ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ယခုနှစ်၏ ပထမ ၃လတာကာလတွင် သီဟိုဠ်စေ့ ၂သန်းကျော်တင်ပို့ခဲ့သည့် ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်၏ ပထမ ၉လတာကာလတွင် သီဟိုဠ်စေ့ ၂သန်းကျော်တင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၆၂.၅၃% မြင့်တက်ခဲ့ကြောင်း အထွေထွေ စိုက်ပျိုးရေးဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ ထိုသို့မြင့်တက်လာခြင်းသည် လတ်ဆတ်သော သီဟိုဠ်စေ့အတွက် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်မှ ဝယ်လိုအား အားကောင်းလာမှုကို ညွှန်ပြနေကြောင်းသိရပါသည်။ သို့သော် သီဟိုဠ်စေ့ခြောက်တင်ပို့မှုမှာ တန်ချိန်၈၆၀၀၀၀ဖြင့် ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၂.၅၄% ကျဆင်းခဲ့ကြောင်းသိရပါသည်။ လတ်တလောတွင် ကမ္ဘောဒီးယားတွင် သီဟိုဠ်စိုက်ခင်းဟတ်တာ ၇၀၀၀၀၀ နီးပါးရှိကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စိုက်ပျိုးသူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ EI Chhinh က တင်ပို့မှုမြင့်တက်လာခြင်းသည် ထုတ်လုပ်မှုအဆင့်အတန်းမြင့်မားလာခြင်းနှင့် ကမ္ဘောဒီးယားသိဟိုဠ်ဈေးကွက်သည် ပြည်တွင်းစားသုံးမှုထက် ပို့ကုန်အဓိကအသားပေးသောကြောင့် ပြည်တွင်းဝယ်လိုအားနည်းပါးမှု စသည့် အချက် ၂ချက်ကြောင့်ဖြစ်ကြောင်းသိရပါသည်။ ထို့ပြင် ဥက္ကဋ္ဌက ၎င်းတို့သည် တစ်နှစ်လျှင် သီဟိုဠ်စေ့တန်ချိန် ၁၀သန်းခန့်ထုတ်လုပ်ပြီး တန် ၂သန်းမှ ၃သန်းခန့်ကိုသာ ပြည်တွင်း၌အသုံးပြုကာ ကျန်သီဟိုဠ်စေ့များကို ပြည်ပသို့တင်ပို့ကြောင်း၊ သီဟိုဠ်စေ့မှ အခြားထုတ်ကုန်များပြုပြင်ထုတ်လုပ်၍ တင်ပို့ရန်အတွက် နိုင်ငံတွင် သီဟိုဠ်စေ့ပြုပြင်ထုတ်လုပ်သည့် စက်ရုံများပိုမိုတွေ့မြင်ရန်နှင့် သီဟိုဠ်စေ့တင်ပို့မှုများပိုမိုမပြုလုပ်ရန် အလိုရှိကြောင်းပြောကြားခဲ့ပါသည်။ Chhinh ၏အဆိုအရ ကမ္ဘောဒီးယားတွင် သီဟိုဠ်စေ့ပြုပြ်ထုတ်လုပ်သည့်စက်ရုံ ၁၂ခုရှိပြီး ၄ခုမှ ၅ခုခန့်သာလည်ပတ်လျက်ရှိကြောင်းသိရပါသည်။ ကမ္ဘောဒီးယားတော်ဝင်အစိုးရက ထုတ်ပြန်ထားသည့် နိုင်ငံတော်သီဟိုဠ်မူဝါဒ ၂၀၂၀-၂၀၂၅ သည် ကမ္ဘောဒီးယားအား သီဟိုဠ်ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့မှုအရှိန် မြှင့်တင်ရန်အတွက် အားထားနိုင်သော ထုတ်လုပ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းနှင့် ထောက်ပံ့သူဖြစ်လာရန် ရည်ရွယ်ကြောင်းသိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)

ဆွီဒင်နိုင်ငံ၌ သိမ်းဆည်းခံရသော အရည်အသွေးမမီသည့်ဆန်များတွင် ဗီယက်နမ်ဆန် ပါဝင်မှုမရှိ

    ဆွီဒင်နိုင်ငံတွင် အရည်အသွေး မပြည့်မီသဖြင့် အာဏာပိုင်များက သိမ်းဆည်းရမိထားသော ဆန်စာရင်းတွင် ဗီယက်နမ်ဆန်အမည်အား ဖော်ပြထားခြင်းမရှိကြောင်း ယင်းနိုင်ငံရှိ ဗီယက်နမ် ကုန်သွယ်မှုရုံး၏ ပြောကြားချက်အရ သိရသည်။

    ဗီယက်နမ်နိုင်ငံသည် ဆွီဒင်နိုင်ငံသို့ စံပယ်ဆန်မွှေးနှင့် ဂျပွန်နီကာဆန်တို့ကို အဓိက တင်ပို့နေပြီး ဆွီဒင်နိုင်ငံမှ လက်ရှိထိန်းသိမ်းထားသည့်ဆန်မှာ ဘာစမာတီဆန် အမျိုးအစားဖြစ်၍ အခြား ဈေးကွက်များမှ တင်သွင်းလာခြင်းဖြစ်သည်ဟု အဆိုပါရုံးမှ ရှင်းပြထားကြောင်း၊ ဆွီဒင်စားနပ်ရိက္ခာအေဂျင်စီ၊ ရဲတပ်ဖွဲ့၊ လုပ်ငန်းပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်အဖွဲ့၊ အကောက်ခွန် ဝန်ဆောင်မှုဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များသည် မူရင်းရှိသင့်သည်ထက် ပိုမိုကောင်းမွန်သည့် အရည်အသွေးအဆင့်အတန်း တံဆိပ်ကပ်နှိပ်ထားသော ဘာစမာတီဆန် တန်ချိန် ၆၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

