မကွေးတိုင်းဒေသကြီးအတွင်း၌ ထန်းပင်၊ မန်ကျည်းပင်၊ တမာပင်နှင့် ဆီးပင်ကဲ့သို့သောသီးနှံပင်များမှာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်ပြန့်ပွားခြင်းကြောင့်လည်းကောင်း၊ လူတို့စိုက်ပျိုးခြင်းကြောင့်လည်းကောင်း နေရာအနှံ့အပြားတွင် ဖြစ်ထွန်းလျက်ရှိပါသည်။ ပခုက္ကူခရိုင်နှင့် မကွေးခရိုင်တို့သည် ဆီးစိုက်ဧကအများဆုံးဖြစ်ကြောင်း သိရှိရပါသည်။
ဆီးသီးများအား အလုံးအတိုင်း စားသုံးရန်အတွက်သော်လည်းကောင်း၊ တင်ပို့ရောင်းချရန်အတွက်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိပါသည်။ ဆီးရိုင်းပင်များသည် သဲနုန်းမြေ၊ ကိုင်းမြေရင့်၊ ယာမြေများတွင်ပေါက်ရောက်ပြီး တစ်ဧကလျှင် အပင်(၇၀)ဝင်ဆံ့ကြောင်း သိရပါသည်။ ဆီးသီးပင်သည် နှစ်စဉ် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်ဖူးပွင့်၍ ရက်ပေါင်း(၉၀)အကြာ ဒီဇင်ဘာလတွင် သီးကင်းများစုံညီကာ ဖေဖော်ဝါရီလမှစတင်၍ အများဆုံးရင့်မှည့်ပါသည်။ ဆီးပင်သက်(၃)နှစ်သားအရွယ်တွင် အသီးစတင်သီးပြီး (၅)နှစ်သားအရွယ်တွင် သီးအားအကောင်းဆုံးဖြစ်ပါသည်။ မိုးနှောင်းရာသီ၊ မိုးနည်းချိန်တွင် သီးပွင့်ဖြစ်ထွန်းမှုကောင်းမွန်ပါသည်။ ဆီးသီး(သီးစို)များကို မိုးမကျမီ နေပြင်းပြင်းနှင့်ခြောက်သွေ့အောင်လှန်းပြီး ကုန်လှောင်ရုံများအတွင်း ထည့်သွင်းသိုလှောင်ကြပါသည်။ ဆီးသီးရောင်းဝယ်ပြုလုပ်ကြရာတွင် ဒေသခံဆီးခြံပိုင်ရှင်များက ဆီးခွဲစက်၊ ဆီးသီးကုန်သည်များထံသို့ရောင်းချခြင်း၊ ဆီးခွဲစက်များမှ ဆီးဆံအဖြစ်ထုတ်လုပ်၍ မန္တလေးမြို့သို့တင်ပို့ရောင်းချခြင်းနှင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံသို့ ဆီးသီးအလုံးအတိုင်း တင်ပို့ရောင်းချခြင်းများပြုလုပ်ကြကြောင်း လေ့လာသိရှိရပါသည်။ ဆီးသီး(အစို)တစ်တင်းအား အခြောက်လှန်းပါက (၁၀/၁၂)ပြည်ကျန်ရှိကြောင်း သိရပါသည်။ ဆီးသီးခြောက်များကို ဆီးခွဲစက်များသို့ ကုန်ကြမ်းအဖြစ်လည်းကောင်း တင်ပို့လျက်ရှိပြီး ဆီးသီးကုန်သည်များမှာ မိမိတို့ရွေးချယ်သန့်စင်ရရှိသော အလုံးကောင်းသောဆီးသီးများကို ရန်ကုန်၊ မန္တလေးမြို့များရှိ ဆီးယို၊ ဆီးဖျော်ရည်လုပ်ငန်းကြီးများအတွက် ဒေသတွင်း တင်ပို့ရောင်းချခြင်းများရှိသည့်အပြင် ပြည်ပတင်ပို့ရောင်းချခြင်းများလည်းရှိကြောင်း သိရပါသည်။
ပခုက္ကူခရိုင်တွင်မူ ဆီးသီးများကို ဆီးဖျော်ရည်၊ ချင်းဆီးပြား၊ ဆီးတော်ဖီ၊ ဆီးယို၊ ဆီးပေါင်း၊ ဆီးငံစေ့ စသည့် သားရေစာအဖြစ်စားသုံးနိုင်သည့် အသေးစား အိမ်တွင်းစီးပွားရေးအဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ယခုနှစ်တွင် ဆီးသီးအခြောက်တစ်တင်းလျှင် ကျပ်(၁၃၀၀၀-၁၄၀၀၀)၊ ဆီးဆံတစ်ပိဿာလျှင် ကျပ်(၆၀၀၀၀-၆၄၀၀၀)ဈေးရရှိနေသည်ကိုတွေ့ရှိရပြီး ဆီးဆံဈေးနှုန်းမှာ တက်ဈေးဖြင့်သာ ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ ဆီးခွဲစက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)