ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ထိုင်းနိုင်ငံဆန်တင်ပို့မှုနှစ်စဉ်ရည်မှန်းချက်ပြည့်မီနိုင်

          လွန်ခဲ့သည့်နှစ်ထက်တန်ဖိုး ၄၀ ရာခိုင်နှုန်းကျဆင်းသော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ရည်မှန်းချက်ဖြစ်သည့် တန်ချိန် ၇.၅ သန်း ပြည့်မီနိုင်သည့်လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်းက ပြောကြားခဲ့ပါသည်။ အသင်း၏ဂုဏ်ထူး ဆောင်ဥက္ကဌဖြစ်သူ Chookiat Ophaswongse က ယခုနှစ်၏ ပထမ ၉ လတွင် နိုင်ငံသည် ဆန်တန်ချိန် ၅.၉ သန်းတင်ပို့ခဲ့ပြီး နှစ်စဉ်ပို့ကုန်ရည်မှန်းချက်ပြည့်မီရန် ယခုနှစ်၏ စတုတ္ထ ၃ လ ပတ်ကာလတွင် တစ်လလျှင်ပျမ်းမျှ တန်ချိန် ၅၀၀၀၀၀ ကျော်တင်ပို့ရန်လိုအပ်ကြောင်း ပြောကြား ခဲ့ပါသည်။ အကယ်၍ထိုင်းသည် ထိုကာလအတွင်း တစ်လလျှင်တန်ချိန် ၆၀၀၀၀၀ တင်ပို့နိုင်ပါက စုစုပေါင်းတင်ပို့မှုမှာ တန်ချိန် ၈ သန်းအထိရောက်ရှိနိုင်ကြောင်း သိရပါသည်။ သို့သော် ရောင်းလို အားများပြားသော်လည်း ဝယ်လိုအားကျဆင်းမှုကြောင့် ယခုနှစ်ကမ္ဘာ့ဆန်ဈေးကွက်သည် ၂၀၂၄ ခုနှစ်ကထက်ဆိုးရွားနိုင်ကြောင်း သိရပါသည်။ ဒေသတွင်းအဓိကဆန်တင်သွင်းသူများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့သည် ပြည်တွင်းထုတ်လုပ်မှုလုံလောက်မှုနှင့် ပြည်တွင်းဆန်ဈေးကွက် များတည်ငြိမ်ရန်လိုအပ်သောကြောင့် ၎င်းတို့၏တင်သွင်းမှုများကို ရပ်တန့်ထားကြောင်း သိရပါသည်။ ဖိလစ်ပိုင်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဆန်တန်ချိန် ၃၀၀၀၀၀ တင်သွင်းရန်စီစဉ်ခဲ့သော်လည်း ယခုအခါဖေဖော်ဝါရီလမှ ဧပြီလထိ ၃ လတင်သွင်းမှုပိတ်ပင်ခဲ့ကြောင်း သိရပါသည်။ ထိုအချက်များသည် ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများကျဆင်းမှုကိုဖြစ်ပေါ်စေခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ ၅% ဆန်ဖြူသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀၊ မြန်မာဆန်က အမေရိကန်ဒေါ်လာ ၃၁၀၊ ပါကစ္စတန်ဆန်က အမေရိကန်ဒေါ်လာ ၃၃၀၊ အိန္ဒိယဆန်က အမေရိ ကန်ဒေါ်လာ ၃၃၀ နှင့် ဗီယက်နမ်ဆန်က အမေရိကန်ဒေါ်လာ ၃၆၀ ဈေးနှုန်းရှိကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၉ လတွင် ဗီယက်နမ်သည်ဆန်တန်ချိန် ၆.၈ သန်းတင်ပို့ခဲ့ပြီး အိန္ဒိယက တန်ချိန် ၁၈ သန်းတင်ပို့ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် ယခုနှစ်တွင် တန်ချိန် ၂၂-၂၃ သန်းနှင့် ဗီယက်နမ်သည် တန်ချိန် ၈.၅ သန်းတင်ပို့ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ထိုင်းဆန်သည် ၂၀၂၄ ခုနှစ်တွင် တစ်တန်လျှင် ပျမ်းမျှအမေရိကန်‌ဒေါ်လာ ၅၀၀ မှ ယခုနှစ်တွင် အမေရိကန် ‌ဒေါ်လာ ၃၄၀ ပတ်လည်အထိကျဆင်းခဲ့ကြောင်း သိရပါသည်။ Mr Chookiat က ထိုင်း hom mali ဆန်နှင့် ပေါင်းဆန်တို့သည် ယခုနှစ်တွင် စွမ်းရည်ကောင်းနေကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်ဈေးကွက်တွင် ထိုင်း hom mali ဆန်အတွက် ဝယ်လိုအားကောင်းနေပြီး ဝယ်ယူသူများသည် ထရမ့်အကောက်ခွန်သက်ရောက်မှုအလားအလာကိုစိုးရိမ်မှုကြောင့် ဝယ်ယူစုဆောင်းနေကြောင်း သိရပါသည်။ အမေရိကန်သည် နှစ်စဉ်ထိုင်းနိုင်ငံထံမှ ဆန်တန်ချိန် ၈၃၀၀၀၀ တင်သွင်းပြီး ထိုပမာဏထဲမှ တန်ချိန် ၆၅၀၀၀၀ သည် hom mali ဆန်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၉.၉၅ သန်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်‌ဒေါ်လာ၆.၄၃ သန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post 

