စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၂-၅-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းတွင် မိဘပြည်သူ (၄၂) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာ ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းအရာများ၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်အကြောင်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီးနောက် စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ်တတ်ခြင်းဖြင့် လုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောကုန်စည်များအား အသိတရားနှင့် သတိထား၍ ဝယ်ယူသုံးစွဲစေလိုကြောင်း၊ တချို့ကုန်စည်များတွင် ထုပ်ပိုးမှုသာလှပပြီး စားသုံးရန်မသင့်သောအစားအစာများကို သတိလက်လွတ်ဝယ်ယူသုံးစွဲမှုမပြုစေရန်ဖြစ်ကြောင်းနှင့် သေချာစွာစိစစ်ရွေးချယ်ပြီးမှသာ သုံးစွဲစေလိုကြောင်း၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိပါကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာ ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် စိတ်ကျေနပ်မှုရရှိရန်လိုအပ်ကြောင်း၊ အသုံးပြုရာတွင်လည်း ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ(၈)ချက်အား သတိပြုဝယ်ယူစေလိုကြောင်း၊ ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ကောင်းမွန်သောကြောင့် ဌာနမှဝန်ထမ်းများကလည်း လုပ်ငန်းရှင်များဆီသို့ သွားရောက်အသိပညာပေးလျက်ရှိကြောင်းနှင့် စစ်ဆေးရေးအရာရှိများကလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးပေးလျက်ရှိကြောင်း၊ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားများလည်း ရယူထားစေလိုကြောင်း၊ စိတ်ကြိုက်ရွေးချယ်ခွင့်နှင့် နစ်နာမှုများရှိပါက မှန်ကန်သောအထောက်အထားများနှင့်အတူ ဌာနသို့ လာရောက်တိုင်ကြားခွင့်ရှိပြီး ကုစားခွင့်ရရှိစေလိုကြောင်း၊ "အသိတစ်လုံး အမြတ်ဆုံး" ဖြစ်၍ ယခုသိရှိ ပြီးသောအကြောင်းအရာများအား လိုက်နာစေလိုကြောင်း၊ သို့မှသာ အနာဂတ်တွင် ကောင်းမွန်သာယာသောဘဝဖြင့် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူ၏တာဝန်များလည်းရှိ၍ တိကျစွာလိုက်နာရန်လိုအပ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။
သတင်းအချက်အလက်/နည်းပညာဌာနခွဲတာဝန်ခံ ဒေါ်မြင့်မြင့်သန်းက ဆွေးနွေးရာတွင် စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားမှုနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စရပ်များကို စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) အား ဖွင့်လှစ်ထားရှိမှုအကြောင်းနှင့် တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။
DOCA(မကွေး)