သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခြင်း

     စီးပွားရေးနှင့်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး အတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ဆွေးနွေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပါသည်။

       အောက်တိုဘာလ(၁၃)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီး ဌာနရှိ ခရိုင်ဦးစီးမှူးရုံးခန်းတွင် ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် ရွှေဘိုခရိုင် ရေသန့်လုပ်ငန်းရှင်များ အသင်းဥက္ကဌဖြစ်သည့် နိုင်ရာဂရာရေသန့်လုပ်ငန်းရှင် ဦးထက်ဝေဖြိုးနှင့် တွေ့ဆုံ၍မေးမြန်း ဆွေးနွေးခဲ့ရာ ၎င်းမှ  မိမိ၏နိုင်ရာဂရာရေသန့်လုပ်ငန်းသည် ရွှေဘိုမြို့ စက်မှုဇုန်တွင် တည်ရှိ၍ လက်ရှိအချိန်တွင် လုပ်သား (၂၅)ဦးအသုံးပြု၍ ၀.၃၅လီတာ၊ ၀.၆လီတာ၊ တစ်လီတာ၊ နှစ်ဆယ်လီတာဗူးများ ထုတ်လုပ်ဆောင်ရွက်လျှက်ရှိပြီး End User လက်ထဲအရောက် အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းများမှာ ၀.၃၅လီတာဗူး(၁၅)လုံးပါ တစ်ကဒ်လျှင်(၂၄၀ဝိ/-)ဖြင့်လည်းကောင်း၊  ၀.၆ လီတာဗူး(၈)လုံးပါတစ်ကဒ် လျှင်(၁၈၀ဝိ/-)ဖြင့်လည်းကောင်း၊ တစ်လီတာဗူး(၆)လုံးပါတစ်ကဒ်လျှင် (၁၆၀ဝိ/-)ဖြင့်လည်းကောင်း၊ နှစ်ဆယ်လီတာ တစ်ဗူလျှင်(၆၀ဝိ/-)ကျပ်ဖြင့်လည်းကောင်း ရောင်းချ ပေးလျှက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေဘိုမြို့ပေါ်နှင့်အနီးတစ်ဝိုက်မှ လာရောက်ဝယ်ယူ ကြကြောင်း၊  ယခုလက်ရှိ အချိန်၌  ဈေးကွက်အတွင်းတွင် မိမိစက်ရုံထုတ် ရေသန့်ဗူးခွံများမဟုတ်သည့် အခြားစက်ရုံထုတ်ရေသန့် ဗူးခွံများရှိ အမှတ်တံဆိပ်များကိုခွာပြီး မိမိတံဆိပ်များကပ်၍ ရောင်းချခြင်းများရှိနေသဖြင့် ရေသန့်လုပ်ငန်းရှင်အချင်းချင်း စည်းကမ်းရှိရှိစောင့်ထိန်းဆောင်ရွက် နိုင်စေရန် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေဖြင့် ထိန်းကျောင်းပေးစေလိုကြောင်း၊ ရေသန့်လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိအနေဖြင့် လုပ်ငန်းရှင်တစ်ဦးဖြစ်သည့်အပြင် ခရိုင်ရေသန့်အသင်း’ ၏ ဥက္ကဌလည်းဖြစ်သည့်အတွက်သက်ဆိုင်သည့် ဌာနများနှင့် မျက်ခြေမပြတ်ချိတ်ဆက်၍ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့ ၊ ယက္ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် သင်တန်းသား/သူများအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်း

         မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန မိတ္ထီလာခရိုင်၊ဦးစီးမှူးသည် ၊ ၂၀၂၂ခုနှစ် ၊ အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မိတ္ထီလာမြို့ယက္ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း၌ သင်တန်း နည်းပြများ၊သင်တန်းသား/သူများကို စားသုံးသူကာကွယ် ပေးရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲတွင် မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ (၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)ပါစားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်း ပဏာမ‌ဟောပြောခဲ့ပြီး ၊ သင်တန်းသားများအနေဖြင့် တစ်ချိန်တွင် လုပ်ငန်းရှင်များအဖြစ်ရပ်တည်ပါက သိရှိလိုက်နာနိုင်ရန်အတွက် အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင် များလိုက်နာရမည့်တာဝန်များ ၊အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ကိုဖော်ပြရာတွင် ကုန်စည်အလိုက် မြန်မာဘာသာဖြင့်ဖော်ပြရန်လိုအပ်ကြောင်း၊  အခြားနိုင်ငံမှ တင်သွင်းလာသည့် ကုန်စည်များ ဖြစ်ပါက မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ တွဲလျှက်ဖော်ပြရန် လိုအပ်ကြောင်း အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပါသည်။ ကုန်စည် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း ၍ ဆုံးရှုံးနစ်နာမှုများရှိပါကလူကိုယ်တိုင်ဖြစ်စေ၊ဖုန်းဖြင့်ဖြစ်စေတိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန Website ဖြစ်သောwww.doca.gov.mmတွင်လည်းတိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ယက္ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသား/သူများကိုယ်စားသင်တန်း သူတစ်ဦးမှ ယခုလိုလာရောက်ဟောပြောသည့်အတွက် မိမိတို့အနေဖြင့် မသိရှိရသေးသည့် အသိပညာ များရရှိကြောင်းနှင့် စားသုံးသူတစ်ဦး၏ အခွင့်အရေးများရှိသည်ကိုသိရှိခဲ့ရပြီး ဆုံးရှုံးနစ်နာမှုများ ရှိပါကကုစားခွင့်၊နစ်နာမှုမရှိစေရန်ကာကွယ်နိုင်ကြောင်း သိရှိရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက် မိကြောင်း ပြောကြားခဲ့ပါသည်။ သင်တန်းသား/သူ (၅၇)ဦး တက်ရောက် ခဲ့ပြီး လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ပါသည်။

