Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ရှိ ကုန်စုံဆိုင် လုပ်ငန်းရှင်များနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ (၂၀.၁.၂၀၂၂)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

         ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁)(၄၃)အရ စီးပွားရေးလုပ်ငန်းရှင်ဘက်မှ ကုန်စည်အပေါ်တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရမည်တာဝန်များအကြောင်း၊ အခန်း(၂၃) ပုဒ်မ (၆၃)(၆၅)အရ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်သူများ၏ သိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပြီး လုပ်ငန်းရှင်(၁၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း (ယာယီ)မှ စားသုံးဆီရောင်းချပေးခြင်းကွင်းဆင်း စိစစ်

          ၂၅.၁.၂၀၂၂ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တာမြို့၊ ရွှေနဒီရေပေါ်ဈေးကြီးတွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)မှ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းက စားသုံးသူများဈေးနှုန်း သက်သာချောင်ချိရေးအတွက် စားသုံးဆီများအား အထူးဈေးနှုန်းဖြင့် တစ်ပိဿာလျှင် (၄၅၅၀)ကျပ် နှုန်းဖြင့် ရောင်းချပေးနေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း(ယာယီ) ဘဏ္ဍာရေးမှူး ဦးသန်းတင်တို့မှ ကွင်းဆင်း စိစစ်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် စားသုံးသူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားသုံးဆီ ဈေးနှုန်းမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးတို့အား စိစစ်ဆောင်ရွက်ခဲ့ပြီး၊ အထူးဈေး နှူန်းဖြင့် စားသုံးဆီနေ့စဉ်ရောင်းချရမှုစာရင်းအား တင်ပြနိုင်ရန်အသင်းတာဝန်ရှိသူတို့မှ ကြပ်မတ်၍ ပြုစုတင်ပြရန် တာဝန်ရှိသူတို့အား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

မင်းဘူးမြို့မဈေးအတွင်း Mobile Lab Van ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ၂၀၁၉ မတ်လ ၂၅ ရက်နေ့တွင်ပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိများခန့်အပ်တာဝန်ပေးပြီး ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခွင့်မပြုဆိုးဆေးနှင့် တာရှည်ခံဆေးများ သတ်မှတ်ပမာဏထက်ပိုမိုပါဝင်သဖြင့် စားသုံးရန်မသင့် ကြေငြာထားသည့် စားသောက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးအနေဖြင့်လည်း မကွေးတိုင်းဒေသကြီးအတွင်း ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ (၂၄.၁.၂၀၂၂)ရက်နေ့ နံနက် (၀၉:30)အချိန်တွင် မင်းဘူးခရိုင်နှင့် မင်းဘူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးအတွင်းရှိ စားသောက်ကုန်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကုန်ပစ္စည်းနမူနာများကောက်ယူ၍ Mobile Lab Van ဖြင့်နမူနာ (၂၉)မျိုးအား ဓါတ်ခွဲစစ်ဆေးခဲ့ပြီး တာရှည်ခံဆေးများသတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေသည့် ကျောက်ဖရုံယို၊ ကွမ်းသီးစိတ်၊ ပိတ်ဆွယ်တို့အား စားသုံးသူများ အန္တရာယ်ဖြစ်နိုင်သည့်အတွက် ဈေးကွက်အတွင်းမှ သိမ်းယူဖျက်ဆီးခဲ့ပြီး ရောင်းချသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်း၊ ချွတ်ဆေးများ၊ တာရှည်ခံဆေးများသုံးစွဲခြင်းမပြုစေရေး အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            မင်းဘူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် တာဝန်ရှိသည့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း၊ ဈေးကွက်စောင့်ကြည့်ခြင်း၊ ဓါတ်ခွဲစစ်ဆေး၍ အန္တရာယ်ရှိကုန်စည်များအား ချက်ချင်းသိမ်းဆည်းဖျက်ဆီးခြင်း၊ ရောင်းချသူများအား အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထိုသို့ဆောင်ရွက်ခြင်းဖြင့်  စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိလာမည် ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

“သာစည်မြို့၊မြို့မစည်ပင်စျေးအတွင်းရှိ ကုန်စုံဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ကုန်စျေးနှုန်းပေါက်စျေးများ ကောက်ယူခြင်း”

