Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

   လက်ပံတန်းမြို့နယ်တွင် နွေစပါးများ လှိုင်လှိုင်ပေါပြီ

           ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရီုင် ၊ လက်ပံတန်းမြို့နယ်တွင် ယခုအခါ နွေစပါးများ လှိုင်လှိုင်ပေါ်နေပြီ ဖြစ်ပါသည်။ လက်ပံတန်းမြို့နယ်အနေဖြင့် နွေစပါးစိုက်ဧက (၁၂၇၉၄)ရှိပြီး ရတနာတိုး ၊ သုခစပါးမျိုးများ အစိုက်အများဆုံးဖြစ်၍ ပျှမ်းမျှ အထွက်နှုန်းမှာ (၈၅)တင်းနှုန်းခန့် ထွက်ရှိကြောင်း ၊ တစ်ဧက ကုန်ကျစရိတ်မှာ (၄၀၀၀၀၀/-) ကျပ်ကျော်ခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀/-)ကျပ်ကျော်ခန့် ရရှိကြောင်း ၊ နွေစပါး ပေါင်(၅၀) တင်း (၁၀၀)လျှင် (၇၇၀၀၀၀/-) ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် နွေ ဆန်သစ်ပေါက်စျေးနှုန်းမှာ (၂၄)ပြည် တစ်အိတ်လျှင်  (၂၉၀၀၀/-)ကျပ်  ရှိကြောင်း စပါးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

မုံရွာကုန်စည်ဒိုင် ဈေးကွက်၌ ကုလားပဲ ဈေးတရိပ်ရိပ်နှင့် မြင့်တက်လာ

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာကုန်စည်ဒိုင်ဈေးကွက်၌ မေလ ဆန်းပိုင်းမှစကြ ကုလားပဲသီးနှံများဖြစ်သည့်(V3,V2,929,ထိုင်ဝမ်) ပဲများမှာ တရိပ်ရိပ်နဲ့ ဈေးနှုန်းမြင့်တက်လာသည့်အတွက် တောင်သူများ ဈေးကောင်းရလျှက်ရှိကြောင်း သိရသည်။ ကုလားပဲဈေးနှုန်းမြင့်တက်လာသည်နှင့်အမျှ ပွဲရုံကုန်သည်များထံ အပ်နှံထားသည့် တောင်သူများမှာလည်း လက်ရှိတက်ဈေးကို အားရကျေနပ်သည့်အတွက် ဈေးဖြတ်တောင်သူများပြားလာကြောင်း ကုန်သည်ရပ်ဝန်းမှ လေ့လာသိရှိရပါသည်။

          ကုလားပဲကို ပြည်ပမှဝယ်လိုအားရှိနေသကဲ့သို့ ပြည်တွင်းပဲခွဲစက်များနှင့် ကြာဇံစက်များမှာလည်း ကုန်ကြမ်းဝယ်ယူစုဆောင်းမှုများ ရှိနေသည့်အတွက် ကုလားပဲဈေးမြင့်တက်လာကြောင်း ပဲကုန်သည်များထံမှ သိရသည်။ ယခုမေလ စတုတ္ထပတ်အတွင်း၌ ကုလားပဲဖြူလုံးကြီး (V3) တစ်တင်းလျှင် (၅၁၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး (V2) တစ်တင်းလျှင် (၄၈၅၀၀) ကျပ် 929 တစ်တင်းလျှင် (၄၆၀၀၀) ကျပ်နှင့် ထိုင်ဝမ်တစ်တင်း (၄၄၇၀၀) ကျပ်အထိ ဈေးမြင့်တက်လာခဲ့ပြီး ယခင် အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကုလားပဲတစ်တင်းလျှင် (၁၀၀၀) ကျပ်ဝန်းကျင်ခန့် ဈေးနှုန်းမြင့်တက်ကြောင်း သိရသည်။

