Main menu

တောင်ငူမြို့၌ တွင်ကျယ်စွာ စိုက်ပျိုးနေသော ပဲတောင့်ရှည်အကြောင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ပေါင်းလောင်းတိန်ကျေးရွာတွင် ပဲတောင့်ရှည်များ စိုက်ပျိုးထားကြပါသည်။ ထိုကျေးရွာတွင် နွေစပါးနှင့်မတ်ပဲတင်မကဘဲ အသီးအရွက်များစွာကိုလည်း တစ်ရွာလုံး နီးပါး စိုက်ပျိုးကြပါသည်။ ထိုသို့ စိုက်ပျိုးကြသည့်သီးနှံများတွင် ယခုအချိန်စျေးကွက်တွင် စျေးကောင်ရရှိနေသည့် ပဲတောင့်ရှည်များကိုလည်း စိုက်ပျိုးထားကြပါသည်။ ပဲတောင့်ရှည်ကို စိုက်ပျိုးမည်ဆိုလျှင် တစ်ဧကလျှင် ပဲမျိုးစေ့(၂၅)ထုပ် စိုက်ပျိုးရပါသည်။ ထိုင်းပဲမျိုးစေ့(၁)ထုပ်လျှင် ပဲစေ့ အစေ့(၆၀၀)ခန့် ပါရှိပါသည်။ ပဲတောင့်ရှည်ကို (၁)ဧကစိုက်မည်ဆိုပါက ထို(၁)ဧကလုံးအား ပေါက်တူးဖြင့် ကျင်းများ ပေါက်ပေးရပါသည်။ ထိုကျင်း(၁)ကျင်းနှင့် (၁)ကျင်းအား တစ်လက်မ စီခြားပြီး (၁)ကျင်းလျှင် ပဲမျိုးစေ့(၂)စေ့ထည့်၍ မြေကြီးပြန်အုပ်ပေးရပါသည်။ စိုက်ပြီးနောက်နေ့တွင် ရေတင်၍ ပဲစေ့လေးများ အညှောင့်ထွက်ပြီး အညွန့်များထွက်လာလျှင် ထိုကျင်း(၁)ကျင်းတွင် ပဲတိုင် ထောင်ဝါး(၁)‌ချောင်းစီ ထောင်ပေးရပါသည်။ အညွန့်များရှည်လာလျှင် ထိုဝါးတွင် အညွန့်ကို ရစ်ပတ်‌ပေးရပါသည်။ ထို့နောက် ပိုးမွှားအန္တရာယ်များမှ ကင်းဝေးရန်နှင့် အသီးများလှပစေရန် အသီးအားဆေး ဖျန်းပေးရပါသည်။ ထိုနောက်စိုက်ပျိုးပြီး(၂)လအကြာတွင် ခူးရောင်းရပါသည်။ ယခု အချိန်တွင် ပဲတောင့်ရှည်သည် အတောင့်၅၀စည်း (၁)စည်းလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် တောင်ငူမြို့ ညောင်ပင်လေးစျေးတွင် လက်ကားရောင်းချကြောင်း သိရှိရပါသည်။  တစ်ကြိမ်ခူးလျှင် ပျမ်းမျှအားဖြင့်  အတောင့်(၅၀)စည်း အစည်း(၁၀၀၀)ခန့် ထွက်ရှိသည်ဟု သိရပါသည်။ ထိုပဲတောင့်ရှည်အား (၂)ရက်ခြား (၁)ကြိမ်ခူးရပါသည်။ပဲတောင့်ရှည် တစ်ဧက စိုက်ပျိုးလျှင် ကုန်ကျစရိတ်အနေဖြင့် ၁၅ သိန်းခန့် ကုန်ကျပြီး အသားတင်အကျိုးအမြတ်အားဖြင့် (၂၀)သိန်းခန့် ရရှိကြောင်း သိရှိရသည်။ ယခင်နှစ်များ၌ တွင်ကျယ်စွာစိုက်ပျိုးကြသော်လည်း ယခုနှစ်ကဲ့သို့‌ စျေးကောင်းမရပါ။ ထို့ကြောင့် ယခုအချိန်အခါတွင် ပဲတောင့်ရှည်များအား တွင်ကျယ်စွာ စိုက်ပျိုးနေကြပါသည်။ ဖြန့်ဖြူးမှုအနေဖြင့် တောင်ငူ ပဲတောင့်ရှည်ကို တောင်ငူမြို့တွင်းသာမက ရန်ကုန် ၊ ပဲခူးနယ်များသို့လည်း ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)