Main menu

HighLight News

Powered by Drupal

မိတ္ထီလာမြို့စက်မှုလုပ်ငန်းများ၏ ဈေးနှုန်းဈေးကွက်နှင့် ကုန်ထုတ်လုပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

     ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်စေရေးအတွက် အသေးစားအလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကဏ္ဍတစ်ခုအဖြစ် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ ဒေသတွင်းစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလုပ်ငန်းများထုတ်လုပ်မှု အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချော၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေနှင့်စပ်လျဉ်း၍ မိတ္ထီလာမြို့၊ စက်မှုဇုန်ရှိ စိန်ရွှေမိုးဆီးခွဲစက်ရုံ၊ ဂွမ်းဖွစက်၊ စက်ရက္ကန်းလုပ်ငန်းများအား (၇-၆-၂၀၂၄) ရက်နေ့၌ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုဇုန်တာဝန်ရှိသူများနှင့် ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စိန်ရွှေမိုးဆီးခွဲစက်ရုံမှ တစ်လလျှင် ဇီးစံပိဿာ (၃၀၀၀) ထိထုတ်လုပ်နိုင်ပြီး၊ ကုန်ကြမ်းကို မိတ္ထီလာခရိုင်အတွင်းကျေးရွာများမှဝယ်ယူပြီး ထွက်ရှိလာသောကုန်ချောကို မန္တလေးမြို့သို့ အဓိကတင်ပို့ကြောင်း၊ မန္တလေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ ကုန်ကြမ်းဆီးသီးတစ်တင်းလျှင် (၁၃၀၀၀) ကျပ်ဖြင့်ဝယ်ယူရပြီး၊ ကုန်ချောဆီးဆံတစ်ပိဿာလျှင် (၅၀၀၀၀) ကျပ်ဈေးနှုန်းရှိပြီး လုပ်ငန်းများပုံမှန်လည်ပတ်ထုတ်လုပ်လျက်ရှိကြောင်း၊ ဦးကျော်စိုး စက်ရက္ကန်းစက်ရုံမှာ တစ်လလျှင် အင်္ကျီစကိုက် (၄၅၀၀) ကိုက်နှင့် ပုဆိုး (၃၀၀၀) ကွင်း ထုတ်လုပ်နိုင်ကြောင်း၊ ကုန်ကြမ်းချည်ကို မန္တလေးနှင့်ဝမ်းတွင်းမြို့များမှ ဝယ်ယူရကြောင်း၊ ထွက်ရှိသောကုန်ချောများကို ဒေသတွင်းနှင့် မန္တလေးသို့ တင်ပို့ရောင်းချကြောင်း၊ ကုန်ကြမ်းချည်တစ်ထုပ်လျှင် (၈၂၀၀၀) ကျပ်ဖြင့်ဝယ်ယူရပြီး ကုန်ချောအင်္ကျီစတစ်ကိုက်လျှင် (၃၀၀၀-၃၅၀၀) ကျပ်၊ ပုဆိုးတစ်ကွင်းလျှင် (၆၅၀၀-၇၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ ထုတ်လုပ်လျက်ရှိကြောင်းသိရှိရပါသည်။