       ယခုအပတ်အတွင်း မုံရွာကုန်စည်ဒိုင်ဈေးကွက်၌ တစ်ရက်လျှင်ကုလားပဲအိတ် (၅၀၀) ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နယ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် ပခုက္ကူမြို့ကြီးများမှာလည်း ဝယ်ယူလျက်ရှိကြောင်း ကုန်သည်ရပ်ဝန်းမှ သိရသည်။ ယခုနှစ်တွင် ကုလားပဲဈေးကွက် အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယခင်နှစ်ကထက် ဈေးပို့မို့ရရှိခဲ့ကြောင်း၊ ယခုနှစ်သွင်းအားစုဈေးနှုန်းများမှာ မြင့်တက်ခဲ့၍ တစ်ဧကကုန်ကျစရိတ် မြင့်မားခဲ့သော်လည်း ဈေးကောင်းရသည့်အတွက် အကျိုးအမြတ်ရှိခဲ့ကြောင်း ကုလားပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

            ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မေလ နောက်ဆုံးပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၄၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း (မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၀၀၀၀၊ တန်အားဖြင့် ၅၀၀၀တန် စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှအခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၈၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၆၀၀၀ ၊ ရှမ်း (မြောက်)သို့ အိတ်ရေ ၆၀၀၀၊ ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၉၁၀၀၀ ၊ တန်အားဖြင့် ၄၅၅၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အိတ်ရေ ၉၀၀၀၊ တန်အားဖြင့် ၄၅၀တန် လျော့နည်း၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ မေလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၅၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၅၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၀၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဇီးကုန်းမြို့နယ်တွင် နွေစပါးများ စတင်ရိတ်သိမ်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ မေလ ပထမပတ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနပေါင်းစုံ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေစပါးများ စတင်ရိတ်သိမ်းနေပြီး စိုက်ဧက (၃၁၅၀) ဧကရှိကြောင်း၊ ဇီးကုန်းမြို့နယ်အနေဖြင့် ဇီးကုန်းမြို့နယ် ဘုရားကြီးအုပ်စု၊ ဆိတ်ဖူးကျင်းအုပ်စု၊ ကံကြီးကျေးရွာအနီးတဝိုက် နွေစပါး စိုက်ခင်းအချို့တွင် စိုက်ပျိုးထားသော စပါးမျိုးများမှာ   GW-11 ရက်၉၀၊ မနောသုခ၊ ထိုင်းနှံကောက် အစရှိသော စပါးမျိုးများ စိုက်ပျိုးထားရှိကြောင်း၊ တောင်ညိုဆည်နှင့် ဘော်ဘင်ဆည်များမှ ရေများရရှိ၍ စိုက်ပျိုးထားခြင်း ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှ စတင်၍ စိုက်ပျိုးခြင်းဖြစ်ပြီး စပါး ဈေးနှုန်းအနေဖြင့် ကွင်းပေါက်ဈေး (၁၀၀) တင်း၊ ပေါင် (၅၀) လျှင် (၇၃၀၀၀၀/-) ကျပ်ဈေးနှုန်းရှိပြီး ၊ ဆန်စက်အရောက်ဈေးနှုန်းဖြင့် (၇၈၀၀၀၀/-) ကျပ် ရှိကြောင်းသိရှိရသည်။ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် (၄၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့်  (၃၀၀၀၀၀/ -) ကျပ်ခန့် ရရှိကြောင်း၊ မိုးစပါးကြဲခင်းပြုလုပ်နေသော တောင်သူများ အသုံးပြုသော စပါးမျိုးမှာ GW-11 ဒေသမျိုးဖြစ်ပြီး (၅၀) ပေါင်တစ်တင်းလျှင် (၇၀၀၀/)ကျပ်ဖြင့် မျိုးသန့် (၆၉) ပေါင်တစ်အိတ်လျှင် (၂၄၀၀၀/) ကျပ်ဖြစ်၍ တစ်ဧကလျှင် မျိုးစပါး ၁ အိတ်ခွဲ ကြဲပက်ရကြောင်း ၊ စက်မောင်းခ မှာ တစ်ဧက တစ်ထပ်မောင်း (၁၆၁၀၀မှ ၁၇၀၀၀) ကျပ်ဖြစ်ပြီး နှစ်ထပ်မောင်း၍ စိုက်ပျိုးရကြောင်း၊ ယခင်နှစ်က စက်မောင်းခအနေဖြင့်  (၁၂၀၀၀မှ ၁၃၀၀၀) ကျပ်ခန့်သာ ပေးချေခဲ့ရကြောင်း၊ တစ်တင်း ကြဲပက်ခ (၁၂၀၀) ကျပ်နှင့် နေ့စား လုပ်သားခ (၂၅၀၀) ကျပ်ဖြင့် ဌားရမ်းသုံးစွဲရကြောင်း သိရှိရပါသည်။

