ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသော မိချောင်းကွင်းဖတ်မှာ တစ်နှစ်ခံ ပင်ပျော့ငယ်တစ်မျိုးဖြစ်၍ မြန်မာနိုင်ငံအနှံ့ အပူပိုင်းဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းတို့တွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိပြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငပုတောမြို့နယ်အောက်ဖက်ရှိ ဟိုင်းကြီးကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ငရုတ်ကောင်းမြို့နယ်ခွဲ ဝန်းကျင်ကျေးရွာများ၊ ပန်းတနော်၊ ကျောင်းကုန်းမြို့နယ်များရှိ ရေနက် ကွင်းများတွင် အလေ့ကျပေါက်ရောက်လျက်ရှိရာ အချို့မြို့နယ်များတွင် စီးပွားဖြစ် စိုက်ပျိုးရောင်းချသူများလည်းရှိကြောင်း၊ သဘာဝမှလက်ဆောင်ပေးထားသည့် ဈေးကွက်ဝင် မီးချောင်းကွမ်းဖတ်မှာ ရာသီပေါ်သီးနှံတစ်ခုဖြစ်၍ မတ်လမှ မေလအထိသာ အရောင်းအဝယ်ဖြစ်ကြောင်းနှင့် မိချောင်းကွမ်းဖတ်ထွက်ရှိရာ ကျေးရွာများရှိ ဒေသခံပြည်သူများအတွက် ရာသီချိန် အပိုဝင်ငွေရရှိသဖြင့် မိချောင်းကွမ်းဖတ်များကို ခူးဆွတ်၍ မြို့ပေါ်ရှိအဝယ်ဒိုင်သို့ လာရောက်ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှ သိရသည်၊၊
ယခင်နှစ်က မိချောင်းကွမ်းဖတ်(၁)ပိဿာကို ကျပ် ၂၀၀၀/၂၅၀၀ ဈေးအတွင်းသာ အရောင်းအဝယ်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မတ်လအဖွင့်ဈေးမှာ (၁)ပိဿာကို ကျပ် ၅၀၀၀ ဈေးနှုန်းဖြင့် ဝယ်ယူလျက်ရှိသည့်အတွက် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိကြောင်း ယခုနှစ်၊ မတ်လမှ မေလ အတွင်း မိချောင်းကွင်းဖတ် (၁)ပိဿာကို ကျပ် ၅၅၀၀ ဈေးအတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိပြီး မိုးမကျမီအတွင်းသာ အရောင်းအဝယ်ရှိ၍ မိုးရွာလျှင် မိချောင်းကွမ်းဖတ်ရာသီ ပြီးဆုံးသွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်၊၊
မိချောင်းကွမ်းဖတ်အစေ့မှာ အနီရောင်ဖြစ်၍ ဘိန်းစေ့ခန့်သာရှိပြီး မြန်မာ့ဆေးကျမ်းများ အဆိုအရ ဆိမ့်၍အနည်းငယ်ခါးသော အရသာရှိ၏။ ပူ၏။ အားကိုဖြစ်စေ၏။ ဝမ်းမီးတောက်စေပြီး အရေပြားပေါ်၌ ဖြစ်တတ်သော ရောဂါများ၊ အနာအိုအနာဟောင်းများ၊ မျက်စိနာ၊ လေနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်နာတို့အတွက် ဖော်စပ်ရာတွင် အသုံးပြုနိုင်ကြောင်း ပြည်ပဈေးကွက်တွင် တရုတ်နိုင်ငံသို့ တင်ပို့သည်ဟုသိရှိရပြီး Omega-3 ဓာတ်များပါဝင်သည့်အတွက် အလှကုန်လုပ်ငန်းနှင့် ဆေးဖော်စပ်ရာတွင် အသုံးပြုကြောင်း သိရသည်၊၊ ပုသိမ်ဈေးကွက်မှ မိချောင်းကွင်းဖတ် (၁)အိတ်လျှင် ပိဿာ ၃၀ ထည့်သွင်းပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ပိဿာချိန် ၃၀၀၀၀ခန့် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း အဝယ်ဒိုင်မှ သိရသည်၊၊
DOCA (ဧရာဝတီ)