DOCA (ရန်ကုန်)                                                                          

ထိုင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များက ပို့ကုန်ကြီးထွားနှုန်း ၅ ရာခိုင်နှုန်းခန့်မှန်း

          ထိုင်းနိုင်ငံကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များကောင်စီ (TNSC) က ၂၀၂၅ ခုနှစ်၏ စတုတ္ထ ၃ လပတ်ကာလတွင် နှေးကွေးရန်အလားအလာရှိသော်လည်း ယခုနှစ်တွင် နိုင်ငံ၏တင်ပို့မှု သည် ၅ ရာခိုင်နှုန်းမြင့်တက်နိုင်မည်ဟု ယုံကြည်မှုရှိနေကြောင်း သိရပါသည်။ ကောင်စီ၏ ဥက္ကဌ ဖြစ်သူ Dhanakorn Kasetrsuwan က၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် စုစုပေါင်းတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂၃.၂ ဘီလီယံဖြင့် ၁၃.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုမှာ အမေရိကန် ‌ဒေါ်လာ ၂၂၄.၉ ဘီလီယံဖြင့် ၁၁.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပထမနှင့် ဒုတိယ ၃ လပတ်ကာလများတွင်ကြီးထွားမှုအားကောင်းခဲ့သောကြောင့် ကောင်စီသည် ယခုနှစ်အတွက် ပို့ကုန်ကြီးထွားနှုန်းကို ၃ မှ ၅ ရာခိုင်နှုန်းကြားရရှိမည်ဟု ယုံကြည်ချက်ရှိနေကြောင်း သိရပါသည်။ သို့သော်အဖွဲ့ဝင်များကယခုနှစ်လက်ကျန်ကာလနှင့် ၂၀၂၆ အတွင်းတင်ပို့မှုကိုသက်ရောက်စေသည့် များစွာသောစွန့်စားရမှုများကို စောင့်ကြည့်နေကြောင်း သိရပါသည်။ အဓိကတစ်ချက်မှာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကိုမတည်မငြိမ်ဖြစ်စေသည့် အမေရိကန်၏အကောက်ခွန်များဖြစ်ကြောင်း သိရပါသည်။ အခြားစိုးရိမ်စရာများတွင် ဘတ်ငွေတန်ဖိုးတက်ခြင်း၊ အသေးစားစီးပွားရေး လုပ်ငန်းများအတွက် ချေးငွေရရှိမှုအကန့်အသတ်ရှိနေခြင်းနှင့် တင်ပို့မည့်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းအတွက် ကုန်ကြမ်းပစ္စည်းများရှားပါးခြင်းတို့ဖြစ်ကြောင်း သိရပါသည်။ Mr Dhanakorn က ပို့ကုန်လုပ်ငန်းရှင်များ ကုန်ကျစရိတ်ကန့်သတ်နိုင်ရန်ကူညီပေးမည့် ဒေသတွင်း ငွေကြေးများနှင့်ချိန်ညှိနိုင်မည့် ဘတ်ငွေတည်ငြိမ်မှုကို အဓိကထားဆောင်ရွက်နေသည့် အစိုးရအပေါ် ကောင်စီကအသိအမှတ်ပြုကြောင်းနှင့် ဘတ်ငွေကို တစ်ဒေါ်လာလျှင် ၃၃ မှ ၃၄ ဘတ်ကြား တန်ဖိုးရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ TNSC က အစိုးရကို စီးပွားရေးလည်ပတ်မှု ကုန်ကျစရိတ်များ လျှော့ချပေးရန် တောင်းဆိုထားကြောင်း သိရပါသည်။ ၎င်းတို့တွင် အတိုးနှုန်း မူဝါဒများပြန်လည်ဆန်းစစ်ရန်၊ စီးပွားရေးဘဏ်ချေးငွေနှုန်းများ၊ လုပ်သားနှင့် စွမ်းအင်ကုန်ကျ စရိတ်တို့ပါဝင်ကြောင်း သိရပါသည်။ ကောင်စီကအစိုးရကို ဥပဒေသစ်များဆွေးနွေးရာတွင် ရှု့ထောင့်အားလုံးမှ စဉ်းစားနိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များပါဝင်ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ အလားအလာရှိသော်လည်း မတည်ငွေကင်းမဲ့နေသည့်SME လုပ်ငန်းများကို ပံ့ပိုးရန်အတွက် ကောင်စီက ပူးတွဲရင်းနှီးမြှုပ်နှံမှု ဘဏ္ဍာငွေချမှတ်ရန် အကြံပြုခဲ့ကြောင်း သိရပါသည်။ ထို့ပြင်ကောင်စီက အစိုးရကို ထောင်ပံ့ပို့ဆောင်ရေးကိစ္စရပ်များ အထူးသဖြင့် Laem Chabang ဆိပ်ကမ်းတွင် ပိတ်ဆို့မှုကိုဖြေရှင်းရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် မလေးရှားတို့သည် စားနပ်ရိက္ခာဖူလုံရေးနှင့် မြှင့်တင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာ

           ကမ္ဘောဒီးယား စိုက်ပျိုးရေးဝန်ကြီး Dith Tina သည် မလေးရှားနိုင်ငံ ဒုတိယဝန်ကြီး Datuk Dr Abdul Rahman Junaidi နှင့် ကမ္ဘောဒီးယားနှင့် Sarawak ပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုအခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့သည် စားနပ်ရိက္ခာဖူလုံရေးနှင့် စျေးကွက်ချဲ့ထွင်ရေးတို့ကို အဓိကထား၍ စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ရန် ကတိပြုခဲ့ကြသည်။ ဝန်ကြီး Tina သည် Sarawak ပြည်နယ်၏ စားနပ်ရိက္ခာ ထောက်ပံ့မှုကိုမြှင့်တင်ရန် ကမ္ဘောဒီးယား ဆန်နှင့် အသားထွက်ကုန်များ တင်သွင်းနိုင်ခြေကို Sarawak ပြည်နယ်၏ စိတ်ဝင်စားမှုကို ကြိုဆိုကြောင်း၊ ကမ္ဘောဒီးယား၏ လယ်ယာလုပ်ငန်းနှင့် ပို့ကုန်များတွင် အလားအလာကောင်းများနှင့်နှစ်နိုင်ငံအတွက် အားသာချက်များကို အလေးပေးပြောကြားခဲ့ သည်။ ဆန်စပါးထုတ်လုပ်မှုနှင့် ကုန်သွယ်မှု အားကောင်းစေရန်၊ လယ်ယာတန်ဖိုးကွင်းဆက်များတွင် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီးပွားရေးချိတ်ဆက်မှုများ အဆင်ပြေချောမွေ့စေရန် သဘောတူညီချက်များ ရယူခဲ့သည်။  ကမ္ဘောဒီးယားသည် Sarawak ပြည်နယ်သို့ စိုက်ပျိုးရေးထွက်ကုန်များ ထောက်ပံ့ပေးရန်နှင့် ၎င်း၏ စိုက်ပျိုးရေးကဏ္ဍတွင် မလေးရှားရင်းနှီးမြှုပ်နှံမှုကို ထောက်ပံ့ရန် အဆင်သင့်ရှိနေကြောင်း Dith Tina က ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တောင်ကိုရီးယားခရီးသွားများ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့

         ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သည့် တောင်ကိုရီးယားနိုင်ငံသား အရေအတွက်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ (၉) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့ (KTO) ၏ စာရင်းဇယားများအရ သိရသည်။ KTO ၏ အချက်အလက်များအရ လက်ရှိနှစ်၏ ပထမခုနစ်လတာကာလအတွင်း နိုင်ငံတော်သို့ ကိုရီးယား ခရီးသွားဝင်ရောက်မှု တိုးပွားလာမှုအရေအတွက်မှာ ၁၀၆,၆၈၆ ရှိပြီး ယင်းသည် (၉) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် Angkor Wat ကဲ့သို့ ယဉ်ကျေးမှု အမွေအနှစ်နေရာများ၊ သဘာဝဆန်သော နေရာများနှင့် အပန်းဖြေစရာနေရာများကို ပေးဆောင်နေသော်လည်း နယ်စပ်ပြဿနာများကြောင့် ၎င်း၏ ဆွဲဆောင်မှု လျော့နည်းလာကြောင်း Korea Economic Daily က ဖော်ပြထားသည်။ ခရီးသွားလာရေး ဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားသည် ကိုရီးယားခရီးသွား ၂၀၀,၀၀၀ နီးပါးရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ဆက်လက်တည်ရှိရန်မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)                                                                                 

Etihad Airways သည် Abu Dhabi-Phnom Penh တိုက်ရိုက်လေကြောင်းခရီးစဉ်ကို စတင်

          အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ၏ အမျိုးသားလေကြောင်းလိုင်း Etihad Airways သည် အဘူဒါဘီ (Abu Dhabi) နှင့် ဖနွမ်းပင်တို့ကြား ၎င်း၏ ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ၅-၁၀-၂၀၂၅ ရက်နေ့တွင် စတင်ခဲ့ပြီး ကမ္ဘောဒီးယားမှ ကမ္ဘာသို့ ပျံသန်းမှုအသစ်ကို စတင်ချိတ်ဆက်ပေးခဲ့သည်။ Etihad Airways လေယာဉ် ရောက်ရှိလာခြင်းအတွက် ကြိုဆိုခြင်းအခမ်းအနားကို အောက်တိုဘာ ၄ ရက်က Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေး ဝန်ကြီး Huot Hak နှင့် အခြား သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဝန်ဆောင်မှုလမ်းကြောင်းအသစ်သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ စတင်ကာ တစ်ပတ်လျှင် လေးကြိမ်ပြေးဆွဲပေးနေကြောင်း လေကြောင်းလိုင်းကထုတ်ပြန်ထားသည်။ ဤကမ္ဘာ့အဆင့်မီ လမ်းကြောင်းကို စတင်ခြင်းသည် ကမ္ဘောဒီးယားသို့ နိုင်ငံတကာခရီးသွားများ တိုးပွားလာနေသော လိုအပ်ချက်ကို တိုက်ရိုက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း Hak က အလေးအနက် ပြောကြားခဲ့သည်။ အဆိုပါလမ်းကြောင်းသစ်သည် စီးပွားရေးနှင့် အပန်းဖြေခရီးသွားများအတွက် ချိတ်ဆက်မှုကို တိုးမြှင့်ပေးမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းနှင့် အခြားနိုင်ငံများရှိ အခွင့်အလမ်းအသစ်များကို တံခါးဖွင့်ပေးမည်ဖြစ်ကြောင်း လေကြောင်းလိုင်းမှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)                                                                                             