   ဆွီဒင်နိုင်ငံအပြင် ပိုမိုကျယ်ပြန့်သော ဥရောပမြောက်ပိုင်း နော်ဒစ်ဒေသတစ်ဝန်း၌  ဆန် အပါအဝင် သွင်းကုန်များအတွက် တင်းကြပ်သော စည်းမျဥ်းများနှင့် စံနှုန်းများစွာကို ချမှတ်ထား သဖြင့် စျေးကွက်ဝေစုကို ဆက်လက် ထိန်းသိမ်းထားရန်အတွက် အဆိုပါစည်းမျဉ်းများကို စီးပွားရေးလုပ်ငန်းရှင်များက အထူးဂရုပြုကြရန် ကုန်သွယ်ရေးသံမှူး Nguyen Thi Hoang Thuy က ပြောကြားခဲ့သည်။

    ဆွီဒင်နိုင်ငံသို့ ဗီယက်နမ်၏ ဆန်တင်ပို့မှုတန်ဖိုးသည် လွန်ခဲ့သည့်သုံးနှစ်၌ အမေရိကန် ဒေါ်လာ သောင်းဂဏန်းမျှသာရှိရာမှ ယခုအခါ အမေရိကန်ဒေါ်လာ ၃ သန်းမှ ၄ သန်းအထိသို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ဤကိန်းဂဏန်းသည် သိသာထင်ရှားခြင်း မရှိသော်လည်း လုပ်ငန်းရှင် အသိုက်အဝန်း၏ စုပေါင်းကြိုးပမ်းမှုဖြင့် ဗီယက်နမ်ဆန်နှင့် အခြားကုန်ပစ္စည်းများသည် ဆွီဒင်နှင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားဈေးကွက်များစွာတွင် ၎င်းတို့၏ တည်ရှိမှုကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း Nguyen Thi Hoang Thuy က ပြောကြားခဲ့သည်။

Source: Vietnam Plus, 29 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

စပါးဧရိယာ ဟက်တာ ၃ သန်း အသစ်တိုးချဲ့ စိုက်ပျိုးနိုင်ရန် အင်ဒိုနီးရှား စီစဉ်

   အင်ဒိုနီးရှားအစိုးရသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် လူဦးရေ တိုးပွားလာမှုတို့ကြားတွင် နိုင်ငံ၏ စားနပ်ရိက္ခာ လုံလောက်မှု ခိုင်မာတောင့်တင်းစေရန် စပါးဧရိယာ ဟက်တာ ၃ သန်း အသစ်တိုးချဲ့ စိုက်ပျိုးရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း သိရပါသည်။

   အဆိုပါ အစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်း၏ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အမျိုးသားစိုက်ပျိုးရေးကဏ္ဍ တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် မဟာဗျူဟာမြောက် ခြေလှမ်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ အင်ဒိုနီးရှား၏ လူဦးရေသည် ၂၀၅၀ ပြည့်နှစ်တွင် သန်း ၃၃၀ သို့ တိုးပွားလာမည်ဟု ခန့်မှန်းထားမှုနှင့်အတူ အမျိုးသား စားနပ်ရိက္ခာ လိုအပ်ချက်သည် မြင့်တက်လာမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဒုတိယဝန်ကြီး Sudaryono က အောက်တိုဘာ ၂၅ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

    တစ်ချိန်တည်းမှာပင် ကျယ်ပြန့်သော မြေယာများအား စက်မှုဇုန်များနှင့် လူနေရပ်ကွက် များ အဖြစ်သို့ ပြောင်းလဲမှုများကြောင့် စိုက်ပျိုးမြေဧရိယာများ လျော့ကျလျက်ရှိသည်။ အဆိုပါ ကိစ္စရပ်များကြောင့် စပါးစိုက်ခင်းအသစ်များ ဖန်တီးခြင်းသည် နိုင်ငံ၏ အဓိက အစားအစာဖြစ်သည့် ဆန်စပါးထုတ်လုပ်ရေးနယ်ပယ်ကို ချဲ့ထွင်ရန်အတွက် အရေးပါသော ဖြေရှင်းချက်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များနှင့် ပြည်တွင်းလိုအပ်ချက်တို့၏ တွန်းအားအရ ၎င်းအစီအစဉ်အား ဦးစားပေးလုပ်ဆောင်ရန် သမ္မတ Prabowo Subianto  က ချမှတ်ထားကြောင်း Sudaryono က ရှင်းလင်းပြောဆိုခဲ့ပါသည်။

    ကမ္ဘာ့စားနပ်ရိက္ခာစနစ်သည် စီးပွားရေးမသေချာမရေရာမှုများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် နိုင်ငံတကာစားနပ်ရိက္ခာ ထောက်ပံ့ရေးကွင်းဆက်များကို နှောက်ယှက်သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြင်းထန်သော သက်ရောက်မှုများရှိနေကြောင်း၊ အင်ဒိုနီးရှားသည်  လူဦးရေ ထူထပ်သောနိုင်ငံဖြစ်၍ ၎င်း၏စိုက်ပျိုးရေးကဏ္ဍကို အားကောင်းစေခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံမှု ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ထား ပြောကြားခဲ့ပါသည်။

   အဆိုပါ စပါးစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် အရည်အသွေးမြင့် မျိုးစေ့များ၊ ခေတ်မီဆည်မြောင်းစနစ်များနှင့် စက်မှုလယ်ယာနည်းစနစ်များ အသုံးပြုခြင်းဖြင့် ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းမှ စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး ကျေးလက်ဒေသ စီးပွားရေး တိုးတက်မှုကို တွန်းအားပေးရန် အစိုးရက မျှော်လင့်ထားကြောင်း သိရပါသည်။

