ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး၊ကုန်သွယ်ရေးနှင့်သက်ဆိုင်သည့်သတင်းများ
ဂျပန်နိုင်ငံ
၁။ ဂျပန်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ဆန်ရောင်းအား သိသိသာသာ ကျဆင်းခဲ့ခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပြန့်ပွားနေမှုကြောင့် စီးပွားဖြစ်ရောင်းချမှုအတွက် ဝယ်လိုအားနှင့် အိမ်တွင်းစားသုံးမှုအတွက် ဝယ်လိုအားများ ကျဆင်းခဲ့၍ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ လနှင့်နိုဝင်ဘာလများအတွင်း အိမ်ထောင်စုများ၏ အသုံးစရိတ်သည် နှစ် ၂၀ အတွင်း အနိမ့်ဆုံး အဆင့်သို့ကျဆင်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလဆန်းပိုင်း၌ နိုင်ငံအတွင်း အရေးပေါ်ကြေငြာ ချက် ထပ်မံထုတ်ပြန်ခြင်းသည် စီးပွားရေးပတ်ဝန်းကျင်ကို မရေမရာသေချာမှုများ ပိုမို ဖြစ်ပေါ်စေ နိုင်ကြောင်း၊ ပြည်တွင်းဆန်ရောင်းလိုအားနှင့် ဝယ်လိုအားကို ဟန်ချက်ညီမျှစေရန်အတွက် ထုတ် လုပ်မှုသည် ဝယ်လိုအားအရ ထုတ်လုပ်ရုံသာမက စားသုံးမှုကိုပါ နှိုးဆွပေးသော အစီအမံများ ဆောင်ရွက်ခြင်းမှာအရေးပါကြောင်း စီးပွားရေးသုတေသီများက သုံးသပ်ခဲ့ကြကြောင်းသိရှိရပါသည်။
၂။ ဂျပန်နိုင်ငံ၊ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အိမ်ထောင်စု စစ်တမ်းအရ လူ နှစ်ဦးထက်ပိုသော အိမ်ထောင်စုများ၏ ၂၀၂၀ ပြည့်နှစ်အတွင်းက ဆန်စားသုံးမှုသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလနှင့်နှိုင်းယှဉ်ပါက ၁၀.၈% ကျဆင်းခဲ့ပြီး နိုဝင်ဘာလတွင်လည်း ၄.၇% ဆက်လက် ကျဆင်းခဲ့ကြောင်း၊ လွန်ခဲ့သော နှစ် ၂၀ အတွင်း၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါကလည်း အမြင့် ဆုံးကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်တွင်းဆန်ဈေးနှုန်းသည် ၆ နှစ်တာ ကာလ အတွင်းကျဆင်းခဲ့သော်လည်း ပြည်တွင်းစားသုံးမှု မြင့်တက်လာစေရန် နှိုးဆွပေးနိုင်ခြင်းမရှိသည် ကိုတွေ့ရှိရပြီး ဆန်စားသုံးမှု၏ အဓိကပြိုင်ဘက်အစားအစာဖြစ်သည့် ခေါက်ဆွဲထုတ်လုပ်မှုပမာဏ သည် ၂၀၁၉ ခုနှစ်ထက် တိုးတက်လာကြောင်း၊ ၎င်းအချက်သည် ယခင်ကဆန်ကို အဓိကထား စား သုံးသူများ၏ စားသုံးမှုပမာဏကို လျော့နည်းလာစေသော အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် သစ်တောဝန်ကြီးဌာမှ ပြုစုထားသည့်စာရင်းများအရ ဆန် လက်ကားရောင်းချသူများ၏ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ၏ ရောင်းအားသည် ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၈ လ ဆက်တိုက်ကျဆင်းခဲ့ပြီး ၃.၅% ခန့် ကျဆင်းသွားခဲ့ကြောင်း၊ထိုသို့ ပြည်တွင်းစားသုံးမှုများ ကျဆင်းနေသဖြင့် ဆန်စိုက်ပျိုးထုတ်လုပ်မှုဧရိယာများ၌ ရောင်းချမှုမှာလည်း ထိုင်းမှိုင်းနေကြောင်း၊ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလကုန်အထိ ဆန် စိုက်ပျိုးထုတ်လုပ်သည့် ဧရိယာ များမှရရှိသည့် စာရင်းများအရ တစ်နိုင်ငံလုံးရောင်းအားသည် တန်ချိန် ၃၈၅,၀၀၀ ရှိပြီး ယခင်နှစ်က ထက် ၁၃ % လျော့နည်းခဲ့ကြောင်း၊ စီးပွားဖြစ်ရောင်းချမှုအတွက် ဝယ်လိုအား နှေးကွေးမှုကြောင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများလည်း နှောင့်နှေးနေခြင်းအပြင် အိမ်တွင်းစားသုံးမှု ကျဆင်း လာသည့်အတွက် ဆန်ရောင်းချမှုအပိုင်းတွင် သက်ရောက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ ရေလုပ်ငန်း နှင့်သစ်တောဝန်ကြီးဌာနမှပြောကြားခဲ့ကြောင်း၊ Hokuriku ဒေသရှိ စိုက်ပျိုးရေးအရာရှိများမှ ပြည် တွင်း၌ စံထားသည့် စားသုံးကုန်အမှတ်တံဆိပ်များပင် အရောင်းအဝယ် ကျဆင်းနေကြောင်းနှင့် ကိုရိုနာကူးစက်ရောဂါ၏သက်ရောက်မှုကြောင့် အရသာမြည်းစမ်းနိုင်သော အရောင်းမြှင့်တင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန် ခက်ခဲနေကြောင်း၊ ပြည်တွင်း၌ ဆန်စားသုံးမှုသည် ဆက် လက်ကျဆင်းနေမည်ဆိုပါက အနာဂတ်၏ ဆန်ရောင်းလိုအားနှင့် ဝယ်လိုအားတို့တွင် များစွာ ထိခိုက်လာနိုင်သည့်အတွက် ရောင်းလိုအားနှင့် ဝယ်လိုအားတို့ ဟန်ချက်ညီမျှစေရန် ၂၀၂၁ ခုနှစ် အတွင်း စိုက်ပျိုးထုတ်လုပ်မှုတွင် သီးနှံအမျိုးအစား ပြောင်းလဲစိုက်ပျိုးခြင်းကို တိုးချဲ့ဆောင်ရွက်ရန် စိုက်ပျိုးရေးအရာရှိများကသုံးသပ်ခဲ့ကြကြောင်း၊ Tohoku ဒေသမှ စိုက်ပျိုးရေးအရာရှိတစ်ဦးမှလည်း သင့်လျော်သည့် ဆန်ပမာဏကို ထုတ်လုပ်ရုံသာမက ဆန်စားသုံးမှုကိုလည်း မြှင့်တင်ရန် လိုအပ် သည်ကို ထောက်ပြပြောကြားခဲ့ကြောင်းသိရှိရပါ သည်။
၃။ Berxit အလွန်ကာလတွင် ဂျပန်နှင့် ဗြိတိန်နှစ်နိုင်ငံအကြား ကုန်သွယ်မှုသဘောတူညီချက် သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အစပြုကာ အသက်ဝင်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ သဘောတူညီချက်တွင် လက်ရှိ ဂျပန်နှင့် ဥရောပသမဂ္ဂအကြား ဆောင်ရွက်နေသည့် ကုန်သွယ်ရေး သဘောတူညီချက်ပါ အကောက်ခွန်နှုန်းများအတိုင်း ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ဂျပန်-ဥရောပသမဂ္ဂ ကုန်သွယ်မှုသဘောတူညီချက်အရ အကောက်ခွန်ကိုတာလျှော့ချထားသည့် ကုန်စည် ၂၅ မျိုးနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံမှဂျပန်သို့ တင်သွင်းမှုများအပေါ် သီးခြား တိုးမြှင့်ကောက်ခံသွား မည်မဟုတ်ကြောင်း၊ သို့သော် အဆိုပါကုန်စည် ၂၅ မျိုးအနက် ၁၀ မျိုး (blue cheese နှင့် wheat- related food preparations တို့ကဲ့သို့ soft cheese ကုန်စည်များ)ကို ဥရောပသမဂ္ဂမှ သတ်မှတ် ထားသည့်မည်သည့်အကောက်ခွန်ကိုတာနှုန်းထားအနိမ့်ဆုံးနှင့်မဆိုကျင့်သုံးဆောင်ရွက်နိုင်ကြောင်း၊ ဂျပန်နိုင်ငံမှတင်သွင်းသည့် စိုက်ပျိုးရေးထွက်ကုန်များအတွက် ဗြိတိန်သည် အမဲသားနှင့် လက်ဖက် ခြောက်ကဲ့သို့ အဓိကကုန်စည်များအပေါ် ဂျပန်-ဉရောပသမဂ္ဂ ကုန်သွယ်မှုသဘောတူညီချက်အရ အကောက်ခွန်နှုန်းများ ပယ်ဖျက်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါ သည်။
(ဂျပန်နိုင်ငံ၊တိုကျိုမြို့ စီးပွားရေးသံမှူးက ပေးပို့သည့်သတင်းဖြစ်ပါသည်။)
ဘယ်လ်ဂျီယံနိုင်ငံ
၄။ မကြာမီကာလတွင် ဘယ်ဂျီယံနိုင်ငံရှိ လက်လီအရောင်းဆိုင်များအနေဖြင့် ငွေသားဖြင့် ပေးချေမှုနည်းလမ်းအပြင် ဝယ်ယူသူက ဘဏ်ကဒ်ဖြင့် ငွေပေးချေမှုနည်းလမ်းကို ရွေးချယ်လိုပါက ပေးချေနိုင်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား ခဲ့ချိန်မှစတင်၍ အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေပေးချေမှုသည် များစွာတိုးတက်လာခဲ့သော် လည်း လက်လီရောင်းချသူအများအပြားသည် ငွေသားဖြင့် ပေးချေမှုကို ပိုမိုနှစ်သက်နေကြဆဲဖြစ် ကြောင်း ၊ လက်လီရောင်းချသူအချို့က ကုန်ကျစရိတ် အလွန်များပြားသည်ဟုဆိုကာ ဘဏ်ကဒ်ဖြင့် ပေးချေမှုအပေါ် လက်မခံလိုကြောင်း၊ သို့သော် လက်လီအရောင်းဆိုင်များ၌ အီလက်ထရောနစ် နည်းလမ်းဖြင့် ငွေပေးချေမှုကို မဖြစ်မနေထားရှိသွားရမည့်ဥပဒေ ပြဌာန်းနိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ဘယ်လ်ဂျီယံနိုင်ငံ၌ ကပ်ရောဂါစတင်ဖြစ်ပွားခဲ့ချိန်တွင် ထိတွေ့မှုများ ကန့်သတ်နိုင်ရေး အတွက် အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေပေးချေခြင်းကို အားပေးဆောင်ရွက်ခဲ့ပြီး ဘဏ်ကဒ် ဖြင့်ငွေပေးချေမှုကို လက်ခံဆောင်ရွက်နိုင်သည့် ကိရိယာများကို တပ်ဆင်ထားခြင်းမရှိသည့် လက်လီ ဆိုင်များက အဆိုပါကိရိယာများကို တပ်ဆင်ခဲ့ကြသော်လည်း အများစုက ငွေ လွှဲပြောင်းခကြောင့် ၎င်းတို့၏ အမြတ်အစွန်းလျော့ကျမှုမရှိစေရေးအတွက် ငွေသားဖြင့် ပေးချေမှုကိုသာ လက်ခံလိုကြ ကြောင်း၊ သို့ရာတွင် လက်လီအရောင်ဆိုင်များအနေဖြင့် အီလက်ထရောနစ် နည်းလမ်းဖြင့် ငွေလွှဲ ပြောင်းမှုများကို (Transactions) ပိုမိုလုပ်ဆောင်ပါက လွှဲပြောင်းခလျော့နည်း၍ ကျသင့်စေရေး အတွက် အီလက်ထရောနစ်နည်းဖြင့် ပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုပေးသူများနှင့် ညှိနှိုင်းဆောင်ရွက် နိုင်ကြောင်း၊Electronic Payment နှင့်ပတ်သက်၍ လက်လီရောင်းချသူများအကြား အမြင်သဘော ထား အမျိုးမျိုးရှိနေပြီး လက်လီအရောင်းဆိုင်များအနေဖြင့် ဝယ်ယူသူက Electronic Payment ကို ရွေးချယ်လိုပါကလက်ခံနိုင်ရေးဆောင်ရွက်သွားရန်အတွက် ဖက်ဒရယ်ဥပဒေတစ်ရပ်ကိုဆောင်ရွက် နေခြင်းဖြစ်ကြောင်းသိရှိရပါသည်။
(ဘယ်လဂျီယမ်နိုင်ငံ၊ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးမှ ပေးပို့ပါသည်။)
အိန္ဒိယနိုင်ငံ
