မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ယခုနှစ် နွေရာသီကာလ၌ စားသုံးဆီဖူလုံရေးအတွက် မင်းဘူးမြို့နယ်တွင် (၁၂၈၅၉) ဧက၊ ပွင့်ဖြူမြို့နယ်တွင် (၄၈၀၇၈) ဧက၊ ငဖဲမြို့နယ်တွင် (၇၇၅) ဧက၊ စလင်းမြို့နယ်တွင် (၂၈၈၄) ဧက၊ စေတုတ္တရာမြို့နယ်တွင် (၆၄၄) ဧက၊ စုစုပေါင်းနွေနှမ်းစိုက်ဧကပေါင်း (၉၁၂၀၂) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
နွေနှမ်းစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေများကို ဆည်/တမံရေ/လျှပ်စစ်မြစ်ရေတင်/မြေအောက်ရေတို့ဖြင့် စိုက်ပျိုးကြပြီး အပူဒဏ်ခံနိုင်ရည်ရှိသောနှမ်းမျိုးများဖြစ်သည့် စမုံနက်နှမ်းမျိုး၊ ဆင်းရတနာ (၃) နှမ်းမျိုးများကို အဓိကစိုက်ပျိုးကြကြောင်း၊ အပူချိန်ပြင်းထန်သည့်အတွက် တောင်သူအများစုသည် စိုက်ပျိုးရေလိုအပ်ချက်နည်းပြီး ရက်တိုတိုနှင့်စိုက်ပျိုး၍ အထွက်နှုန်းကောင်းသည့်နှမ်းမျိုးများကိုစိုက်ပျိုးကြကြောင်း၊ နွေစပါး(၁)ဧကစိုက်ပျိုးရေလိုအပ်ချက်သည် နွေနှမ်း(၃)ဧကစိုက်ပျိုးရေလိုအပ်ချက်နှင့်တူညီမှုရှိကြောင်း၊ ယခင်နှစ်တွင် နွေစပါးကိုအဓိကစိုက်ပျိုးကြပြီး ယခုနှစ်တွင် စိုက်ပျိုးစရိတ်သက်သာပြီး ဈေးကောင်းရရှိသည့်နွေနှမ်းသီးနှံကို ပြောင်းလဲစိုက်ပျိုးကြကြောင်း၊ ဧပြီလဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လတွင် ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ နှမ်း(၁)ဧက စိုက်ပျိုးလျှင် နှမ်းမျိုးစေ့ (၃) ပြည်ကြဲပက်စိုက်ပျိုးရပြီး နှမ်း(၁)ဧကတွင် (၁၅ မှ ၂၀) တင်းအထိထွက်ရှိကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် ကျပ်(၂၀၀၀၀၀) ခန့်ကုန်ကျပါကြောင်း နွေနှမ်းစိုက်တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မကွေး)