Source: Antara News, 25 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ယခုနှစ် ပထမ ၉လတွင် ကမ္ဘောဒီးယား၏ ဥရောပသမဂ္ဂသို့တင်ပို့မှု အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံရောက်ရှိ

ယခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယား၏ ဥရောပသမဂ္ဂ (EU) သို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၂၉ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၀% နီးပါးမြင့်တက်ခဲ့ကာ ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၇၄၃သန်းတန်ဖိုးရှိခဲ့ပြီး ၁.၆% ကျဆင်းခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ စပိန်နှင့် ဂျာမနီသည် EV တွင် ကမ္ဘောဒီးယား၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၈၂၂သန်းနှင့် အမေရိကန်ဒေါ်လာ ၇၈၄သန်း အသီးသီးရှိကြောင်းသိရပါသည်။ EU ရှိ အခြားကုန်သွယ်ဖက်နိုင်ငံများမှာ ပြင်သစ်၊ ဘယ်ဂျီယမ်နှင့် နယ်သာလန်တို့ဖြစ်ကြောင်းသိရပါသည်။ EU သို့ တင်ပို့မှုမြင့်တက်လာခြင်းသည် ကမ္ဘောဒီးယားထုတ်ကုန်များက ကြီးမားသောမှာယူမှုများအား ဖြည့်ဆည်းနိုင်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်းနှင့် ဥရောပ၏ ကြီးမားလာသောလိုအပ်ချက်ဖြည့်ဆည်းနိုင်ခြင်းကိုပြသနေသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးဖြစ်သူ Penn Sovicheat ကပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယား၏ EU သို့ အဓိကပို့ကုန်များမှာ အဝတ်အထည်၊ ဖိနပ်၊ စက်ဘီး၊ စားသောက်ကုန်များ၊ ဆန်နှင့် အခြားစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များဖြစ်ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံကုန်သည်များအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Lim Heng ကလည်း ကမ္ဘောဒီးယား ထုတ်ကုန်များ EU သို့ တင်ပို့မှုမြင့်တက်လာခြင်းသည် ဈေးကွက်တွင် ကမ္ဘောဒီးယားထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်တက်လာခြင်းနှင့် အရည်အသွေးစံနှုန်းပြည့်မီခြင်းကို ရောင်ပြန်ဟပ်ကြောင်းပြောကြားခဲ့ပါသည်။ ဩဂုတ်လတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သော Combodia-Europ Public-Private Sector Dialogue သည် ဥရောပရင်းနှီးမြှုပ်နှံမှုများအား ကာကွယ်ရန်နှင့် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်အတွက် ခိုင်မာသောလုပ်ထုံးလုပ်နည်းတည်ထောင်ရန်ဖြစ်ကြောင်းသိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)

ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှု ရည်မှန်းချက်လွဲချော်

ပြည်တွင်းရောင်းချမှုနှင့် တင်ပို့မှုထိုးကျခဲ့သောကြောင့် ၂၀၂၄ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းကားထုတ်လုပ်မှုသည် ရည်မှန်းချက်ဖြစ်သည့် အစီးရေ ၁.၇ သန်းရရှိရန်မဖြစ်နိုင်ခြင်းကြောင့် ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) အနေဖြင့် ယခုနှစ်တွင် ရည်မှန်းချက်ကို ဒုတိယအကြိမ်အဖြစ် ပြန်လည်စိစစ်သတ်မှတ်ရန် ယူဆရကြောင်းသိရပါသည်။ ထိုကျဆင်းမှုနှင့်ပတ်သက်၍ အောက်တိုဘာလကုန်ပိုင်းတွင် FTI ၏ မော်တော်ကားလုပ်ငန်းအသင်းမှ အဖွဲ့ဝင်များက ဆွေးနွေးကြမည်ဖြစ်ပြီး ရည်မှန်းချက်အသစ်ကို နိုဝင်ဘာလတွင်ကြေညာရန် မျှော်လင့်ရကြောင်း အသင်း၏ ဒုတိယဥက္ကဋ္ဌနှင့် ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Surapong Paisitpatanapong ကပြောကြားခဲ့ပါသည်။ ဇူလိုင်လတွင် အသင်းသည် ကားထုတ်လုပ်မှုရည်မှန်းချက်ကို ၁.၉ သန်းမှာ ၁.၇ သန်းထိလျှော့ချခဲ့ကြောင်းသိရပါသည်။ ထိုစဉ်က အသင်းသည် ပြည်တွင်းရောင်းချရန်အတွက် ကားထုတ်လုပ်မှုရည်မှန်းချက်ကို ၇၅၀၀၀၀ မှ ၅၅၀၀၀၀ ထိလျှေ့ချခဲ့သော်လည်း တင်ပို့ရန်အတွက် ကားထုတ်လုပ်ခြင်းကို မူလရည်မှန်းထားသည့် အစီးရေ ၁.၁၅ သန်းတွင် ဆက်လက်ထားရှိခဲ့ကြောင်းသိရပါသည်။ Mr. Surapong က ပြည်တွင်းရောင်းချရန် ထုတ်လုပ်မှုရည်မှန်းချက်ကို ဆက်လက်ဖြတ်တောက်သင့်ပြီး ယခုအချိန်တွင် တင်ပို့ရန်အတွက် ထုတ်လုပ်မှုရည်မှန်းချက်ကို ဖြတ်တောက်ရန်လိုအပ်ကြောင်းနှင့် တင်ပို့မှုလျှော့ချခြင်းသည် လုပ်ငန်းအား သက်ရောက်မှုစတင်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ယခုနှစ်၏ ပထမ ၉လတာကာလတွင် ထိုင်းနိုင်ငံ၏ ပြည်ပသို့ ကားတင်ပို့မှုသည် အစီးရေ ၇၆၈၈၈၇စီးဖြင့် ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၆.၄% ကျဆင်းခဲ့ပြီး ပြည်တွင်းကားရောင်းချရမှုမှာ အစီးရေ ၄၃၈၆၅၉စီးဖြင့် ၂၀၂၃ခုနှ၏စ် တူညီသည့်ကာလထက် ၂၅.၂% ကျဆင်းခဲ့ကြောင်းသိရပါသည်။ Mr. Surapong က စက်တင်ဘာလတွင် ကားတင်ပို့မှုသည် ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးနှေးကွေးမှုနှင့် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများကြောင့် ကျဆင်းခဲ့ကြောင်းနှင့် ပြည်တွင်းရောင်းချမှုနှေးကွေးရခြင်းမှာ အိမ်ထောင်စုကြွေးမီများမြင့်မားမှုကြောင့် ဘဏ်များ၏ ကားချေးငွေအတွက် တင်းြပ်သည့် စံသတ်မှတ်ချက်ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Source : Bangkok Post
DOCA(ရန်ကုန်)