၅။ အိန္ဒိယနိုင်ငံအစိုးရသည် လာမည့် ဧပြီလမှစတင်မည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် စမတ်ဖုန်းများနှင့် အီလက်ထရွန်းနစ်ထုတ်ကုန်များအပါအဝင် အချို့သော သွင်းကုန်ပစ္စည်း အမျိုး ပေါင်း ၅၀ ကျော်အပေါ် အခွန်ကောက်ခံမှုအား ၅ % ၁၀% အထိ တိုးမြှင့်ဖွယ်ရှိသည်ဟု အမည် မဖော်ပြလိုသော အစိုးရဌာနဆိုင်ရာ အရာရှိ ၃ ဦးမှ ရိုက်တာသတင်းဌာနသို့ ၁၈ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း၊ထိုသို့သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံရန်စီစဉ်မှုသည် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်လျှက် ကိုယ်ပိုင်စွမ်းအားဖြင့် နိုင်ငံဖွံ့ဖြိုးစေရန်ဟူသောရည်မှန်းချက်အား အကောင်အထည် ဖော်ဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း၊ သွင်းကုန်အပေါ် အခွန်နှုန်းထားတိုးမြှင့်မှုမှ ဘဏ္ဍာငွေ ရူပီး ၂၀၀ မှ ၂၁၀ ဘီလီယံ အထိ ထပ်ဆောင်းရရှိပြီး COVID-19 ကပ်ရောဂါ အကျပ် အတည်းကြောင့် စီးပွားရေးကျဆင်းနေမှုကို ကျားကန်ပေးနိုင်ရန် အိန္ဒိယအစိုးရက မျှော်မှန်းထား ကြောင်း၊ ယခုစီစဉ်နေမှုသည် အိန္ဒိယနိုင်ငံသို့ ပရိဘောဂပစ္စည်းများ တင်သွင်းသည့် Ikea နှင့် လာမည့်နှစ်၌ လျှပ်စစ်မော်တော်ယာဉ်များ တင်သွင်းမည့် Tesla ကဲ့သို့သော ကုမ္ပဏီများအပေါ်သို့ လည်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းကို ထုတ်ပြန်ခြင်းမပြုမီ ယခု အဆိုပြုချက်များမှာ ပြောင်းလဲမှုရှိနိုင်ကြောင်း၊ သို့ရာတွင် သွင်းကုန်ခွန် တိုးမြှင့်ခြင်းသည် ဒေသခံ လုပ်ငန်းရှင်များအား အထောက်အကူဖြစ်စေသကဲ့သို့ အိန္ဒိယအား ကုန်ထုတ်လုပ်ငန်းများ၏ ခရီး ပန်းတိုင်အဖြစ် မြှင့်တင်ရာတွင်လည်း အရေးပါသည့် ကိစ္စရပ်ဖြစ်ကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြထားကြောင်း၊ယခင်နှစ်၌ အိန္ဒိယအစိုးရက ရသုံးမှန်းခြေငွေစာရင်း ထုတ်ပြန် ရာတွင်ပရိဘောဂပစ္စည်းများ၊ခြေနင်းအသုံးအဆောင်များ၊ ကလေးကစားစရာများနှင့် လျှပ်စစ်ပစ္စည်း များအပါအဝင် ကုန်စည်အချို့အပေါ် သွင်းကုန်အခွန်အား ၂၀% ထိတိုးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။
၆။ အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ စိုက်ပျိုးရေးနှစ်၊ ဆောင်းသီးနှံရာသီတွင် ၂၁-၁-၂၀၂၁ နေ့အထိ နိုင်ငံတစ်ဝန်း၌ သီးနှံဧရိယာဟက်တာပေါင်း ၆၇၅ သိန်း (ဧက ၁၆၆၈ သိန်းခန့်) စိုက်ပျိုးပြီးစီးရာ ယခင်နှစ်ကာလတူထက် ဟက်တာ ၁၈.၇၆ သိန်း ပိုမို၍ တိုးတက်မှု ၂.၈၆% ရရှိပြီး လွတ်လပ်ရေး ရရှိခဲ့သည့်နောက်ပိုင်း ဆောင်းသီးနှံစိုက်ဧရိယာ အများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ၊ အိန္ဒိယစိုက်ပျိုးရေးဦးစီးဌာနရှိ ကောက်ပဲသီးနှံနှင့် ရာသီဥတုစောင့်ကြည့်လေ့လာရေးအဖွဲ့ (Crop Weather Watch Group) က ထုတ်ပြန်သည့်စာရင်းများအရ ဆောင်းသီးနှံရာသီတွင် ၂၁-၁-၂၀၂၁ နေ့အထိ နိုင်ငံတစ်ဝန်းလုံး၌ ဂျုံစိုက်ဧရိယာ ဟက်တာ ၃၄၅.၁၄ သိန်းခန့် စိုက်ပျိုးထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူထက် ဟက်တာ ၁၀.၄၆ သိန်းကျော် ပိုမိုပြီး ၃.၁၃% တိုးတက်ခဲ့ကြောင်း၊ ဆောင်း စပါးစိုက်ပျိုးမှုမှာ ဟက်တာ ၂၉.၉၄ သိန်းရှိပြီး ပုံမှန်စိုက်ပျိုးဧရိယာကို ပြည့်မီခြင်းမရှိသေးသော် လည်း ယခင်နှစ်ကထက် ဟက်တာ ၃.၉၆ သိန်း ပိုမိုလျက် တိုးတက်မှု ၁၅.၂၄% ရရှိထားကြောင်း၊ ပဲ မျိုးစုံမှာ ယခင်နှစ်ကာလတူထက် ဟက်တာ ၄.၂၁ သိန်း ပိုမိုလျက် ဧရိယာ ဟက်တာ ၁၆၅.၃၄ သိန်း အထိ စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ အလားတူ ဆီထွက်သီးနှံများကိုလည်း ဟက်တာ ၄.၂၄ သိန်း ပိုမိုလျက် စုစုပေါင်း ဟက်တာ ၈၃.၆ သိန်း ကျော်စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ သို့ရာတွင် အခြား နှံစားသီးနှံများမှာ ဟက်တာ ၅၀.၉၇ သိန်း စိုက်ပျိုးပြီးစီးရာ ယခင်နှစ်ကာလတူအောက် ဟက်တာ ၄.၁၁ သိန်းခန့် လျော့နည်းနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
၇။ ၂၀၂၀-၂၁ ခုနှစ် ဆောင်းသီးနှံ ပဲမျိုးစုံ၌ အဓိကပါဝင်သည့် ကုလားပဲအား ဧရိယာဟက်တာ ၁၁၀.၉၈ သိန်း စိုက်ပျိုးထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူထက် ၄.၄၆ သိန်း ပိုမိုကြောင်း ၊ ပဲရာဇာ ခေါ် ပဲနီလေး စိုက်ပျိုးပြီးစီးမှုဧရိယာမှာလည်း ဟက်တာ ၁၆.၅၃ သိန်း ဖြစ်ရာ ယခင်နှစ်အလားတူ ကာလစိုက်ပျိုးနိုင်မှုထက် ဟက်တာ ၀.၄၃ သိန်း ကျော်လွန်ခဲ့ပြီး ဆောင်းမတ်ပဲ စိုက်ဧရိယာမှာ လည်း ယခင်နှစ်ကာလတူထက် ဟက်တာ ၀.၅၈ သိန်း ပိုမိုလျက် ဟက်တာ ၇.၉ သိန်း စိုက်ပျိုး ထားပြီးဖြစ်ကြောင်း၊ သို့သော် ပဲပိစပ် (Kulthi)၊ စားတော်ပဲစိမ်း၊ ပဲတီစိမ်းနှင့် ပဲချဉ်ပေါင် (Lathyrus) တို့အား ဟက်တာ ၂၃.၅ သိန်း စိုက်ပျိုးပြီးစီးရာ ယခင်နှစ်ကာလတူအောက် ဟက်တာ ၁.၉၄ သိန်း လျော့နည်းနေဆဲဖြစ်ကြောင်း၊ အခြားသော ဆောင်းရာသီပဲများအား ယခင်နှစ်ကာလတူထက် ဟက်တာ ၀.၆၇ သိန်း ပိုမို၍ စုစုပေါင်း ဟက်တာ ၆.၄၂ သိန်း စိုက်ပျိုးထားကြောင်းသိရှိရပါသည်။
၈။ အိန္ဒိယအစိုးရသည် ဆောင်းသီးနှံ စိုက်ပျိုးရာသီမတိုင်မီ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ကပင် ဂျုံ၊ ဘာလီဂျုံ၊ ကုလားပဲ၊ ပဲနီလေး၊ ဆီမုံညင်း၊ ဆူးပန်းစေ့ စသည့်သီးနှံ ၆ မျိုးအတွက် အထောက်အပံ့ပြုမည့် အခြေခံ ရည်ညွှန်းဈေးနှုန်း (Minimum Support Price – MSP) များအား မြှင့်တင်ပေးခဲ့ကြောင်း၊ MSP အစီအစဉ်အား ဆက်လက်ထားရှိမည်ဖြစ်ကြောင်း အစိုးရ၏ ကတိပြု ပြောဆိုမှုက ယခုဆောင်းသီးနှံရာသီ၌ စပါးနှင့် ဂျုံသီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးရန် တောင်သူများသို့ တွန်းအားဖြစ်စေခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၉ ရက်နေ့ စိုက်ပျိုးရာသီ စာရင်းမပိတ်သိမ်းမီကာလ အတွင်း အထူးသဖြင့် စပါးစိုက်ဧရိယာမှာ ဆက်လက်တိုးတက်လာဖွယ်ရှိကြောင်း၊ ဇန်နဝါရီလ အတွင်း မိုးရွာသွန်းမှုမှာ ပုံမှန်ထက် ၇၆% ခန့်ပိုမိုခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အဓိက ဆည်တာတမံ ၁၂၈ ခုတွင် ၁၀ နှစ်တာ ပျမ်းမျှပမာဏထက် ၂၂% ပိုမို၍ ရေသိုလှောင်ထားရှိနိုင်သဖြင့် စိုက်ပျိုးရေ အတွက် စိုးရိမ်ရန်မရှိကြောင်း၊ နိုင်ငံ၏ မြောက်ပိုင်းဒေသများ၌ အပူချိန်လျော့နည်းမှုနှင့်အတူ နံနက်ပိုင်း၌ နှင်းကျခြင်းက ဂျုံနှင့် ဆီမုံညင်းစိုက်ခင်းများအတွက် အထောက်အပံ့ဖြစ်စေပြီး ရက် သတ္တပတ် အနည်းငယ်ကြာအထိ ရာသီဥတုကောင်းမွန်ပါက သီးနှံအထွက်တိုးတက်ရရှိမည်ဟု မျှော်မှန်းထားကြောင်း စသည်ဖြင့် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားမှုအား Economic Times သတင်းဌာနက ဖော်ပြထားသည်ကိုသိရှိရပါသည်။
( အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့ စီးပွားရေးသံမှူးမှ ပေးပို့ပါသည်။)
(၁၅.၁.၂၀၂၁ မှ ၂၀.၁.၂၀၂၁ရက်နေ့ထိ ကမ္ဘာနိုင်ငံများ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်သက်ဆိုင်သော သတင်းများ ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့်သတင်းများ
ဂျပန်နိုင်ငံ
၁။ ဂျပန်နိုင်ငံသည် ၂၀၂၅ ခုနှစ် တွင် ပို့ကုန်တန်ဖိုး ယမ်း (၂) ထရီလီယံ (ဟောင်ကောင်ဒေါ်လာ ၁၄၉ ဘီလီယံ) တင်ပို့နိုင်ရန် ရေးဆွဲထားသောစီမံကိန်းတွင် ကမ္ဘာ့ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသော Wagyu အမျိုးအစားအမဲသား၊ စိုက်ပျိုးရေးသားငါးနှင့် သစ်တောထွက်ပစ္စည်းများလည်း ပါဝင်ကြောင်း၊ သစ်သီးဝလံတွင် ပန်းသီး၊ ရေထွက်ကုန်ပစ္စည်း ပင်လယ်စာများတွင် Yellowtall ငါးအမျိုးအစားနှင့် Scallops (ခုံးကောင်) တို့ တင်ပို့ရန်ပါဝင်ကြောင်း၊ ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ အဓိကလိုအပ်သည့် အမျိုးအစားများကို ရွေးချယ်တင်ပို့သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Mr. Yosihide Suga ကလည်း တင်ပို့မည့်နိုင်ငံ၏ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ပြည့်မီနိုင်ရန် သက်ဆိုင်ရာကုန် ပစ္စည်းထုတ်လုပ်မည့်နေရာကို ဖွံ့ဖြိုးတိုးတက်ရန်လည်း လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ အမဲသား တင်ပို့မှုအား ၂၀၁၉ ခုနှစ်တွင် ယမ်း( ၂၉.၇) ဘီလီယံမှ ၂၀၂၅ ခုနှစ် တွင် ယမ်း(၁၆၀)ဘီလီယံ အထိတိုးမြှင့်တင်ပို့နိုင်ရန်စီစဉ်ထားရာ ဟောင်ကောင်၊ ထိုင်ဝမ်၊ အမေရိကန် နှင့် ဉရောပအဖွဲ့ဝင်နိုင်ငံများသို့ အဓိကထားတင်ပို့ရန် မျှော်မှန်းထားကြောင်း၊ Wagyu အမျိုးအစား အမဲသားကို ပိုမို လူသိများလာအောင် ဆောင်ရွက်သွားမည်ဟုဖော်ပြထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၈) ရက်ထုတ် South China Morning Post သတင်းစာ၌ Associated Press က “HK, mainland and US targeted in farm export plan” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားရာ Yellowtall ငါးအမျိုးအစား တင်ပို့မှုကို ၂၀၁၉ ခုနှစ်တွင် ယမ်း (၂၂.၉) ဘီလီယမ် တင်ပို့ခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ယမ်း (၅၄.၂) ဘီလီယံအထိ တင်ပို့သွားရန်စီစဉ်ထားရာ အမေရိကန်၊ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ဒေသ တို့သို့ အများအပြားတင်ပို့သွားမည်ဖြစ်ကြောင်း၊ လက်ဖက်တင်ပို့မှုတွင် ယမ်း (၁၄.၆)ဘီလီယံမှ (၃၁.၂)ဘီလီယံ အထိ လည်းကောင်း၊ ပန်းသီး တင်ပို့မှုတွင် ယမ်း (၁၄.၅)ဘီလီယံမှ (၁၇.၇)ဘီလီယံ အထိလည်းကောင်း၊ အဖျော်ယမကာ Sake တင်ပို့မှုအား ယမ်း (၂၃.၄)ဘီလီယံမှ (၆၀)ဘီလီယံအထိ လည်းကောင်း အသီးသီးတိုးမြှင့် တင်ပို့နိုင်ရန် အစီအစဉ်ရေးဆွဲထားကြောင်းနှင့် ဂျပန်နိုင်ငံ၌ အသက်အရွယ်ကြီးသူများပြားလာရာ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအတွက် ပြည်တွင်းဝယ်လိုအား လျော့နည်းလာသောကြောင့် ပြည်ပသို့တင်ပို့နိုင်ရန် စိုက်ပျိုးရေးကဏ္ဍဖြင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်-ဂျပန်နိုင်ငံ၊ တိုကျိုမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