DOCA(မန္တလေး)

စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show )ကျင်းပ

         မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဒေါ်ခင်ကြည်ဒုတိယဦးစီးမှူးနှင့် အကြီးတန်းစာရေးဒေါ်အိအိစမ်းတို့သည် ၂၀၂၂ခုနှစ် အောက်တိုလာလ ၂၁ ရက်နေ့၊ နံနက် ၁၁:၃၀ နာရီအချိန်တွင် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းဝင်းနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

          အဆို ပါ Talk Showတွင်  ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က ဆွေးနွေးခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ပြည်တွင်းကုန်သွယ် မှုဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စားသုံးသူအခွင့်အရေးရရှိရေးအသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ အကြောင်းအရာနှင့်စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုသုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ စိတ်ချလုံခြုံမှုရှိစေရေး ဈေးကွက်စောင့်ကြည့်လု်ပငန်း အကြောင်းများနှင့်  စားသုံးသူ များအတွက် စားသုံးသူကိစ္စရပ်များအသိပညာပေးခြင်းကို သိရှိပြီး နစ်နာဆုံးရှုံးမှုရှိလျင် တိုင်ကြား နိုင်သည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာတို့အား အသေးစိတ် ဆွေးနွေးခဲ့ပါသည်။ ယခုလို Talk Show အစီအစဉ်ဖြင့်လည်း စားသုံးသူများအတွက် ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက် သည့်  စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲဖြစ်ကြောင်း သိရပါသည်။

DOCA(မွန်)

နောင်ချိုမြို့ မြေပဲနှင့်ပြောင်း စိုက်ပျိုးတောင်သူများကြုံတွေ့နေရသော အခြေအနေ

       ကျောက်မဲခရိုင်၊ နောင်ချိုမြို့၊ ညံတောအုပ်စု၊ နောင်လင်ကျေးရွာတွင် ပြောင်းသီးနှံ(၂၀)ဧက၊ မြေပဲ သီးနှံ(၃၈)ဧကနှင့် ပတ်သက်၍ စိုက်ပျိုးထုတ်လုပ်နေမှု၊ ထွက်ရှိမှု၊ တင်ပို့/ရောင်းချမှု၊ စိုက်ပျိုးသည်မှထွက်ရှိ သည်အထိကုန်ကျမှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေများကို စိုက်ပျိုးတောင်သူထံမှ သိရှိခဲ့ရပါသည်။

     ယခုနှစ်သည် ယခင်နှစ်များထက် ပြောင်း/မြေပဲသီးနှံစိုက်ပျိုး ကုန်ကျစရိတ်မှာ မြင့်မားလာခြင်း ဖြစ်ကြောင်းသိရှိရပါသည်။ ထွက်ရှိမှုမှာ ခန့်မှန်းပျမ်းမျှပြောင်းတစ်ဧကလျှင်(၁၀၀၀)ပိဿာ၊ မြေပဲတစ်ဧလျှင် (၅၁)တင်းထွက်ရှိပြီး တင်ပို့ရောင်းချမှုမှာဒေသတွင်းရှိစားသုံးသူများနှင့် ပိုလျှံမှုများအား တရုတ်ပြည်သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ စိုက်ပျိုးရာတွင် အသုံးပြုသော ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးဈေးနှုန်းနှင့် လုပ်အားလခမှာလည်း ယခင်နှစ်ထက် မြင့်တက်နေခြင်းကြောင့် အကျိုး အမြတ်ရရှိမှုမှာ အနည်းငယ်သာရှိကြောင်း သိရှိရပါသည်။

   ဈေးနှုန်း/ဈေးကွက်အခြေအနေအရ လက်ရှိပြောင်းဈေးနှုန်းမှာ ပြောင်းအစို (၁)ပိဿာလျှင် (၆၃၀ မှ ၆၅၀)ကျပ်၊ ပြောင်းအခြောက်(၁)ပိဿာလျှင်(၈၀၀မှ ၉၀၀)ကျပ်ဖြစ်ပြီး မြေပဲဈေးနှုန်းများမှာ သီးနှံပေါ်ချိန် မဟုတ်သေးသောကြောင့် ဈေးနှုန်းမှာမသိရှိရသေးကြောင်း သီးနှံဈေးနှုန်းများမှာလည်း အချိန်နှင့်အမျှ ပြောင်းလဲ လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

ကျောက်ဖြူမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေး Talk Show ကျင်းပပြုလုပ်ခြင်း

