Main menu

တောင်ငူမြို့ ညောင်ပင်ဈေးနှင့်ဆေးဆိုင်များတွင်ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   တောင်ငူခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဆေးဆိုင်နှင့် ဈေးများသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးစီးမှူး ဦးမင်းဇော်နှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် ယနေ့နံနက်ပိုင်းတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

  ရှေးဦးစွာ ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ ညောင်ပင်ဈေး(ကုန်စိမ်းဈေး)အတွင်း ရောင်းချနေသော စားသောက်ကုန်များ၌ ခွင့်မပြုဓါတုဆိုးဆေးပါဝင်မှုရှိ/မရှိ၊ ရက်လွန်အစားအသောက်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသောက်ကုန်အချို့ကို နမူနာကောက်ယူခဲ့ပါသည်။ ထို့နောက် ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ မြို့မဈေးကြီးပတ်ဝန်းကျင်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်း စစ်ဆေး ခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးမင်းဇော်က တရားမဝင်ကုန်စည်များ ရောင်းချခြင်းသည် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်ငွေများမရသဖြင့် နိုင်ငံတော်အတွက် များစွာနစ်နာမှုရှိပါသဖြင့် တရားမဝင်ကုန်စည်များအား ရောင်းချခြင်းမပြုရန်၊ စားသုံးသူကို အန္တရာယ် ဖြစ်စေနိုင်သည့် အစားအသောက်များနှင့် ရက်လွန်အစားအသောက်များရောင်းချခြင်း သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ငြိစွန်းပါသဖြင့် ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဆိုင်ပိုင်ရှင်များနှင့် အရောင်းကိုယ်စားလှယ်များအား အသိပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)