Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အ.လ.က(နောင်သင်္ခါ)၊အနော်ရထာရပ်ကွက်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးခင်မောင်ဆွေ ဦးဆောင်၍ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၂၁-၇-၂၀၂၂) ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ အခြေခံပညာအလယ်တန်း ကျောင်း(နောင်သင်္ခါ)၊ အနော်ရထာရပ်ကွက်၌ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ အခမ်း အနားအစီအစဥ်(၄)ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူး၊ ဦးခင်မောင်ဆွေက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သောဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို အသိပေး ပြောကြားခဲ့ပြီး ဒေါ်မြင့်မြင့်အေး၊ ဦးစီးမှူးက စားသုံးသူကာကွယ်‌ရေး ဥပဒေပေါ်ပေါက်လာပုံနှင့် ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး နှင့် တာဝန်များအကြောင်း၊ ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့သော တိုင်ကြားမှုများအကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/သူနှင့် ဆရာ/ဆရာမအပါအဝင် (၂၈၀)ဦးတက်ရောက်ခဲ့ပြီး၊ တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမများအနေဖြင့် သိလိုသည်များကို ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့ရာ ဆွေးနွေးမေးမြန်းခြင်းမရှိပါသဖြင့် ဟောပြောပွဲအား (၁၄း၀၀) နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကျုံတုံးအုပ်စု၊ မကျီးကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် (၁၈.၇.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံက စားသုံးသူပြည်သူ (၅၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် အခန်း (၂၅) ခန်း၊ ပုဒ်မ (၈၄) ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၂) ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ဥပဒေတွင်ပါရှိသော စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း  စည်သည်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Mistine အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          (၂၀-၇-၂၀၂၂)နေ့ နံနက် (၉:၃၀)ခန့်အချိန်တွင် စစ်တွေမြို့နယ် တာဝန်ခံဦးဆောင်၍ ဝန်ထမ်းများပါဝင်သော အဖွဲ့သည် စစ်တွေမြို့ မြို့မဈေးကြီးအတွင်းသို့ သွားရောက်၍ ဈေးကွက် အတွင်းရှိ Mistine အလှကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ထားခြင်းရှိ/မရှိနှင့် FDA ၏ထောက်ခံချက်ဖြင့် ဖြန့်ဖြူးရောင်းချနေခြင်းဟုတ်/မဟုတ် ဈေးကွက်စိစစ် ဆောင်ရွက်ခဲ့ပါသည်။

          ဤကဲ့သို့ ဈေးကွက်စိစစ်ဆောင်ရွက်ရခြင်းမှာ Mistine အလှကုန်ပစ္စည်းများကို FDA ၏ ထောက်ခံချက်၊ Hologram (ရောင်ပြန်) စတစ်ကာ နှင့် မြန်မာစာ Labelling ကပ်နှိပ်ထားခြင်းမရှိဘဲ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချနေကြောင်း သိရှိရသည့်အတွက်  Mistine အလှကုန် ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိနှင့် FDA ၏ ထောက်ခံချက်များဖြင့် ဖြန့်ဖြူးရောင်းချနေခြင်း ဟုတ်/မဟုတ် စိစစ်ဆောင်ရွက်ရန် ညွှန်ကြားချက် အရ ဈေးကွက်စိစစ်ဆောင်ရွက်ရခြင်းဖြစ်ပြီး စစ်တွေမြို့နယ် ဈေးကွက်အတွင်း Mistine အလှကုန် ပစ္စည်းဖြစ်သည့် Bulgarian Yogurt  Whitening Lotion, Mistine Lotion(AHA UV) များအား မတွေ့ရှိရဘဲ White Spa Whitening Lotion တွင် FDA ထောက်ခံချက်၊ Hologram (ရောင်ပြန်)စတစ်ကာနှင့် မြန်မာစာ Labelling ကပ်နှိပ်၍ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိ ရပါကြောင်းသတင်းရရှိပါသည်။

DOCA(ရခိုင်)

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ်  ၃၉၀၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

          နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီကိုသက်သာသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

