Main menu

HighLight News

Powered by Drupal

ဟင်္သာတမြို့နယ်တွင် စားသုံးဆီရောင်းချမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် မြို့ပေါ်ရပ်ကွက်ရှိ စားသုံးဆီရောင်းချသောကုန်စုံဆိုင်များအား (၁၂-၄-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်စုံဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ gasifier နှင့် gas engine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်တပ်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေ

     ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ (၂၀-၄-၂၀၂၄) ရက်နေ့တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ gasifier နှင့် gas engine စနစ်ဖြင့်လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်တပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

       ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် Global Earth Agro & Aqua Industry Public Co., Ltd မှ gasifier နှင့် gas engine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်တပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊  ဇီဝလောင်စာသုံး boiler နှင့် turbine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံအတွက် turbine ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများရောက်ရှိနေမှုနှင့် လုပ်ငန်းများတိုးတက်ပြီးစီးနေမှုအ​ခြေအ​နေများ၊ စပါးခွံများစနစ်တကျသိုလှောင်နိုင်ရန် သိုလှောင်ရုံများတည်ဆောက်နေမှု၊ ရေသွင်းရေထုတ်မြောင်းများနှင့် ငါးမွေးကန်များတည်ဆောက်နေမှု၊ ငါးအသားလွှာပြုပြင်ထုတ်လုပ်ခြင်းနှင့် အေးခဲခြင်းစက်ရုံတွင် အအေးပေးသည့်စနစ်အတွက် စက်ပစ္စည်းများထပ်မံရောက်ရှိနေမှုနှင့် တပ်ဆင်ပြီးစီးနေမှုများ၊ automated cold storage warehouse စနစ်အတွက် racking system များတပ်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

      ထို့နောက် ကုမ္ပဏီအစည်းအဝေးခန်းမတွင် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်ဥက္ကဋ္ဌ ဦးဌေးမြင့်နှင့် တာဝန်ရှိသူများက Gasifierများ တပ်ဆင်နေမှုနှင့် Gasifier အဆောက်အဦတည်ဆောက်နေမှုများအားလည်းကောင်း၊ ငါးသားဖောက်ခြင်း၊ ငါးမွေးမြူခြင်း၊ ငါးအစာထုတ်လုပ်ခြင်း၊ အေးခဲခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ Biomass လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းများနှင့် ဆက်စပ်သော လုပ်ငန်းများ၊ စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံများမှထွက်ရှိမည့် စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် ဇီဝမြေသြဇာထုတ်လုပ်မည့် အခြေအနေများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ Gasifier စနစ်ဖြင့် လျှပ်စစ်ဓါတ်အား​ပေးစက်ရုံလုပ်ငန်းများသည်လည်း အကောင်ထည်ပေါ်လာပြီဖြစ်ကြောင်း၊ Gasifier အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် လိုအပ်သည့်စပါးခွံများကိုလည်း ကြိုတင်စု‌​ဆောင်းရန်လိုမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားဖြစ်ကြောင်း၊ တိုင်း​ဒေသကြီးအတွင်း စားသုံးဆီဖူလုံ​ရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိသည့်အပြင် ဖွဲနုဆီစက်ရုံများတည်​ထောင်နိုင်​ရေးအတွက်လည်း ပြင်ဆင်​ဆောင်ရွက်လျက်ရှိပကြောင်း၊  တိုင်း​ဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အားလုံ​လောက်စွာရရှိ​ရေး၊ စားသုံးဆီဖူလုံမှုရှိ​စေ​ရေး၊ စိုက်ပျိုး သီးနှံစုံ ပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​စေ​ရေးနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်​ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြ​စေလို​ကြောင်း” မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မကွေးမြို့‌ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ (၁၀-၄-၂၀၂၄)ရက်နေ့တွင် နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့်ဟုတားမြစ်ထားသော ဆေးဝါးများ၊ တရားမဝင်တင်သွင်းလာသောဆေးဝါးများနှင့် သက်တမ်းလွန်နေသော ဆေးဝါးများရောင်းချမှုရှိ/မရှိနှင့် ဆေးဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံက ဆေးဆိုင်များရှိ အရောင်းဝန်ထမ်းများအား မိမိတို့တာဝန်ယူရောင်းချရသည့် ကောင်တာအလိုက် သက်တမ်းလွန်ဆေးဝါးများမရှိစေရေး အမြဲတမ်းစစ်ဆေးရန်၊ သင်္ကြန်ကာလအတွင်း ဆေးဆိုင်များမပိတ်ရန်နှင့် ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချမှုမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်း(၁/၂၀၂၄)ကျင်းပပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်း  (၁/၂၀၂၄)ကို ၂၀၂၄ခုနှစ်၊ ဧပြီလ (၉)ရက်နေ့နှင့် (၁၀)ရက်နေ့တို့တွင် မကွေးတိုင်းဒေသကြီး၊ စားသုံး သူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၂)ရက်ခန့်ကျင်းပဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်လျန်စွမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