           စားသုံးသူ‌ရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် နေ့စဉ်ကုန်စျေးနှုန်း ပေါက်စျေးများကို စာရင်းကောက်ယူခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ (၉:၃၀)အချိန်တွင် စာသုံးသူရေးရာဦးစီးဌာန၊ သာစည်မြို့နယ်တာဝန်ခံ ဦးသက်ချိုဦး ဦးဆောင်၍ သာစည်မြို့မစျေး တာဝန်ခံ ဦးတင်ကိုနှင့် စျေးစည်ပင် ဝန်ထမ်းများနှင့်အတူ စျေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များပူးပေါင်း၍ သာစည်မြို့မစျေးအတွင်းရှိ စားသောက်ကုန်မျိုးစုံရောင်းချသော ကုန်စုံဆိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်စျေးနှုန်းပေါက်စျေးများစာရင်း ကောက်ယူခြင်း လုပ်ငန်းများလုပ်ဆောင်ခဲ့ပါသည်။ စျေးဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ၂၀၂၀ခုနှစ်၊ မတ်လ (၁၆)ရက်နေ့မှစတင် အာဏာသက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ မဖော်ပြမှုရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို အ‌ရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိပါက စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၇၃)အရ (၂) နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်း (၂၀၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်းနှင့်လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင်စားသုံးသူများပင်ဖြစ်ကြောင်း၊စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးဆုံရှုံးနစ်နာမှုများ ရှိခဲ့လျှင်စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊DOCA Myanmar Applicationနှင့် စားသုံးသူရေးရာဦးစီးဌာန၏ Websitewww.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

တောင်ငူခရိုင်အတွင်း စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ရှင်းလင်းဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများနှင့်အတူ ဇန်နဝါရီလ ၁၈ ရက် နေ့ မွန်းလွဲပိုင်းတွင် တောင်ငူမြို့ မြို့မဈေးနှင့် ဈေးလမ်းရှိ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူး ရောင်းချ သောလုပ်ငန်းများသို့ လည်းကာင်း၊ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ် ရေနီ မြို့ရှိ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော လုပ်ငန်းများသို့လည်းကာင်း သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးဆီထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအနေဖြင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊  အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ် ကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီးဖြစ်ပါသဖြင့် ထုတ်လုပ်သူများအနေဖြင့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA)တွင် ထောက်ခံချက်လျှောက်ထားကြရန်နှင့် ဖြန့်ဖြူးရောင်းချသူ များ အနေဖြင့်လည်း FDA ထောက်ခံချက်ပါရှိသည့် စားသုံးဆီများကို ဦးစားပေးရောင်းချကြရန် အကြံပြု ဆွေးနွေးခဲ့ပါသည်။

          အလားတူ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးဆီထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအနေဖြင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အကြံပြုပြောကြား၍ အရောင်းဆိုင်များအတွင်း ရောင်းချနေသော စားသုံးဆီများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီက ရေတာရှည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူအခွင့်အရေးများ ရရှိအောင်ဆောင်ရွက်နေမှုများ၊ ကုန်စည်နှင့် ဝန်ဆောင် မှုများနှင့်ပတ်သက်၍ သိထားရမည့်အချက်များ၊ စားသုံးသူအငြင်းပွားမှုနှင့်ပတ်သက်၍ တိုင်ကြား လာမှုများကို ဖြေရှင်းဆောင်ရွက်ပေးပုံများကို ရှင်းလင်းပြောကြားပြီး မြို့နယ်တာဝန်ခံ ဦးဇော်ဇော် ထွေးက ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ် ရေနီမြို့တွင် အမှတ်တံဆိပ်ပါစားသုံးဆီများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ရေတာရှည်မြို့နယ်တာဝန်ခံတို့နှင့်အတူ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ရေနီမြို့ရှိ အမှတ်တံဆိပ်ပါ စားသုံးဆီဖြူးဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀.၁၂.၂၀၂၁ နေ့တွင် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို ထုတ်ပြန်ခဲ့ပြီး ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင် ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ဥပမာ - ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) စသည်ဖြင့် ဖော်ပြရန်၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာယူနစ်အလေးချိန် ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားထားခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး အမှတ်တံဆိပ်ပါ စားသုံးဆီများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့က ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်ပြီးဖြစ်ပါသဖြင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်ပါရှိသည့် စားသုံးဆီများကို ဦးစားပေးရောင်းချဖြန့်ဖြူးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက်ခရိုင်ဦးစီးမှူးနှင့်အဖွဲ့ သည် ရေနီဈေးအတွင်းရောင်းချသည့် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို Talk Show အစီအစဉ်ဖြင့် တောင်ငူခရိုင်၊ အုတ်တွင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီက ပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာတို့က စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။ အစီအစဉ်တွင် မြို့နယ် တာဝန်ခံ ဒေါ်အေးအေးခိုင်က ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရန် အရေးကြီးပုံ များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ပြဌာန်းချက်များ၊ ပုဒ်မ ၄၃ ပါ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများအား လုပ်ငန်းရှင်များဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၃.၁၂.၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀.၁၂.၂၀၂၁ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ထုတ်ပြန်ထားမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