တရုတ်နိုင်ငံ
၂။ ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် (၂)% နှေးကွေးသွား မည်ဟု ခန့်မှန်းထားသော်လည်း ၂၀၂၁ ခုနှစ်တွင်မူ ပုဂ္ဂလိကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများ၊ သုံးစွဲမှုများ ပြန်လည်မြင့်တက်လာနိုင်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း (၇.၉)% တိုးတက်နိုင်ဖွယ်ရှိသည် ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ အဆိုပါအစီရင်ခံစာအရ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်ကာလအတွင်း သိသာစွာ ကျဆင်းခဲ့သော်လည်း အစိုးရအနေဖြင့် ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ရေးဗျူဟာအား ထိရောက်စွာ ချမှတ်ကျင့်သုံးခဲ့ခြင်း၊ မူဝါဒများ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခဲ့ခြင်း၊ တင်ပို့မှု ပိုမိုခိုင်မာအားကောင်းလာခဲ့ခြင်း တို့ကြောင့် နိုင်ငံ၏စီးပွားရေးသည် မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာတိုးတက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
၃။ အဆိုပါ အစီရင်ခံစာအရ တရုတ်နိုင်ငံ၊ အကောက်ခွန် အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏသည် ဆက်လက်တိုးတက်လျက်ရှိပြီး၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအများစုတွင် ဆက်လက် ဖြစ်ပွားလျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါမှ လုံးဝပြန်လည်နလန်ထူလာသည်ကို ပြသလျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ (၂၆၈) ဘီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၂၁.၁) % အထိ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မသေချာမှုများ ဆက်လက်တည်ရှိလျက်ရှိသော်လည်း ကဏ္ဍစုံတွင် အချက်အလက်များ တိုးတက်လျက်ရှိသည့်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေး နလန်ထူလာမှုသည် ပြန်လည်အရှိန်ရလာပြီ ဖြစ်သည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်းဝယ်လိုအား ပြန်လည်နလန်ထူနိုင်မှုသည် ထုတ်လုပ်နိုင်စွမ်းထက် များစွာ နှေးကွေးလျက်ရှိကြောင်း၊ အခြေခံ ရင်းနှီးမြှပ်နှံမှုများထက် ပြည်တွင်းသုံးစွဲမှု ပိုမိုနှေးကွေးလျက်ရှိခြင်းတို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေး လျင်မြန်စွာ နလန်ထူလာနိုင်ရန် မသေချာမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ ၏ စီးပွားရေးပြန်လည်နလန်ထူနိုင်မှုအပေါ် ခြိမ်းခြောက်လျက်ရှိသည့် အန္တရာယ်များ မြင့်မားလျက်ရှိသော်လည်း ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။
၄။ တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးအပေါ် ထိခိုက်နိုင်သည့် အန္တရာယ်များအား ကျော်လွှားနိုင်မည့် အထူးဉီးစားပေးမူဝါဒများ ချမှတ်ဆောင်ရွက်သွားရန် ထိပ်သီးအစည်းအဝေးများ ကျင်းပလျက်ရှိကြောင်း၊ စီးပွားရေး ပိုမိုတိုးတက်လာစေရန် ထိ ရောက်သည့် မူဝါဒများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ မူဝါဒများအနက် ထိရောက် သေချာသည့် နည်းပညာအသုံးပြုနိုင်စွမ်းကို ပိုမိုမြှင့်တင်ပေးရန်၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဓိက စိန်ခေါ်မှုများအား ဖြေရှင်းပေးရန် တို့ပါဝင်ကြောင်းသိရှိရပါသည်။
၅။ တရုတ်နိုင်ငံ၊ အကောက်ခွန်အာဏာပိုင်အဖွဲ့မှထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏသည် ဆက်လက်တိုးတက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း စံချိန်တင် မြင့်တက်ခဲ့ရာ ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာ့နိုင်ငံအများစုတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါမှ လုံးဝ ပြန်လည် နလန်ထူလာသည်ကို ပြသလျှက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ(၂၆၈)ဘီလီယံ ရရှိခဲ့သည့်အတွက် ယခင်နှစ်၊ ကာလတူထက်(၂၁.၁)%အထိ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ကဏ္ဍစုံတွင် အချက်အလက်များ တိုးတက်လျက်ရှိသည့်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေး နလန်ထူလာမှုသည် ပြန်လည် အရှိန်ရလာပြီဖြစ်သည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်းဝယ်လိုအား ပြန်လည် နလန်ထူနိုင်မှုသည် ထုတ်လုပ်နိုင်စွမ်းထက် များစွာနှေးကွေးလျက်ရှိကြောင်း၊ အခြေခံရင်းနှီးမြှုပ်နှံမှုများထက် ပြည်တွင်းသုံးစွဲမှု ပိုမိုနှေးကွေးလျက်ရှိခြင်းတို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေး လျင်မြန်စွာနလန်ထူလာနိုင်ရန် မသေချာမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်နလန်ထူနိုင်မှုအပေါ် ခြိမ်းခြောက်လျက်ရှိသည့်အန္တရာယ်များ မြင့်မားလျက်ရှိသော်လည်း ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးအပေါ် ထိခိုက်နိုင်သည့်အန္တရာယ်များအား ကျော်လွှားနိုင်မည့် အထူး ဉီးစားပေးမူဝါဒများ ချမှတ်ဆောင်ရွက်သွားရန် ထိပ်သီးအစည်းအဝေးများ ကျင်းပလျက်ရှိကြောင်း၊ စီးပွားရေးပိုမိုတိုးတက်လာစေရန် ထိရောက်သည့်မူဝါဒများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါမူဝါဒများအနက် ထိရောက်သေချာသည့် နည်းပညာအသုံးပြုနိုင်စွမ်းကို ပိုမိုမြှင့်တင်ပေးရန်၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဓိက စိန်ခေါ်မှုများအား ဖြေရှင်းပေးရန်တို့ ပါဝင်ကြောင်းသိရှိရပါသည်။
၆။ တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းလာသည့် အစားအစာများ၏ ထုပ်ပိုးအိတ်ခွံများ၌ COVID-19 ရောဂါပိုးများစမ်းသပ်တွေ့ရှိရသည့်အတွက် တင်သွင်းမှုများမှတစ်ဆင့်ကူးစက်ပျံ့နှံ့ခြင်းမဖြစ်ပေါ် စေရန် လိုအပ်သည့်လုပ်ဆောင်ချက်များ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံ၏ စီးပွားရေး ဆိုင်ရာကိစ္စရပ်များအား ပြန်လည်သုံးသပ်ခြင်း၊ လက်ရှိအခြေအနေများအား လေ့လာဆန်းစစ်ခြင်း တို့ကို စဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိပြီး ၂၀၂၁ ခုနှစ် စီးပွားရေးလုပ်ငန်းများအတွက် လမ်းညွှန် ချက်များချမှတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်းလမ်း၊ ရေလမ်းမှ သယ်ယူတင်သွင်းလာ သည့် အေးခဲအစားအသောက်များမှတစ်ဆင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီး နိုင်မည့် လမ်းညွှန်ချက်များအား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ကြေညာခဲ့ ကြောင်း ၊ ပြည်တွင်း၌ ခိုင်မာအားကောင်းသည့် စီးပွားရေးဆိုင်ရာမူဝါဒများ ချမှတ်ခဲ့သည့်အတွက် ပြည်တွင်းလက်လီရောင်းချမှု တစ်စထက်တစ်စ ပြန်လည်တိုးတက်လာပြီဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ မှ ထုတ်လုပ်ထွက်ရှိသည့် စက်မှုထုတ်ကုန်ကုန်ကြမ်းပစ္စည်းများအပေါ် ကမ္ဘာ့ဝယ်လိုအား မြင့်တက် လာကြောင်း၊တရုတ်နိုင်ငံတွင်စားသောက်ကုန်ဈေးနှုန်းများကျဆင်းလာသည့်အတွက်ငွေကြေးဖောင်း ပွမှု၏အဓိကအညွှန်းကိန်းတစ်ခုဖြစ်သည့် စားသုံးသူဈေးဆနှုန်းကိန်း(Consumer Price Index-CPI) သည် တစ်စထက်တစ်စ လျော့နည်းကျဆင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အစားအစာဖူလုံမှုနှင့် လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုရှိရန် ကောက်ပဲသီးနှံစိုက်ပျိုးထွက်ရှိမှုနှင့် ထောက်ပံ့ပို့ဆောင်မှု လုပ်ငန်းများ တည်ငြိမ်မှုရှိရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ၊ တရုတ်နိုင်ငံအစိုးရ အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ရေးဗျူဟာများ ထိရောက်စွာ ချမှတ်ကျင့်သုံးခဲ့ခြင်း၊ စီးပွားရေး မူဝါဒများပိုမိုခိုင်မာအားကောင်းအောင်ဆောင်ရွက်ခဲ့ခြင်း၊ ကမ္ဘာ့နိုင်ငံများသို့တင်ပို့မှု ပိုမိုခိုင်မာအား ကောင်းလာခဲ့ခြင်းတို့ကြောင့် နိုင်ငံ၏စီးပွားရေးသည် မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာ တိုး တက်လာခဲ့ပြီး လာမည့်နှစ်အတွင်း၌လည်း ဆက်လက်ဖွံ့ဖြိုးလာနိုင်ကြောင်းသိရှိရပါသည်။
၇။ တရုတ်နိုင်ငံသည် လာမည့်နှစ်သစ်ကူးနှင့် နွေဦးရာသီပွဲတော် အားလပ်ရက်များအတွက် ရောင်းလိုအားမြင့်တက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်အရန်အဖြစ်ထားရှိသည့်ဝက်သားတန်ချိန် (၁၆၀၀၀) ကို ဈေးကွက်အတွင်းသို့ ဖြန့်ချိပေးခဲ့ကြောင်း၊ အေးခဲဝက်သားများအား ဈေးကွက်အတွင်း သို့ ဆက်လက်ဖြန့်ချိပေးသွားရန် အစီအစဉ်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ အစပိုင်း ကာလများမှစတင်၍ ဝက်သားရောင်းလိုအား မြင့်တက်လာစေရန် အရန်အဖြစ်ထားရှိသည့် အေးခဲ ဝက်သားများအား ဈေးကွက်အတွင်းဖြန့်ချိခြင်း၊ပိုမိုတင်သွင်းခြင်းစသည့် လိုအပ်သည့်စီမံဆောင်ရွက် မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် ဈေးနှုန်းများကျဆင်းလာခဲ့ကြောင်း၊ တရားဝင် ထုတ်ပြန်ကြေညာခဲ့ သည့်စာရင်းဇယားများအရ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ ဝက်သားဈေးနှုန်းသည် ပြီးခဲ့သည့် နှစ်၊ ကာလတူထက် (၁၂.၅)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။