      ရခိုင်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာနမှ ကျောက်ဖြူခရိုင်ဦးစီးမှူး ဦးအေးကျော် (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၁၇-၁၀-၂၀၂၂)ရက်နေ့ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ပေးရေး Talk Show အစီအစဉ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center)  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက အဖွင့်အမှာစကားပြောကြားပြီး ကျောက်ဖြူခရိုင်ဦးစီးမှူး ဦးအေးကျော်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဉပဒေ/နည်းပဒေများ ပြဌာန်းထားရှိမှုအကြောင်း၊ စားသုံးသူကာကွယ်ရေး ဉပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်တို့အား ချပြဆွေးနွေးပြီး၊ စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအား တက္ကသိုလ်၊ ကောလိပ်၊ စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာ၊ ရုံးဌာနများတွင် စီမံရေးဆွဲဆောင်ရွက်လျှက် ရှိပါကြောင်း ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်းအား သက်ဆိုင်ရာမိတ်ဖက်ဌာန၊ အဖွဲ့အစည်းများဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျှက်ရှိပါကြောင်း၊ တိုင်ကြားမှုနှင့်ပတ်သက်၍ စိစစ်ဖော်ထုတ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းပေးလျှက်ရှိကြောင်း၊ ပြစ်မှုပြစ်ဒဏ်များကို စီမံခန့်ခွဲမှုနည်းလမ်းအရလည်းကောင်း၊ ဉပဒေအရလည်းကောင်း၊ အမှုဖွင့်လှစ်ပြီး ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ စားသုံးသူများ၏နစ်နာချက်များကို တိုင်ကြားနိုင်ရန် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖုန်းနံပါတ်များအား ပြောကြားပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အသေးစိတ်သိရှိလိုပါက www.doca.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း အသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

 

                            

ဝန်ထမ်းများစာရင်းအင်းဆိုင်ရာလုပ်ငန်း စွမ်းဆောင်ရည်မြင့်တင်ရေး သင်တန်းဖွင့်လှစ်ခြင်း

      ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူးပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန်အတွက် ဝန်ထမ်းများစာရင်းအင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းဖွင့်ပွဲကို (၁၉-၁၀-၂၀၂၂)ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ ဦးဉတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပါသည်။

       သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ဌာနဆိုင်ရာများတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ နေ့စဉ်ဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့်သိမှတ်ဖွယ်ရာများဖြစ်သော ငွေစာရင်းလုပ်ထုံးလုပ်နည်းများ၊စာရင်းအင်းအသိပညာ၊ စီမံကိန်းရေးဆွဲခြင်း၊အရအသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲခြင်း၊ ဝန်ထမ်းများသိသင့်သိထိုက် သည့်အသိပညာဗဟုသုတများနှင့် အခြေခံစာရင်းအင်း ပြုစုရသည့်ဌာနများ၏ အချက်အလက် ဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် စွမ်းဆောင်ရည်တိုးတက်စေရန် အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းတွင် အစိုးရဌာနအဖွဲ့ အစည်း(၁၆)ခုမှ သင်တန်းဆရာများက သင်ကြားပို့ချကြမည်ဖြစ်ကြောင်း သင်တန်းသားများအနေ ဖြင့် အထူးကြိုးစားပြီး လေ့လာသင်ကြားစေလိုကြောင်း သင်တန်းပြီးသောအခါ မိမိလုပ်ငန်းခွင် အလိုက် ပြန်လည်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သင်တန်းသားများအနေဖြင့် မိမိ၏ဂုဏ် သိက္ခာ၊ မိမိဌာန၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် လုံ့လဝိရီယအပြည့်အဝဖြင့် ကြိုးစားကြရန် အမှာစကားပြောကြားပါသည်။

       ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး အဆိုပါသင်တန်းသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၅၀)ဦး တက်ရောက်ပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) သင်တန်း ခန်းမ၌ အောက်တိုဘာ(၁၉)ရက်မှ နိုဝင်ဘာ(၃၀)ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

                                              

                                                                 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၉.၁၀.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့၊ စည်ပင်သာယာဈေး(၁)ရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ပြည့်စုံမှန်ကန်မှုရှိ မရှိ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      စည်ပင်သာယာဈေးအတွင်းရောင်းချနေသော PREMIER အမှတ် တံဆိပ်အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်များတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာ ဖြင့်သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များ ဖော်ပြပါဝင်ခြင်း ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ကချင်)

ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း

     တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ အောက်တိုဘာလ (၂၀.၁၀.၂၀၂၂)ရက်နေ့ နံနက် ၉:၀၀နာရီ တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပါသည်။အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး မှ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်၊မှော်မှန်းချက်၊မူဝါဒများ စားသုံးသူ ရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊မှော်မှန်းချက် မူဝါဒများ အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်နှင့်  ဝန်ထမ်းများ ၏ HR.development လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အကျယ်တဝင့် ပြောကြားခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားရေးဦးစီးဌာနတို့က လုပ်ငန်းဆောင်ရွက်ချက်များအား သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်းနှင့် သင်တန်းသား/သင်တန်းသူ (၁၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၀.၁၀.၂၀၂၂)ရက်နေ့မှ (၂၁.၁၀.၂၀၂၂)ရက်ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြန်မာ့အလေးချိန်အတိုင်းအတာများ စံသတ်မှတ်ဆောင်ရွက်သင့်