          “ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ ကျွန်တော်တို့ အသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာရှိတဲ့ စားသုံးသူပြည်သူတွေကို လက်ဝယ်အရောက် စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၃၉၀၀နှုန်းနဲ့ရောင်းချပေးတာဖြစ်ပြီး၊ ယနေ့မှာတော့ ဇမ္ဗူသီရိမြို့နယ်၊ တောင်ညိုကျေးရွာ၌ ဈေးကားတစ်စီးဖြင့် ဆီပိဿာချိန် (၆၆၀)ရောင်းချပေးတာဖြစ်ပြီး၊ ဆီလုပ်ငန်းရှင် ဦးသူရဇော်ဇော်မှ တပ်ကုန်းမြို့၊ ‌နောင်သင်ခါကျေးရွာတွင်ဈေးကားတစ်စီးဖြင့် ဗူးအပါစားသုံးဆီတစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်းဖြင့် ဆီပိဿာချိန်(၅၅၀) ရောင်းချပေးခဲ့သည်”ဟု နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းအဖွဲ့ဝင်များမှသိရှိရပါသည်။

          “ ရပ်ကွက်၊ ကျေးရွာဆိုင်တွေမှာ စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် (၈၅၀၀)နှင့် ကျပ်(၉၀၀၀) အကြား ဝယ်ယူနေရချိန်မှာ ယခုလိုရွာထဲသို့ တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀  နှုန်း   ဖြင့် လာရောက်ရောင်းချသည့်အတွက် ဝမ်းသာကြောင်း၊ ယခုလိုအစီအစဉ်ဖြင့်လည်း မကြာခဏ ရောင်းချ ပေးမည်ဆိုပါက စားသုံးသူပြည်သူများအတွက် အလွန်အဆင်ပြေမည်ဖြစ်ကြောင်း၊ အသင်းဥက္ကဌနှင့် ရောင်းချပေးသည့် အဖွဲ့ဝင်ကိုလည်းကောင်း၊ ကူညီဆောင်ရွက်ပေးသည့် စားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်းများကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ယခုလိုရောင်းချခြင်းသည် အခြေခံ လူတန်းစားများအတွက် အမှန်တကယ်အဆင်ပြေအကျိုးရှိပါတယ်” ဟု တောင်ညိုကျေးရွာ မှ စားသုံးဆီလာရောက်ဝယ်ယူသူ ဒေါ်ညွှန့်မေက ပြောပါသည်။

          နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ယခင်က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဈေးများတွင်သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို အလှည့်ကျရောင်းချပေးခဲ့သော်လည်း အမှန်တကယ်စားသုံးသူပြည်သူများထံ တိုက်ရိုက်မရောက်ရှိ သည့်အတွက် ယခုကဲ့သို့ ရပ်ကွက်၊ ‌ကျေးရွာများထံဈေးကားများဖြင့် လက်ဝယ်အရောက်လာရောက် ရောင်းချပေးရခြင်းဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများအတွက် အသင်းအစီအစဉ်ဖြင့် ကျန်ရှိသည့် ဝန်ထမ်းအိမ်ရာများနှင့် ကျေးရွာများကိုလည်း သက်သာသောဈေးနှုန်းဖြင့် ထပ်မံလှည့်လည်ရောင်းချ ရန်အစီအစဉ်များရှိကြောင်း သိရှိရပါသည်။

DOCA(နေပြည်တော်)

စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)အစီအစဉ် ပြုလုပ်

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဟင်္သာတမြို့၊ ဇလွန်မြို့၊ လေးမျက်နှာမြို့နယ်များနှင့်  မြန်အောင်ခရိုင်ရှိ မြန်အောင်မြို့၊ အင်္ဂပူမြို့နယ်တို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်များကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

         ဇူလိုင်လ ၂၀ ရက်နေ့ဟင်္သာတမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်မှလည်းကောင်း၊ (၈.၇.၂၀၂၂)ရက်နေ့ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးမြင့်သိန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှလည်းကောင်း၊ (၁၈.၇.၂၀၂၂)ရက်နေ့ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ လည်းကောင်း၊ (၂.၇.၂၀၂၂)ရက်နေ့ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်မှ လည်းကောင်း၊ (၁၅.၇.၂၀၂၂)ရက်နေ့ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီသီရှိန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှလည်းကောင်း စားသုံးသူကာကွယ်ရေးအသိပညာပေး အမေးအဖြေများ မေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