စက်တင်ဘာလတွင် ဗီယက်နမ်၏အကြီးမားဆုံးဆန်တင်ပို့ရာဈေးကွက်ဖြစ်လာသည့် ဂါနာနိုင်ငံ

          ဖိလစ်ပိုင်ကဆန်တင်သွင်းမှုယာယီပိတ်ပင်ပြီးနောက် ဂါနာနိုင်ငံသည် စက်တင်ဘာလတွင် ဗီယက်နမ်၏ အကြီးမားဆုံးဆန်ဝယ်ယူသူဖြစ်လာပြီး စုစုပေါင်းတင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် ဗီယက်နမ်သည် ဆန်တန်ချိန် ၆.၈၃ သန်း တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃.၄၉ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါကပမာဏတွင် ၂.၀၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တန်ဖိုးတွင် ၁၉.၉၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလတစ်လတည်းတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၂၃၂.၃၈ သန်းတန်ဖိုးရှိသောဆန်တန်ချိန် ၄၆၆၈၀၀ တန်တင်ပို့ခဲ့ကြောင်း သိရပါသည်။ ဂါနာ၏ နောက်တွင် Cote d’Ivoire နှင့် မလေးရှားတို့က ဗီယက်နမ်ဆန် ဒုတိယနှင့် တတိယတင်သွင်းသူများအဖြစ် ရပ်တည်နေပြီး ဈေးကွက်ဝေစု၏ ၂၁ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းနီးပါးအသီးသီးရှိကြောင်း သိရပါသည်။ ဩဂုတ်လတွင် ဖိလစ်ပိုင်အစိုးရသည် ပြည်တွင်းဆန်ဈေးနှုန်းများကျဆင်းနေသောကြောင့် ဆန်တင်သွင်းမှုကို စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ၂ လပိတ်ပင်မည်ဟု ကြေညာခဲ့ပါသည်။ သို့သော်ဈေးကွက်လေ့လာသူများက အခြားဒေသများတွင် ဝယ်လိုအားကြီးထွားလာမှုကြောင့် စုစုပေါင်းတင်ပို့မှုမှာ ဆက်လက်မြင့်တက်နိုင်ကြောင်း ခန့်မှန်းခဲ့ကြပါသည်။ ရက် ၆၀ အတွင်း ဗီယက်နမ်ဆန်အဓိကဝယ်ယူသူများထဲမှ တစ်ခုဖြစ်သည့် ဖိလစ်ပိုင်သည် တင်သွင်းမှုပြန်လည်ဖွင့်လှစ်မည့်ဆုံးဖြတ်ချက်မချမီ အခြေအနေကိုပြန်လည်ဆန်းစစ်မည်ဖြစ်ပြီး ဗီယက်နမ်အား တင်ပို့မှုလမ်းကြောင်း ပြန်လည်ချိန်ညှိရန် အချိန်အများပြားဖန်တီးပေးထားကြောင်း သိရပါသည်။ ဖိလစ်ပိုင်မှဆန်တင်သွင်းမှုယာယီရပ်တန့်ထားသော်လည်း ဘင်္ဂလား‌ဒေ့ရှ်၊ တရုတ်နှင့် တောင်အာဖရိက အစရှိသည့်ဈေးကွက်များသို့တင်ပို့မှုမြင့်တက်လာသောကြောင့် ဗီယက်နမ်သည် ယခုနှစ်တစ်နှစ်လုံးတွင် ဆန်တန်ချိန် ၈.၂ သန်းကျော်တင်သွင်းနိုင်ရန် ခန့်မှန်းရကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်အတွက် အဓိကစျေးကွက်အဖြစ် တရုတ်ခရီးသွားများအား ပစ်မှတ်ထားလျှက်ရှိသော ဘရူနိုင်းနိုင်ငံ

          ဘရူနိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသွားများကို ၂၀၂၅ ခုနှစ်အတွက် အဓိက ပစ်မှတ်စျေးကွက်အဖြစ် သတ်မှတ်ခဲ့ကြောင်း ဘရူနိုင်းအစိုးရ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၉ ရက်နေ့က ပြောကြားခဲ့သည်။

          တရုတ်နိုင်ငံသည် ဘရူနိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံးခရီးသွားရင်းမြစ်စျေးကွက်ဖြစ်ပြီး နိုင်ငံ၏ စုစုပေါင်းလေကြောင်းခရီးသွားဝင်ရောက်မှု၏ ၁၅.၅ ရာခိုင်နှုန်းကျော်ရှိကြောင်း ဘရူနိုင်းနိုင်ငံ၏ ခရီးသွားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် Hejah Tutiaty Abdul Wahab ၏ ပြောကြားချက်အရသိရသည်။