၈။ တရုတ်နိုင်ငံ၊ အမျိုးသားစာရင်းအင်းဗျူရို (National Bureau of Statistics-NBS)မှ ထုတ်ပြန် ကြေညာခဲ့သည့်အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ပထမ(၁၁)လတာ ကာလအတွင်း ပြည်တွင်း လက်လီရောင်းချရမှုပမာဏသည် အမေရိကန်ဒေါ်လာ(၅.၃၆)ထရီလီယံ ရရှိခဲ့သည့်အတွက် ယခင် နှစ်၊ ကာလတူထက်(၄.၈)ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှုပမာဏသည် ယခင်နှစ်၊ ကာလတူထက်(၅) ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်းလက်လီရောင်းချမှု ဆက်လက်တိုးတက်လျက် ရှိခြင်းသည် ကမ္ဘာပေါ်တွင် စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ထိခိုက်မှုမှ ပြန်လည်နလန်ထူလာခြင်းကို ပြသနေခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့် နှစ်၊ နိုဝင်ဘာလအတွင်း လူမှုမီဒီယာများမှတစ်ဆင့် လက်လီရောင်းချရမှုသည် ယခင်နှစ်၊ ကာလတူ ထက်(၅)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အထူးသဖြင့် အွန်လိုင်းမှတစ်ဆင့် လက်လီ ရောင်းချရမှု ပမာဏ (၁၀.၅၃)ထရီလီယံ ရရှိခဲ့သည့်အတွက် ယခင်နှစ်၊ ကာလတူထက် (၁၁.၅) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာ့ကပ်ရောဂါ အခြေအနေ အား တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်သည့်အတွက် လက်လီရောင်းချရမှု ဆက်လက်မြင့်တက် လာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
(ရင်းမြစ်- တရုတ်နိုင်ငံ၊ ပေကျင်းမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ထိုင်းနိုင်ငံ
၉။ COVID -19 ကပ်ရောဂါကြောင့် ပို့ကုန်တင်ပို့မှုကျဆင်းခြင်းနှင့်အတူ လွတ်လပ်သော ကုန် သွယ်မှုသဘောတူညီချက်အသုံးပြုမှု Use of Free Trade agreement (FTA)၏ အထူးအခွင့်အရေး များနှင့် Generalized system of Preferences(GSP) စနစ်အသုံးပြုမှုတို့သည် ၂၀၂၀ ခုနှစ် ပထမ(၉)လတွင် နှစ်အလိုက်၌ (၁၄.၆၇%)ကျဆင်းခဲ့ကြောင်း၊ အဆိုပါအစီအစဉ်(၂)ခုဖြင့်ရရှိသော အထူးအခွင့်အရေးများကို အစားအစာ၊ အဖျော်ယမကာနှင့် ပြုပြင်ထားသောလယ်ယာထုတ်ကုန် များတွင် အထူးအသုံးပြုကြောင်း၊အဆိုပါ FTA နှင့်GSP အရအထူးအခွင့်အရေးများအသုံးချမှုသည် ဇန်နဝါရီလမှစက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ(၄၅.၆၀)ဘီလီယံရှိခဲ့ကြောင်း၊ အဆိုပါ စုစုပေါင်းကိန်းဂဏန်းတွင် FTA အခွင့်အရေးအသုံးချမှုမှာ ပထမ(၉)လတွင် အမေရိကန်ဒေါ်လာ (၄၂.၃၃) ဘီလီယံရှိကြောင်း၊ ၎င်းမှာ နှစ်အလိုက်တွင် (၁၅.၈၅%)ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ GSP အသုံးပြု၍ တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ(၃.၂၇)ဘီလီယံရှိပြီး ၎င်းမှာ(၂.၄၄%) တိုးတက် လာခြင်း ဖြစ်ကြောင်း၊ FTA အခွင့်အရေး အများဆုံးအသုံးပြု၍ တင်ပို့ခဲ့သောဈေးကွက်များမှာ တရုတ်၊ အာဆီယံ၊ ဂျပန် ၊ ဩစတြေးလျ၊ အိန္ဒိယ တို့ဖြစ်ကြောင်း၊ အထူးအခွင့်အရေးအမြင့်ဆုံးအသုံးပြု၍ တင်ပို့ခဲ့သော ဈေးကွက်မှာ ထိုင်းနိုင်ငံပါဝင်သော ထိပ်တန်း FTA (၅)ခုဖြစ်သည့် ထိုင်း-ချီလီ FTA ၊ အာဆီယံ-တရုတ် FTA၊ ထိုင်း-ပီရူး FTA ၊ ထိုင်း-ဂျပန် FTA၊ အာဆီယံ-တောင်ကိုရီးယား FTA တို့ဖြစ် ကြောင်း၊ အထူးအခွင့်အရေးများ ရရှိတင်ပို့ခဲ့သည့် ထုတ်ကုန်များတွင် လတ်ဆတ်သော ဒူးရင်းသီး၊ သဘာဝရာဘာနှင့်ရောစပ်ထားသောရာဘာတုထုတ်ကုန်၊သစ်သီးဝလံများ၊(၅)တန်ထရပ်ကားများနှင့် လေအေးပေးစက်များဖြစ်ကြောင်း၊အမေရိကန်နိုင်ငံသည် GSP အသုံးပြုမှုနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ပြီး ၎င်းနောက်တွင် ရုရှားနှင့်ဓနသဟာယနိုင်ငံများ၊ ဆွစ်ဇာလန်နိုင်ငံ၊ နော်ဝေးနိုင်ငံတို့ဖြစ်ကြောင်း သိရှိ ရပါသည်။
(ရင်းမြစ်-ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ဘရာဇီးလ်နိုင်ငံ
၁၀။ ဘရာဇီးလ်နိုင်ငံတွင် ပြောင်းဝယ်လိုအား ပုံမှန်အနေအထားသာရှိခြင်း၊ သိုလှောင်ရုံနှင့် ကုမ္ပဏီ လုပ်ငန်းများအတွက် ပြက္ခဒိန်နှစ်ကုန်ဆုံးချိန် အစိုးရရုံးပိတ်ရက်များတွင် လုပ်ငန်းများရပ်နားထား ခြင်း တို့ကြောင့် ပြောင်းစျေးကွက်၌ အရောင်းအဝယ်အေးလျက်ရှိပြီး စျေးကွက်ရပ်ဆိုင်းလုနီးပါး ဖြစ်ပေါ် နေကြောင်း၊ အကျိုးဆက်အနေဖြင့် ဘရာဇီးလ်နိုင်ငံ၏ ပြောင်းတင်ပို့မှုစျေးကွက်တွင် အကျ ဈေးနှုန်း ဖြင့်တည်ငြိမ်လျက်ရှိပြီး စျေးကွက်ပိတ်ချိန်တွင် အနည်းငယ်တက်ရိပ်ပြခဲ့သော်လည်း ပြောင်းစျေးနှုန်း ကျဆင်းနေရုံသာမက အမေရိကန်ဒေါ်လာတန်ဖိုးမှာလည်း အနည်းငယ်ကျဆင်း ခဲ့သဖြင့် ဘရာဇီးလ်ငွေကြေးတန်ဖိုးမှာအနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ပြောင်းစျေးကွက်တွင် ပြောင်း တစ်အိတ်လျှင် ဘရာဇီးလ်ငွေကြေး ၇၅ နှင့် ၇၇ ကြားတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံမှ တင်ပို့သည့် ပဲပုတ်စေ့စျေးနှုန်းသည် ဒေါ်လာတန်ဖိုးအတက်/ အကျအပေါ်တွင် မူတည်နေကြောင်း၊ ပဲတင်ပို့ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလနှင့် ဘရာဇီးလ်ငွေတန်ဖိုး ကျဆင်းခဲ့ပြီး နိုဝင်ဘာလလယ်တွင်ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့ လက်ကျန်ပြတ်လပ်မှုနှင့်အတူ အမေရိကန်ဒေါ်လာတန်ဖိုးလည်း မြင့်တက်လျက်ရှိခဲ့ခြင်းတို့ကြောင့့် လုပ်ငန်းရှင်များသည် ပဲပုတ်စေ့ စိုက်ပျိုးထုတ်လုပ်မှုအပေါ် အလေးထားလုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
(ရင်းမြစ်-ဘရာဇီးလ်နိုင်ငံ၊စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ဩစတြေးလျနိုင်ငံ
၁၁။ သြစတြေးလျနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်အတွက် GDP တိုးတက်မှုနှုန်း ၅% မျှော်မှန်းထားပြီး ၂၀၂၂ ခုနှစ်အတွက် ၄ % မျှော်မှန်းထားရာ လေးနှစ်တာကာလအတွင်း အလုပ်လက်မဲ့နှုန်းသည် COVID-19 မတိုင်မီအဆင့်သို့ ပြန်ရောက်သွားနိုင်ပြီး ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များတွင် စီးပွားရေး ကျဆင်းမှုများထက် အလုပ်အကိုင်များ ပြန်လည်နလန်ထူလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ အလုပ်လက်မဲ့နှုန်းသည် နိုဝင်ဘာလတွင် ၆.၈ % ရှိခဲ့ပြီး နှစ်လယ်ပိုင်း နောက်ဆုံးခန့်မှန်းချက် ဖြစ် သည့် ၉.၂၅ % ဝန်းကျင်ခန့်မှန်းထားခြင်းမှ လျော့ကျခဲ့ခြင်းဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံ၏ ပြည် နယ်များတွင် COVID-19 ဆိုင်ရာကန့်သတ်ချက်များ ဖယ်ရှားခဲ့ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလ သုံးလပတ်အတွင်း သြစတြေးလျ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP မှာ ၃.၃ % မြင့် တက်ခဲ့ရာ ၎င်း ၃.၃ % မှာ ၁၉၇၆ ခုနှစ် မှစတင်၍ အများဆုံးတိုးတက်မှုဖြစ်ကြောင်း၊ ပြည်နယ် များအနက် COVID-19 ဒုတိယလှိုင်းဒဏ်ခံစားခဲ့ရသည့် ဗစ်တိုးရီးယားပြည်နယ်မှအပ ကျန်ပြည်နယ် များ၏ GDP များမှာလည်း ခိုင်မာစွာတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာသုံးလပတ်အတွင်း အလုပ်အကိုင်တစ်ခုထက်ပိုသော အလုပ်မျိုးစုံလုပ်ကိုင်မှုမှာ ၁၇.၅ %ခန့် တိုးတက်လာကြောင်း၊ ဝန်ဆောင်မှုကဏ္ဍ ပြန်လည်ဖွင့်လှစ်မှုနှင့်အတူ လုပ်ငန်းများအပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိသေး သော်လည်း အတိုင်းအတာတစ်ခုထိ ပြန်လည် လည်ပတ်နေသည့်အတွက် အချိန်ပိုင်းလုပ်သား လိုအပ်ချက်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်မှုတွင်မူ တရုတ်နှင့် ၂၀၁၉ ခုနှစ် ကတည်းက ဖြစ်ပွားလျက်ရှိသော တင်းမာမှုများ ဆက်လက်ဖြစ်ပွားဆဲဖြစ်ရာ လယ်ယာထွက်ကုန် များအနက် အမဲသား၊မုယောစပါး၊ ဝိုင်၊ ပုဇွန်စသည့် ကုန်စည်များအတွက် စျေးကွက်ဝင်အခွင့်အလမ်း များ ဆုံးရှုံးလျက်ရှိကြောင်း၊ သြစတြေးလျပြည်နယ်များမှ တင်သွင်းသောသစ်များတွင် ပိုးမွှားများ ပါဝင်သည်ဆိုသည့်အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံက သစ်တင်သွင်းမှုအား ရင်ဆိုင်ထားခြင်း ခံရ လျက်ရှိကြောင်း၊ အထူးသဖြင့် လယ်ယာထွက်ကုန်များအနက် ဝိုင်တင်သွင်းမှုအပေါ် အမြင့်ဆုံး စည်း ကြပ်မှုအဖြစ် အကောက်ခွန်နှုန်း ၂၁၂ % သတ်မှတ်ခြင်းက အေဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိ ပို့ကုန် တင်ပို့မှုအား အကြီးအကျယ်ထိခိုက်စေသည့်အတွက် သြစတြေးလျ ဝိုင်ထုတ်လုပ်သူများ နစ်နာမှု များစွာ ကြုံတွေ့ရလျက် ရှိကြောင်းသိရပါသည်။
