Main menu

ဖြူးမြို့တွင် ကျောက်ကြီးမြို့နယ်မှ ထွက်ရှိသော ဒူးရင်းသီးများ အရောင်းသွက်

Powered by Drupal

      ဒူးရင်းသီးလို့ ကြားလိုက်သည်နှင့် စားချင်သောသူများရှိသလို အနံ့ပင်မခံနိုင်သောသူများ လည်းရှိပါသည်။ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရာသီချိန်အလိုက် ကျောက်ကြီးဒေသထွက် ဒူးရင်းသီးများ ရောင်းချလျက်ရှိပါသည်။ ဒေသခံများသာမက ခရီးသွားပြည်သူများလည်း ဒူးရင်းသီး ဆိုင်ရှေ့ရောက်လျှင် ကားရပ်ကာ ဆင်းဝယ်ကြသည်ကို တွေ့ရပါသည်။ ပေါ်ဦးပေါ်ဖျားတွင် ဒူးရင်းသီးတစ်လုံးလျှင် (၅၀၀၀)ကျပ်မှ (၁၃၀၀၀)ကျပ်အထိ အလုံးအကြီးအသေးပေါ်မူတည်၍ ဈေးအစားစားရှိပါသည်။

         ယခုအချိန်တွင် ဒူးရင်းသီးတစ်လုံးလျှင် (၃၀၀၀)ကျပ်မှစကာ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိပါသည်။ ဒူးရင်းသီးသည် အနံ့မွှေးပြီး စားလိုက်လျှင်အရသာ လေးလေးပင်ပင်နှင့် ကြိုက်သောသူများအတွက် ဘယ်လောက်စားစား မဝနိုင်သောအသီးဖြစ်ပါသည်။ ဒူးရင်းသီးသည် ပရိုတင်း၊ ဗီတာမင် C၊ ဗီတာမင် B6၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဖောလိတ်၊ မဂ္ဂနီဆီယမ်နှင့် နီကာဆင် စသောခန္ဓာကိုယ် ကျန်းမာဖို့အရေးပါသော အာဟာရဓါတ်များလည်း ပါဝင်ပါသည်။

     ဒူးရင်းသီးသည် သွေးတွင်းသကြားဓာတ်ထိန်းပေးနိုင်ခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိ ပေးခြင်း၊ အစာခြေစနစ် ကျန်းမာစေခြင်း ကိုယ်ခံအားကောင်းစေခြင်း၊ ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှော့ချခြင်းနှင့် နှလုံးသွေးကြောရောဂါများကိုလည်း ကာကွယ်ပေးပါသည်။ ဒူးရင်းသီးများသည် ဈေးကောင်းသော်လည်း အနံ့အရသာနှင့်ပြည့်စုံသည့် ရာသီပေါ်သီးနှံဖြစ်သဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)