        ဇီးကုန်းမြို့နယ်တွင် မိုးစပါးကြဲခင်းများစတင် ပြင်ဆင်လုပ်ကိုင်နေကြကြောင်းနှင့် ကျေးရွာများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဌာနပေါင်းစုံ ကွင်းဆင်းရာမှ မေလပထမပတ်တွင် သာပေါင်းကျေးရွာနှင့် လယ်တွင်းလေးကျေးရွာများ၌ စတင် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နတ်မောက်မြို့နယ် အနောက်လက္ခုပ္ပင်ကျေးရွာတွင် စပျစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိနေ

          ဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးခြင်းကို မကွေးတိုင်းဒေသကြီးအတွင်း နတ်မောက်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျှက်ရှိပြီး နတ်မောက်မြို့နှင့်(၂)မိုင်ခန့် ဝေးကွာသည့် အနောက်လက္ခုပ္ပင်ကျေးရွာတွင်လည်း စပျစ်စိုက်ပျိုးလာကြရာ နတ်မောက်မြို့ပေါ်သို့ ဈေးကွက် တင်ပို့ဖြန့်ဖြူးရောင်းချလျက်ကြောင်း ၊ မိသားစုဝင်ငွေရရှိနေကြောင်း သိရှိပါသည်။

            စပျစ်များကိုစတင်စိုက်ပျိုးလာသည်မှာ (၃)နှစ်ရှိပြီဖြစ်ကြောင်း၊ စိုက်ပျိုးပြီးရှင်သန်ဖြစ်ထွန်းနေသော စပျစ်ပင်များကို ဇန်နဝါရီလတွင် ကိုင်းဖြတ်ပြီး (၆)လအကြာမေလတွင် စပျစ်သီးများကို ခူးဆွတ်ရောင်းချ၍ရပြီဖြစ်ကြောင်း၊ တစ်ပိဿာလျှင် လက်ကားဈေး(၃၅၀ဝိ/-)၊ လက်လီဈေး (၄၀၀ဝိ/-) ကျပ်ရောင်းချရကြောင်း၊ ယခုနှစ်တွင် စိန်တစ်လုံး သရက်သီးများ လှိုင်လှိုင်ပေါ်နေသည့်အတွက် စပျစ်သီးရောင်းအားနည်းသည်ဟု အနောက်လက္ခုပင်ကျေးရွာမှ စပျစ်ပိုင်ရှင် ဦးဝေယံစိုးထံမှ သိရှိရပါသည်။ စပျစ်အမျိုးအစားအမျိုးမျိုးရှိပြီး  ဘလက်ကွင်း၊ သီးချွန်၊ ရွှေနီ၊ သခွားမွှေး၊ ဘောဘလက်၊ အာဂျီ(ပန်းရောင်)တို့အနက် စားသုံးသူဈေးကွက်အကြိုက် အမျိုးအစားများကို ရွေးချယ်စိုက်ပျိုးရပြီး ဘလက်ကွင်းနှင့်ဘောဘလက်၊ စပျစ်မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့နယ် သာစည်ကျေးရွာမှ စီးပွားဖြစ်ဂန္ဓမာပန်း စိုက်ပျိုးခြင်းလုပ်ငန်းအား ကွင်းဆင်းလေ့လာ

