Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့  မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင် ရောင်းချနေသော ကန်စွန်းဥဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များ တွင် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ကန်စွန်းဥသည် သဲနုန်းမြေနှင့်မြေပွများတွင် ကောင်းစွာ ဖြစ်ထွန်းပါသည်။ ကန်စွန်းဥကို မီးဖုတ်၍သော် လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း၊ အုံးနို့သာကူ၊ ပူတင်းတို့တွင်ထည့်၍ လည်းကောင်း သရေစာအဖြစ် ပြုလုပ်စားသုံးကြပါသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၄၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၆၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ကြောင်း ကန်စွန်းဥ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

      ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း သော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီး များအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်နှင့် ကျောက်ဖရုံသီးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံ ဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီး တစ်လုံးလျှင် (၁၃၀၀-၁၅၀၀-၂၅၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ် အစားအကြီး၊ အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ကျောက်ဖရုံသီး  အကြီး တစ်လုံးလျှင် (၄၃၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၇၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၈၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအား ကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင်  ရောင်းချနေသော ဖရဲသီးဈေးနှုန်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သံလမ်းဈေး၊ နန္ဒာဝန်၊ သာစည် ကန်သာယာဈေးများတွင်   ဖရဲသီးများ ရောင်းချလျက်ရှိကြပါသည်။ အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန် တို့တွင် ထည့်၍ စားသုံးကြောင်း သိရပါသည်။ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာ ပါဝင်သောကြောင့် ရေအစား ထိုးအနေဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္တအပတ်အတွင်း မုံရွာမြို့ရှိ ဈေးများတွင်    ရေသစ်သီးဆိုင် များတွင်  ရောင်းချနေသော ဖရဲသီးဈေးနှုန်းများမှာ ဖရဲသီးအသေးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ဖရဲသီး အလုံးလတ်တစ်လုံးလျှင်(၂၀၀၀)ကျပ်နှင့် ဖရဲသီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်မှ (၅၀၀၀) ကျပ်တို့ဖြင့်  ရောင်းချလျက်ရှိပြီး  လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် သီးနှံ ဖြစ်သည့် အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

သာစည်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးနှင့် ပဲတောင့်ရှည် ဈေးနှုန်း

     မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ သာစည်ဈေးအတွင်းသို့ ရာသီစာ အသီးအရွက်များအပြင် ဗုံလုံးသီးနှင့် ပဲတောင့်ရှည်များလည်း လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီးများကို ပုစွန်ဖြင့်အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင်ကြပါသည်။ ပဲတောင့်ရှည်သည် လူတိုင်းကြိုက်ကြသည့် အသီးတစ်မျိူးလည်းဖြစ်ပြီး အကြော်၊ အတို့၊ အမြုပ်၊ သီးစုံပဲဟင်း စသည်တို့ဖြင့် အမျိုးမျိုး စားသုံးကြသည်။

          မုံရွာမြို့၊ သာစည်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္တပတ်တွင် ဖြစ်ပေါ်နေ သော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၉၀၀) ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေးတစ်တောင့်လျှင်(၈၀၀)ကျပ်ဖြစ်ပြီး ပဲတောင့်ရှည် စျေးနှုန်းမှာ တစ်ပိဿာလျှင် ၃၀၀၀- ၃၅၀၀ ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အညာ‌ဒေသ၏ထန်းလျက်