စားအုန်းဆီကြမ်း၏ ဈေးနှုန်းခိုင်မာမှု ယခုနှစ်ကုန်၌ ပျောက်ကွယ်နိုင်ဟု BMI အဖွဲ့ ပြောကြား

‌   စားအုန်းဆီကြမ်း (Crude Palm Oil-CPO) စျေးနှုန်းများသည် လတ်တလောကာလတွင် အားကောင်းနေသော်လည်း၊ ၎င်းအခြေအနေသည် ၂၀၂၄ ခုနှစ်အကုန်တွင် ပျောက်ကွယ်သွားဖွယ်ရှိသည်ဟု Fitch Solutions ကုမ္ပဏီမှ နိုင်ငံတကာ စီးပွားရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Business Monitor International-BMI) က ပြောကြားခဲ့ကြောင်း The Edge Malaysia  သတင်း ဌာနက ၂၅-၁၀-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

    စားအုန်းဆီကြမ်း၏ စျေးနှုန်းများ ခိုင်မာမှု ပျောက်ကွယ်သွားဖွယ်ရှိကြောင်း ခန့်မှန်းသုံးသပ် ရသည့်အကြောင်းအရင်းများမှာ မလေးရှားနှင့် အင်ဒိုနီးရှားရှိ ဆီအုန်းစိုက်ပျိုးမှုအပေါ် လာနီညာ (La Nina) ရာသီဥတု၏ အလားအလာကောင်းများ သက်ရောက်မှုရှိလာနိုင်သည့်အပြင် ၂၀၂၄ ခုနှစ်၊ စတုတ္ထသုံးလပတ်တွင် ဝယ်လိုအားလျော့ပါးလာမှုဖြစ်ပေါ်နိုင်ခြင်း၊ ကမ္ဘာ့မြောက်ပိုင်း ဆောင်းရာသီ အခြေအနေနှင့် ပြည်တွင်း ဆီထွက်သီးနှံ စိုက်ပျိုးသူများအား ကူညီပေးသည့် လုပ်ဆောင်ချက်တစ်ခု အဖြစ် အိန္ဒိယနိုင်ငံက စားအုန်းဆီနှင့် အခြားစားသုံးဆီ တင်သွင်းမှုအပေါ် အခွန် ၂၀ % ခန့်တိုးမြှင့် ကောက်ခံမှုအခြေအနေတို့ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။

    ၂၀၂၄ ခုနှစ်အတွက် ပျမ်းမျှစားအုန်းဆီတစ်တန်လျှင် ရင်းဂစ် ၃၈၅၀ နှင့် ၂၀၂၅ ခုနှစ် အတွက် တစ်တန်လျှင် မလေးရှားရင်းဂစ် ၃၆၅၀ ရှိနိုင်မည်ဟု BMI က ခန့်မှန်းထားသည်။ ၎င်းနှုန်းထားများသည် သတင်းရေးသားချိန်၌ ၂ နှစ်တာ ကာလအတွင်း အမြင့်ဆုံးအဖြစ် တစ်တန် လျှင် မလေးရှားရင်းဂစ် ၄၆၀၀ အထက်သို့ မြင့်တက်ခဲ့ပြီးဖြစ်သော Bursa Malaysia ကြိုရောင်း ဈေးကွက်စာရင်းဝင် စားအုန်းဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ထားခြင်းဖြစ်သည်။

       ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ တစ်လတည်းတွင် အရှေ့အလယ်ပိုင်းဒေသ၌ ပထဝီနိုင်ငံရေး အန္တရာယ်များနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိခြင်းနှင့် အယ်နီညိုရာသီဥတုဆိုးကျိုး သက်ရောက်မှု ရှိခြင်းတို့က ပို့ကုန်လုပ်ငန်းကဏ္ဍအပေါ်  သက်ရောက်မှုဖြစ်ပေါ်လာပြီး စားအုန်းဆီဈေး ၁၄ ရာခိုင် နှုန်းမြင့်တက်လာကာ ရင်းဂစ်ငွေတန်ဖိုးကျဆင်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေးကွက် တို့အပေါ် ဆိုးကျိုးသက်ရောက်မှုများ မြင့်မားလာခဲ့ကြောင်း၊ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဈေးနှုန်းမြင့်တက်မှုဖြစ်ပေါ်လျက်ရှိသော်လည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဈေးနှုန်းမြင့်တက်မှု ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ကြောင်း BMI ကပြောကြားထားပါသည်။