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံဒေါ်ဌေးဌေးဝင်းသည် ၂၇.၅.၂၀၂၂ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အတွင်းရှိ သာစည်ကျေးရွာသည် စလင်း၊ မင်းဘူးကားလမ်းဘေး မုန်းချောင်းတံတား၏ အနောက်ဘက် မင်းဘူးမှစလင်းသို့ သွားရာလမ်းတွင် တည်ရှိပြီး ရွာသူ၊ ရွာသားများသည် မုန်းချောင်းရေဖြင့် သီးနှံမျိုးစုံစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုကြပြီး ဝင်ငွေများတိုးပွားလျှက်ရှိကြောင်း သိရှိရပြီး မုန်းချောင်းနံဘေး သာစည်ကျေးရွာအတွင်းရှိ တောင်သူဦးမြတ်ချစ်၏ ဒေသထွက်ဂန္ဓမာပန်းများစိုက်ပျိုးထားရှိမှု အခြေအနေအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

          ဂန္ဓမာပန်းများကို ဖေဖော်ဝါရီလမှ  စတင်စိုက်ပျိုး၍ ယခုမေလအတွင်းတွင် စတင်ပွင့်နေပြီး အနည်းငယ်ခူး၍ရနေပါကြောင်း၊ ပန်းပျိုးပင်များကို မေမြို့မှ တစ်ပင်လျှင်(၁၅)ကျပ်နှုန်းဖြင့် မှာယူ၍ အပင်ပေါင်း(၃၅၀၀၀)စိုက်ပျိုးထားရှိပါကြောင်း စတင်စိုက်ပျိုးရန်အတွက် အခင်းရှိ အမှိုက်များကို နွား(၂)ရှဉ်းဖြင့် (၁)ရှဉ်းလျှင် (၇၀၀ဝိ/-)ပေး၍ ရှင်းလင်းရပါကြောင်း၊ ထယ်ထိုးရန်အတွက် နွား(၂) ရှဉ်းဖြင့် အတန်းဆွဲရပြီး ထယ်မထိုးခင်နွားချေး(၅)စီး၊ (၁)စီးလျှင်(၇၀၀ဝိ/-)ဖြင့် (၃၅၀၀ဝိ/-)၊ မြေဩဇာ(၁)အိတ်လျှင် (၁၀၀၀ဝိ/-)ဖြင့် (၅)အိတ်(၅၀၀၀ဝိ/-)ကုန်ကျပါကြောင်း၊ ပန်းပျိုးပင်များ စိုက်ပြီးရေးသွင်းနိုင်ရန်အတွက် ဘောင်ဖော်ပေးရပါကြောင်း၊  ဘောင်ဖော်ခအနေဖြင့် အလုပ်သမားခ တစ်ရက်လျှင် (၅၀၀ဝိ/-)ဖြင့် (၂)ဦး (၄)ရက်လုပ်ရပါကြောင်း၊ ပျိုးပင်များကို (၆)ပေခြားစိုက်ပျိုးရန် အတွက် စိုက်ခတစ်ဦးလျှင် (၂၀၀ဝိ/-)ဖြင့် လူ(၃၀)ဦးခေါ်ယူစိုက်ပျိုးရကြောင်း၊ ရေသွင်းရန်အတွက် မုန်းချောင်းမှရေများအား စက်ဖြင့်စုတ်ယူရသဖြင့် စက်သုံးဆီဖိုး(၁၀၀၀ဝိ/-)ခန့်ကုန်ကျပါကြောင်း၊ တစ်ပါတ်တစ်ခါရေသွင်းရပြီး စက်သုံးဆီဖိုးနှင့်အတူ အပင်အားဆေး၊ ပိုးသတ်ဆေးများအတွက် (၁၅၀၀ဝိ/-)ကုန်ကျပါကြောင်း၊ ရေပေးသွင်းမှုကို (၁၅)ကြိမ်ခန့်ပြုလုပ်ရသည့်အတွက် (၂၂၅၀၀ဝိ/-) ခန့်ကုန်ကျပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် (၁၂)သိန်းခန့်ရှိပြီး ဂန္ဓမာပန်းများ ရောင်းရငွေမှာ သိန်း(၃၀)ခန့်ရရှိမည်ဖြစ်၍ (၅)လတာကာလအတွင်း အကျိုးအမြတ်အနေဖြင့် (၁၈)သိန်းခန့်ရရှိမည်ဖြစ် ကြောင်းသိရှိရပါသည်။