     အဆိုပါသင်တန်း၌ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများအနေဖြင့် အသိပညာဗဟုသုတများရရှိနိုင်ရေး၊ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများတွင် အဆင်ပြေချောမွေ့စွာအသိပညာပေးမှုများပြုလုပ်နိုင်ရေး၊ ဝန်ထမ်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ သင်တန်းမှူးအဖြစ် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက တာဝန်ယူလျက် ဘာသာရပ်အလိုက် သင်တန်း ပို့ချသူ(၃)ဦးက စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိမည့် အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း၊  Recall & Ban၊ CICC တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် တိုင်ကြားမှုဖြစ်စဉ်များ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း အစရှိသည့် ဘာသာရပ်များပို့ချခဲ့ကြကြောင်းသိရှိရပါသည်။

       သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းစုစုပေါင်း (၂၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းအမေးအဖြေကဏ္ဍများနှင့် ဆုချီးမြှင့်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗဒုံရပ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ၂၀၂၄ခုနှစ်၊ ဧပြီလ  ၁၀ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများဦးဆောင်၍ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗဒုံရပ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်မှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချ/ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး၊ ဈေးနှုန်းမြှင့်တင်ရောင်းချ/ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော  ဆေးဝါးများကိုရောင်းချခြင်းမပြုကြရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများကိုလည်းရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ ဥပဒေများကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ၄၁ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၁-၄-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များကိုရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပြည်နယ်ဦးစီးမှူးသည် အအေးခန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည်  (၁၁-၄-၂၀၂၄) ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မော်လမြိုင်မှ အအေးခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။

   ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးက အအေးခန်းလုပ်ငန်းရှင်များအား အအေးခန်း၌ ကုန်ပစ္စည်းသိုလှောင်ထားရှိမှုအခြေအနေ၊ လျှပ်စစ်မီးရရှိမှု၊ ဝန်ဆောင်မှုပေးသည့် အခြေအနေများကိုဆွေးနွေးမေးမြန်းခဲ့ရာ လုပ်ငန်းရှင်များအနေဖြင့် ယခုအချိန်တွင် အအေးခန်းများ၌ ငါးခြောက်၊ ငရုတ်သီးခြောက်၊ အာလူး၊ မန်ကျည်းမှည့် စသည့်ကုန်ပစ္စည်းများကို သိုလှောင်ထားရှိကြောင်း၊ ကုန်ပစ္စည်းသိုလှောင်လိုသည့် လုပ်ငန်းရှင်များပြားလာသဖြင့် လုပ်ငန်းများတိုးချဲ့နေရကြောင်း၊ လျှပ်စစ်မီးပြတ်တောက်မှုများသဖြင့် မီးစက်များကိုအသုံးပြုနေရကြောင်း၊ ဝန်ဆောင်ခနှုန်းထားအနေဖြင့် တစ်နေ့လျှင် တစ်ပိဿာသိုလှောင်ခ (၃) ကျပ်နှုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူးသည် သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည်  (၁၁-၄-၂၀၂၄) ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ “ရွှေငါး” အမှတ်တံဆိပ် သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

    ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးက မြေဩဇာလုပ်ငန်းရှင်အား အသုံးပြုသည့်ကုန်ကြမ်းအမျိုးအစား၊ ထုတ်လုပ်နိုင်သည့်အရေအတွက်၊ ဈေးနှုန်း၊ ဈေးကွက်၊ ဖြန့်ဖြူးမှုအခြေအနေများကိုမေးမြန်းခဲ့ရာ လုပ်ငန်းရှင်က ကုန်ကြမ်းအနေဖြင့် မြေဆွေး၊ ကယ်လစီယမ်ကာဗွန်နိတ်(ထုံးကျောက်)၊ ငါးခြောက်မှုန့်များကိုအသုံးပြုကြောင်း၊ ကုန်ကြမ်းများကို သံဖြူဇရပ်မှဝယ်ယူရရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် ၅၀ကီလိုဂရမ်ရှိသည့် အိတ်ရေ (၆၀၀၀) ထုတ်လုပ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် (၁၈၀၀၀) ကျပ်ဖြင့် မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်ရှိ စတိုးဆိုင်များတွင် ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဘီးလင်းမြို့ရှိ စတိုးဆိုင်များတွင် ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စတိုးဆိုင်ပိုင်ရှင်များအား  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကိုရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

သာယာဝတီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ MSMEs စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲအခမ်းအနားကျင်းပခြင်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၅-၄-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးဒု-ဥက္ကဋ္ဌ ဦးစောထွန်းဦး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့်ဝန်ထမ်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါဖြိုးဖြိုးအောင်နှင့်ဝန်ထမ်းများအဖွဲ့၊ စီးပွားလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကာ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အလေးထားဆောင်ရွက်နေခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို ထုတ်ကုန်တိုးမြှင့်ဆောင်ရွက်ရန်၊ လုပ်ငန်းနှင့်ပတ်သက်ပြီး မိရိုးဖလာလုပ်ကိုင်ခြင်းမှ ပြောင်းလဲပြီး စွန့်ဦးတီထွင်ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ စားသောက်ကုန်များထုပ်ပိုးမှုများကို ပြုပြင်ပြောင်းလဲ၍ ထုပ်ပိုးမှုများပြုလုပ်သင့်ကြောင်း၊ စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် FDA ၏ထောက်ခံချက်များရရှိရန်လိုအပ်ကြောင်း၊ MSMEs အဖွဲ့ဝင်ကတ်များကိုလည်းပြုလုပ်ထားရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထုတ်လုပ်ထားသော ကုန်ပစ္စည်းများကို မြို့နယ်အတွင်း၊ ခရိုင်အတွင်းမှ တိုင်းအတွင်းသို့၊ တိုင်းအတွင်းမှသည် ပြည်ပနိုင်ငံများအထိ တင်ပို့နိုင်အောင်ကုန်ပစ္စည်းများကို တိုးတက်အောင်ထုတ်လုပ်ကြရန်၊ MSMEs လုပ်ငန်းများနှင့်ပတ်သက်ပြီး ချေးငွေရယူလိုပါက ကူညီပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အခက်အခဲရှိပါက  တင်ပြဆွေးနွေးရန်ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သော စားသောက်ကုန်လုပ်ငန်းရှင်(၃၅)ဦး၊ ရေသန့်လုပ်ငန်းရှင်(၆)ဦး၊ စက်မှုလုပ်ငန်းရှင် (၂)ဦး၊ ဆီစက်လုပ်ငန်းရှင် (၁)ဦး၊ သစ်အချောထည်သစ်ခွဲ၊ လျှာထိုးနှင့် ပန်းပုလုပ်ငန်းရှင်(၆)ဦး၊ စုစုပေါင်း(၅၀)ဦးတို့က အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။

        ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News