  ထန်းလျက်သည် ထန်းပင်များမှထုတ်လုပ်ရရှိသော သဘာဝအချိုတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံ တွင် ရှေးအစဉ်အလာကတည်းကထင်ရှားသော စားသောက်ကုန်တစ်မျိုးဖြစ်ကြောင်း၊ ထန်းပင်မှ ထန်းရည်ချိုကိုချက်ပြုတ်ခြင်းဖြင့် ထန်းလျက်ကိုရရှိ၍ ပုံစံအမျိုးမျိုး၊ အရည်အသွေးနှင့် အရောင် အမျိုးမျိုးထုတ်လုပ်ကြကြောင်းသိရှိရသည်။ ထန်းလျက်ပြုလုပ်ပုံမှ ထန်းပင်မှ ထန်းရည်များ ကို  စနစ်တကျစုဆောင်းထားရှိပြီး ထိုထန်းရည်များကို မိုးဗြဲဒယ်တွင်ထည့်၍ ဆူပွက်သည်အထိ ကျိုချက်ရကြောင်း၊ အချိုဓာတ်ကိုထိန်းညှိရန်လိုအပ်ပါက သစ်ရွက်ခြောက် (သို့) စပါးခွံများ ထည့်ချက်လေ့ရှိကြောင်း၊ ချက်ပြုတ်ပြီးသောအရည်သည် အေး၍မာလာပါက လက်ဖြင့်ကိုင်နိုင်ရုံ အနေအထားတွင် အလုံးကလေးများလုံးပေးရကြောင်း ၎င်းနောက်အခြောက်ခံကာ ထန်းလျက်ခဲ များရရှိလာကြောင်းသိရှိရသည်။ ထန်းလျက်သည် သဘာဝသကြားဓာတ် (ဂလူးကို့စ်) ကြွယ်ဝပြီး ဗီတာမင်ဘီဝမ်း၊ဘီတူးနှင့်ဘီဆစ် သတ္တုဓာတ်များပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် ကိုယ်ခံအား ပြည့်ဝစေကြောင်းသိရှိရသည်။  အသုံးပြုမှုအနေဖြင့် မြန်မာမုန့်အမျိုးမျိုး ထုတ်လုပ်ရာတွင် အသုံးပြု ကြောင်း၊ ဖျော်ရည်ပြုလုပ်ရာတွင် အသုံးပြုကြောင်း၊ မြန်မာ့ရိုးရာဓလေ့များတွင် ထန်းလျက် ကို လက်ဆောင်ပစ္စည်းပေးရာတွင် အသုံးပြုကြကြောင်း၊ ထန်းလျက်သည် မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါသော အစားအစာတစ်ခု အဖြစ်ရပ်တည်လျက်ရှိကြောင်း၊ ဆီးချိုးရောဂါသည် များအနေဖြင့် ထန်းလျက်ကိုအလွန်အကျွံစားသုံးပါက သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်သောကြောင့် သတိ ထားစားသုံးသင့်ပါကြောင်း ဈေးကွက်တွင်ဆိုးဆေးနှင့် ဓာတုပစ္စည်းများ ရောနှောထားသော ထန်းလျက်များရှိနိုင်သောကြောင့် သဘာဝထန်းလျက်များကိုရွေးချယ်စားသုံးသင့်ကြောင်း လေ့လာ သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် ထန်းလျက်တစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံ မြို့၏စားသုံးဆီဈေးနှုန်းအခြေအနေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံး သူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ စားကုန်ဈေးနှုန်းများကိုလည်း အပတ်စဉ် တင်ပြလျက်ရှိကြောင်း ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် မြင်းခြံမြို့စားသုံးဆီလက်လီလက်ကား အရောင်းဆိုင်များ၌ ရောင်းချနေသော စားအုန်းဆီလက်လီတစ်ပိဿာလျှင် (၇၇၉၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၇၅၄၀) ကျပ် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်‌နေ့စဉ် ရောင်းချလျက်ရှိ‌ကြောင်း၊  မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်‌ရောင်းချကြောင်း၊ ယခင်လဩဂုတ်လတတိယပတ်တွင်စားအုန်းဆီလက်လီတစ်ပိဿာလျှင် (၇၄၅၀) ကျပ်၊ လက်ကား တစ်ပိဿာ လျှင်(၇၂၅၅)ကျပ်သင့်တင့်မျှတသောဈေးနှုန်းများဖြင့်‌နေ့စဉ် ရောင်းချလျက်ရှိကြောင်း၊  မြေပဲဆီတစ်ပိဿာလျှင် (၁၇၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၈၅၀၀)ကျပ်ခန့် ပေါက်ဈေး များဖြင့်ရောင်းချကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် စားအုန်းဆီလက်လီ တစ်ပိဿာလျှင် (၃၄၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၂၈၅)ကျပ်ခန့် ဈေးနှုန်းမြင့်တက် ခဲ့ကြောင်းနှင့် မြေပဲဆီ၊နှမ်းဆီတစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့်ဈေးနှုန်းများကျ ဆင်းခဲ့ကြောင်း စားသုံးဆီလက်လီ၊ လက်ကား အရောင်းဆိုင်များမှသိရှိရသည်။