   အင်ဒိုနီးရှားနိုင်ငံ၏ ဇီဝဒီဇယ်လိုအပ်ချက် ၄၀ ရာခိုင်နှုန်း (B40) လုပ်ပိုင်ခွင့်နှင့် ပထဝီနိုင်ငံရေး အခြေအနေတို့က ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေသည့် အကြောင်းရင်းများဖြစ်ပြီး ရှောင်လွှဲ မရနိုင်သည့်အန္တရာယ်များသာဖြစ်ကြောင်း၊ ထို့ပြင် ဇီဝဒီဇယ်လိုအပ်ချက် ၅၀ ရာခိုင်နှုန်း (B50) ဆောင်ရွက်မည့်အစီအစဉ်က ၂၀၂၅ ခုနှစ် အတွက် စားအုန်းဆီ ‌ဈေးနှုန်းအခြေအနေကို မျှော်မှန်းတွက်ချက်နိုင်ရန်အတွက် အဓိကဘေးထွက် အန္တရာယ်များထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း BMI သုတေသနဌာနက သုံးသပ်ဖော်ပြထားပါသည်။

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကုန်တွင် မလေးရှားနိုင်ငံရှိ စားအုန်းဆီကြမ်းသိုလှောင်မှုမှာ တန်ချိန် ၁.၀၆ သန်းရှိပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလ၌ တန်ချိန် ၁.၃၇ သန်းရှိခဲ့မှုနှင့် နှိုင်းယှဉ်ပါက လျော့နည်းလျက်ရှိကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့၏ အချက်အလက်များအရ သိရသည်။

     ကြိုတင်ခန့်မှန်းတွက်ချက်မှုအရ မြောက်ကမ္ဘာခြမ်းဆောင်းရာသီ ပုံမှန်အတိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေ၊ ရာသီအလိုက် နှေးကွေးမှုနှင့် အိန္ဒိယနိုင်ငံ၏ ရေနံစိမ်းနှင့် သန့်စင်ပြီးစားသုံးဆီများ တင်သွင်းမှုအပေါ် စည်းကြပ်ခွန်များ တိုးမြှင့်ကောက်ခံခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ်၊ စတုတ္ထ သုံးလပတ်အတွက် စားအုန်းဆီတင်သွင်းမှု ဝယ်လိုအားကို သက်သာလာဖွယ်ရှိပြီး စားအုန်းဆီ ဈေးနှုန်းဈေးကွက်တို့အပေါ် ထပ်မံသက်ရောက်မှုရှိလာနိုင်ကြောင်း The Edge Malaysia  သတင်းဌာန၏ ဖော်ပြချက်ကို တင်ပြအပ်ပါသည်။

Source: The Edge Malaysia, 25-10-2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

၂၀၁၈-၂၀၂၃ ကာလ အင်ဒိုနီးရှား၏ ငါးလုပ်ငန်းတင်ပို့မှု စံချိန်တင် ပိုငွေရ

အင်ဒိုနီးရှားနိုင်ငံရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက နိုင်ငံသည် ၂၀၁၈-၂၀၂၃ ကာလအတွင်း ငါးလုပ်ငန်းထုတ်ကုန်တင်ပို့မှုမှ ပိုငွေရခဲ့ကြောင်းနှင့် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၀.၆၅ ဘီလီယံမှ ၀.၇ ဘီလီယံသာရှိသောကြောင့် ယခုလိုပိုငွေရခဲ့ခြင်းဖြစ်ကြောင်း ၂၄-၁၀-၂၀၂၄ ရက်နေ့ကပြောကြားခဲ့ပါသည်။ ငါးလုပ်ငန်းထုတ်ကုန်နှင့်ပတ်သက်၍ သွင်းကုန်များမှာ နိုင်ငံတွင် မရရှိသော်လည်း ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များက လိုအပ်သော ငါးအရင်းမြစ်များဖြစ်ကြောင်းသိရပါသည်။ အင်ဒိုနီးရှား၏ ငါးလုပ်ငန်းထုတ်ကုန်များတင်ပို့မှုသည် ၂၀၁၈ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၈၆ ဘီလီယံရှိရာမှ ၂၀၂၃ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၆၃ ဘီလီယံရောက်ရှိခဲ့ပြီး အမြင့်မားဆုံးတင်ပို့မှုမှာ ၂၀၂၂ခုနှစ်က အမေရိကန်ဒေါ်လာ ၆.၂၄ ဘီလီယံ ဖြစ်ခဲ့ကြောင်းသိရပါသည်။ အကြီးမားဆုံးတင်ပို့သည့် ကုန်ပစ္စည်းများမှာ ပုစွန် (အမေရိကန်ဒေါ်လာ ၁.၇၃ ဘီလီယံ)၊ Tuna ၊ Mackeral tuna နှင့် Skipjack tuna (အမေရိကန်ဒေါ်လာ ၉၂၇.၁ သန်း) နှင့် ကင်းမွန်များနှင့် ရေဘဝဲ (အမေရိကန်ဒေါ်လာ ၇၆၂.၅ သန်း) တို့ဖြစ်ကြောင်းသိရပါသည်။ အဓိကသွင်းကုန်များမှာ Mackerel (အမေရိကန်ဒေါ်လာ ၁၃၆.၉ သန်း)၊ ဆယ်လ်မွန် (အမေရိကန် ဒေါ်လာ ၇၆.၄၉ သန်း)နှင့် ဂဏန်း (အမေရိကန်ဒေါ်လာ ၇၂.၀၈ သန်း) တို့ဖြစ်ကြောင်းသိရပါသည်။ ကမ္ဘာ့ငါးလုပ်ငန်းဈေးကွက်တန်ဖိုးသည် ၂၀၂၃ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၄.၅ ဘီလီယံထိရောက်ရှိခဲ့ပြီး ကမ္ဘာ့ထိပ်တန်းငါးလုပ်ငန်းဈေးကွက် ၅ခုမှာ ဥရောပသမဂ္ဂ၊ အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် အရှေ့တောင်အာရှတို့ဖြစ်ကြောင်းသိရပါသည်။ ဥရောပသမဂ္ဂ (EU) သည် ငါးလုပ်ငန်းကဏ္ဍတွင် အလွန်အလားအလာကောင်းသော ဈေးကွက်တစ်ခုဖြစ်ပြီး အင်ဒိုနီးရှားသည် EU တွင် အကောင်းဆုံးတင်ပို့ရာ ဈေးကွက်တည်ထောင်ရန် လုပ်ဆောင်သင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံရေကြောင်းနှင့် ငါးလုပ်ငန်းထုတ်ကုန်အရည်အသွေးထိန်းချုပ်ရေးနှင့် ကြီးကြပ်မှုအေဂျင်စီ၏ ခေါင်းဆောင် Ishartini ကပြောကြားခဲ့ပါသည်။
Source : Antara News
DOCA(ရန်ကုန်)