၁၂။ သြစတြေးလျနိုင်ငံ၏ အဓိကအမဲသားတင်သွင်းသည့်ကုမ္ပဏီအား ဒီဇင်ဘာလအတွင်း တရုတ် နိုင်ငံကတင်သွင်းမှုကို ထပ်မံပိတ်ဆို့လိုက်ခြင်းကြောင့် သြစတြေးလျကုန်သွယ်ရေးဝန်ကြီးက တရုတ် နိုင်ငံ၏ တရုတ်- သြစတြေးလျနှစ်နိုင်ငံကုန်သွယ်ရေး သဘောတူစာချုပ် နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး၏ လိုက်နာဆောင်ရွက်ရမည့် ဝတ္တရားများအတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်း ပြောကြားထား ကြောင်း၊ တရုတ်နိုင်ငံက (၁၈)လအကြာ စုံစမ်းစစ်းဆေးမှုများပြုလုပ်ပြီးနောက် ပြီးခဲ့သည့် မေလ အတွင်းက သြစတြေးလျက မုယောစပါးတင်သွင်းမှုကို ၈၀.၅ % တန်ပြန်စုပုံ တင်သွင်းခွန် အဖြစ် သတ်မှတ်ကောက်ခံခဲ့သည့်အတွက် ယင်းကဲ့သို့ တန်ပြန်စုပုံတင်သွင်းခွန် ကောက်ခံမှုအပေါ် သြစတြေးလျက အငြင်းပွားမှုဖြေရှင်းရန် WTO သို့ အရေးဆိုတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ တရုတ် အာဏာပိုင်များက အောက်တိုဘာလမှစ၍ ပြည်တွင်းစက်ရုံနှင့်စွမ်းအင်ကုမ္ပဏီများအား သြစတြေးလျ နိုင်ငံမှ ကျောက်မီးသွေးမဝယ်ရန်တားမြစ်ခဲ့ပြီး သြစတြေးလျ ကျောက်မီးသွေးတင်သွင်းမှုအပေါ် တရားမဝင်ပိတ်ဆို့လိုက်သည့်အချိန်မှစ၍ တစ်တန်လျှင် အေဒေါ်လာ ၁၃၈.၅၀ မှ ၁၀၁.၂၅ သို့ ကျဆင်းခဲ့ကြောင်း၊ သြစတြေးလျမှ ကျောက်မီးသွေး တင်သွင်းမှုများ ကန့်သတ်လိုက်သည့်အချိန်မှ စတင်၍ တရုတ်နိုင်ငံ၏ စွမ်းအင်ပြတ်လပ်မှုမှာ ပိုမိုဆိုးရွားလာသည့်အတွက် ပြည်နယ်(၄) ခုရှိ အာဏာပိုင်များသည် စွမ်းအင်အသုံးပြုမှု ကန့်သတ်သည့်အမိန့်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ သိရှိရပါသည်။
(ရင်းမြစ်-ဩစတြေးလျနိုင်ငံ ၊ ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
အိန္ဒိယနိုင်ငံ
၁၃။ ယခင်အပတ်က အိန္ဒိယနိုင်ငံ ပဲခွဲစက်များတွင် အဝယ်များလာသည့်အတွက်ကြောင့် မြန်မာ မတ်ပဲနှင့် ပဲစဉ်းငုံအပြင် စားတော်ပဲနှင့် ပဲရာဇာဈေးနှုန်းများပါ ပြန်လည် မြင့်တက်လာကြောင်း တွေ့ရှိ ရပြီး၊ ကုလားပဲနှင့် ပဲတီစိမ်း ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။မွန်ဘိုင်းဈေးကွက်တွင် မြန်မာ မတ်ပဲ FAQ ဟာ ရူပီး ဆက်တက်ပြီး ၇၂၅၀ ရူပီးဈေးထိ ဖြစ်ပေါ်ခဲ့ ကြောင်း၊ မတ်ပဲ လက်ကျန်နည်းပါးနေသည့်အတွက် ပဲခွဲစက်များတွင် လတ်တလော လိုအပ်ချက်အရ အဝယ်ရှိခဲ့ပြီး မတ်ပဲဈေး ဆက်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ချန်နိုင်း ဈေးကွက်တွင်လည်း မြန်မာ မတ်ပဲ FAQ၊ SQ များ ရူပီဈေးမြင့်တက်ခဲ့ကြောင်း၊ လက်လီနှင့် လက်ကား ဆိုင်များတွင်လည်း မတ်ပဲခွဲခြမ်းကို အဝယ်နည်းနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။
၁၄။ မွန်ဘိုင်းဈေးကွက်တွင် မြန်မာ့ပဲစဉ်းငုံ လက်ကျန်နည်းပါးလာနေပြီး ပဲခွဲစက်များက ဝယ်ယူ လာသည့်တွက်ကြောင့် ဈေးနှုန်းမှာ (၁၀၀ ကီလိုဂရမ်)ကို ၅၈၀၀၀ ရူပီးဈေးနှုန်း ထိ ဖြစ်ပေါ်ခဲ့ ပါသည်။ အိန္ဒိယ ပဲစဉ်းငုံပေါက်ဈေးနှုန်းများအနေဖြင့်လည်း ၆၁၀၀-၆၁၅၀ ထိ ဈေးနှုန်းဖြစ်ပေါ် နေခဲ့ပါ သည်။ အိန္ဒိယနိုင်ငံရှိ ပဲစဉ်းငုံ(သစ်)များသည် ဈေးကွက်ထဲကို ခန့်မှန်းသလောက်မဝင်လာဘဲ ဖြစ်ပေါ် နေပြီး အထွက်နှုန်းအနေဖြင့်လည်း မနှစ်ကထက် လျော့နည်းမယ်လို့ ခန့်မှန်းနေကြပါသည်။ ရာသီ ဥတု မကောင်းခြင်း၊ အပင်ရောဂါကျရောက်မှုများကြောင့် ပဲစဉ်းငုံ အထွက်နှုန်းနည်းမည်ဟုလည်း ခန့်မှန်း ထားကြပါသည်။
၁၅။ သို့ရာတွင် အရောင်းစင်တာများတွင် ပဲစဉ်းငုံခွဲခြမ်းကို အဝယ်ပါးနေပြီး လာမည့် ဖေဖော်ဝါ ရီ လလယ်လောက်မှသာ စားသုံးမှု အင်အား တိုးလာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ အိန္ဒိယ အစိုးရက ပဲစဉ်းငုံတန်ချိန် ၄ သိန်းတင်သွင်းခွင့်ခွဲတမ်းပေးထားရာမှာ နိုင်ငံစုံက ပဲစဉ်းငုံများ ၂.၂၅ သိန်း ဝန်းကျင်ဟာ အိန္ဒိယ ပြည်တွင်းကို ရောက်ရှိနေပြီ ဖြစ်နေပါကြောင်း ၊ ပဲစဉ်းငုံတင်သွင်းမှု ပမာဏ အနေဖြင့် တန်ချိန် ၁ သိန်းဝန်းကျင် တင်သွင်းရန် ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။အိန္ဒိယ အစိုးရမှလည်း တောင်သူ တွေဆီမှ ပဲစဉ်းငုံများကို အခြေခံဈေး (Minimum Support Price )ထိ ဝယ် ယူပြီး ဈေးကွက်ကို မြှင့်တင် ပေးရန် ရှိနေကြောင်း သိရှိရပါသည်။
(ရင်းမြစ်- Current Content)
“ ပေါ်ဦးပေါ်ဖျား ပဲတီစိမ်း ဈေးကွက် ”
သန်လျင်မြို့၊ ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၇) ရက်
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၊ ဒုတိယပတ်မှစ၍ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ၂၀၂၀-၂၀၂၁ ခုနှစ်ထွက် ကုန်းပဲတီစိမ်းများ အနည်းငယ်ခူးဆွတ်ထွက်ရှိနေပြီ ဖြစ်ကြောင်းသိရှိရသည်။
ယခု ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကုန်းပဲတီစိမ်းတစ်တင်းလျှင် (၄၃၅၀၀/-) ကျပ် ဈေးဖြင့် ပေါ်ဦးပေါ်ဖျား ပဲများအား ရောင်းချလျက်ရှိကြောင်း ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။
သုံးခွမြို့နယ် ပဒတ္ထိုင်း၊ ပိုက်စီး၊ အုန်းပင်စု၊ ရေပေါ်ကန်၊ သခွတ်ကုန်းကျေးရွာများတွင် ကုန်းပဲတီစိမ်းများ ခူးဆွတ်၍ သုံးခွမြို့ပေါ်ရှိ Bright Light Co.,Ltd. သို့ တောင်သူတချို့မှ လာရောက် ရောင်းချလျက်ရှိကြောင်း ကုမ္ပဏီဒါရိုက်တာထံမှ သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး (DOCA)
ကမ္ဘာ့နိုင်ငံများရှိ လယ်ယာထွက်ကုန်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်နှင့် အခြားစီးပွားရေးသတင်းများ
ထိုင်းနိုင်ငံ
၁။ ထိုင်းနိုင်ငံ၏ ပုဇွန်တင်ပို့မှုသည် ယခုနှစ်အတွက်(၁၄%)ကျဆင်းမည်ဟု ခန့်မှန်းထား ပြီး တန်ချိန်အားဖြင့်(၁၅၀၀၀၀)သာရှိမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ(၄၄)ဘီလီယံရှိ ကြောင်း၊ ၎င်းမှာ(၂၁%)ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ များသောအားဖြင့် ကပ်ရောဂါနှင့် ဘတ်ငွေတန်ဖိုးမြင့်မားနေခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ် ပထမ (၁၀)လအတွက် ထိုင်းနိုင်ငံ၏ ပြည်ပပုဇွန်တင်ပို့မှုမှာ စုစုပေါင်းအားဖြင့် တန်ချိန် (၁၂၃.၂၉၇)ရှိခဲ့ကြောင်း၊ နှစ်အလိုက်တွင်(၉%)ကျဆင်းခြင်းဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် (၃၅.၉)ဘီလီယံရှိပြီး (၁၁%)ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်အတွက် ထုတ်လုပ်မှု ကျဆင်းမည်ဖြစ်ကြောင်း၊ တန်ချိန်(၂၇၀၀၀၀)သာရှိမည် ဖြစ် ကြောင်း၊ ၎င်းမှာ ၂၀၁၉ခုနှစ်က ရှိခဲ့သော တန်ချိန်(၂၉၀၀၀၀)ထက် (၇%)ကျဆင်းသွား ခြင်း ဖြစ်ပြီး ကပ်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ပုဇွန်ရောဂါနှင့် ဝယ်လိုအားနည်းခြင်းတို့ ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
၂။ တစ်ကမ္ဘာလုံး၏ပုဇွန်ထုတ်လုပ်မှုအနေဖြင့် (၃%)ကျဆင်းမည်ဖြစ်ပြီး တန်ချိန်အားဖြင့် (၃.၃၂)သန်းရှိမည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။ တိုင်းပြည်၏ ပုဇွန်ထုတ်လုပ်မှုမှာ လာမည့်နှစ်တွင် (၁၅%)တိုးတက်လာနိုင်မည်ဖြစ်ပြီး တန်ချိန်အားဖြင့် (၃၁၀၀၀၀)ရှိလိမ့်မည် ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် (၁၅%)တိုးတက် နိုင်လိမ့်မည်ဟု ခန့်မှန်းထား ကြောင်း သိရှိရပါသည်။ ပြည်တွင်းဝယ်လိုအားမှာ စုစုပေါင်းပုဇွန်ထုတ်လုပ်မှု၏(၂၀%)အထိ တိုးတက်လာနိုင်ဖွယ်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ လာမည့်(၅)နှစ်တာ ကာလအတွင်း ပြည်တွင်း ပုဇွန်စားသုံးမှုမှာ (၄၀%-၅၀%)အထိ တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းထား ကြောင်း သိရှိရပါသည်။
၃။ ပုဇွန်လုပ်ငန်းအတွက် အဓိကအတားအဆီးမှာ ဘတ်ငွေဖြစ်ကြောင်း၊ ဘတ်ငွေတန်ဖိုး မှာ ၂၀၁၇ ခုနှစ်ကစ၍ (၁၁%)မြင့်တက်ခဲ့ကြောင်း၊ ဒေါ်လာနှင့်ဘတ်ငွေလဲနှုန်းမှာ ပျမ်းမျှအား ဖြင့် (၃၃.၆၈)ဖြစ်ကြောင်း၊ အိန္ဒိယ ရှုပီးနှင့် ဗီယက်နမ် ဒေါင်ငွေတို့မှာ (၁၄%)နှင့် (၂%)တို့ ဖြင့် အသီးသီး တန်ဖိုးလျော့ကျခဲ့ကြောင်း Mr.Somsak ကပြောကြားခဲ့ပါသည်။ ဘတ်ငွေ တန်ဖိုး မြင့်တက်မှုမှာ အမျိုးသားအဆင့်ကိစ္စဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
၄။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန်တင်ပို့မှုနှင့် ပတ် သက်၍ ယခုနှစ်တွင် (၇%) အထိ ကျဆင်းခဲ့ရပြီးနောက်လာမည့်နှစ်အတွက် ပို့ကုန် တင်ပို့မှု အား (၄%) တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်မှု မူဝါဒနှင့် မဟာဗျူဟာ ရုံးညွှန်ကြားရေးမှူး ချုပ် Ms. Pimchanok Vonkorpon က ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူလာမှုနှင့် ကာကွယ်ဆေးရရှိလာမှုတို့ကြောင့် နောက်နှစ်အတွက် အစားအစာ ၊ အိမ်မှနေ၍ အလုပ်လုပ် ခြင်းနှင့် ဆက်စပ်ပတ်သက်သည့် ထုတ်ကုန်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာ ရေးပစ္စည်းအများစုတို့အနေဖြင့် လာမည့်နှစ်တွင် ပြည်ပတင်ပို့မှု တိုးတက်လာလိမ့်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ ကုန်သွယ်ဖက်နိင်ငံအများစု၏ တင်ပြချက်များအရ ဒုတိယ လှိုင်းကူးစက်မှုများရှိနေသော်လည်း ၎င်းတို့၏ ပိတ်ဆို့မှု Lockdown အစီအမံများမှာ စီးပွား ရေးတစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေရန် ပထမလှိုင်း အချိန်ကဲ့သို့ တင်းကြပ်စွာ မပြုလုပ် ကြကြောင်း Ms. Pimchanok က ပြောကြားခဲ့ပါသည်။ ဒုတိယ (၃)လပတ်တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်သောကာကွယ်ဆေးကြောင့် ကမ္ဘာ့စီးပွားရေးအလားအလာ အပေါ်ယုံကြည်မှု များစွာရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွက် ပို့ကုန်အလားအလာနှင့် ပတ် သက်၍ အခြားသော အပြုသဘောဆောင်သည့်အချက်များမှာ ကုန်သွယ်ရေးဆိုင်ရာ ထောက် ပံ့ပို့ဆောင်ရေးသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်းနှင့် ကမ္ဘာ့ရေနံ ဝယ်လို အား ပြန်လည်မြင့်တက်လာခြင်းတို့ဖြစ်ကြောင်း၊ အနှုတ်သဘောဆောင်သော အချက် အလက်များမှာမူ ရှိနေဆဲဖြစ်ကြောင်း၊ ကြာရှည်စွာကူးစက်ဖြစ်ပွားနေသည့် ကပ်ရောဂါ၊ ထောက်ပံ့ပို့ဆောင်ရေးအခက်အခဲများ၊ ဘတ်ငွေတန်ဖိုးမြင့်တက်နေမှုနှင့် အမေရိကန်စီးပွား ရေး၏ သက်ရောက်မှု၊ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်၏ ကုန်သွယ်ရေးမူဝါဒတို့ပါဝင် ကြောင်း သိရှိရပါသည်။