DOCA(မန္တလေး)

အညာ၏ ထောပတ်သီးစျေးကွက်

  မြင်းခြံမြို့ ၊ အေးမြသီတာစျေးအတွင်းတွင် ထောပတ်သီးများကို‌ သုံးလုံးလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ချိုသာစွာရောင်းချလျက်ရှိကြောင်း တွေ့မြင်ရသည်။ ယခင်ရက်များက အနည်းငယ်ပို၍ကြီး သော ထောပတ်သီးများကို တစ်လုံး လျှင် (၅၀၀)ကျပ်ဖြင့် ‌ရောင်းချခဲ့ကြောင်းသိရှိရသည်။ ဝယ်လိုအား ကျဆင်းခြင်း မရှိခဲ့သော်လည်း ပိုမိုအရောင်းသွက်စေလိုသော စေတနာကြောင့် အမြတ်နှုန်း နည်းနည်း ဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း ရောင်းချသူ ဒေသခံစျေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရ သည်။ ထောပတ်သီးများသည် ရှမ်းပြည်ဘက်မှထွက်ခြင်း ဖြစ်၍ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် အနည်းငယ်ရှိသောကြောင့် အလုံးအကြီးအသေးနှင့် စျေးနှုန်းကိုချိန်၍ ရောင်းချရကြောင်း စျေးသည် တစ်ဦးပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

အညာမှိုဟင်း (သို့) ကန္တာရနတ်ပန်း

   မိုးနှောင်းရာသီကာလများတွင် ရာသီစာဖြစ်သော အညာမှိုဟင်းလေး တစ်ခွက်ကို လူတိုင်းနီးပါး စားဖူးကြမည်ထင်ပါသည်။ အညာမှိုဟင်းဟုခေါ်သော်လည်း သူ၏အဖူးလေးသည် ကြာဖူးကလေးနှင့် တူသည်။ ထို့ကြောင့် အညာတွင်သူ့ကို ပဒုမ္မာဖူးဟုလည်းခေါ်သည်။ တဇောင်းဖူး၊ရွှေကြာဖူးဟူ၍လည်း ခေါ်ကြပြန်သည်။ သူသည် အိမ်၏အန္တရာယ်ကိုလည်း ကာကွယ်ပေးသည့် ဒေသပေါက်ပင်ဖြစ်သဖြင့် ခြံစည်းရိုးပင်ဟုလည်းခေါ်ကြပြန်သည်။

   ပင်စည်ထိပ်တွင်ပွင့်လန်းသည့် အထွတ်အထိပ်ပန်းဖြစ်သကဲ့သို့ ဓါးထက်ထက်ကဲ့သို့သော အစွမ်းကို ပိုင်ဆိုင်ထားပြန်သည်။ ထိုအစွမ်းဖြင့် ဆီးချိုရောဂါနှင့် နှလုံးရောဂါကိုလည်း ကာကွယ်‌ ပေးသည်သာမက သွေးတိုး‌ရောဂါကိုလည်းကာကွယ်‌‌ပေးနိုင်သည်။ အပွင့်ကိုပြုတ်ထားသည့် အရည်ကို သောက်သုံးပေးခြင်းဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းမှ ရောဂါပိုးများကို ဖယ်ရှားရှင်းလင်းနိုင်ပြီး ဆီးချိုသွေးချိုရောဂါကို ပျောက်ကင်းသက်သာစေနိုင်ကြောင်းသိရှိရသည်။

   မြင်းခြံမြို့၊ အေးမြသီတာစျေးရှိ စျေးဗန်းထဲတွင် ဖူးငုံစီရီနေသော ထိုကန္တာရနတ်ပန်းပင် လေးများ ၏ အဖူးအငုံလေးများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့မြင်ရသည်။ နေပူစပ်ခါး တွင် ဆူးစူးခံကာခူးယူကြရကြောင်း ရောင်းချသူ‌စျေးသည်တစ်ဦးကဆိုသည်။ (၂၅)ကျပ်သားလျှင်  (၁၀၀၀)ကျပ်စျေးဖြင့်‌ရောင်းချကြောင်း ခူးယူရောင်းချသူ အိုင်းမ‌ကျေးရွာမှဒေသခံစျေးသည် တစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

