မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာဇံခရိုင် ၊ မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားရာဒေသဖြစ်ပြီး ဆန် ၊ စပါးကို အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြပြီး နွေစပါး၊ မိုးစပါး နှစ်ရာသီလုံးစိုက်ပျိုးကြပါသည်။ယခုနှစ် နွေစပါးစိုက်ပျိုးမှုအနေဖြင့် ဆည်တော်ကြီးဆည် တည်ရှိရာဒေသဖြစ်သည့်အတွက် ဆည်ရေသောက်ကို အဓိကထားစိုက်ပျိုးကြပြီး ဆည်ရေသောက် စိုက်ဧက (၄၅၀၄၀)ဧက၊စက်ရေတွင်း(၂၅၁)ဧက၊ သဘာဝရေ(၂၆၇၃)ဧက၊ စုစုပေါင်း(၄၇၉၆၄)ဧက စိုက်ပျိုးထားပါသည်။ စပါးမျိုးကွဲအလိုက် စိုက်ပျိုးထားရှိမှုမှာ မနောသုခ(၄၈၉၀)ဧက၊ ရက် ၁၁၀ (၃၅၃၂၂) ဧက၊ ရက် ၉၀ (၄၈၁၆)ဧက၊ ရွှေသွယ်ရင်(၃၆၀)ဧက၊ GW-11 (၂၅၇၆)ဧက စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ နွေစပါးကို တိုက်ရိုက်အစေ့ချစိုက်နည်းနှင့် ပတ်ကြဲနည်းများဖြင့် အများဆုံးစိုက်ပျိုးကြကြောင်း ၊ မတ် ၊ ဧပြီလများတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် နွေစပါးစိုက်ခင်းများ အနှံစုံပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည် ။ အစောစိုက် သဘာဝရေသောက် နွေစပါးများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည် ။ ဆန်စပါးစျေးကွက်အနေဖြင့် (၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)လျှင် ဧရာမင်း(မဂျမ်းတော) စပါးဟောင်း(၂၀၀၀၀၀၀/-)ကျပ်၊ မနောသုခ စပါးဟောင်း(၁၈၀၀၀၀၀)စျေးအထိ စျေးနှုန်းများမြင့်တက်နေပြီး ဆန်(၂၄)ပြည် တစ်အိတ်လျှင် မဂျမ်းတောဆန်(၇၅၀၀၀/-)ကျပ်၊ မနောသုခဆန်(၆၈၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ပေါ်ဦးပေါ်စ နွေစပါးအသစ်(အစို) စျေးအနေဖြင့် စပါးတင်း(၁၀၀)လျှင် (၁၅၀၀၀၀၀- ၁၆၀၀၀၀၀/-)ကျပ်၊ ဆန်အသစ် စျေးနှုန်းအနေဖြင့် တစ်အိတ်လျှင်(၆၅၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါကြောင်း စက်ပိုင်၊ကုန်သည်၊ပွဲစားတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)