Main menu

တောင်ငူမြို့တွင် စိန်တလုံးသရက်သီးများ ဈေးကွက်အတွင်းဝင်ရောက်

Powered by Drupal

      တောင်ငူမြို့ ညောင်ပင်ဈေးနှင့် သစ်သီးရောင်းချရာဆိုင်များတွင် မေလပထမပတ်မှ စတင်၍ စိန်တလုံးသရက်သီးများ ရောင်းချနေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သရက်သီး အမျိုးအစားစုံလင်စွာ စိုက်ပျိုးကြပြီး စိန်တလုံးသရက်သီးမှာ ဈေးကောင်းရ၍ ဈေးကွက်အတွင်း မျက်နှာ ပန်းလှသော သရက်သီးအမျိုးအစားဖြစ်ပါသည်။

      စိန်တလုံးသရက်သီးအား မူလအစစိုက်ပျိုးရာဒေသမှာ မန္တလေးတိုင်းဒေသကြီးဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအနှံ့ စိုက်ပျိုးကြပါသည်။ စိန်တလုံးသရက်သီးအမှည့်မှာ ပြည်တွင်းဈေးကွက်တွင်သာမက အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံ နယ်စပ်ဒေသ မူဆယ်မှတဆင့် တင်ပို့ရောင်းချရသော သရက်သီးအမျိုးအစားဖြစ်ပါသည်။

     သရက်သီးအမှည့်တွင် ဗီတာမင် အေ၊ စီ၊ ကေ၊ အီး နှင့် ဗီတာမင်မျိုးစုံပါဝင်သောကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးကာ ကူးစက်ရောဂါမျိူးစုံကို တိုက်ထုတ်ပေးနိုင်ကြောင်းလေ့လာ သိရှိရပါသည်။ သရက်သီးအမှည့်အား အတော်အသင့်စားသုံးရုံဖြင့် နေ့စဉ်လိုအပ်လျက်ရှိသော ဗီတာမင်စီ ပမာဏ၏ သုံးပုံတစ်ပုံကို ရရှိနိုင်ပြီး အမျှင်ဓါတ်နှင့် အစာခြေအင်ဇိုင်းတစ်မျိုးဖြစ်သော AMYLASE ပါဝင်သောကြောင့် သရက်သီးအမှည့်မှာ မဖြစ်မနေစားသုံးသင့်သော သစ်သီး တစ်မျိုးဖြစ်ပါသည်။ ထိုကဲ့သို့ အမျှင်ဓါတ်နှင့် ရေဓါတ်ကြွယ်ဝစွာပါဝင်သောကြောင့် အစာခြေစနစ်အတွက် အဓိက ကောင်းမွန်ပြီး ဝမ်းပျက်ဝမ်းလျှောခြင်း ပြဿနာများမှလည်း ကင်းဝေးနိုင်စေပါသည်။

    စိန်တလုံးသရက်သီးမှာ ပြည်ပဈေးကွက်တွင်သာမက ပြည်တွင်းဈေးကွက်တွင်ပါ ရောင်းအားကောင်းသော သရက်သီးအမျိုးအစားဖြစ်ပါသည်။ တောင်ငူမြို့တွင် စိန်တလုံးသရက်သီးကို တောင်ငူမြို့တွင်းရှိ ညောင်ပင်ဈေးတွင် အဓိကရောင်းချကြပြီး မြို့၏ လူစည်ကားရာနေရာများ တွင်လည်း သုံးဘီးမော်တော်ဆိုင်များဖြင့် လှည့်ပတ်ရောင်းချခြင်း၊ လူစည်ကားရာလမ်းထိပ်များတွင် ခင်းကျင်းရောင်းချကြခြင်းများလည်း ရှိပါသည်။

    စိန်တလုံးသရက်သီးအမှည့် အသေးတစ်လုံးလျှင် ၅၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၈၀၀ ကျပ်နှင့် အကြီးတစ်လုံးလျှင် ၁၀၀၀ကျပ် အထိ ရောင်းချလျက်ရှိကြောင်းနှင့် ရာသီပေါ်သစ်သီးဖြစ်၍ ရောင်းအားကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)