စားအုန်းဆီတင်ပို့မှု ထိုင်းအစိုးရ ပိတ်ပင်တားမြစ်

   ထိုင်းနိုင်ငံ၌ အရေးပေါ်အခြေအနေဆိုင်ရာ စားသုံးဆီအရန်သိုလှောင်ထားရှိမှုကို မြှင့်တင်နိုင်ရန်အတွက် ပြည်ပသို့ စားအုန်းဆီတင်ပို့မှုကို အစိုးရက တားမြစ်ပိတ်ပင်ခဲ့ပြီး လက်လီ အရောင်းဆိုင်များ အနေဖြင့်လည်း ဘူးသွင်းစားအုန်းဆီများ၏ ဈေးနှုန်းကို ထိန်းသိမ်းရာတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။

    ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က ရောင်းလို အား တဖြည်းဖြည်းလျော့ကျလာမှုအရ ပြည်တွင်း၌ လတ်ဆတ်ဆီအုန်းသီးခိုင်များ၏ ဈေးနှုန်းမှာ မြင့်တက်လာကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနသည် ကုန်လက်ကျန်လုံလောက်မှု ရှိစေရေးအတွက် ချက်ချင်းလက်ငင်း အကျိုးသက်ရောက်စေမှုနှင့်အတူ ပြည်ပသို့ စားအုန်းဆီတင်ပို့မှု တားမြစ်ပိတ်ပင်ခြင်းကို ဆောင်ရွက်ခဲ့ရကြောင်းဖြင့် ပြောကြားခဲ့သည်။

    အဆိုပါဌာန အနေဖြင့် ဘူးသွင်းစားအုန်းဆီအတွက် အမြင့်ဆုံးဈေးနှုန်း သတ်မှတ်ခြင်း သို့မဟုတ် ဇီဝဒီဇယ်ဆီ၌ စားအုန်းဆီရောစပ် သုံးစွဲမှုအား လျှော့ချခြင်းကိုလည်း လုပ်ဆောင်ဖွယ်ရှိ သည်။ ထိုင်းလက်လီလက်ကားကုန်သွယ်မှုအသင်း၏ အစီရင်ခံစာအရ မကြာသေးမီ ကာလအတွင်း ဘူးသွင်းစားအုန်းဆီ၏ ဈေးနှုန်းသည် ၁ လီတာအပေါ်တွင် ၁၀ ဘတ်ခန့် ပိုမိုခဲ့ပြီး ၁ လီတာ ဈေးနှုန်းသည် ဘတ် ၅၀ အထက်သို့ရောက်ရှိလာကြောင်း သိရသည်။ ရာသီဥတုခြောက်သွေ့မှု၏ ရလဒ်အဖြစ် လတ်ဆတ်ဆီအုန်းသီးခိုင်၏ ဈေးနှုန်းများမှာ ၁ ကီလိုဂရမ်လျှင် ၈ ဘတ်မှ ၉ ဘတ်အတွင်း မြင့်တက်လာခြင်းက ယခုကဲ့သို့ စားအုန်းဆီဈေးနှုန်းများကို မြင့်တက်စေခဲ့ခြင်းဖြစ်သည်။

   ဘူးသွင်းစားအုန်းဆီ၏ဈေးနှုန်း အလွန်မြင့်မားလာပါက ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းရန် စဉ်းစားမည်ဖြစ်ပြီး လတ်တလောကာလ၌ ထိုသို့ လုပ်ဆောင်ရန် လိုအပ်ခြင်း မရှိသေးကြောင်း သိရသည်။ ဘူးသွင်းစားအုန်းဆီ ၁ လီတာလျှင် ဘတ် ၅၀ နှုန်း ထက် ပိုမိုခြင်းမရှိအောင် ထိန်းသိမ်းထားနိုင်ရေးအတွက် ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်သည့် စက်ရုံများ၊ လက်ကားရောင်းချသူများနှင့် လက်လီအရောင်းဆိုင်များမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် ဝန်ကြီးဌာနက ကြိုးပမ်းလျက်ရှိသည်။

     ရာသီဥတု ခြောက်သွေ့မှုကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းခဲ့ရာ စားအုန်းဆီ ထုတ်လုပ်မှုကို စောင့်ကြည့်ကြပ်မတ်လျက်ရှိခဲ့ကြောင်း ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Goranij Nonejuie က ပြောကြားထားသည်။ ဈေးကွက်ဝယ်လိုအားကို လုံလောက်စွာဖြည့်ဆည်း ပေးနိုင်ရန်နှင့် စားအုန်းဆီလက်ကျန်သိုလှောင်မှု သင့်တင့်သည့်ပမာဏ၌ ရှိနေစေရန်အတွက် အဆိုပါဌာနမှ အရာရှိများသည် အောက်တိုဘာ နောက်ဆုံးသီတင်းပတ်အတွင်း ဆီကြိတ်ခွဲထုတ် လုပ်သူများ၊ ပြုပြင်သန့်စင်သူများနှင့် တွေ့ဆုံပြီး လတ်ဆတ်ဆီအုန်းသီး ဈေးနှုန်းများနှင့် စားအုန်း ဆီသိုလှောင်မှု စီမံခန့်ခွဲခြင်းတို့ကို စောင့်ကြည့်ကြပ်မတ်မှု လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