     စားသုံးဆီ ၁၀ ပိဿာဝင်ပုံးဖြင့် ဆီစက်မှာဝယ်သည်၊ တစ်ပိဿာဈေးနှုန်းဖြင့် ၁၀ ပိဿာ ကျသင့်ငွေပေးချေခဲ့သည်။ အဆိုပါ ၁၀ ပိဿာဝင်ပုံး ပါကင်ပိတ်စားအုန်းဆီ ၁ပုံး ဝယ်ယူသည်ဆိုပါက အချို့က ၁၀ ပိဿာဟုပင်ထင်သည်။ ပုံးပေါ်တွင် ၁၈ လီတာဟုဖော်ပြထားသည်။ အပြင်ပေါက်ဈေး စားအုန်းဆီ တစ်ပိဿာဈေးနှုန်းကို ၁၀ဖြင့်မြှောက်တွက်ချက်၍ မရတော့ပါ။ တံဆိပ်အမျိုးမျိုး ဈေးနှုန်း အမျိုးမျိုးဖြစ်မည်။ ၁၈လီတာသည် ၁၀ပိဿာအလေးချိန်မရှိပါ။ ဈေးအတွင်းတွင် လက်လီ ဆီချင်ခွက်များဖြင့် ရောင်းဝယ်ဖြစ်နေဆဲဖြစ်သည်။ ၂၅ကျပ်သားဆီချင်ခွက်ဖြင့်အပြည့်ထည့် ပေးလိုက် သော်လည်း ခွက်အတွင်း ပြန်ကပ်ပါသွားသည်ဟုဆိုကာ ခွက်မှောက်ခွက်လှန်စနစ်ကိုပြောင်း၍ လက်လီကိုလည်း ကတ္တားဖြင့် ချိန်တွယ်သည့်စနစ်နှင့် ကုန်အညွှန်းပါယုံကြည်စိတ်ချရသည့်ပါကင်စနစ်ကို ကူးပြောင်းနေပြီဖြစ်သည်။

    မော်တော်ယာဉ်စက်သုံးဆီဖြည့်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးကို လီတာဖြင့်ထုတ်ပြန်သလို ဆိုင်ကြီးများက လီတာဖြင့်ရေတွက်ဖြည့်ပေးသည်။ ဆိုင်ငယ်များတွင် ဂါလံပုံးများဖြင့် ရောင်းချသည်။ ဂါလံပုံးများကို အချင်းမည်မျှ၊ အမြင့်မည်မျှသည် စံဖြစ်သည်ဟု မှန်ကန်မှုရှိ၊ မရှိ မစိစစ်နိုင်၊ တစ်ဂါလံလျှင် ၃.၇၈ လီတာသတ်မှတ်ထားကြောင်းချိန်ကိုက်၍တွက်ရမည်ဖြစ်သည်။ တစ်ဂါလံသုံးစွဲလျှင်ရောက်ရှိမည့် ခရီးမိုင် မှတ်သားထားပါက တစ်လီတာသုံးစွဲလျှင်ရောက်ရှိမည့် ခရီးမိုင် တွက်ချက်ကြည့်ရမည်။ ခရီးအကွာအဝေးကို ပြည်ပနိုင်ငံများတွင် ကီလိုမီတာဖြင့်တိုင်းတာဖော်ပြကြသဖြင့် မြန်မာနိုင်ငံ တွင်လည်း ၂မျိုးလုံးသုံးစွဲရန်ပြင်ဆင်လာကြသည်။

      ဟင်းချက်စားရန် ပဲလက်လီဝယ်သည်။ ပဲရာဇာ၊ ကုလားပဲ အမျိုးအစားကို ပိဿာဖြင့် ချင့်တွက်လာကြသည်ရှိသော်လည်း ပဲအများစုကို နို့ဆီဗူး၊ ပြည်တောင်းဖြင့် ဝယ်ယူရသည်။ စူပါမားကက်တွင် ကီလိုဟုဖော်ပြထားသည့် အိတ်များဖြင့်ထုပ်ပိုးရောင်းချသည်။ အမျိုးအစားတူ ပဲတစ်မျိုးကို ဈေးမှာ ဝယ်တာနှင့် စီးတီးမတ်မှာဝယ်တာ မည်သည်ကဈေးကြီးပြီး မည်သည်က ဈေးချိုသည်ကို နှိုင်းယှဉ်ကြည့်ချင်သော်လည်း အတိုင်းအတာမတူသဖြင့် တွက်ချက်မရဘဲ ဒွိဟဖြစ်နေ ရသည်။ ဈေးကွက် အတွင်း နို့ဆီ Brand တစ်မျိုးက နို့ဆီဗူးကို ပုံမှန် Size ဖြင့်မဟုတ်ဘဲ ပိုရှည်သည့် ဗူးဒီဇိုင်း ထွင်ထုတ်လုပ်သည်။ အဆိုပါနို့ဆီဗူးကို တစ်ပြည်တွင်ရှိသည့် နို့ဆီဗူး ၈လုံးအဖြစ် သုံးစွဲ၍ မရတော့ပေ။ ထိုအခါ ပုံမှန် Size ဖြင့်ထုတ်လုပ်သောအခြားနို့ဆီဗူးများကရော တစ်ပြည်တွင်ရှိရမည့် နို့ဆီဗူးနှင့် စံကိုက်ပါတော့မည်လားသံသယဖြစ်လာစေသည်။ စားသုံးသူသည် ဝယ်ယူခဲ့သော တန်ဖိုးနှင့် ညီမျှသည့် ပမာဏကို မှန်မှန်ကန်ကန်ရရှိလိုကြသည်သာဖြစ်ပါသည်။