၅။ (၂၃.၁၂.၂၀၂၀)ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလတွင် တိုင်းပြည်၏ အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ (၁၈.၉)ဘီလီယံ ရှိခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလထက် (၃.၆၅%) ကျဆင်း သွားခဲ့ခြင်းဖြစ်ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း (၀.၉၉%) ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ (၁၈.၉) ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ (၅၂.၆)သန်းရှိခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိတွင် ထိုင်းနိုင်ငံသည် တရုတ်၊ အာဆီလံ (၅) နိုင်ငံနှင့် CLMV နိုင်ငံများသို့ ပို့ကုန်တင်ပို့မှုများလည်း (၈.၉%၊ ၁၅%၊ ၁၃% ) တို့ဖြင့် အသီးသီးကျဆင်းခဲ့ကြောင်း၊ တောင်အာရှဈေးကွက်သို့ တင်ပို့မှုမှာ (၁.၇%) ကျဆင်းခဲ့ ကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ခုနှစ် တစ်နှစ်လုံးအနေဖြင့် ထိုင်းပြည်ပပို့ကုန်တင်ပို့မှုသည် ၇% ကျဆင်းသွားနိုင်ပြီး၊ အမေရိ ကန်ဒေါ်လာ (၂၃၈)ဘီလီယံရှိလာနိုင်လိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
၆။ ထိုင်းနိုင်ငံ၏ ကုန်စည်ဈေးနှုန်းများသည် ၂၉-၁၂-၂၀၂၀ နေ့တွင် Makro Super market ၊ Tesco Lotus Supermarket ၊ Makro နှင့် Knlong Toey Market များ၌ ရောင်းချ နေသော လက်လီနှင့် လက်ကားဈေးနှုန်းများဖြစ်ပါသည်။ ဆန်၊ ပဲမျိုးစုံ၊ ငါး၊ ပုဇွန်များ သိသာ စွာ ပြောင်းလဲခြင်းမရှိကြောင်း၊ ဝက်သားဈေးနှုန်းနှင့် ကြက်သားဈေးနှုန်းများလည်း သိသာစွာ ပြောင်းလဲမှုရှိကြောင်း၊ ဒီဇယ်ဆီဈေးနှုန်းနှင့် ဓါတ်ဆီဈေးနှုန်းသည် ယခင်အပတ်ကထက် ဈေးနှုန်း အနည်းငယ်ပြန်ကျသွားကြောင်း၊ ဘတ်ငွေလဲနှုန်းသည် ပျမ်းမျှအားဖြင့် အမေရိကန် တစ်ဒေါ်လာလျှင် ၃၀.၀၈ဘတ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ဟောင်ကောင်နိုင်ငံ
၇။ ဟောင်ကောင်ဒေသသို့ ခရီးသွားများ လာရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် လျော့ နည်းလာရာ (၉၉.၈%) အထိ လျော့ကျခဲ့ပြီး COVID-19 စတုတ္ထ လှိုင်းကြောင့် ကူးစက်မှု နှုန်းများ ဆက်လက်ဖြစ်ပွားနေရာ နိုဝင်ဘာလအတွင်းက ခရီးသွား (၆၀၀၀)ဦးအောက် လျော့ နည်းခဲ့ကြောင်း၊ ခရီးသွားများ လာရောက်မှု၏ (၆၀%) ရှိသော တရုတ်ပြည်မကြီးမှ လာ ရောက်မှုမှာလည်း လျော့ကျခဲ့ပြီး နိုဝင်ဘာလအတွင်းက (၃၅၅၅)ဦးသာ လာရောက်ခဲ့ ကြောင်း၊ ခရီးသွားများလာရောက်မှုအနေဖြင့် စက်တင်ဘာလကတည်းကပင် အနိမ့်ဆုံးဖြစ် နေကြောင်း၊ COVID-19 ကြောင့် ဟောင်ကောင်ဒေသသို့ ဝင်ပေါက်ဂိတ် (၃)ခု ဖြစ်သော ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း လေကြောင်း အချို့လာရောက်မှုတို့ကို ပိတ်ထားမည်ဖြစ်ကြောင်း၊ ပြည်ပမှာ လာရောက်သူများကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး နှစ်ပတ်ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်နေထိုင်ရမည်ဖြစ်ကြောင်း၊ ယခုနှစ် ပထမ (၁၁) လအတွင်း ခရီးသွားများလာရောက်မှုမှာ (၃.၅၆)ဘီလီယံ ရာခိုင်နှုန်းအားဖြင့် (၉၃.၂) ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်က ဟောင်ကောင်သို့ လာရောက်သည့်ဧည့်သည် (၅၅.၉၁)မီလီယံ လာရောက်ခဲ့ပြီး၊ ခရီးသွားများလာရောက်မှုမှာ နိုဝင်ဘာလနှင့် နှိုင်းယှဉ်လျှင် ယခင်ကထက် လူဦးရေ (၆၀၀၀)ခန့်နီးပါးလျော့ကျခဲ့ကြောင်း သိရှိရပါသည်။
၈။ ဟောင်ကောင်ဒေသသည် နိုင်ငံတကာမှ ဒေသ (၁၁၇)ခု နှင့် လေကြောင်းလိုင်း ချိတ်ဆက်ပြေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်အတွင်း ခရီးသည်တင်လေယာဉ် (၂၉၆၉၈)စီး ပြေးဆွဲခဲ့ရာ အနီးဆုံးဒေသရှိ ကွမ်ကျိုးလေဆိပ်ထက် (၃)ဆများခဲ့ကြောင်း၊ သို့ သော် တရုတ်ပြည်မကြီး၌ မတ်လအတွင်း ကူးစက်မှုလျော့ကျလာခဲ့ပြီး စီးပွားရေး ပြန် လည်ဖွင့်လှစ်လိုက်သည့်အတွက် မဟာပင်လယ်ကွေ့ဒေသ၌ ဟောင်ကောင်လေဆိပ် ပြေးဆွဲ မှုကို ထိခိုက်မှုရှိသောကြောင့် လေဆိပ်ကို ပြန်လည်ဆန်းစစ်မှု မြင့်တက်လာကြောင်း၊ ၂၀၁၇ ခုနှစ်က စတင်၍ တရုတ်ပြည်မကြီးဗဟိုအစိုးရသည် ရှန်းကျန့်ဒေသအား အချက်အချာကျ သည့် နိုင်ငံတကာလေဆိပ်အဖြစ် ဆောင်ရွက်နိုင်ရန် ၂၀၁၇ ခုနှစ်ကတည်းက စတင်၍ လျင်မြန်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ရှန်းကျန့်လေဆိပ်မှ ကမ္ဘာ့နိုင်ငံများသို့ လေကြောင်း လိုင်းများ ပြေးဆွဲနိုင်မှုမှာ ၂၀၁၇ ခုနှစ်တွင် (၆၈) % ၊ ၂၀၁၈ ခုနှစ်တွင် (၂၄) % နှင့် ၂၀၁၉ ခုနှစ်တွင် (၂၉) % အသီးသီးဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသမှ ပြေးဆွဲမှုမှာ ၂၀၁၇ ခုနှစ် တွင် (၂) %နှင့် ၂၀၁၈ ခုနှစ်တွင် (၇) % အသီးသီးမြင့်တက်ခဲ့ကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ် တွင် ပြေးဆွဲမှုမှာ (၃)% လျော့ကျခဲ့ကြောင်း၊ အဆိုပါလျော့ကျမှုမှာ မဟာပင်လယ်ကွေ့ ဒေသအတွင်း ဆက်သွယ်သွားလာမှု အဆင်ပြေစေရန် ဟောင်ကောင်ဒေသအနီးရှိ ကျူးဟိုင် လေဆိပ်ကို (၅၅)% တိုးမြှင့်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဟောင်ကောင်လေဆိပ်တွင် အသုံးပြု မည့်သူများ၊ ဆက်သွယ်ရန် ကွန်ယက်လမ်းကြောင်းများရှိသော်လည်း ရှန်းကျန့်နှင့် ကွမ်ကျိုး ဒေသတို့တွင်မရှိကြောင်း၊ အကယ်၍ ဟောင်ကောင်ဒေသမှ ကုန်ပစ္စည်းများ ပို့ဆောင်မှု ကွင်းဆက်ကို အားလုံးမပို့နိုင်လျှင် ပုံစံအသစ်ဖြင့် ပြောင်းလဲပို့ဆောင်ကြမည် ဖြစ်ရာ ကမ္ဘာ့ ကပ်ရောဂါ COVID – 19ကြောင့် အဆိုပါဒေသများမှ ပြေးဆွဲနိုင်မှုများမှာ တစ်ပြေးညီဖြစ် သွားနိုင်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ COVID – 19 ဖြစ်ပွားမှုမှာ (၁)နှစ် သို့မဟုတ် (၂)နှစ်ခန့် ကြာမြင့်နေလျှင် ကုမ္ပဏီများသည် ကုန်ပစ္စည်းများပို့ဆောင်ရန် အခြားသော လမ်းကြောင်း များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံပေါင်း (၂၃၀)ကျော်သို့ ပို့ဆောင်နေသည့် ဟောင်ကောင်ဒေသအခြေစိုက် Freight Amigoသည် ဟောင်ကောင်ဒေသ အပြည်ပြည်ဆိုင် ရာလေဆိပ်အနေဖြင့် မဟာပင်လယ်ကွေ့ဒေသ၌ အချက်အချာကျသည့် လေဆိပ်အဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်လျက် ရှိကြောင်း သိရှိရပါသည်။
ဂျပန်နိုင်ငံ
၉။ ဂျပန်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း ကဏ္ဍစုံ ခြုံငုံသုံးသပ်ချက်အနေဖြင့် နိုင်ငံ၏ လူနေမှုပုံစံအသစ်နှင့် လိုက်လျောညီထွေဖြစ်စေနိုင်သည့် ခေတ်မီဒစ်ဂျစ်တယ် လူ့ ဘောင် အဖွဲ့အစည်းသို့ ပြောင်းလဲရေးအတွက် ဂျပန်အစိုးရသည် အထူးကြိုးပမ်းဆောင်ရွက် သွားရန် ပြင်ဆင်လျှက်ရှိရာ ကိုရိုနာကူးစက်ရောဂါသည် နိုင်ငံစီးပွားရေးကို များစွာ သက်ရောက်မှုရှိသဖြင့် ကူးစက်ရောဂါစောင့်ကြည့်လေ့လာမှုမှာ အရေးပါသည့် အချက် တစ်ချက် ဖြစ်သည့်အတွက် ဂျပန်နိုင်ငံအစိုးရအနေဖြင့် ရောဂါတိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်မှုနှင့်အတူ စီးပွားရေးနှင့် လူမှုရေးကဏ္ဍတို့တွင် ဟန်ချက်ညီမျှစွာ ဖွံ့ဖြိုးတိုး တက်လာစေရန် အထူးအလေးထား ကြိုးပမ်းနေ သကဲ့သို့ ကာဗွန်ကင်းစင်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ စီးပွားရေးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ် စနစ်အသုံးပြုမှုမြှင့်တင်ရေး၊ ထုတ်လုပ်မှုစွမ်းရည်နှင့် လုပ်ခလစာများ ဟန်ချက်ညီ မြင့်မား လာစေမည့်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေရေးအတွက် အစိုးရမှ တွန်းအားပေး ဆောင် ရွက်နေကြောင်း၊ နိုင်ငံ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင် အခြေအနေများ တည်ငြိမ် လာစေရန် ဘက်စုံမူဝါဒများချမှတ်ကာပံ့ပိုးဆောင်ရွက်နေသော်လည်း ယခုသုံးလ ပတ်ကာလ အတွင်း နိုင်ငံ၏စီးပွားရေးမှာ ဆက်လက်ထိုင်းမှိုင်းနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