          ဂန္ဓမာပန်းများကို မိမိမြို့နယ်အပြင် စလင်း၊ မင်းဘူး၊ စကု၊ မကွေးမြို့များသို့ တင်ပို့ရောင်းချပါကြောင်း၊ ရှမ်းပြည်နယ်မှလာသော ဂန္ဓမာပန်းများရှိသော်လည်း ပွင့်ဖြူဒေသထွက်ပန်းများမှာ လတ်ဆတ်၍ ကြာရှည်အထားခံသည့်အတွက် ပြည်သူများမှ ပိုမိုကြိုက်နှစ်သက်မှုရှိကြောင်း လေ့လာ သိရှိရပါသည်။

DOCA(မကွေး)

 

စျေးကွက်အသီးသီးမှာ ရောင်းတန်းဝင်တဲ့ ထန်းပင်

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ထန်းသီးများ စတင်ပေါ်လာပြီဖြစ်ရာ ဈေးကောင်းရရှိလျက်ရှိကြောင်း ထန်းသီးတင်ပို့ရောင်းချနေသူများထံမှ သိရှိရပါသည်။ ထန်းသီးတစ်လုံး လျှင်(၈၀ကျပ်မှ၁၀၀ကျပ်အထိ) ထန်းသီးအလုံး အကြီး/အသေးမျှပြီးအခိုင်လိုက်ဈေးပေး၍ ရောင်းချရ ကြောင်း၊ တစ်နေ့လျှင် ထန်းသီးအခိုင် (၃၀၀)မှ အလုံးအရေအတွက်အားဖြင့် (၅၀၀၀) လုံးခန့် ရရှိပြီး ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ဈေးကွက်တွင် ထန်းသီးတစ်လုံးလျှင်(၁၅၀/)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ထန်းသီးကုန်စိမ်းဒိုင်မှ သိရှိရပြီး ထန်းသီး များကို အုတ်ဖိုမြို့နယ် ကြက်ဆူတောရွာ ၊ ငါးရှည့်ရိုးရွာ ၊ ကျပ်ချောင်းရွာများမှ အများဆုံးထွက်ရှိ ကြောင်းသိရှိရပါသည်။ ထန်းပင်သည် နှစ်ပေါင်း(၁၀၀)ခန့်အသက်ရှည်ပြီး မည်သည့် ကုန်ကျစရိတ်မျှ မလိုအပ်ပဲ သဘာဝရေအရင်းအမြစ် ထိန်းသိမ်းထားပေးသော သဘာဝရေစုပ်စက်ကြီးဖြစ်ပြီး ထန်းပင်မှ ထန်းရည်၊ ထန်းလျက်၊  ထန်းမြစ်၊ ထန်းရွက်သက်ကယ် နှင့် ပရိဘောဂများ (ကုလားထိုင်၊စားပွဲ) အစရှိသဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ရှိ ယောက်ျားကြီး ငါးငပိလုပ်ငန်း

