မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိကျေးရွာများ၌ သရက်သီးများလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ သရက်ချဉ်လုပ်ငန်းကို အိမ်တွင်းစီးပွားရေးလုပ်ငန်းအနေဖြင့်လုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
ယခုနှစ်တွင် သရက်သီးစိမ်းများကို အလုံး(၁၀၀)လျှင် ကျပ်(၂၀၀၀ မှ၂၅၀၀)ဖြင့်ဝယ်ယူရပါကြောင်း၊ ပထမဦးစွာ သရက်ချဉ်ပြုလုပ်ရန် သရက်သီးကိုဂျစ်နှင့်ခြစ်ရပြီး အချဉ်ထည့်ရကြောင်း၊ သရက်သီးဂျစ်ခြစ်ခအနေဖြင့် သရက်သီးစိမ်း(၁)တင်းလျှင် လုပ်အားခ ကျပ်(၃၀၀၀ မှ ၃၅၀၀)ထိပေးရကြောင်း၊ အလုပ်သမားတစ်ဦးလျှင် သရက်သီး (၅)တင်းမှ (၇)တင်းထိခြစ်နိုင်ကြောင်း၊ ဂျစ်ခြစ်ထားသောသရက်သီးအသားများကို ရေနှင့်ဆေးကြောပြီး ဆားရည်ဖြင့် (၂)ရက်ခန့်စိမ်ထားရကြောင်း၊ ထို့နောက် သရက်သီးအသားများကိုဆားရည်စိမ်ပြီး ဆယ်ယူရေစစ်၍ ပိဿာ(၅၀)ဆံ့ စဉ့်အိုးကြီးများနှင့် ထည့်သိပ်ထားရကြောင်း၊ သိပ်ထားပြီး ရက်(၃၀)အကြာတွင် ဖော်ကာရောင်းချနိုင်ပါကြောင်း၊ လက်ရှိအချိန်တွင် သရက်ချဉ်(၁)ပိဿာလျှင် ကျပ်(၆၀၀၀)ခန့်ရောင်းချရပါကြောင်း၊ သရက်ချဉ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးလျှင် ပိဿာ(၅၀)ဆံ့ စဉ့်အိုးကြီးများဖြင့် စဉ့်အိုးအလုံး(၅၀ မှ ၁၀၀)ဝန်းကျင်အထိ အချဉ်ထည့်ထားပြီးရောင်းချရပါကြောင်း၊ ဝါတွင်းကာလအလှူပွဲများတွင် ပိုမိုရောင်းချရပြီး အဆင်ပြေလျက်ရှိကြောင်း ရှောက်တောကျေးရွာနေ သရက်ချဉ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရှိရပါသည်။
ပွင့်ဖြူမြို့နယ်သည် မြေဩဇာထက်သန်ပြီး ရေမြေရာသီဥတုကောင်းမွန်၍ ဥယျာဉ်ခြံမြေများတွင် သရက်ပင်များပေါများပေါက်ရောက်သည့်အတွက် သရက်သီးလှိုင်လှိုင်ပေါ်ချိန်ကာလများ၌ သရက်ချဉ်လုပ်ငန်းလုပ်ကိုင်ကြပြီး မကွေး၊ မင်းဘူး၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများထိ တင်ပို့ရောင်းချလျက်ရှိသောကြောင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(မကွေး)