         သရဖူဂွမ်းပွလုပ်ငန်းအနေဖြင့် တစ်လလျှင် ကုန်ချော(၁၅၃၀၀) ခန့်ထုတ်လုပ်နိုင်ပြီး၊ လိုအပ်သောကုန်ကြမ်းများကို မိတ္ထီလာမြို့၊ သဖန်းနှင့်ရန်ကုန်မြို့မှဝယ်ယူပြီး ထွက်ရှိသောကုန်ချောများကို ဒေသတွင်း၊ တောင်ကြီး၊ ကလော၊ အောင်ပန်းမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကုန်ကြမ်းတစ်ပိဿာလျှင် (၁၀၀) ကျပ်ရှိပြီး၊ ကုန်ချောအနေဖြင့် ခေါင်းအုံး၊ ဖက်လုံး၊ မွေ့ရာများပြုလုပ်ပြီး ခေါင်းအုံးတစ်လုံးလျှင် (၂၅၀၀) ကျပ်၊ ဖက်လုံးတစ်လုံးလျှင် (၃၀၀၀) ကျပ်၊ မွေ့ရာတစ်ချပ်လျှင် (၄၀၀၀၀-၅၀၀၀၀) ကျပ်ဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ထုတ်လုပ်မှုများရာသီချိန်တွင် ပိုမိုထုတ်လုပ်ရကြောင်း၊ စက်မှုလုပ်ငန်းများအနေဖြင့် ကုန်ကြမ်းပြတ်လပ်မှုမရှိဘဲ ထုတ်လုပ်မှုလုပ်ငန်းများလည်း ဈေးကွက်အခြေအနေပေါ်မူတည်၍ လည်ပတ်လျက်ရှိကြောင်း၊ ပြည်ပမှ သွင်းကုန်အစားထိုးလုပ်ငန်းများနှင့် ပြည်ပဝင်ငွေရှာဖွေပေးသော လုပ်ငန်းများဖြစ်၍ တွန်းအားပေးဆောင်ရွက်သင့်သော လုပ်ငန်းများဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ဟင်းခွက်အိုင်ကျေးရွာရှိ Tronic One Co.,Ltd ဆံပင်သန့်စင်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့၊ မြန်မာနိုင်ငံဆံပင်လုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်တို့ပူးပေါင်း၍ (၇-၆-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆံပင်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်၍ ဒေသတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန်ရည်ရွယ်၍ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့ နယ်၊ ဟင်းခွက်အိုင်ကျေးရွာရှိ Tronic One Co.,Ltd ဆံပင်သန့်စင်ခြင်းလုပ်ငန်းသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ဟင်းခွက်အိုင်ကျေးရွာတွင်  Tronic One Co.,Ltd သည် မြန်မာရဲရင့်အမည်ဖြင့် ဆံပင်လုပ်ငန်းရုံ (၃) ရုံရှိသည့်အနက် ဆံပင်ရုံ(၂)ရုံမှာ တည်ထောင်ဆဲဟုသိရှိရပြီး အလုပ်ရုံ(၁)ရုံသာ လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆံပင်သန့်စင်ခြင်းလုပ်ငန်းကိုအဆင့် (၆) ဆင့်ဖြင့် သန့်စင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့် (၁) ဝယ်ယူလာသော ကုန်ကြမ်း (ဆံပင်အထွေး)များကို အပ်ချောင်းများအသုံးပြု၍ ဆံပင်ရှင်းရခြင်း၊ အဆင့် (၂) ရှင်း၍ရလာသော ဆံပင်အဖွဲ့ များကို ဘီးကဲ့သို့  သံချွန်များထောင်ထားသောခုံပေါ်တွင် အကြမ်းခုံဆွဲရခြင်း၊ အဆင့် (၃) ဆံပင်အတို/ အရှည်ရွေးထုတ်ရခြင်း၊ အဆင့် (၄) ဆံပင်များညီညာအောင်ခေါင်းညှိုရခြင်း၊ အဆင့် (၅) ခုံအချောပြန်ဆွဲရခြင်း၊ အဆင့် (၆) အရွယ်အစားအလိုက် အတိုဆုံး ရှစ်လက်မမှ အရှည်ဆုံး ၄၀လက်မထိ အတိုအရှည်ရွေးထုတ်၍စည်းပြီး ပါကင်ထုတ်ပေးရခြင်းဖြင့် ဆံပင်သန့်စင်ခြင်းကိုဆောင်ရွက်ရကြောင်း၊   ဆံပင်ကုန်ကြမ်းတစ်ပိဿာဈေးနှုန်းမြေပြင်အခြေအနေမှာ ကျပ် (၂) သိန်းမှ ကျပ် (၆) သိန်းအထိ အရည်အသွေးကောင်း/ မကောင်းပေါ်မူတည်၍ ဈေးနှုန်းကွဲပြားကြောင်း၊ ကုန်ချောများအား တရုတ်နိုင်ငံဈေးကွက်သို့ ရေကြောင်းနှင့်လေကြောင်းမှ အဓိကတင်ပို့ကြောင်း၊ ဗီယက်နမ်နိုင်ငံသို့လည်းတင်ပို့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ပျော်ဘွယ်မြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများနှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ (၁၁-၆-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှစတင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့် မလှိုင်မြို့နယ်တာဝန်ခံတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်  (၆) ဆိုင်ရှိ ဆေးနှင့်ဆေးပစ္စည်းများအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စာသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် Online ပေါ်မှတစ်ဆင့် ဖြန့်ချိရောင်းချနေသော တရားမဝင်ဆေးဝါးများရောင်းချနေမှုရှိ/မရှိစစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သောဆေးဝါးများနှင့် ဆေးပစ္စည်းများရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ပျော်ဘွယ်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် (၁၁-၆-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပျော်ဘွယ်မြို့နယ်နှင့် မလှိုင်မြို့ပေါ်ရှိ ဆန်ဆိုင် (၅) ဆိုင်သို့သွားရောက်ကာ ဆန်လက်ကျန်အခြေအနေ၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းမကြီးမြှင့်စေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ရောင်းချသူလုပ်ငန်းရှင်များကို မြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိ‌ကြောင်း၊  ဆန်ဂိုဒေါင်၊ ဆန်ဆိုင်ကြီးများ၌ ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဆန်လက်ကျန်နှင့်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဆန်များကိုသိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/မရှိစစ်ဆေးခဲ့ပြီးနောက် ဆန်ဈေးနှုန်းများမြှင့်တင်ရောင်းချမှုမပြုလုပ်ရန် ပူးပေါင်းအဖွဲ့ ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“ပျော်ဘွယ်မြို့နယ်၊ ယာကြီးကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း”

        ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပျော်ဘွယ်မြို့နယ်၊ ယာကြီးကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူစုစုပေါင်း (၆၈) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစန်းအောင် (ဒု-ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေး (၈) ချက်၊ တာဝန်(၄)  ချက်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့်အကြောင်းအရာများနှင့် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ကြောင်း၊DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www. doca. gov. mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး  နံနက် (၁၁:၀၀) နာရီအချိန်တွင် ဆွေးနွေးပွဲရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)                                             

         

“အာလူးကြော်လုပ်ငန်းနှင့်ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး”

      မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၁၁-၆-၂၀၂၄)ရက်နေ့တွင် ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ရပ်ကွက်ကြီး(၂၁)၊ မိုးကြိုးကွက်သစ်ရှိ အာလူးကြော်လုပ်ငန်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူးက စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ဖြစ်နိုင်ချေရှိသည့်အခြေအနေများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် တိုင်ကြားမှုအခြေအနေများ၊ စားသုံးသူအခွင့်အရေးများကိုဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များပြည့်စုံကိုက်ညီမှုရှိ/မရှိ လုပ်ငန်းခွင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ရပ်ကွက်ကြီး (၁၇) အနီးစခန်းရှိ ဆေးဆိုင်များသို့သွားရောက်ကာ ဆေးဆိုင်များတွင် ဝယ်ယူသည့်စျေးနှုန်းနှင့် ရောင်းချသည့်စျေးနှုန်းစာရင်းများ၊ ဝယ်စျေးနှင့်ရောင်းစျေးကွာဟမှုမရှိစေရေး၊ စျေးနှုန်းမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုမရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာအပြင် အခြားဘာသာဖြင့်ဖြစ်စေ ဘာသာ(၂)မျိုးဖြင့်ဖော်ပြစေရေး စသည်ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေများကိုရှင်းလင်းပြောကြားခဲ့ပြီး ထောက်ခံချက်မပါရှိသော ဆေးဝါးများရောင်းချနေမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“သရက်သီးအခြေခံတန်ဖိုးမြင့်စားသောက်ကုန်(ယို၊ ဖျော်ရည်၊ ဝိုင်)ထုတ်လုပ်မှုနည်းပညာသင်တန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျောက်ဆည်တက္ကသိုလ် ရုက္ခဗေဒဌာနတို့ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ကျေးရွာ၌ပြုလုပ်သည့် (၃-၆-၂၀၂၄)ရက်နေ့မှ (၉-၆-၂၀၂၄)ရက်နေ့အထိ (၇)ရက်ကြာဖွင့်လှစ်သော သရက်သီး (ယို၊ ဖျော်ရည်၊ ဝိုင်) ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ (၈-၆-၂၀၂၄)ရက်နေ့တွင်သွားရောက်ကာ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ်(ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ၄င်းသင်တန်းသို့ ဟံမြင့်မိုရ်ကျေးရွာအနီးရှိ သရက်သီးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်(၂၀)ဦးတက်ရောက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

“ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

 ‌   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၀-၆-၂၀၂၄)ရက်နေ့ ၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်အတွင်းရှိ  စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသောစားသုံးဆီဘူးများပေါ်တွင် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blend Oil) အဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့်အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်၊ မြန်မာနိုင်ငံ  စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၃-၁၂-၂၀၂၉)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)   နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀-၁၂-၂၀၂၁)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ကိုလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအား ၄င်းအမိန့်နှင့်ညွှန်ကြားချက်များအားသိရှိစေရန် အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

“ဆေးဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပ”

     မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ကျန်းမာရေးဦးစီးမှူးရုံး၌ (၇-၆-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေး‌ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူး‌ပေါင်း၍ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ဆေးဆိုင်ဖွင့်လှစ်ရောင်းချသည့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအိအိဖြိုးအောင်က ဆေးဝါးနှင့်ပတ်သက်၍ ဌာနမှချမှတ်ထားသည့် အမိန့်ညွှန်ကြားချက်များကို အသေးစိတ်ရှင်းလင်းခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း ၄င်းအမိန့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူး (ဦးစီးအရာရှိ) က ဆေးဆိုင်ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့်  ဝယ်ယူသည့်စျေးနှုန်းနှင့် ရောင်းချသည့်စျေးနှုန်းများကွာဟမှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုမရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး အရေးကြီးကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိစေရေးအတွက် တချို့ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဘာသာနှစ်မျိုးဖြင့်ဖော်ပြစေရေး စသည်ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေများကို‌ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ၏ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၁၂၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ပုန်းရည်ကြီးလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(ဦးစီးအရာရှိ)သည် ညောင်ဦးခရိုင်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာတို့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ (၅-၆-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ညောင်ဦးမြို့ရှိ မြင်းပျံ အမှတ်တံဆိပ် ပုန်းရည်ကြီးလုပ်ငန်းခွင်သို့သွားရောက်ကာ ကွင်းဆင်းမှုများဆောင်ရွက်ခဲ့ကြပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ ဦးသန်းစိုးသည် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ ထည့်သွင်းဖော်ပြရန်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပုန်းရည်ကြီးသည် ပုဂံ၊ ညောင်ဦးဒေသ၏ နာမည်ကြီးဒေသထုတ်ကုန်တစ်ခုဖြစ်ပါ၍  အရည်အသွေးကောင်းမွန်ပြည့်ဝပြီး သတ်မှတ်ချက်များပြည့်ပြည့်စုံစုံဖြင့် ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်အထိ တွင်ကျယ်စေရန် အစိုးရဌာနများအနေဖြင့်လည်း ဖြည့်ဆည်းကူညီပေးလျက်ရှိပါကြောင်း၊ ဆက်လက်၍ သက်ဆိုင်ရာဌာနများအနေဖြင့် အဆင့်မြင့်ထုပ်ပိုးမှုများလုပ်ဆောင်လာနိုင်ရေး၊ Automating Systems အဆင့်မြင့်စက်ကိရိယာများအသုံးပြုလာနိုင်ရေးနှင့် မီးဘေးအန္တရာယ်လုံခြုံမှုအစီအမံများရှိစေရေးတို့အတွက်  အသိပညာပေးရှင်းလင်း၍ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - HighLight News