သက်သာသောဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင်များအား  ကွင်ဆင်းစစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆီကုန်သည်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီအရောင်းဆိုင်များနှင့်ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး စားအုန်းဆီများအား သက်သာသောနှုန်းဖြင့် ပြန်လည်ရောင်းချရေး ဈေးကွက်စောင့်ကြည့် ကြပ်မတ်ရေးအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ (၁၉) ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်ရှိ စားသုံးဆီ အရောင်းဆိုင်များအား စားအုန်းဆီ ရောင်းချရာတွင် အလေးချိန်ပြည့်မီမှု ရှိ/မရှိ၊ အထူးဈေးနှုန်း သတ်မှတ်ချက်ဖြင့် ရောင်းချမှု ရှိ/မရှိ မြေပြင် ရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးဆီ/ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) များတွင် ကုန်စည်၏ အမျိုးအမည်များအား မြန်မာဘာသာဖြင့် တိကျစွာ ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးဆီအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ ဤဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာ ပြဌာန်းချက်များသည် ဥပဒေပြဌာန်းပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် နေ့ရက်ဖြစ်သော ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်နေ့မှစတင်၍ အာဏာတည်ပြီးဖြစ်ကြောင်း လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှု ရှိစေရေးအတွက် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) ဖော်ပြချက်အပေါ် ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဟင်းသီးဟင်း ရွက်ဆီ (စားအုန်းဆီ) သို့မဟုတ် ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) ဟု ဖော်ပြရန်နှင့် အသားတင်ပမာဏနှင့်အရွယ်အစား တို့အား မြန်မာအလေးချိန်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ် ကြောင်းနှင့် ဟင်းသီးဟင်းရွက်ဆီ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချမှုတို့နှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) သည် ညွှန်ကြားချက် ထုတ်ပြန်သည့် (၂၀-၁၂-၂၀၂၁) ရက်နေ့မှ (၆)လ ပြည့်မြောက်ပြီး သည့်နေ့ရက်မှ စတင်ပြီး စတင်အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်အား လိုက်နာမှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး (၁/၂၀၂၁) ညွှန်ကြားချက်အား စားသုံးဆီအရောင်းဆိုင်ပိုင်ရှင်များထံ အသိပညာပေး ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

 

 

 

 

တောင်ငူမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

          စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ ကျင်းပြပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုး၊ စားသုံးသူရေးရာဦးစီးဌာန တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ Talk Show အစီအစဉ်တွင် ခရိုင်ဦးစီးမှူးဦးမျိုးအောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ အငြင်းပွားမှုကို ဖြေရှင်းဆောင်ရွက်ပေးမှုများကိုလည်းကောင်း၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ က စားသုံးသူအခွင့်အရေးများနှင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြရန် အရေးကြီးပုံများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ပြဌာန်းချက်များ၊ မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြ ရမည့် ကုန်အညွှန်းအမှတ်အသားများအား လုပ်ငန်းရှင်များဆောင်ရွက်ရာတွင် သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၃.၁၂.၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀.၁၂.၂၀၂၁ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ထုတ်ပြန်ထားမှုများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