       ကြက်ဥကိုဈေးတွင် အလုံးရေဖြင့် အကြီးအသေးအလိုက်ဈေးနှုန်းသတ်မှတ်ထားမှုအားဝယ်ယူ လေ့ရှိရာ တစ်ဆိုင်နှင့်တစ်ဆိုင် အရွယ်အစား၊ အကြီးအသေး သတ်မှတ်ချက်မတူဘဲ ကြိုက်ရောင်း ကြိုက်ဝယ်ဖြင့် ပြဿနာမဖြစ်ခဲ့ကြသော်လည်း ဥရေအများအပြားကို ရွေးနေဈေးနှုန်းသတ်မှတ်နေရ သည်မှာ အခက်အခဲတွေ့လာသည်။ ထို့ကြောင့် ကြက်ဥဒိုင်တွင် ကြက်ဥကို ပိဿာချိန်ဖြင့် အရောင်း အဝယ်ပြုလုပ်လာကြောင်းတွေ့ရသည်။ ဈေးတွင် အသား၊ ငါး၊ ကြက်သွန်၊ အာလူး၊ ခရမ်းချဉ်သီးတို့ကို ပိဿာ၊ ကျပ်သား အလေးချိန်သုံးစွဲရောင်းဝယ်ကြရာ ချိန်ခွင်နှင့်အလေးတို့ အသုံးပြုခဲ့သည်။ ယခုခေတ်တွင် ဒီဂျစ်တယ်ကတ္တားများ အသုံးပြုလာကြသည်။ ဈေးများတွင် သမာဓိချိန်ခွင်ထားသည့် စနစ်ရှိခဲ့သည်။ ရောင်းသူဝယ်သူကြားအလေးခိုးသည်ဟုဆိုကာ အငြင်းပွားမှုဖြစ်စဉ်များရှိခဲ့သည်။ အဆိုပါ တိုင်းတာသည့်ကိရိယာများဖြစ်သည့် ချိန်ခွင်၊ အလေးတုံး၊ ကတ္တား၊ ဆီချင်ခွက်များကို မှန်မမှန် ကြီးကြပ် ပေးစေလိုကြသည်။

     ပြည်ပနိုင်ငံများတွင် ဆန်၊ သရက်သီး၊ ကြက်ဥ အားလုံးကို  ဂရမ်၊ ကီလိုဂရမ်အလေးချိန်ဖြင့် ရောင်းချသည်။ မိမိတို့နိုင်ငံတွင် အထည်စများကို ကိုက်၊ တောင်ဖြင့်တိုင်းတာရောင်းချသည်။ ပြည်ပတွင် မီတာဖြင့်တိုင်းတာသည်။ ဟင်းချက်နည်းများတွင် နိုင်ငံတကာသုံး စီစီ၊ ဂရမ် စသည်တို့က ချင့်ရန် ခက်ခဲသည့်အနေအထားဖြစ်နေသည့်အတွက် လက်ဖက်စားဇွန်းတစ်ဇွန်း၊ ထမင်းစားဇွန်းတစ်ဇွန်း စသည်ဖြင့် ခိုင်းနှိုင်းသတ်မှတ်ကြသည်မှာပြဿနာမရှိသော်လည်း တိုင်းရင်းဆေးများတွင် ပါဝင်ပစ္စည်း အလေးချိန်ဖော်ပြရာ၌ ပြဿနာရှိနိုင်သည်။ ဥပမာ တိုင်းရင်းဆေးအညွှန်းတွင် ကွမ်းသီးလုံးခန့်ဟု ရေးထားလျှင် အရွယ်အကြီးအသေးကိုမှန်းဆရခက်ရာ အတိအကျမဟုတ်သော်လည်း ပြဿနာမရှိသည့် ဆေးမျိုးဖြစ်ပါက ဘေးအန္တရာယ်မဖြစ်စေသော်လည်း အမှားအယွင်းမခံသည့်အခြေအနေမျိုးအတွက် အသုံးမပြုသင့်ပါ။

    စပါးကုန်သွယ်ရောင်းဝယ်ရာတွင် စပါး ၄၆ ပေါင် တစ်တင်းဟု သတ်မှတ်ရာတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိရမည်ဟု သတ်မှတ်ထားရာ ကုန်သည်ပွဲစားတို့အနေဖြင့် ဝယ်ယူရာတွင် ပါဝင်သည့် စပါး၏ အစိုဓာတ်၊ သန့်စင်မှု၊ ဖုန်၊ သဲ၊ ခဲ ပါဝင်မှု အမျိုးမျိုးအပေါ်မူတည်၍ ပေါင် ၅၀၊ ၅၂ ပေါင် တစ်တင်း စံနှုန်းများဖြင့် ဝယ်ယူကြရာ ဒေသအမျိုးမျိုးတွင် စံနှုန်းအမျိုးမျိုးကွဲပြားနေကြပါသည်။ တင်းတောင်းကို စံကိုက်မှုမရှိသဖြင့် မသေချာသောသံသယဖြင့် မိမိဘက်၌အရှုံးမရှိစေရန် စပါးဈေးနှုန်းကို တတ်နိုင်သမျှ နှိမ့်ချ၍ ဝယ်ယူသည့်အခါ တောင်သူလယ်သမားရရှိသည့်စပါးဈေးနှုန်းမှာ အလွန်နိမ့်ကျသွားသည်မျိုးဖြစ် ကြသည်။ ပြည်ပတင်ပို့ရာတွင် ပင်လယ်ရေကြောင်းဖြစ်ဖြစ် နယ်စပ်ကုန်သွယ်ရေးဖြစ်ဖြစ် ပိုမိုအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း မြန်မာ့ဆန်စပါး စံချိန်စံညွှန်း၊ အလေးချိန် အခြင်အတွယ်တွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ သတ်မှတ်နိုင်ရေးပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။

