီမင်္ဂလာဈေးသို့ အဓိကတင်ပို့ရောင်းချပြီး တချို့ကို ဒေသတွင်းဖြစ်သော တောင်ငူမြို့၊ အုတ်တွင်းမြို့၊ ဖြူးမြို့များရှိ သစ်သီးဆိုင်များသို့ တင်ပို့ရောင်းချပါသည်။
ယခင်နှစ်က စိန်တလုံးသရက်သီးတစ်လုံးလျှင် အကြီး ၁၀၀၀ကျပ်၊ အလတ် ၇၀၀ကျပ်နှင့် အသေး ၅၀၀ကျပ်ရောင်းချရပြီး ယခုနှစ်တွင် စိန်တလုံးသရက်သီးအကြီးတစ်လုံးလျှင် ၁၂၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၈၀၀ကျပ်နှင့် အသေးတစ်လုံးလျှင် ၆၀၀ကျပ်တို့ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)