     နိုင်ငံ၏ လက်ရှိ စားအုန်းဆီသိုလှောင်မှု လက်ကျန်ပမာဏမှာ တန်ချိန် ၂၀၀၀၀၀ ခန့်ရှိပြီး ဆီအုန်းရာသီအသစ် စတင်မည့် ဇန်နဝါရီလအထိ လုံလောက်မှုရှိမည်ဟု ပြည်တွင်းကုန်သွယ်မှု ဦးစီးဌာနက ပြောဆိုထားသည်။ စားအုန်းဆီ ကြိတ်ခွဲထုတ်လုပ်သူများ၊ ပြုပြင်သန့်စင်သူများအနေဖြင့် ပြည်တွင်းထုတ်လုပ်မှု ပုံမှန်အဆင့်သို့ ပြန်လည်ရောက်ရှိမည့် ဇန်နဝါရီလအထိ ပြည်ပ တင်ပို့ခြင်းမှ ရှောင်ကြဉ်ရာတွင် ပူးပေါင်းလုပ်ဆောင်ရန် အဆိုပါဌာနက မျှော်လင့်ထားသည်။ ထို့အပြင် စားသုံးသူများအတွက် ကုန်ကျစရိတ်များ လျှော့ချရေး စည်းရုံးဆောင်ရွက်ရန် အစိုးရက စီစဉ်နေချိန်၌ ဘူးသွင်းစားအုန်းဆီ ဈေးနှုန်းကို ထိန်းသိမ်းထားရှိရန် လက်လီနှင့် လက်ကားရောင်းချသူများ၊ ထုတ်လုပ်သူများသို့ မေတ္တာရပ်ခံခဲ့ရာ ၎င်းတို့က သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

    လက်ရှိကာလတွင် ဘူးသွင်းစားအုန်းဆီကို ၁ လီတာလျှင် ၄၃ ဘတ်မှ ၄၈ ဘတ်အကြား ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြကြောင်း၊ လက်ကားနှင့် လက်လီ အရောင်းဆိုင်များသည် ဈေးနှုန်းကို ကာလကြာရှည်စွာ ထိန်းသိမ်းထားရန် ဆန္ဒရှိကြသော်လည်း ကုန်ထုတ်လုပ်မှုစရိတ်များမှာ မြင့်တက်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် သက်ရောက်မှုရှိသော ကုန်ကျစရိတ်များ၏ အသေးစိတ်အချက်အလက်များကို ထည့်သွင်းစဉ်းစားနိုင်ရေးဦးစီးဌာနသို့ ပေးပို့လျက် ဈေးနှုန်းကို အတိုးအလျှော့ချိန်ညှိနိုင်ကြောင်း၊ စားသုံးသူများအနေဖြင့်လည်း အလွန်အမင်း ဈေးနှုန်းမြှင့်တင်ရောင်းချမှု သို့မဟုတ် သင့်တင့်မျှတခြင်း မရှိသော ရောင်းဝယ်မှုအလေ့အထများနှင့် ပတ်သက်၍ ဦးစီးဌာန၏ တိုင်ကြားမှုလက်ခံရေး တယ်လီဖုန်းအမှတ် ၁၅၆၉ သို့ဖြစ်စေ၊ ပြည်နယ် စားသုံးသူရေးရာရုံးများသို့ဖြစ်စေ သတင်းပို့တိုင်ကြားနိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ် Mr Goranij က ပြော ဆိုခဲ့သည်။

     ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ စားအုန်းဆီကြမ်း တန်ချိန် ၈၅၀၀၀၀ ကို တင်ပို့ထားပြီးဖြစ်ကြောင်း၊ အဓိကအားဖြင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး ၎င်း၏နောက်တွင် တရုတ်ဈေးကွက်သို့ တင်ပို့ခြင်းဖြစ်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

Source: Bangkok Post, 30 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

အမေရိကန်သို့ နှမ်းစေ့တင်ပို့မှုအခြေအနေများကို အိန္ဒိယအစိုးရမှ အသိပေး

အမေရိကန်သို့ နှမ်းစေ့တင်ပို့မှု မူဝါဒအခြေအနေများကို ၂၃-၁၀-၂၀၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် အစိုးရမှ အသိပေးခဲ့သည်။ နည်းဥပဒေအသစ်သည် ယခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်သည်။ နိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန (DGFT)မှ အိန္ဒိယဆီထွက်ကုန်နှင့် ထုတ်ကုန်ပို့ကုန်မြှင့်တင်ရေးကောင်စီအား ပို့ကုန်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရန် အခွင့်အာဏာအဖြစ် သတ်မှတ်ထားကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။ သီးခြားသတိပေးချက်တစ်ခုတွင် DGFT သည် ပို့ကုန်ထုတ်ကုန်များဆိုင်ရာအခွန်အများ (RoDTEP) ပြန်လည်အပ်နှံခြင်းဆိုင်ရာ အနှစ်ချုပ်တာဝန်များနှင့် အခွန်များတင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကိုအသိပေးခဲ့သည်။ ARR (နှစ်စဉ် RoDTEP ပြန်လည်ပေးအပ်ခြင်း) ကို အစီရင်ခံခြင်းမပြုပါက အစီအစဉ်အရ အကျိုးခံစားခွင့်များကို ငြင်းပယ်ခြင်းဆီသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
Source : economicTimes
DOCA(ရန်ကုန်)

ဗီယက်နမ်တွင် အွန်လိုင်းဈေးဝယ်ရောင်းချမှုသည် ၂၀၂၄ခုနှစ်၏ သုံးလပတ်အတွင်း ၃.၃ ဘီလီယံအထိရောက်ရှိ