   ပြည်ပတင်ပို့ရလျက်ရှိသော ပဲမျိုးစုံတွင်လည်းအလားတူအဖြစ်မျိုးအပြင် ထုပ်ပိုးမှုအပိုင်း တွင်လည်း အလေးချိန်အထူအပါးမတူညီသော ပီနန်အိတ်ခွံများဖြင့် ထည့်သွင်းထုပ်ပိုးရောင်းချနေကြရာ နိုင်ငံတကာစျေးကွက်တွင် မျက်နှာပန်းမလှဖြစ်ရပါသည်။ အိတ်ခွံအလေးချိန်ကို ၁၂.၅ကျပ်သား သတ်မှတ်သည့်ပွဲရုံ၊ ၂၅ ကျပ်သားသတ်မှတ်သည့်ပွဲရုံ စသည်ဖြင့် အမျိုးမျိုးတွေ့ရသည်။ လက်ရှိ ပီနန်အိတ်ခွံအရည်အသွေးတန်ဖိုးကို ဂရမ်အလိုက် သတ်မှတ်ဝယ်ယူရသည်။ ပဲတစ်တင်းတွင် သတ်မှတ်ထားသည့် ပိဿာချိန်(၁၉)ပိဿာ၊ (၂၀)ပိဿာစသည်ဖြင့် ပွဲရုံများကချင်တွယ်ယူပြီး ပြည်ပတင်ပို့ရောင်းချရာတွင် တန်ချိန်ဖြင့်သာသတ်မှတ် ရောင်းချရသည်။ ရောင်းသူဘက်မှလည်း ဈေးနှုန်းအမြင့်ဆုံးနှင့် အမြတ်အများဆုံး ရချင်ကြသကဲ့သို့ ဝယ်သူဘက်မှလည်း ဈေးအသက်သာဆုံးနှင့် အကောင်းဆုံး ပစ္စည်းကိုသာရလိုကြသည်။ ထိုအစွန်း နှစ်ဖက်အကြား ချိန်ညှိရင်း အရောင်းအဝယ် ဖြစ်သည့် ကုန်စည်များ၏ ဈေးနှုန်းများမှန်ကန်ရေး၊ ပစ္စည်းအရည်အသွေးနှင့် အမျိုးအစားမှန်ကန်ရေး၊ အလေးချိန် တင်းတောင်း မှန်ကန်ရေး စသည်ဖြင့် အရောင်းအဝယ် မှန်ကန်အောင် ဖော်ဆောင်ပေးရန်မှာ အလွန်အရေးပါသည်။  သင့်တော်သော ဈေးနှုန်းမရရှိပါကတွက်ခြေကိုက်အောင် မသမာမှုများနှင့် အလေးခိုးယူခြင်း၊ ပစ္စည်းအညံ့များဖြင့် ရောနှော ရောင်းချခြင်းတို့ဖြစ်ပေါ်စေသည်။ ရောင်းသူနှင့် ဝယ်သူတို့အကြား တစ်ဖက်နှင့်တစ်ဖက် သမာသမတ်ဖြစ်ရေးအတွက် မှန်ကန်စွာ ထိန်းကျောင်း ပေးရန်လည်း လိုအပ်ပါသည်။ မြန်မာ့လယ်ယာထွက်ကုန်များ ကုန်သွယ်ရောင်းဝယ်ရာတွင် စံနှုန်းထားများ၊ အလေးချိန် အတိုင်းအတာများနှင့်ပတ်သက်၍ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဖြစ်နေသော အလေးတင်းတောင်း၊ အချိန်အတွယ်များကို တညီတညွတ်တည်းဖြစ်စေရေး အစိုးရနှင့် ပုဂ္ဂလိက အသင်းအဖွဲ့၊ ကုန်စည်ဒိုင်များ၊ တောင်သူလယ်သမားများအပါအဝင် အားလုံးပူးပေါင်း အဖြေရှာ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