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၈.၅.၂၀၂၂) ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ယောကျ်ားကြီး ငါးငပိလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ယောက်ျားကြီး ငါးငပိလုပ်ငန်းသည် (၁၉၇၄) ခုနှစ် ဘိုးဘွားမိဘများ လက်ထက်ကပင် စတင်လုပ်ကိုင်ခဲ့သော လုပ်ငန်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်ပြောင်း သွားခဲ့သော်လည်း ရှေးလူကြီးများ၏ နည်းလမ်းများအတိုင်း ငါးငပိကို သိပ်ကြောင်း သိရပါသည်။ ခေတ်မှီဆေးဝါးများကြောင့် အသီးအပွင့်များ ဖွံ့ဖွံ့ထွားထွားနှင့် မြိုင်မြိုင်ဆိုင်ဆိုင် လှပနေသော်လည်း ဘေးထွက်ဆိုးကျိုးအနေဖြင့် စားသုံးမိသူများအတွက် ကျန်းမာရေးထိခိုက်စေနိုင်သောကြောင့် ယောက်ျားကြီး ငါးငပိသည် ခေတ်မီ ဆေးဝါးများ မသုံးစွဲ၊  ယင်မနား ဆေးများမသုံး ၊ လောက်သေဆေး မသုံးစွဲသည့်အတွက် “ငပိနဲ့လောက် စိန်နဲ့ ကျောက်” ဆိုသည့် ဆိုရိုးစကားရှိသည့်အတိုင်း သိပ်ထားသော ငပိဖြစ်သဖြင့် ဂရုစိုက်၍ လုပ်‌ဆောင်နေသည့်ကြား၌ပင် တစ်ခါတစ်ရံတွင် ပိုးဉလေးများ ပါသွားတတ်ပါသည်။ ယင်မနားဆေးများ မသုံးထားပဲ ငါးပိအိုး သိပ်သည့်အခါ အပေါ်ယံဂုတ်ထိုးထားသည့်အပေါ်တွင် ပိုးဉလေးများ တွေ့ရှိရပါသော်လည်း ငပိအသားထဲ ပိုးကောင်ရောက်သွားခြင်းမရှိပါ။ ဆေးဝါးမသုံးထားသည့် သဘာဝပစ္စည်းဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာစားသုံးနိုင်ပါကြောင်း သိရှိရပါသည်။ စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး သွေးမတိုးအောင် ဆားလျော့ထည့်ပြီး ဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ငါးငပိပြုလုပ်ရာတွင် ငါးတစ်မျိုးတည်းကို သီးသန့်ထုတ်လုပ်ထားခြင်းမရှိ ၊ ငါးမျိုးစုံ ဆားဖြူငါး ၊ ငါးဇင်ရိုင်း၊ ငါးနှပ်၊ ငါးဖျင်းစလက်ကို ရန်ကုန်၊ မော်လမြိုင်၊ ဘိုကလေးဒေသများမှ ငါးပြား၊ ငါးဘူးအစုံငါးများ ဝယ်ယူပြီး ငါးမျိုးစပ် (၃) (၄) မျိုးရောနှောထုတ်လုပ်ရောင်းချကြောင်း၊ ငါးဇင်ရိုင်းသည် ငပိရည်လှအောင် ထည့်ရပီး ငါးနှပ်သည် ငပိရည်ကို ချိုမြိန်စေပါသည်။ ငါးဖျင်းစလက်ငါးများသည် ငပိရည်အနံကို မွှေးကြိုင်စေပါသည်။ ငါးရံ့ငပိကို သီးသန့်ထုတ်လုပ်ရောင်းချပြီး ငပိရည်အရောင်လှအောင် အငံပေါ့အောင် မွှေးနေအောင် စသည့် ငါးတစ်မျိုးခြင်းစီ၏ ဂုဏ်သတ္တိများ ပေါင်းစပ်ပြီး ထုတ်လုပ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ငပိရည်ကျိုလျှင် ကျဲမနေအောင် ဆန်ကျိုပြီး ရောစပ်ကာ စဉ့်အိုးကြီးများထဲ (၃)လမှ (၆)လအထိ အနည်းဆုံးသိပ်ထည့်ကာ ပြုလုပ်ပြီးမှ ရောင်းချရကြောင်း သိရှိရပါသည်။ ယောက်ျားကြီးငါးငပိ ထုတ်လုပ်ရာတွင် ဈေးကွက်သို့အရောက် လုပ်သားခ တစ်ဦးလျှင် (၅၀၀၀) ကျပ်ဖြင့် လုပ်သား(၆)ဦး ငှားရမ်းသုံးစွဲရပါသည်။တစ်နေ့လျှင် ငါးငပိ ပိဿာ(၁၀၀)ကျော်ခန့် ရောင်းချရကြောင်း သိရှိရသည်။