ဗီယက်နမ်လူမျိုးများသည် ၂၀၂၄ခုနှစ် တတိယသုံးလပတ်တွင် အွန်းလိုင်းဈေးဝယ်၌ VND ၈၄.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံ) သုံးစွဲခဲ့ပြီး ၁၈.၂% မြင့်တက်ခဲ့ကြောင်း e-commerce ဈေးကွက်သုတေသနပလပ်ဖောင်း Metric ဖော်ပြချက်အရသိရသည်။ Shopee ၊ Tiktok Shop ၊ Lazada ၊ Tiki နှင့် Sendo အပါအဝင် ဗီယက်နမ်ရှိ အဓိက Online ဈေးဝယ်ပလက်ဖောင်းငါးခုတွင် အလှကုန်ပစ္စည်း အမျိုးသားဖိနပ်၊ ကုန်မျိုးစုံနှင့် ဖက်ရှင်ပစ္စည်းများသည် အရောင်းရဆုံး အမျိုးအစားများထဲတွင်ပါဝင်သည်။ VND ၂၀၀၀၀၀ (၈ဒေါ်လာ) အောက်ဈေးဖြင့် ရောင်းချသောပစ္စည်းများသည် အွန်လိုင်းဈေးဝယ်ခြင်းမှရရှိသော ဝင်ငွေ၏ထက်ဝက်ကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၉% တိုးလာခြင်းဖြစ်သည်။ VND ၁၀၀၀၀၀ (၄ဒေါ်လာ) အောက်ရှိ ပစ္စည်းများသည်လည်း တစ်နှစ်ထက်တစ်နှစ် ၅% တိုးလာခဲ့သည်။ Tiktok Shop နှင့် Shopee တို့သည် ယခုနှစ် ဒုတိယလပတ်နှင့် ယမန်နှစ်သုံးလပတ်ကာလတို့နှင့်နှိုင်းယှဉ်ပါက ယခုနှစ်သုံးလပတ်တွင် ဝင်ငွေသိသိသာသာတိုးလာခဲ့သည်။ ဇူလိုင်လမှ စက်တင်ဘာလအထိ နောက်ထပ်ထင်ရှားသောလမ်းကြောင်းမှာ တရားဝင် စတိုးဆိုင်များမှ အွန်လိုင်းဝယ်ယူမှုများ ခုန်တက်လာခြင်းဖြစ်သည်။ အဆိုပါ စတိုးဆိုင်များသည် အွန်လိုင်းဆိုင်များအားလုံး၏ ၅% သာဖွဲ့စည်းထားသော်လည်း ၎င်းတို့သည် သုံးလပတ်အတွင်း အွန်လိုင်းဈေးဝယ်လည်ပတ်မှုစုစုပေါင်း သုံးပုံတစ်ပုံနီးပါးရှိပြီး တစ်နှစ်နှင့် တစ်နှစ် တိုးတက်မှုနှုန်း ၅၃.၁၁% ရှိသည်။ အလှကုန်ပစ္စည်းရောင်းချမှုသည် အွန်လိုင်းဝင်ငွေနှင့် အရောင်းပမာဏတွင် အကြီးမားဆုံးဖြစ်ပြီး VND ၁၅.၅ ထရီလီယံ (ဒေါ်လာ ၆၀၇.၈ သန်း) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၆.၆% တိုးလာပြီး စုစုပေါင်းဝင်ငွေ၏ ၁၈% ဖြစ်သည်။ အမျိုးသားဖိနပ်များသည်လည်း ဒုတိယသုံးလပတ်ကထက် ၇၃.၉% အထိတိုးတက်ခဲ့သည်။ ကုန်ခြောက်ပစ္စည်းများသည် အွန်လိုင်းရောင်းချမှုတွင် တတိယမြောက်ဝင်ငွေအများဆုံးရရှိသူဖြစ်လာခဲ့ပြီး ၅၁.၉% တိုးလာခဲ့သည်။ Nestle အမှတ်တံဆိပ် ပိုးသတ်ထားသောနို့နှင့် ချွန်ထွက်သောသွားများပါသည့် ယုန်နှင့်တူသော ဇာတ်ကောင် Labubu တို့သည် တတိယသုံးလပတ်တွင် ခေတ်စားခဲ့ပြီး ၎င်းတို့၏ရောင်းအားမှာလည်း သိသိသာသာမြင့်တက်ခဲ့သည်။ အွန်လိုင်းမှ နို့ရောင်းရငွေသည် ဇူလိုင်လမှစပြီး တတိယသုံးလပတ်ကုန်အထိ VND ၆.၁၄ ဘီလီယံ (၂၄၁၃၆၀ ဒေါ်လာ) သို့ရောက်ရှိခဲ့ပြီး အခုရေ ၁၂၃၅၀၀ ရောင်းချခဲ့ရပြီး ဒုတိယသုံးလပတ်ထက် ဝင်ငွေ ၆၈၇% တိုးလာခဲ့သည်။ ဟောင်ကောင်အနုပညာရှင် Kasing Lung မှ ဒီဇိုင်းထုတ်ထားသည့် Labubu အရုပ်သည် ဝင်ငွေ VND ၆.၉ ဘီလီယံ (၂၇၁၀၀၀ဒေါ်လာ) ရရှိခဲ့ပြီး ၇၄၁% တိုးတက်ခဲ့သည်။ ဗီယက်နမ်မှ ဈေးဝယ်ယူသူများသည် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အွန်လိုင်းဈေးဝယ်မှုတွင် ဒေါ်လာ ၉.၅ ဘီလီယံသုံးစွဲခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၇.၇% မြင့်တက်လာခဲ့သည်။
Source : tuotrenews
DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