DOCA(မန္တလေး)

စျေးဗန်းထဲက ဖိုးဝရုပ်

   ဘူးသီးကလေး၊ ဝတုတ်တုတ်၊ ညီညီဖိုးဝရုပ် ဟူသော ကဗျာလေးကို ကြားဖူးကြမည် ဟု ထင်မိပါသည်။ ဘူးသီးသည် ရေဓာတ်ပါဝင်မှု ( ၉၂ ) ရာခိုင်နှုန်းခန့်ပါဝင်၍ လူ၏ခန္ဓာကိုယ်တွင် လိုအပ်သော ရေဓာတ်ကိုဖြည့်စွမ်းပေးနိုင်ပြီး ဗီတာမင်ဓာတ်နှင့်သတ္တုဓာတ် ကြွယ်ဝစွာပါရှိသောကြောင့် လူသားတို့အတွက် အကျိုးကျေးဇူးထူးသည့် ဖိုးဝရုပ်ကလေးများပင် ဖြစ်ပေသည်။

ဘူးသီးသည် ခန္ဓာကိုယ်အပူကို ငြိမ်းစေသည့်အပြင် စိတ်ဖိစီးမှုကို ပြေပျောက်စေ  နိုင်သောကြောင့် နှလုံးကျန်းမာ‌ရေးအတွက် အလွန်သင့်တော်ကောင်းမွန်သော ဟင်းချက်စရာ ဖြစ်သည်။ ကာလသားဟင်းချက်စားသည်ဖြစ်စေ၊ ခြစ်၍သုပ်စားသည်ဖြစ်စေ၊ အမှုန့်ကပ်ကာကြော် စားသည်ဖြစ်စေ အညာကျေးလက်ရနံ့တို့ ထုံသင်းမွှေးပျံ့နေသော အသီးတစ်လုံးဖြစ်ကြောင်း  တွေ့မြင် ရသည်။ ဘူးသီးပင်များသည် နွယ်ပင်များဖြစ်ရာ စင်ထိုး၍စင်တင် စိုက်ပျိုး ထားခြင်းဖြင့်  အိမ်၏တနိုင်တပိုင် ထမင်းအိုးအဖြစ် စိုပြေစေနိုင်ကြောင်း တွေ့မြင်ရသည်သာမ က ရောင်းချသူစျေးသည်များ၏ လက်တွေ့အခြေခံစီးပွားရေးအဖြစ်တွေ့မြင်နိုင်သည်။ စီးပွား ဖြစ်စိုက်ပျိုးကြသည်ကိုမူ မြင်းခြံဒေသတစ်ဝိုက်တွင် မတွေ့မြင်ရသည်မှာထူးခြားသည်။

   မြင်းခြံမြို့ အေးမြသီတာစျေးဝန်းအတွင်းတွင် အသီးအရွက်ရောင်းချသူအခြေခံစျေးသည် များသည် မလှူနိုင်စျေးရောင်း ဟူသော ဆိုရိုးနှင့်အညီ ဘူးသီးများကို အလုံးအကြီးအသေး အပေါ်လိုက်၍ တစ်လုံးလျှင်(၈၀၀) ကျပ်၊ (၁၀၀၀)ကျပ် စသောစျေးနှုန်းအသီးသီးဖြင့် ချိုသာစွာ‌ ရောင်း ချလျက်ရှိကြောင်း တွေ့မြင်ရပါသည်။ လာရောက်ရောင်းချသော ဘူးသီးများကို အိုင်းမနှင့် ကွမ်းစိုက်ကျေးရွာတို့မှထွက်သည့် အိမ်စိုက်စင်တင်၍ သီးသောဘူးသီးများဖြစ်ကြောင်း ရောင်းချသူစျေးသည်၏ ပြောကြားချက်အရ သိရှိရသည်။

    လူသားတို့အတွက် အကျိုးထူးပေးသော ဘူးသီးလေးများကို ဝယ်ယူအားပေးစားသုံးခြင်းဖြင့် ခန္ဓာကိုယ်၏လိုအပ်သော အာဟာရအချို့ကိုဖြည့်တင်းနိုင်ပြီး အခြေခံစျေးသည်များ၏ ဘဝကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းရာရောက်ပါကြောင်းရေးသားတင်ပြလိုက်ပါသည်။