          ယောက်ျားကြီး ငါးငပိကို(၃ပိဿာ-၂ပိဿာ-၁ပိဿာ-၈၀ကျပ်သား-၅၀ကျပ်သား-၃၀ကျပ်သား-၂၅ကျပ်သား) စသည့် ငပိဗူးပုံစံ အမျိုးမျိူးဖြင့် ထည့်သွင်းရောင်းချကြောင်း သိရှိရပြီး  ယောက်ျားကြီးငါးပိ တစ်ပိဿာ ရောင်းဈေးနှုန်းမှာ (၂၅၀၀/)ကျပ် ရောင်းချရ၍ အမြတ်အစွန်းအနေဖြင့် ၁ပိဿာလျှင် (၃၀၀/)ကျပ် ရရှိကြောင်း သိရှိရပါသည်။ ယောက်ျားးကြီး ငါးငပိကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများစားသုံးစေချင်၍ ပြန်လည်ရောင်းချမည်ဆိုပါလျှင်လည်း ကိုယ်စားလှယ်များဖိတ်ခေါ်ပါကြောင်း၊ တစ်ဦးတည်း ကိုယ်စားလှယ် ပေးထားခြင်းမရှိဘဲ မည်သူမဆိုလက်ကားဈေးဖြင့် ဝယ်ယူရောင်းချနိုင်ကြောင်း၊ စားသုံးသူပြည်သူများကို အမြဲလေးစား စေတနာထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် မြန်မာ့ရိုးရာ အစားအစာ ငပိရည်ကို တန်ဖိုးထားပြီး စားသုံးစေချင်ကြောင်း ၊ယောက်ျားကြီး ငါးငပိသည် စားသုံးသူများကြိုက်နှစ်သက်ပြီး ဈေးကွက်အတွင်း နာမည်ရနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

          ယောက်ျားကြီးငါးငပိကို မြန်မာတစ်နိုင်ငံလုံးအပြင် နိုင်ငံရပ်ခြားသို့လည်း ပို့ဆောင်ပေးပြီးနတ်တလင်း မြို့ဈေးကွက်အနေဖြင့် ရန်ကုန်-ပြည်ကားလမ်းဘေးတွင် တစ်ဆင့် ရောင်းချသည့်ဆိုင်(၂)ဆိုင်နှင့် မိမိအိမ်ဆိုင်တွင်လည်း ရောင်းချလျှက်ရှိရာ ခရီးသွားပြည်သူများ ဝယ်ယူစားသုံးနိုင်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်အာလူးပုံမှန် အရောင်းအဝယ်ဖြစ်