          ၂၀၂၅ ခုနှစ် သြဂုတ်လအထိ ဘရူနိုင်းနိုင်ငံသည် တရုတ်ခရီးသွား ၂၈၇၁၄ ဦးကို လက်ခံခဲ့ကြောင်း Hejah Tutiaty က ပြောကြားခဲ့သည်။ တရုတ်ခရီးသွားအများစုသည် အားလပ်ရက်များတွင်  ဘရူနိုင်းနိုင်ငံရှိ မိဘဆွေမျိုး၊ သူငယ်ချင်းများထံသို့ သို့မဟုတ် စီးပွားရေးကိစ္စများဖြင့် လာရောက်လည်ပတ်ကြကြောင်း သိရသည်။ အဆိုပါခြေလှမ်းကို ပံ့ပိုးရန်အတွက်လည်း တရုတ်နိုင်ငံသားများအတွက် ၁၄ ရက်အထိ နေထိုင်ခွင့်ရှိသည့် ဗီဇာကင်းလွတ်ခွင့်ကို ၂၀၂၅ ခုနှစ် မတ်လမှစ၍ ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါပဏာမခြေလှမ်းသည် တရုတ်ခရီးသွားများအတွက် ဘရူနိုင်းနိုင်ငံ၏ လက်လှမ်းမှီမှုကို မြှင့်တင်ပေးရုံသာမက နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ခိုင်မာစေကာ ယဉ်‌ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ဖလှယ်မှုများအတွက်လည်း လမ်းခင်းပေးကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

ဥဇဘက်ကစ္စတန်၏ ကြက်သားတင်သွင်းမှုသည် ၂၀၂၅ ခုနှစ် ပထမ ၈ လတွင် ၁၄.၂ ရာခိုင်နှုန်း မြင့်တက်လာ

      ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ဥဇဘက်ကစ္စတန်နိုင်ငံမှ ကြက်သားတင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ၁၄.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းကော်မတီက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အမျိုးသားစာရင်းအင်းကော်မတီ၏ ပဏာမ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လအတွင်း ပြည်ပနိုင်ငံ ၁၆ နိုင်ငံမှ ကန် ဒေါ်လာ ၅၉.၁ သန်းတန်ဖိုးရှိ ကြက်သားတန်ချိန် ၅၄၆၀၀ တန် ဥဇဘက်ကစ္စတန်သို့ တင်သွင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

         တင်သွင်းမှု ပမာဏသည် မနှစ်ကအလားတူကာလနဲ့ နှိုင်းယှဉ်ပါက တန်ချိန် ၆၈၀၀ ခန့် ပမာဏအားဖြင့် ၁၄.၂ ရာခိုင်နှုန်း တိုးလာကြောင်း ကော်မတီက မှတ်ချက်ပြုခဲ့သည်။

         ကော်မတီ၏အဆိုအရ ရုရှားသည် ဤကာလအတွင်း ဥဇဘက်ကစ္စတန်၏ ထိပ်တန်း ကြက်သားတင်သွင်းသူဖြစ်ပြီး တန်ချိန် ၁၃,၉၀၀၊ ၎င်း၏နောက်တွင် တန်ချိန် ၉,၈၀၀ နှင့် ဘီလာရုစ် နိုင်ငံတို့မှ ရပ်တည်လျက်ရှိသည်။

         ၂၀၂၅ ခုနှစ် ပထမ ၈ လတွင် Uzbekistan ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၅၁.၄ ဘီလီယံအထိရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၉.၈ ရာခိုင်နှုန်း တိုးလာကြောင်း ကော်မတီက စက်တင်ဘာလတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

သီရိလင်္ကာနိုင်ငံရှိပြည်သူများ၏ ဆိုရှယ်မီဒီယာအသုံးပြုမှုသည် ၂၀၂၄ ခုနှစ်တွင် ဆက်လက် တိုးလာသည်ဟု တယ်လီကွန်းလုပ်ငန်းမှ ပြောကြားခဲ့