၁၀။ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသုံးစွဲမှုအပိုင်းတွင် ကြီးမားစွာကျဆင်းနေပြီး ပြည် တွင်းစီးပွားရေး မတည်မငြိမ်ဖြစ်နေသောကြောင့် စီးပွားရေးလုပ်ငန်းအများစုအနေဖြင့် ရင်းနှီး မြှုပ်နှံမှုဆောင်ရွက်ရန် ရပ်ဆိုင်းနေသကဲ့သို့ နိုင်ငံ၏ထက်ဝက်ကျော်ရှိသည့် ပုဂ္ဂလိကစားသုံးမှု အခြေအနေသည်လည်း ကြီးမားစွာထိခိုက်ခဲ့ရကြောင်း၊ ကမ္ဘာတစ်လွှားပြန့်ပွားနေသည့် ကိုရိုနာ ကပ်ရောဂါဂယက်ကြောင့် အနာဂတ်ကာလ၌ ဂျပန်နိုင်ငံနှင့်အခြားနိုင်ငံများ၏ အလုပ်အကိုင်/ ဝင်ငွေ/ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု/ ဘဏ္ဍာရေးကဏ္ဍနှင့် အရင်းအနှီး ဈေးကွက်များကို ဆက်လက်ထိခိုက်လာနိုင်သဖြင့် အတက်အကျများကို အထူးအာရုံစိုက် လေ့လာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှုကြောင့် ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် ဆက်လက်အားနည်း နေမှုများ၊ ခရီးသွားလုပ်ငန်း ဆက်လက်ကျဆင်းနေမှုများ၊ ဒေသတွင်းပထဝီနိုင်ငံရေးအပိုင်း တင်းမာနေမှုများ၊ ရံဖန်ရံခါ ရင်ဆိုင် ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များ စသည် တို့ကြောင့် လက်ရှိဂျပန်နိုင်ငံ၏ စီးပွားရေးသည် ယခင်သုံးလပတ်ကာလများထက် အနည်းငယ် တိုးတက်လာသော်လည်း ကဏ္ဍစုံဖွံဖြိုးတိုးတက်မှုအနေဖြင့် ယခင်ကိုရိုနာ ကူးစက် ရောဂါမပြန့်ပွားမီကာလ ဖွံ့ဖြိုးတိုးတက်မှုအနေအထား မျိုးသို့ ပြန်လည် မရောက်ရှိ သေးဘဲ ဆက်လက် ထိုင်းမှိုင်းနေမည်ဖြစ်ကြောင်း သိရှိရပါသည်။
၁၁။ ဂျပန်နိုင်ငံ၏ အဓိကမိတ်ဖက်ပို့ကုန်တင်ပို့သည့်နိုင်ငံများနှင့် ကုန်သွယ်မှု ပြန်လည် ဆောင်ရွက်ခဲ့သည့်အတွက် မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ဆက်စပ်ပစ္စည်းတင်ပို့မှုများ ပြန်လည် မြင့်တက်လာခဲ့သည့်ဒေသများမှာ အာရှတိုက်နိုင်ငံများ၊ အမေရိကန် ပြည်ထောင်စု နှင့် ဥရောပ သမဂ္ဂနိုင်ငံများဖြစ်ကြကြောင်း၊ ဝန်ဆောင်မှုကုန်သွယ်ရေးဖြစ်သည့် ပြည်တွင်း/ ပြည်ပ ခရီးသွားလုပ်ငန်းသည် ကိုရိုနာကပ်ရောဂါပြန့်ပွားမှုဒဏ်ကြောင့် အထိနာခဲ့ပြီး နိုင်ငံ တကာ ခရီးသွား ဝင်ရောက်မှုသည် ဆက်လက်ကျဆင်းနေဆဲ ဖြစ်ကြောင်း၊ ပြည်တွင်း ခရီးသွားလုပ်ငန်း နာလန်ထူ လာစေရန် ပြည်တွင်းခရီးသွားလှုံ့ဆော်မှုအစီအစဉ်ဖြစ်သည့် “Go To Travel Campaing” ကို ဆောင်ရွက်နေသော်လည်း ပြည်တွင်း ကိုရိုနာ ကူးစက် ရောဂါပြန်လည် မြင့်တက်လာမှုများကြောင့် Osaka နှင့် Sapporo မြို့များကို နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်ကာအဆိုပါ အစီအစဉ်မှ ရပ်နားထားခဲ့ကြောင်း၊ ပြည်တွင်း ကူးစက်မှု များ နေ့စဉ်နှင့်အမျှ ဆက်လက်မြင့်တက် နေခြင်းကြောင့် ဒီဇင်ဘာလကုန်တွင်စတင်မည့် နှစ်ကူးအားလပ်ရက်တွင် ကူးစက်မှုများ ပိုမိုမြင့်မားလာနိုင်သည့် အတွက် အစိုးရ၏ ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ကာ ဂျပန်အစိုးရမှ ပြည်တွင်း ခရီးသွား လာမှု လှုံ့ဆော်ရေးအစီအစဉ် “Go To Travel Camping” ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ၂၈ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ဆိုင်းငံ့ထားမည် ဖြစ် ကြောင်း သိရှိရပါသည်။
၁၂။ ကာလတိုသုံးသပ်ချက်အနေဖြင့် ဂျပန်နိုင်ငံသည် ကိုရိုနာပြန့်ပွားမှုထိန်းချုပ်ရေး ဆောင် ရွက်ချက်များအရ နိုင်ငံတကာဝင်ထွက်မှုများပိတ်ထားခြင်း၊ စီးပွားဖြစ် နိုင်ငံတကာ လေကြောင်း ခရီးစဉ်အများစု ရပ်ဆိုင်းထားခြင်းတို့ကို ဆက်လက်ဆောင်ရွက်နေသော်လည်း အခြားသော နိုင်ငံတကာမိတ်ဖက်များ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ဆောင် ရွက်မှုများကြောင့် ပို့ကုန်ကဏ္ဍတွင် ပြန်လည်မြင့်တက်လာသော်လည်း အဆိုပါနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အားနည်းချက်/ အားသာချက်များကိုပါ ထည့်သွင်းစဉ်းစား ရမည်ဖြစ်ကြောင်း၊ အဓိက သွင်းကုန်မိတ် ဖက်နိုင်ငံများဖြစ်ကြသည့် အမေရိကန် ပြည်ထောင်စုနှင့် ဉရောပသမဂ္ဂနိုင်ငံများမှ သွင်းကုန်များဝင်ရောက်မှုအားနည်းနေပြီး ကာလ တို သုံးသပ်မျှော်မှန်းချက်အနေဖြင့် လူမှုစီးပွား ရေး ဆောင်ရွက်ချက်များ ပြန်လည် စတင် နေပြီဖြစ်၍ သွင်းကုန်ကဏ္ဍ ပြန်လည်မြင့်တက်လာနိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရှိရ ပါသည်။
စင်ကာပူနိုင်ငံ
၁၃။ စင်ကာပူနိုင်ငံ၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ နိုင်ငံစီးပွားရေးသည် ၂၀၂၀ ခုနှစ်၊ စတုတ္ထ(၃) လပတ်တွင် ၃.၈ ရာခိုင်နှုန်းသာ ကျဆင်းခဲ့ရာ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန၏ ကြိုတင် ခန့်မှန်းချက်ဖြစ်သော ၂၀၂၀ ခုနှစ်တွင် ၆ ရာခိုင်နှုန်းမှ ၆.၅ ရာခိုင်နှုန်းကြား ကျဆင်းနိုင်သည်ဆိုသည်ခန့်မှန်းချက်ထက် ရလဒ်ကောင်းမွန်ခဲ့ကြောင်း၊ ယခု ကဲ့သို့ ၂၀၂၀ ခုနှစ် စတုတ္ထ (၃)လပတ်အတွင်းနှင့် ၂၀၂၀ ခုနှစ်တစ်နှစ်လုံးအတွက် စင်ကာပူ၏ စီးပွားရေးအခြေအနေကို ခန့်မှန်းရာတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ရရှိခဲ့သော စာရင်းအချက်အလက်များကိုသာ အဓိကထည့်သွင်းတွက်ချက် ထားပါကြောင်း နှင့် ပိုမိုပြည့်စုံသော စာရင်းအချက်အလက်များရရှိချိန်တွင် စာရင်းပြန်လည် ညှိနှိုင်းချက်များ ပြုလုပ်၍ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ စီးပွားရေး တိုးတက်မှုနှုန်းကို တွက်ချက် တိုင်းတာသည့် လုပ်ငန်းကဏ္ဍအလိုက် တိုးတက်ပြောင်းလဲမှု အခြေအနေများတွင် ကုန်ထုတ် လုပ်မှု လုပ်ငန်းကဏ္ဍ၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ၊ ငွေရေး ကြေးရေးနှင့် အာမခံလုပ်ငန်းကဏ္ဍတို့မှာ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်သော်လည်း ၂၀၁၉ ခုနှစ် ထက်ပင် တိုးတက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ သို့ရာတွင် ကိုဗစ် ၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံများကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင် ထိန်းသိမ်းရေးလုပ်ငန်းကဏ္ဍ၊ တည်းခိုနေထိုင်မှုနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍ၊ လက်လီရောင်းဝယ်ရေးနှင့် လက်ကားကုန်သွယ်ရေးလုပ်ငန်းကဏ္ဍနှင့် စီးပွားရေး လုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတို့မှာ ထိခိုက်မှုများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရှိရပါ သည်။
အီးယူနှင့်ဗြိတိန်နိုင်ငံ
၁၄။ အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား ဗြိတိန်ခွဲထွက်မှုအလွန် ကုန်သွယ်မှု သဘောတူ ညီချက်ရရှိခဲ့ကြောင်း ၂၄-၁၂-၂၀၂၀ နေ့တွင်ကြေညာခဲ့ပြီး အီးယူ-ဗြိတိန် ကုန်သွယ်မှုသဘော တူညီချက်သည် ဥရောပ၏အကျိုးစီးပွားဖြစ်သကဲ့သို့ ဗြိတိန်နိုင်ငံ၏အကျိုးစီးပွားလည်း ဖြစ် ကြောင်း၊ ဗြိတိန်နိုင်ငံသည် အီးယူအတွက် တတိယနိုင်ငံတစ်နိုင်ငံဖြစ်သွားသော်လည်း တူညီ သော တန်ဖိုးစံနှုန်းများနှင့် အကျိုးစီးပွားများကိုမျှဝေလျှက် မိတ်ဖက်အဖြစ် ဆက်လက် တည် ရှိနေမည်ဖြစ်ကြောင်း၊ အီးယူနှင့်ဗြိတိန်နိုင်ငံတို့အနေဖြင့် ကမ္ဘာ့လုံးဆိုင်ရာ ဘုံရည်မှန်းချက် များအတွက် အတူတကွရပ်တည် သွားမည်ဖြစ်ကြောင်း၊ ဥရောပကော်မရှင်၏ ၂၄-၁၂-၂၀၂၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် အီးယူ-ဗြိတိန်ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သည် ဥရောပ၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ မျှတသော ယှဉ်ပြိုင်မှုကို သေချာစေခြင်းနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် နယ်ပယ်များတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ခြင်း ဟူသောခေါင်းဖြင့် ဖော်ပြထားကြောင်း၊ ၎င်း သဘောတူညီချက် (မူကြမ်း)တွင် အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီ ချက်( Free Trade Agreement)နှစ်ဖက်နိုင်ငံသားများ၏ လုံခြုံမှုအတွက် မိတ်ဖက် ပြုစုမှုနှင့် စီးပွားရေးလုပ်ငန်းများ၊ စားသုံးသူများနှင့် နိုင်ငံသားများ၏ ရပိုင်ခွင့်များ သေချာစေရေး နှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဘက်ညီမျှတစွာ ယှဉ်ပြိုင်နိုင်စေရေး၊ အငြင်းပွားမှု ဖြေရှင်း ရေးယန္တရားလုပ်ငန်းစဉ်များ စသည်တို့အတွက် စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာသဘောတူညီခြင်း စသည့် မဏ္ဍိုင် (၃) ရပ် ပါဝင်ကြောင်းသိရှိရပါသည်။
၁၅။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ဗြိတိန်နိုင်ငံသည် အီးယူတစ်ခုတည်း သော စျေးကွက်နှင့် အကောက်ခွန်သမဂ္ဂ၊ အီးယူ၏ မူဝါဒများနှင့် နိုင်ငံတကာ သဘောတူ ညီချက်များမှ ထွက်ခွာမည်ဖြစ်ပြီး၊ အီးယူနှင့်ဗြိတိန်နိုင်ငံတို့အကြား လူပုဂ္ဂိုလ်များ၊ကုန်စည် နှင့် ဝန်ဆောင်မှုများ၊ အရင်းအနှီးများ လွတ်လပ်စွာရွေ့ပြောင်းသွားလာနိုင်မှုသည် အဆုံး သတ်မည်ဖြစ်ကြောင်း၊ အီးယူနှင့်ဗြိတိန်နိုင်ငံတို့သည် ၎င်းတို့၏သီးခြားလုပ်ထုံးလုပ်နည်းများ၊ ဉပဒေများနှင့်အတူသီးခြား စျေးကွက်နှစ်ခုအဖြစ် ရပ်တည်ကြမည်ဖြစ်ရာ နှစ်ဘက်အကြား ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ ကုန်သွယ်ခြင်း၊ နယ်စပ်ဖြတ်ကျော်သွားလာခြင်းတို့တွင် ယခင်ကနှင့်မတူဘဲ အတားအဆီး များရှိ လာ မည ဖြစ်ကြောင်းကိုသိရှိရပါသည်။