    မြန်မာနိုင်ငံ၏ အချင်အတွယ်ကိုကြည့်လျှင် စပါး၊ ပဲမျိုးစုံကို တင်းတောင်းနှင့် ချင့်တွက်ကြသည်။ အထွက်နှုန်းကို ဖော်ပြရာတွင် စပါး၊ ပဲမျိုးစုံကို တင်းရေဖြင့်၊ စားဖိုဆောင်သီးနှံကို ပိဿာဖြင့်၊ သစ်သီးဝလံကို လုံးရေဖြင့်ဖော်ပြသော်လည်း ထွက်ရှိမှုကို ပြည်ပတင်ပို့နိုင်ရေးအတွက် တန်ချိန်ဖွဲ့တွက်သည်။ သယ်ယူပို့ဆောင်စရိတ်ကားတန်ဆာခကို တစ်ပိဿာဈေးနှုန်းဖြင့် သတ်မှတ်ကြ ပြန်ကြောင်းတွေ့ရသည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲတို့ကျောက်တို့ကို ကျင်းနှင့်ချင်သည်။
ကွန်ကရိမှာတော့ ကုဗမီတာနှင့်မှာသည်။ အတိုင်းအထွာတွင် အတောင်၊ ပေ၊ လက်မ၊ မီတာ စသည်ဖြင့် အမျိုးမျိုးသုံးစွဲသည်။ သစ်ကိုတိုင်းရာ၌ အင်္ဂလိပ်၊ မြန်မာနှစ်မျိုးရောတိုင်းထွာသည်။ ထို့ကြောင့် ဗြိတိသျှစနစ်၊ မက်ထရစ်စနစ်၊ မြန်မာ့ရိုးရာအတိုင်းအတာများကို တွဲ၍ စုပေါင်းစပ်ပေါင်းစနစ် သုံးစွဲကြောင်း တွေ့ရသည်။ ထို့ကြောင့် ထုထည်ဆက်သွယ်ချက်၊ အလေးချိန်အချင်အတွယ်ဆိုင်ရာ ဆက်သွယ်ချက်၊ ယူနစ်ပြောင်းဇယားတို့ကို များစွာမှတ်သားထားရသည်။ မြန်မာ့ရိုးရာအစဉ်အလာကို ထိန်းသိမ်းရမည့်ယဉ်ကျေးမှုအမွေအနှစ်မဟုတ်လျှင် လိုက်လျောညီထွေပြောင်းလွယ်ပြင်လွယ် ဆောင် ရွက်ရပါတော့မည်။ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးကိုကျင့်သုံးရာတွင် နိုင်ငံတကာနှင့် ဆက်သွယ်ကုန်သွယ်ရသဖြင့် ပြည်ပတင်ပို့သည့် ကုန်စည်များကတော့ စံနှုန်းကိုက်ညီမှု မဖြစ်မနေ လိုအပ်သကဲ့သို့ ပြည်တွင်းတွင်ရောင်းနေသည့်ကုန်စည်များအတွက်လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပြည်ပခရီးသွားလုပ်ငန်းများမှ ရောက်ရှိနေသော နိုင်ငံခြားသားများအတွက် မိမိနိုင်ငံအတွင်းရှိ ကုန်စည် များကို ယုံကြည်မှုရှိအောင်၊ ဝယ်ယူအသုံးပြုချင်စိတ်ရှိအောင်၊ ပိုက်ဆံသုံးစွဲချင်အောင် စွဲဆောင်ရာတွင် စံနှုန်းကိုက်ညီမှုသည် လိုအပ်သည့် အချက်တစ်ချက်အနေဖြင့်ပါဝင်ပါသည်။

   မြန်မာ့သမိုင်းတွင် သာလွန်မင်းတရားကြီးသည် အလေးချိန်ခွင်၊ တင်းတောင်း စသည့် အတိုင်းအတာများကို စနစ်ကျအောင်အရေးတယူဆောင်ရွက်ခဲ့ကြောင်း မှတ်သားသိရှိရသည်။ ဗိုလ်ချုပ် အောင်ဆန်းကလည်း လယ်သမားတွေအတွက် အလွန်အရေးကြီးသော စပါးဝယ်ယူသည့် တင်းတောင်း အရွယ်အစားအမျိုးမျိုး ဖြစ်နေသည်ကို မမေ့မလျော့ သုံးသပ်ပြီး စံကိုက် တင်းတောင်း ဥပဒေကို စနစ်တကျ ကျင့်သုံးဆောင်ရွက်ရန် မူဝါဒတစ်ရပ်အနေနဲ့ ချမှတ်ခဲ့ကြောင်းသိရသည်။ သို့ဖြစ်၍ ဆံ့သောပမာဏ၏ အလေးချိန်များနှင့် အခြင်အတွယ်များဆိုင်ရာအက်ဥပဒေ၊ အလျားတိုင်းထွာခြင်း အက်ဥပဒေ၊ တင်းတောင်းစံပမာဏအက်ဥပဒေများကို ပြဌာန်းထားရှိပြီး ထည့်သိုစရာကိုစစ်ဆေး၍ မှန်ကန်ကြောင်း အမှတ်အသားဖြင့် တံဆိပ်ခပ်နှိပ်ရန် အာဏာပိုင်အဖြစ် ပုဂ္ဂိုလ်တစ်ဦးဦးကို ခန့်ထားနိုင်ကြောင်းပြဌာန်းထားရှိသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပုဂ္ဂလိက အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ တောင်သူလယ်သမားများ၏အခက်အခဲများကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်ပနိုင်ငံအချို့တွင် လုပ်ထုံးလုပ်နည်းများဖြင့်ချိန်ညှိပြီး သက်တမ်းသတ်မှတ်ချက်ဖြင့် လက်မှတ်ထုတ်ပေးသည့် ချိန်ကိုက်ခြင်းလိုင်စင်ရ အဖွဲ့အစည်း များရှိကြောင်းသိရသည်။

    မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် အမျိုးသားစံချိန်စံညွှန်းကောင်စီကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့သည်။ အမျိုးသားအဆင့်အရည်အသွေးအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။ တိကျစွာတိုင်း တာခြင်း နည်းပညာသိပ္ပံမှ နိုင်ငံတကာစံနှုန်းများဖြင့် ချိန်ကိုက်ထုတ်ပြန်ပေးမည်ဖြစ်သည်။ စံဖြင့်ကိုက်ညှိ စစ်ဆေးခြင်း၊ ဥပဒေအရစံတိုက်စစ်ဆေးခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာတိကျစွာတိုင်းတာခြင်း တို့ကို အသုံးပြုမည့်သူအားလုံးပါဝင်သဘောတူညီပြီးဖြစ်သော ချိန်ညှိခြင်းဖြစ်အောင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ထုထည်၊ အရွယ်အစားအပြင် လျှပ်စစ်၊ အပူချိန်၊ စိုထိုင်းစ၊ ဖိအား စသည့်  ကိရိယာများ၏ တိကျမှုကို ချိန်ကိုက်ပေးမည် ဖြစ်ပြီး သတ်မှတ်ချက်များကို အတိအကျ ထုတ်ပြန် ပြဌာန်းပြီးလျှင် လိုက်လံစစ်ဆေးမည့် အရည်အသွေး ထောက်ခံချက်ပြုရေး အဖွဲ့ဖွဲ့စည်း ထားရှိကြောင်း သိရသည်။ ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းတွင် စံချိန်စံညွှန်းများ၏ အရေးကြီးခြင်းကို ပိုမိုသိရှိနားလည် စေရန်နှင့် စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အစိုးရနှင့် စားသုံးသူများ၏လိုအပ်ချက်များကို စံချိန်စံညွှန်းကဏ္ဍဖြင့် အကူအညီပေးခြင်းဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကမ္ဘာ့စံချိန်စံညွှန်းနေ့ အခမ်းအနားကျင်းပခဲ့ပါသည်။

    မြန်မာနိုင်ငံထုတ်ကုန်များ အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက် ဝင်ရောက်နိုင်စေရန်မှာ ပစ္စည်းအမျိုးအစားမှန်ကန်ခြင်းအပြင် မှန်ကန်သည့် တိုင်းတာမှုနှင့် အလေးချိန် မှန်ကန်ရန် အလွန်အရေးပါသည်။ အပြည်ပြည်ဆိုင်ရာ ဈေးကွက်များ အထိ ထိုးဖောက်ဝင်ရောက် နိုင်စေရေး မြန်မာ့စီးပွားရေးလုပ်ငန်းများသည် နာမည်ကောင်းရရှိစေရန် သမာသမတ်ကျရန် လိုအပ်ပါသည်။ သို့မှသာ စားသုံးသူများအနေဖြင့် မြန်မာ့ကုန်စည်များကို စိတ်ချယုံကြည်စွာ စားသုံးခြင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာ့စီးပွားရေးအဖွဲ့အစည်းနှင့် အကျိုးတူစီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် ယုံကြည်မှုများရရှိခြင်းမှ တစ်ဆင့်ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာနိုင်ပေသည်။ စီးပွားရေး လုပ်ငန်းများသည် ဈေးကွက်မှတစ်ဆင့် စားသုံးသူများစိတ်ကျေနပ်မှုကိုစွမ်းဆောင်ရမည်။ စီးပွားရေး လုပ်ငန်းများအား လိမ်လည်မှု၊ တရားမျှတမှု မရှိသောလုပ်ရပ်များဖြင့် အကျိုးအမြတ်များရယူခြင်း မဖြစ်စေရန် စားသုံးသူကာကွယ်ရေးဥပဒေထုတ်ပြန်ထားရာ သမာသမတ်ရှိသော စီးပွားရေးအသိုက် အဝန်း ဖြစ်ပေါ်စေနိုင်ရန် စားသုံးသူများ၏ အခွင့်အရေးများအား ကာကွယ်ပေးသည်။ ပြေစာပေးအပ် ရာတွင် ပစ္စည်းအရေအတွက်၊ ပမာဏနှင့် တန်ဖိုးမှာ အဓိကပါဝင်ရမည့်အချက်များဖြစ်သည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင် ကုန်စည်၏ အရွယ်အစား(size)၊ အရေအတွက်(quantity)နှင့် အသားတင်ပမာဏ(net amount)တို့ကို ဖော်ပြပါရှိရမည်။ သို့မှသာ ကုန်ပစ္စည်းအမျိုးအစားတူ တံဆိပ် များအနက် ပါဝင်မှုပမာဏနှင့် ဈေးနှုန်းကို နှိုင်းယှဉ်၍ စိတ်ကြိုက်ရွေးချယ်နိုင်မည်။ စီးပွားရေးလုပ်ငန်း ရှင်သည် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိရေးကို အာမခံချက် ပေးရမည်ဟုပြဌာန်းထားသည်။ စားသုံးသူများအား စိတ်ကျေနပ်မှုရစေရေးအတွက် အရည်အသွေး အပြည့်အ၀ အာမခံချက်ရှိသည့် ကုန်စည်ကိုဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ သမာသမတ်ရှိသော စီးပွားရေးအသိုက်အဝန်းဖြစ်ပေါ်စေရန် စီးပွားရေးကျင့်ဝတ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။ 

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာ   ပထမပတ် နှင့် ဒုတိယပတ်အတွင်း ဆေးဆိုင်များ၊ စားအုန်းဆီဆိုင်များနှင့် သောက်ရေသန့်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   အောက်တိုဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များရှိ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်၊ စားအုန်းဆီ အရောင်းဆိုင်များနှင့် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိစေရေး၊ အချင်အတွယ်မှန်ကန်စေရေး၊ သန့်ရှင်းသော Drum များအသုံးပြုစေရေး၊ သောက်ရေသန့်လုပ်ငန်းအား သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရယူစေရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြစေရေးနှင့် ဆေးဆိုင်များအား တားမြစ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး၊ တရားဝင် ဆေးဝါးတင်သွင်းခွင့် မှတ်ပုံတင်ထားခြင်း မရှိသောဆေးဝါးများ ရောင်းချခြင်း မရှိစေရေး ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် ကွင်းဆင်းစစ်ဆေးအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

           

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a