DOCA(မန္တလေး)

အစွမ်းထက်သစ်သီးကလေးတစ်လုံး

   မြန်မာတို့သည် အစဉ်အလာကိုနှစ်သက်မြတ်နိုးကြသည့် ယဥ်ကျေးမှုမြင့်မားကြသည့် လူမျိုးစု များဖြစ်သည့် အားလျော်စွာ “ရိုးရာပယ်လျှင်မွဲတတ်သည်” ဟူသောဆိုရိုးနှင့်အညီ ရိုးရာအစဉ်အလာ အတိုင်း မည့်သည့်အခမ်းအနားတွင်မဆို ငှက်ပျောပွဲ၊ အုန်းပွဲများကို တင်လေ့ရှိကြသည်။ ငှက်ပျောပင်မှထွက်သော ငှက်ပျောသီးအဖီးအစုံနှင့် ကန်တော့ပွဲကိုမြင်ရသည်မှာ ကြည်နူးဖွယ် ယဉ်ကျေးမှုပြယုဂ် တစ်ခုပင်ဖြစ်သည်။ မသိ၍ဖြစ်စေ၊ သိ၍ဖြစ်စေ၊ ကံသုံးပါးဖြင့် ပြစ်မှားမိသမျှကို ဝန်ချတောင်းပန်ရန် ငှက်ပျောသီးကလေးများသည် ကာယကံရှင်၏ရှေ့ဆော်ပြေးစေတနာအဖြစ် နေရာ ယူနေကြသည်။ ထို့သို့သော နေရာတွင်သာမက အဆာပြေစားရန်၊ လှူဒါန်းရန်၊ ပေးကမ်းရန်၊ ဧည့်ခံရန် နေရာမျိုးစုံတွင် သူမပါလျှင်မပြီး အသွင်အမျိုးမျိုးဖြင့် နေရာယူတတ်သည့်  အလွန်တင့်တယ်သော အသီးကလေးများသည် ငှက်ပျောသီးကလေးများပင်ဖြစ်သည်။ ငှက်ပျောသီးသည် အာဟာရ ဓာတ်ပြည့်ဝကြောင်းကို လူတိုင်းသိရှိကြပြီး ဖြစ်ပါသည်။ အထူးသဖြင့် ငှက်ပျောသီးသည် ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝသည့်အတွက် အင်အားချိနဲ့သူများအတွက် အားကိုးရဆုံး သစ်သီးတစ်လုံးဆိုလျှင် မည်သူမျှ ငြင်းဆိုမည်မဟုတ်ချေ။ အစာအိမ်အနာကို ပျောက်ကင်းစေနိုင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေသည့်အပြင် ကျောက်ကပ်ကျန်းမာ‌ရေးကို အထောက်အကူပြုစေ၍ လေဖြတ်နိုင်ချေကို လျော့နည်းအောင်စွမ်းဆောင်ပေးနိုင်သည့် အစွမ်းထက်သော သစ်သီးတစ်လုံးပင်ဖြစ်သည်။ထိုသို့သော အာနိသင် ပြည့်ဝသောဖီးကြမ်းငှက်ပျောသီးများကိုမြင်းခြံမြို့၏ အေးမြသီတာစျေးတွင် ဆိုင်ခန်းများစွာ ဖြင့် ရောင်းချလျက်ရှိကြောင်းကို တွေ့မြင်ရသည်။

  မြင်းခြံမြို့တွင် ဝယ်ယူရရှိနိုင်သော ငှက်ပျောသီးအဖီးအခိုင်များသည် ‌ရွှေဘိုမြို့နှင့်ကျောက် ဆည် ဟန်မြင့်မိုရ်နယ်၊ ပခုက္ကူမြို့အနီးရှိကျေးရွာများမှ ငှက်ပျောစိုက်တောင်သူများမှ လာရောက် ရောင်းချခြင်းဖြစ်ကြောင်း ဒေသခံ ငှက်ပျောကုန်သည်တစ်ဦး၏ပြောကြားချက် သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း