           ပဲခူးတိုင်းဒေသကြီး၊ပြည်ဈေးကွက်သို့ ရှမ်းပြည်ဘက်မှ ရှမ်းအာလူးနှင့် မန္တလေးဘက်မှ တရုတ်အာလူးများ မေလတတိယပတ်အတွင်း အိတ် ၁၀၀-၁၅၀ ခန့်သာ အဝင်ရှိကြောင်း သိရှိရပါသည်။ အရောင်း အဝယ်အနေဖြင့် ပြည်ခရိုင်ရှိ မြို့နယ်များမှ ဝယ်ယူသူများ၊ ပြည်မြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် လက်လီဝယ်ယူသူများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ဈေးနှုန်းအနေဖြင့် ယခင်ရှမ်းအာလူးနှင့် တရုတ်အာလူးဈေးနှုန်း ကွာခြားမှုရှိသော်လည်း ယခုတစ်ပတ်တွင်  ဈေးနှုန်းကွာဟမှုမရှိသည်ကို တွေ့ရှိရပြီး အရည်အသွေးနှင့် ဆိုဒ်အကြီး အသေး ပေါ်မူတည်၍ ဈေးပြောင်းလဲခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်တွင် အာလူးလက်ကား (ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၂၀၀၀-၂၁၀၀၊ လက်လီဈေး ကျပ် ၂၂၀၀-၂၈၀၀ ဈေးရှိကြောင်း သိရှိရပြီး မေလပထမပတ် ဈေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာကို ကျပ် ၃၀၀-၄၀၀ ဈေးမြင့်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရောင်းအားကောင်းနေသောဒေသထွက်  အာလူးကြော်နှင့် အသားတုကြော်လုပ်ငန်းသို့ သွားရောက် ကွင်းဆင်းစစ်‌ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (25.5.2022) ရက်နေ့တွင် ကျောက်မဲမြို့၊ ရပ်ကွက်(7)၊ မြောက်ကုန်းရပ်ရှိ ရောင်းအားကောင်းနေသော "ရွက်နုဝေ” အမှတ်တံဆိပ် အာလူးကြော်နှင့် အသားတုကြော်လုပ်ငန်းသို့ သွားရောက်၍ စားသောက်ကုန်လုပ်ငန်းရှင်ဖြစ်သည့် မပိုးအိမ်စည်နှင့် တွေ့ဆုံပြီး ထုတ်လုပ်ရောင်းချ နေမှုများကို လေ့လာကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          “ရွက်နုဝေ” အမှတ်တံဆိပ်အာလူးကြော်၊ အသားတုကြော်များ ရောင်းအားကောင်းနေခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် လုပ်ငန်းရှင်က ထုတ်လုပ်သည့် အာလူး၊ အသားတုများကို ဓာတုဆိုးဆေးပစ္စည်းနှင့် ပွဆေးပစ္စည်းများ သုံးစွဲခြင်း မရှိဘဲ လက်ဆတ်သန့်ရှင်းကြွပ်ရွအောင် ဆီကိုသာအများဆုံး အသုံးပြုကြော်လှော်ခြင်း၊ ဆီကို တစ်ရက်လျှင် တစ်ရက်အကျန်မထားဘဲ ကွက်တိချိန်ဆ ကြော်လှော်ပြီး ဈေးနူန်းအမြတ်အများ ကြီးမစားဘဲ စားသုံးသူများ သင့်တင့်စွာ စားသုံးနိုင်သော ဈေးနူန်းများဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

          ၎င်းအာလူးကြော်နှင့် အသားတုကြော်များကို ကျောက်မဲမြို့အတွင်းတွင် သာမက သီပေါ၊ နောင်ချို၊ လောက်ကိုင်၊ နမ့်ဆန်မြို့များနှင့် အခြားသောကျေးရွာများသို့ ထုတ်လုပ်ဖြန့်ဖြူး တင်ပို့ရောင်းချနေကြောင်း  နှင့် မှာယူသည့်အပေါ်မူတည်၍ မြို့နယ်များအလိုက် ရောင်းအား တူညီမှုမရှိကြောင်း သိရှိရပါသည်။ ကျောက်မဲမြို့ပေါ်၌ ၎င်းအာလူးကြော်ကို ပိဿာအလိုက် မှာယူ၍ တစ်ရက်လျှင် (10)ပိဿာရောင်းချရပြီး (1)ပိဿာကို (800ဝိ/-)ကျပ်ရရှိကြောင်း၊ အခြားမြို့များကို အထုတ်ရေဖြင့် ရောင်းချလျက်ရှိပြီး သီပေါမြို့သို့ တစ်ရက်လျှင် အာလူးကြော်၊ အသားတုကြော် (150)ထုပ်အား နေ့စဉ် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ နောင်ချိုမြို့သို့ (5)ရက်တစ်ကြိမ် နှစ်မျိုးပေါင်း အထုပ်ရေ (400မှ500)ထိ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လောက်ကိုင်မြို့များနှင့် နမ့်ဆန်မြို့များသို့ မှာယူသည့်အချိန်ပေါ်မူတည်၍ အထုပ်ရေ (200 မှ 300)အထိ တင်ပို့ရောင်းချရပြီး အခြားကျေးရွာများတွင် (5)ရက် (1)ပတ် ဈေးနေ့တိုင်း အကြော် နှစ်မျိုး ထုပ်ရေ (900 မှ 1000)ထုပ်စီ တင်ပို့ရောင်းချရကြောင်းနှင့် ဈေးနူန်းမှာ လက်လီ/ လက်ကား ခွဲခြားမူမရှိဘဲ ပုံမှန် တစ်ထုပ်လျှင် (40ဝိ/-)ကျပ်နူန်းအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း