          Talk Show တွင် ၂၀၁၉ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် ပြဌာန်းထားသော စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ရှင်းလင်းပြောကြားပြီး  အခန် း(၁၅) တွင် ပါဝင်သော ပုဒ်မ (၂၈) ၊(၂၉) ပါ စားသုံးသူတို့အတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု လုံခြုံစိတ်ချရမှုရှိစေရေး၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြရမည့် ညွှန်ကြားချက်များအကြောင်း၊ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် Online Shopping နှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးဆောင်ရန်၊ ရှောင်ရန်များအကြောင်းတို့အား မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကယားပြည်နယ် မီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ်၊ ဇူလိုင်(၂၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၅)ဦးသည် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ ပြည်နယ်မီးသတ်ဦးစီးဌာန၌ မီးသတ်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု စုစု ပေါင်း(၅၅)ဦးအား စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ 

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန်ဦး (ဦးစီးအရာရှိ) က စားသုံးသူ များအနေဖြင့် မိမိတို့၏ အခွင့်အရေးကို အပြည့်အဝ နားလည်ပြီး တောင်းဆိုရယူ တက်စေရန်နှင့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်ရန်အတွက် စားသုံးသူအခွင့် အရေးများနှင့် တာဝန်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို လည်း ကောင်း၊ ကုန်အညွန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်း မပြုမီ သတိပြုရမည့် အချက်များကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ  စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းများကိုလည်းကောင်း၊ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ ကြော်ငြာခြင်းနှင့် အရောင်းမြှင့်တင်ခြင်းဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ် များကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများ ရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါ ကြောင်းနှင့် တက်ရောက်လာ သော မီးသတ်ဝန်ထမ်းများက သိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်းဖြေကြား၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂) အစည်းအဝေးကျင်းပပြုလုပ်

                   ရှမ်းပြည်နယ် ၊စားသုံးသူရေးရာကော်မတီ(၂/၂၀၂၂)အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်၊ ကြာသပတေးနေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စီးပွားရေးရာဝန်ကြီးရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

              အစည်းအဝေးသို့ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ရှမ်းပြည်နယ်စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)နှင့် ဒုတိယပြည်နယ်ဦးစီးမှူးရုံး(လားရှိုး)၊ ခရိုင်ဦးစီးမှူးရုံးများ ဖြစ်ကြသော (လွိုင်လင်၊ တာချီလိတ်၊ ကျောက်မဲ၊ မူဆယ်)၊ တာဝန်ခံရုံး (အောင်ပန်း)များမှလည်း Online System ဖြင့် တက်ရောက်ခဲ့ပါတယ်။               

              အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်မှ အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ဦးတင့်လွင်ဦးက(၂/၂၀၂၂)အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် တက်ရောက်လာကြတဲ့ ကော်မတီအဖွဲ့ဝင်များက အတည်ပြုမှတ်တမ်းတင်ခြင်း၊ ဆွေးနွေးအကြံပြုခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို (၁၄ :၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။

DOCA(ရှမ်း)

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကဏ္ဍ Talk Show  ကျင်းပပြုလုပ်

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ရုံးမှ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကဏ္ဍအား စားသုံးသူ ပြည်သူများ သိရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံး၌ (၁၅.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် Talk Show  အစီအစဉ်ပြုလုပ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါ Talk Show  တွင် မြို့နယ်တာဝန်ခံ ဦးပေါင်လန်ခန့်မှ အခန်း(၁၁)ပါ ပုဒ်မ(၂၂)နှင့် ပုဒ်မ(၂၃)အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အချက်အလက် အကြောင်းအရာများအား ထည့်သွင်းရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ရေလိန်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

         စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးသည်  (၁၅.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀;၀၀)နာရီအချိန်က ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့် ဈေးတန်းအား စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များရှင်းလင်းပြောကြားပြီး စားသုံးသူ၏အခွင့်အရေးနှှင့်တာဝန်များ၊ လုပ်ငန်းရှင်၏တာဝန်များဦးစွာရှင်းလင်းပြောကြားပြီး၊ ကျောင်းသား/သူများသိရှိနားလည်စေရန်  စားသုံးရန်မသင့်သောအစားအသောက်များအကြောင်း ဆိုးဆေးပါဝင်သောအစားအသောက်များ ရှောင်ကျဉ်စားသုံးကြရန် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက်စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ၊ ထုတ်လုပ်မှုအမှတ်စဉ်စသည်တို့ကို ကျောင်းသား/သူများ မှတ်မိလွယ်စေရန် အသေးစိတ် ဟောပြောဆွေးနွေးပြီးနောက် ကျောင်းတွင်ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းသို့ သွားရောက် စစ်ဆေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၇)ဦး၊ ကျောင်းသား/သူ(၈၄)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့ပေါ်ရှိ စားသုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည်(၁၅.၇.၂၀၂၂)ရက်နေ့ နံနက်(၁၂;၀၀) နာရီက မြောင်းမြခရိုင်ဦးစီးမှူးရုံးခန်းမ၌ စားသုံးဆီဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်နှင့် ကိုယ်စားလှယ်များအား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            ထိုသို့ဆွေနွေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်မှ စားသုံးဆီတင်သွင်း၊ ရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းရှင်နှင့်ကိုယ်စားလှယ်များအား စားသုံးဆီများ သယ်ဆောင်၊ သိုလှောင်၊ ဖြန့်ဖြူးရာတွင် စားသုံးသူ ပြည်သူများဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆီကန်မှထုတ်ယူသော စားသုံးဆီများအား ၂၀၂၂ ခုနစ်၊ မေလ(၁)ရက်နေ့မှစတင်၍ Food Grade အဆင့်ရှိ အဝါရောင်ပေပါ အသစ်(သို့)သန့်စင်ပြီးပေပါများ၊ စားသုံးဆီသယ်ဆောင်သော Food Grade Bowser Truck များဖြင့်  စတင်အသုံးပြုရန် ဈေးကွက်အတွင်း ဖြန့်ဖြူးရာ၌ ဓါတုဗေဒပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် Deum များတွင် စားသုံးဆီများ ထည့်သွင်း အသုံးပြုခြင်းမပြုရန်၊ ဈေးကွက်အတွင်းဖြန်ဖြူးမည့် ထုတ်ပိုးပစ္စည်းများအပေါ်တွင် စားသုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီထံမှ ခွင့်ပြုချက်ရရှိပြီး၊ သက်ဆိုင်ရာကုမ္ပဏီ၏ Cap Seal များဖြင့် ချိတ်ပိတ်ပြီး၊ ကုန် အမှတ်တံဆိပ်( Logo) ခပ်နိပ်၍ ပြည်ပမှစားသုံးဆီတင်သွင်းခြင်း၊ သိုလှောင် ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားဆွေးနွေးခဲ့ပါ သည်၊ မြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးမှ ဟင်းသီးဟင်းရွက်ဆီ Vegetable  Oil , Cooking Oil များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသောအမိန့်ကြော်ငြာစာ ၁/၂၀၂၁ အား လိုက်နာဆောင်ရွက်ကြရန်၊ အမိန့်ကြော်ငြာစာပါ ဈေးကွက် အတွင်းဖြန့်ဖြူးရောင်းချနေသည့်ဟင်းသီးဟင်းရွက်ဆီအမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွန်းအမှတ်အသား ဖော်ပြရာတွင် ပါဝင်ပစ္စည်းကိုအခြေခံသောကုန်စည်၏အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြ ရမည်၊ ကုန်စည်၏အသားတင် ပမာဏနှင့်အရွယ်အစားတို့ကို မြန်မာ အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရပါမည်၊ ဤညွှန်ကြားချက်သည် (၂၀.၁၂.၂၀၂၁)ရက်နေ့မှ ထုတ် ပြန်ပြီး(၆)လပြည့်မြောက်ပြီးသည့်နေမှ စတင်ကာအာဏာသက်ရောက်မည်ဖြစ်ပြီး၊ ဤညွှန်ကြားချက် အမိန့်အပိုဒ်(၄)ကို လိုက်နာမှုမရှိပါက စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ဥပဒေအခန်း(၂၃)ပါ တားမြစ် ချက်များ၊ ဥပဒေ အခန်း(၂၄)ပါ ပြစ်မှု မြစ်ဒဏ်များအား အသေးစိတ် Projector ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသော လုပ်ငန်းရှင်များအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး လုပ်ငန်းရှင်များမှသိရှိလိုသည်များအား ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