၁၆။ အဆိုပါ အီးယူ-ဗြိတိန်ကုန်သွယ်မှုသဘောတူညီချက်ကို အီးယူအဖွဲ့ဝင်(၂၇)နိုင်ငံမှ သံ အမတ်ကြီးများက၂၈.၁၂.၂၀၂၀နေ့တွင် တညီတညွတ်တည်းအတည်ပြုခဲ့ကြပြီး ဗြိတိန် ပါလီမန် က ၃၀.၁၂.၂၀၂၀နေ့တွင် ယင်းသဘောတူညီချက်ကို အတည်ပြုသွားရန်ရှိကြောင်း၊ အီးယူဘက်တွင် အဆိုပါသဘောတူညီချက်ကို ဉရောပပါလီမန်က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လတွင် မဲခွဲဆုံးဖြတ်မည် ဖြစ်သော်လည်း အီးယူ၏လုပ်ထုံးလုပ်နည်းများအရ သဘော တူညီ ချက်သည် ယင်းကာလမတိုင်မီတွင် ယာယီအနေဖြင့် အသက်ဝင်နိုင်ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ
၁၇။ အိန္ဒိယမှာ မြန်မာမတ်ပဲ၊ ကုလားပဲနဲ့ ပဲတီစိမ်း စျေးနှုန်းတွေဆက်တက်ခဲ့ပြီး ပဲစဉ်းငုံနဲ့ ပဲရာဇာများမှာ ဈေးများပြန်ကြခဲ့ပါကြောင်း၊ အိန္ဒိယ၏ ဆောင်းရာသီကာလမှာ ဟင်းသီး ဟင်းရွက်တွေ စျေးချိုလာသည့်အတွက်ကြောင့် ပဲမျိုးစုံစားသုံးမှုလျော့ကျပြီး အသင့်စား ခွဲခြမ်းပဲဝယ်လိုအား နည်းပါနေတယ်လို့လည်း သိရှိရပါသည်။ အရင်အပတ်က အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းတွင် ပဲခွဲစက်များက လတ်တလောလိုအပ်ချက်အရ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ ပြည်ပက တင်သွင်းထားတဲ့ မတ်ပဲလက်ကျန်နည်းပါးနေတာတွေကြောင့် မြန်မာ့မတ်ပဲ FAQ ဟာ ၁၀၀ ရူပီမြင့်တက်ပြီး တစ်ကွမ်တယ်(၁၀၀ ကီလိုဂရမ်)ကို ၇၂၀၀ ရူပီးစျေးနှုန်းများ ဖြစ်ပေါ်လာ ခဲ့ပါသည်။
၁၈။ ချန်နိုင်းစျေးကွက်တွင် မြန်မာမတ်ပဲ FAQ ဟာ ၇၃၀၀ ရူပီးမှာစျေးဆက်ငြိမ်နေခဲ့ပြီး SQ တစ်မျိုးပဲ ၁၀၀ ရူပီးမြင့်တက်ပြီးတော့ ၈၀၀၀ ရူပီးစျေးဖြစ်လာခဲ့ပြီး၊ တစ်ချိန် တည်း တွင်လည်း လက်လီ လက်ကားအရောင်းဆိုင်တွေမှာ ခွဲခြမ်းသန့်စင်ပြီး မတ်ပဲတွေကို ဝယ်လို အားနည်းလာကြောင်း သိရှရပါသည်။ ပြည်တွင်းပဲစျေးကွက်တစ်ချို့မှာ မတ်ပဲအသစ်တွေ ဝင်လာချိန်တွင် အစိုးရပိုင် အေဂျင်စီက မိုးစိုက်မတ်ပဲလက်ကျန်အဟောင်းတွေကို ခပ်သွက် သွက် ထုတ်ရောင်းနေပါကြောင်း၊ ဒီလလယ်နဲ့ နောက်လကုန်လောက်တွင် အိန္ဒိယမှာ မတ်ပဲ အသစ်တွေပိုပြီး အဝင်များလာနိုင်ပါကြောင်း၊ မတ်ပဲစျေးမြင့်တက်ခဲ့ပေမယ့် ယခင် အပတ် မွန်ဘိုင်းစျေးကွက်က မြန်မာပဲစဉ်းငုံလီမွန်အနေဖြင့် စျေးအတက်မှာ ပဲခွဲစက်များက ပြန်လည်ဝယ်ယူထိန်းခဲ့သည့်အတွက်ကြောင့် ၁၀၀ ရူပီး ပြန်ကျပြီး တစ်ကွမ်တယ်ကို ၅၆၀၀ ရူပီး စျေးပဲရှိခဲ့ပါသည်။ အိန္ဒိယပဲစဉ်းငုံစျေးကလည်း ၅၀ ရူပီးကျပြီး ၆၀၀၀-၆၀၅၀ ရူပီး ဝန်း ကျင်စျေးရှိခဲ့ပါသည်။ အိန္ဒိယမှာ ပဲစဉ်းငုံသစ်တွေ စျေးကွက်ထဲဆက်တိုက်ဝင်လာကာ အစိုးရက ပဲစဉ်းငုံ ဟောင်း လက် ကန်တွေကို ခပ်သုတ်သုတ်ရောင်းထုတ်နေတာနဲ့ စျေးချိုတဲ့ အာဖရိကပဲ စဉ်းငုံတွေ လက်ကျန် ရှိနေတာကြောင့် ပဲစဉ်းငုံစျေးကွက်မှာ ဖိအားတွေ ဆက် များ နေမယ့် သဘောရှိပါသည်။
၁၉။ ကာနာတာကာပြည်နယ်တွင် ဒေသအစိုးရအဖွဲ့အစည်းများက အရင်နှစ် လက်ကျန် ပဲစဉ်းငုံ ဟောင်းတွေကို အနိမ့်ဆုံးသတ်မှတ်စျေး MSP အောက်နဲ့တောင် ချရောင်း လာသည့်အတွက်ကြောင့် စျေးလျှော့ရောင်းရမှာကို တောင်သူတွေစိုးရိမ်တကြီးဖြစ်လာကြပါ သည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယက ပဲစဉ်းငုံအများဆုံးစိုက်တဲ့ဒေသတွေမှာ တိမ်ထူပြီး မိုးရွာလို့ရာသီဥတု မကောင်းမှာ စိုးရိမ်စရာဖြစ်လာပါတယ်။ ရာသီဥတုမကောင်းလို ပဲစဉ်းငုံ သစ်အဝင်နောက်ကျမှာနဲ့ အရည်အသွေးအပေါ်မှာရှိလာနိုင်ပါသည်။ အထွက်နှုန်း နည်း မယ်လို့ ခန့်မှန်းရတဲ့အတွက် စျေးကွက်ထဲဝင်တဲ့ ပဲစဉ်းငုံသစ်တွေကလည်း မျှော်လင့်သလို မများနိုင်ဘဲ အရင်နှစ်ထက်လည်း လျော့နည်းသွားဖွယ်ရှိနေပါတယ်။ ကုန်သည် တွေကလည်း ပဲစဉ်းငုံစိုက်တဲ့ဒေသကနေပဲအဝင် ဘယ်လောက်ရှိမလဲဆိုတာကိုပဲ စောင့်ကြည့်နေကြပါ သည်။မဟာရာသျှတ္တရာပြည်နယ်၊ တစ်ချို့ဒေသက ထွက်လာတဲ့ ပဲစဉ်းငုံသစ်တွေမှာဆိုရင် အစိုဓာတ် ၁၇-၂၂ % ထိ ပါဝင်နေပြီး အရောအနှောက ၃-၄ % လောက် ပါနေပါကြောင်း၊ အိန္ဒိယ အစိုးရက ပဲစဉ်းငုံသစ်တွေကို MSP စျေး ၆၀၀၀ ရူပီးနဲ့ ဒီလထဲမှာ စဝယ်ပေးမယ် လို့ခန့်မှန်းနေကြပြီး၊ အစိုးရလက်ထဲမှာလည်း ပဲစဉ်းငုံဟောင်းတွေ လက်ကျန်နည်းနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ဆန်၊ ဆန်ကွဲ ထုတ်လုပ်မှု၊ ဈေးနှုန်း၊ဈေးကွက် အခြေအနေလေ့လာသုံးသပ်တင်ပြခြင်း
၁။ စိုက်ပျိုးထုတ်လုပ်မှု။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်း အရ ၂၀၂၀-၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်ဧက (၁၄၉၂၆၇၁၀) စိုက်ပျိုးထားရှိခဲ့ရာ ၃၀.၁၁.၂၀၂၀ ရက်နေ့ အထိ (၈၀၄၇၆၀၀)ဧက ၊ ရာခိုင်နှုန်းအားဖြင့်(၅၃.၉၁% )ရိတ်သိမ်းပြီးဖြစ်ပါသည်။ တစ်ဧကပျမ်းမျှ အထွက်နှုန်း(၇၄.၂၅)တင်းဖြင့် စပါးတင်းပေါင်း (၅၉၇၅၀၃၂၀၉) တင်း ထွက်ရှိနေပြီဖြစ်ပါသည်။ ထွက်ရှိသည့် စပါးတင်းများအား သုံးစွဲမှုစပါးတင်း (မျိုး၊ အလေအလွင့်) နှုတ်ပါယ်ပါက စပါးတင်း (၅၄၉၇၂၄၆၉၃)ခန့်ကျန်ရှိပါသည်။
၂။ ပြည်ပတင်ပို့နိုင်မှု။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁.၁၀.၂၀၂၀ မှ ၁၈.၁၂.၂၀၂၀ ) ရက်နေ့ထိ နိုင်ငံပေါင်း(၂၈)နိုင်ငံသို့ ဆန်တန်ချိန် (၃၄၅၅၉၇)၊ တန်ဘိုး(၁၃၈.၁၆၁) USD သန်း တင်ပို့ခဲ့ပြီး၊ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ပိုလန်၊ ဗီယက်နမ်နိုင်ငံများသို့ အများဆုံးတင်ပို့နေ ရကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်အလားတူကာလတွင် ဆန်တန်ချိန် (၅၄၇၆၃၉)၊ တန်ဘိုး (၁၆၄.၁၆၅) USD သန်း တင်ပို့ခဲ့သဖြင့် ယခင်နှစ်ထက် ဆန်တန်ချိန် (၂၀၂၀၄၂)၊ တန်ဘိုး (၂၆.၀၀၄) USD သန်း လျော့နည်းတင်ပို့ခဲ့ပါသည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် (၁.၁၀.၂၀၂၀ မှ ၁၈.၁၂.၂၀၂၀ )ရက်နေ့ထိ နိုင်ငံပေါင်း(၁၇)နိုင်ငံသို့ တန်ချိန်(၁၇၅၂၈၇)၊ တန်ဘိုး (၅၈.၃၇၂) USD သန်း တင်ပို့ခဲ့ပြီး၊ တရုတ်၊ ဘယ်ဂျီယံ၊ ထိုင်း၊ အင်ဒိုနီးရှား၊ နယ်သာလန်နိုင်ငံများသို့ အများဆုံးတင်ပို့နေရကြောင်း တွေ့ရှိရပါ သည်။ ယခင်နှစ်အလားတူကာလတွင် ဆန်ကွဲတန်ချိန် (၂၇၀၀၇၀)၊ တန်ဘိုး(၇၀.၂၃၁) USDသန်း တင်ပို့ခဲ့ သဖြင့် ယခင်နှစ်ထက် ဆန်ကွဲတန်ချိန် (၉၄၇၈၂)၊ တန်ဘိုး (၁၁.၈၅၉) USDသန်းလျော့နည်း တင်ပို့ခဲ့ ပါသည်။
ဈေးနှုန်း၊ဈေးကွက်အခြေအနေ
၃။ စပါး၊ ဆန် အဓိက စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချနေသည့် မြို့ကြီးများ၏ စပါးဈေးနှုန်းမှာ (၄၆)ပေါင်ကိုက် တင်း(၁၀၀)လျှင် ပုသိမ်တွင် ၆၄၄၀၀ဝိ/-၊ ပဲခူးတွင် ၆၁၆၀၀ဝိ/-၊ ရန်ကုန်(သန်လျင်) တွင် ၆၀၄၀၀ဝိ/-ကျပ် ဈေးရှိ၍ ယခင်နှစ်ထက် ပုသိမ်တွင် ၁၆၆၀၀ဝိ/-၊ ပဲခူးတွင် ၁၁၆၀၀ဝိ/-၊ ရန်ကုန် (သန်လျင်)တွင် ၁၂၄၀၀ဝိ/-ကျပ် မြင့်တက်နေ ကြောင်းတွေ့ရှိရပါသည်။ ဧည့်မထဆန် တစ်အိတ် ဈေးနှုန်းမှာ ပုသိမ်တွင် ၂၅၀၀ဝိ/-၊ ပဲခူးတွင် ၂၄၀၀ဝိ/-၊ ရန်ကုန်(သန်လျင်)တွင် ၂၃၅၀ဝိ/-ကျပ် ဈေးရှိ၍ ယခင်နှစ်ထက် ပုသိမ်တွင် ၆၀၀ဝိ/-၊ ပဲခူးတွင် ၆၀၀ဝိ/-၊ ရန်ကုန်(သန်လျင်)တွင် ၆၅၀ဝိ/-ကျပ် မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ ဆန်ကွဲတစ်အိတ်ဈေးမှာ ပုသိမ်တွင် (A1 Extra ) ၁၉၈၀ဝိ/-၊ (B 1,2 ) ၁၈၅၀ဝိ/-၊ ( B 2,3,4) ၁၈၀၀ဝိ/-ကျပ်၊ ပဲခူးတွင် (A1 Extra ) ၂၂၀၀ဝိ/-မှ ၂၂၅၀ဝိ/- ၊ (B 1,2 ) ၁၉၅၀ဝိ/-မှ ၂၀၀၀ဝိ/-၊ ( B 2,3,4) ၁၈၀၀ဝိ/-မှ ၁၈၅၀ဝိ/-၊ ရန်ကုန်(ဝါးတန်း)တွင် (B 1,2 ) ၁၉၇၀ဝိ/-၊ ( B 2,3,4)၁၈၇၀ဝိ/-ကျပ်ဈေးရှိ ပြီး ယခင်နှစ်ထက် ဈေးနှုန်းမြင့်တက်နေကြောင်း သိရပါသည်။
၄။ ယခုနှစ် မိုးစပါးရာသီတွင် စတင်စိုက်ပျိုးချိန်၌ မိုးရေလုံလောက်စွာမရရှိခြင်း၊ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုကြောင့် စပါးများပျက်စီးခဲ့သဖြင့် အထွက်နှုန်းလျော့နည်းနိုင်ခြင်း၊ တရုတ်နိုင်ငံမှ ဆန်၊ ဆန်ကွဲဝယ်လိုအားမြင့်တက်မှုကြောင့် ဆန်ထွက်ပစ္စည်းဈေးပိုမိုရရှိ၍ ကြိတ်ခွဲမှုတွက်ခြေကိုက်သဖြင့် စပါးရရှိရေး မန္တလေး၊ မတ္တရာဖက်မှ ကုန်သည်များ နယ်ဆင်းဝယ်ယူမှုရှိနေခြင်း၊ ဒေသခံကုန်များ ဈေးပေးဝယ်ယူမှုကြောင့် စပါး၊ ဆန်ဈေး ယခင်နှစ်ထက် မြင့်တက်ကြောင်း သိရပါသည်။
၅။ ပြည်တွင်းစပါးဈေး၊ ဆန်ဈေးမြင့် တက်နေသဖြင့် နိုင်ငံတကာဈေးကွက်တွင် အိန္ဒိယနိုင်ငံနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်းမရှိ၍ ယခုအချိန်ထိ အာဖရိက ဈေးကွက်ဝယ်လိုအား တက်လာခြင်းမရှိ ကြောင်းသိရပါသည်။ သို့သော် တရုတ်နိုင်ငံသည် ရေကြီးရေလျှံမုန်တိုင်းဒဏ်ခံခဲ့ရ၍ ဆန်စပါးအများ အပြားပျက်စီးကာ အထွက်နှုန်းများစွာလျော့၍ လိုအပ်ချက်မြင့်မားနေသည့်အတွက် မဖြစ်မနေ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ ဝယ်ယူရမည့် အခြေအနေတွင်ရှိကြောင်း သိရပါသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံသည်လည်း နိုဝင်ဘာလကုန်ဝန်းကျင်က မုန်တိုင်းဒဏ်ခံခဲ့ရ သဖြင့် ပြည်နယ်တစ်ခုထဲပင် စပါးဟက်တာ (၆.၅၉)သန်းကျော် ပျက်စီးခဲ့ပြီး ပြည်နယ်(၁၈)ခုထိခိုက်မှု ခဲ့၍ ဆန်ဈေးနှုန်းမြင့်တက်လျှက်ရှိရာ တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်မှု အရေအတွက်အကန့်အသတ်ရှိလာနိုင်ကြောင်း သိရပါသည်။ ပြည်တွင်းထုတ်လုပ်မှုအားနည်းချိန် ပြည်ပတင်ပို့မှု နည်း ခြင်းက ဈေးကွက်မျှခြေတစ်ခုဖြစ်လာကြောင်း ဆန်ကုန်သည်များအသိုင်းအဝန်းမှ သိရှိရပါသည်။