          သီရိလင်္ကာနိုင်ငံရှိ ဆိုရှယ်မီဒီယာအသုံးပြုမှုသည် အဓိကပလက်ဖောင်းများတစ်လျှောက်တွင် သုံးစွဲသူများ တိုးများလာကာ ၂၀၂၄ ခုနှစ်တွင် သိသိသာသာ တိုးမြင့်လာခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ၏ ဆက်သွယ်ရေးစည်းမျဉ်းစည်းကမ်းကော်မရှင် (TRCSL) ၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ မတ်လမှ ဒီဇင်ဘာလအထိ ၂၀၂၄ ခုနှစ် ကာလအတွင်း အစီရင်ခံစာတွင် Facebook သည် နိုင်ငံအတွင်း အသုံးပြုမှုအများဆုံးသော ပလက်ဖောင်းအဖြစ် ဆက်လက်တည်ရှိနေခဲ့ပြီး မတ်လတွင် အသုံးပြုသူဦးရေ 14.5 သန်းမှ ဒီဇင်ဘာလတွင် 15 သန်းအထိ မြင့်တက်လာကြောင်း ပြသခဲ့သည်။ YouTube သည် အလားတူကာလအတွင်း သုံးစွဲသူ ၁၄ သန်းမှ ၁၄.၅ သန်းအထိ တိုးလာကြောင်း အစီရင်ခံစာအရသိရသည်။

         TikTok သည် မတ်လတွင် အသုံးပြုသူ ၉.၄ သန်းမှ ဒီဇင်ဘာလတွင် ၁၀.၅ သန်းအထိ တိုးလာကာ ကိုးလအတွင်း သုံးစွဲသူတစ်သန်းကျော်အထိ သိသိသာသာ တိုးတက်လာခဲ့သည်။ ပြန်လည်သုံးသပ်နေသည့်ကာလအတွင်း Instagram အသုံးပြုမှုမှာလည်း ၈ သန်းမှ ၈.၅ သန်းအထိ မြင့်တက်လာခဲ့သည်။ သို့သော်လည်း TRCSL သည် WhatsApp အသုံးပြုသူများတွင် အနည်းငယ်ကျဆင်းသွားသည်ကို သတိပြုမိခဲ့ပြီး လှုပ်ရှားမှုတွင် ကျဆင်းသွားခြင်းကို မှတ်တမ်းတင်ရန် တစ်ခုတည်းသော အဓိကပလက်ဖောင်းအဖြစ် အမှတ်အသားပြုခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

အာဖဂန်နစ္စတန်ရှိ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ မြှင့်တင်ရန် ADB မှ ထောက်ပံ့ငွေပေးအပ်သွားမည်

         အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ ပေးဆောင်ရန်နှင့် အာဖဂန်နစ္စတန်နိုင်ငံရှိ ရာသီဥတုနှင့် ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိစေရန် ထောက်ပံ့ငွေ နှစ်ခုကို အတည်ပြုခဲ့ကြောင်း အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

          ပထမထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၃၇၀ သည် မိခင်၊ မွေးကင်းစကလေးငယ်နှင့် ကလေးကျန်းမာရေးနှင့် အာဟာရအပြင် မရှိမဖြစ်လိုအပ်သောဆေးဝါးများ ထောက်ပံ့ခြင်းနှင့် ကလေးကာကွယ်ဆေးများအပါအဝင် ပြည်နယ် ၁၇ ခုတွင် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။

           ၎င်းသည် နိုင်ငံအတွင်းရှိ အနည်းဆုံးအိမ်ထောင်စု ၁၆၁,၀၀၀ အတွက် သီးနှံများ၊ ဒုတိယ ထောက်ပံ့ငွေ ဒေါ်လာ သန်း ၁၀၀ သည် ငတ်မွတ်ခေါင်းပါးသော နေရာများရှိ အိမ်ထောင်စုများအား အရေးကြီးသော စားနပ်ရိက္ခာအကူအညီ ပေးမည်ဖြစ်သည်။ ၎င်းသည် ရာသီဥတုနှင့် သဘာဝဘေး အန္တရာယ်များ သက်ရောက်မှုကို လျော့ပါးသက်သာစေရန် ရပ်ရွာအဆင့် လုပ်ဆောင်ချက်များကို ပံ့ပိုးပေးမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသည့် လူမှုအသိုင်းအဝိုင်းများအတွက် အစားထိုး အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