သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

                    စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ထုတ်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာဖော်ပြပါရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် မြင်းခြံ မြို့နယ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုကို မြင်းခြံခရိုင်ဦးစီးမှူးရုံး၌ (၁၃.၃.၂၀၂၆) ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

                အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အားပေးကူညီဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ထုတ်လုပ်သော ကုန်စည်များကို အရည်အသွေးပြည့်ဝကောင်းမွန်ပြီး စားသုံးသူအတွက်ဘေးအန္တရာယ် ကင်းရှင်းမှုရှိအောင် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး အတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များကို အစဉ်တစိုက် စောင့်ကြည့်စစ်ဆေးလျက်ရှိသလို၊ ဈေးကွက် မရောက်မီ ကုန်စည်များကိုလည်း လုပ်ငန်းခွင်များသို့ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်နေပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော ထုတ်ကုန်ပစ္စည်းများတွင် ဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိရမည်ဖြစ်ပါကြောင်း၊ကုန်စည်နှင့်ပတ်သက်၍ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများနှင့်ပတ်သက်၍ မှန်ကန်စွာဖော်ပြပါရှိစေရေးအတွက် စိစစ်မှုများဆောင်ရွက်ပေး လျက်ရှိရာ မိမိရုံးတွင် လာရောက်၍စိစစ်လျှောက်ထားနိုင်ပါကြောင်း ဟောပြောဆွေးနွေးအသိပညာ ပေးခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်းရှင်များမှ မိမိတို့ထုတ်လုပ်သော ကုန်စည်နှင့်သက်ဆိုင်သည့် ဖော်ပြပါဝင်ရမည့်အချက်များအား မေးမြန်းဆွေးနွေးရာ ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့မှပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ဟောပြောပွဲသို့ လုပ်ငန်းရှင်(၂၂)ဦးတက်ရောက်ခဲ့ကြောင်းနှင့်လုပ်ငန်းရှင်များမှလည်းကုန်အညွှန်းအမှတ်အသားများအားလာရောက်မေးမြန်းလျှောက်ထား၍ လိုအပ်ချက်များအား ပြုပြင်ဖြည့်ဆည်း၍ ထည့်သွင်းဖော်ပြခြင်းများ ဆောင်ရွက်လျက်ရှိလာကြောင်း သိရှိရသည်။

DOCA(မန္တလေး)

                                               

ညောင်ဦးမြို့တွင် Online စနစ်ဖြင့်ရောင်းဝယ်သည့်လုပ်ငန်းလိုင်စင်လျှောက်ထားမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

                  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်သည့်လုပ်ငန်းများအား ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သည့်အချက်အလက်များအပေါ်အခြေခံ၍ Mobile Application အသုံး ပြုလျက် မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများအား ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များ တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊  ညောင်ဦး မြို့၊ အရှေ့ဈေးတန်း၊ အမှတ်(၂)ရပ်ကွက်ရှိ ပိုင်ရှင် ဒေါ်ဝင်းဖြူသန်း ၏ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ် သည့်လုပ်ငန်းဖြစ်သော ‘‘Ywa Ngan Pure Coffee’’(ရွာငံ ကော်ဖီ) လုပ်ငန်းမှ လုပ်ငန်းလိုင်စင်လျှောက် ထားမှုအား ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)မှ ၁၂.၃.၂၀၂၆ ရက်နေ့၊ မွန်းလွဲ ၁၅:၀၀ နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

          Mobile Application အသုံးပြု၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းအား စစ်ဆေးရာတွင် မြေပြင်တွင်လုပ်ငန်းအမှန်တကယ်လုပ်ကိုင် ဆောင်ရွက်မှု ရှိခြင်း၊ လုပ်ငန်းတည်နေရာ မှန်ကန်မှုရှိခြင်း၊ လျှောက်ထားသည့်ကုန်စည်များမှန်ကန်မှုရှိခြင်း၊ လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ၍ ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သော အချက်အလက် များနှင့်ကိုက်ညီကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ Online စနစ်ဖြင့် ရောင်းဝယ်မှုများတွင် လိမ်လည်ခြင်းများရှိပြီး စားသုံးသူများထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာဌာနများမှလည်း တရားမဝင်သောရောင်းချမှုများအား အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းရှင်များမှ သက်ဆိုင်ရာဌာနများတွင် လုပ်ငန်းလိုင်စင်များ လုပ်ဆောင်ပြီး ဥပဒေများနှင့်အညီမှန်ကန်စွာလုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ စားသုံးသူများ အနေဖြင့် Online မှ ဝယ်ယူသုံးစွဲသည့်အခါ ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် မိမိဝယ်ယူသုံးစွဲ မည့်ကုန်စည်ရောင်းချသောလုပ်ငန်းသည်   တရားဝင်မှတ်ပုံတင်ထားသည့် လုပ်ငန်းဟုတ်မဟုတ်စိစစ် ၍ မှာယူခြင်း၊ ဝယ်ယူသုံးစွဲခြင်းများသတိပြုဆောင်ရွက်သင့်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း ပြဌာန်း ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ မှန်ကန်သည့်ရောင်းဝယ်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်ကာ အကျိုးစီးပွားများဖြစ်ထွန်းလာမည် ဖြစ်ပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လုပ်ငန်းရှင်မှလာရောက်တွေ့ဆုံ

              စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့  ၁၃.၃.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ ‘‘ကောင်းမှကောင်း’’ အမှတ်တံဆိပ် ငါးမုန့်ကြော် လုပ်ငန်းရှင်မှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံရာ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း(ဦးစီးမှူး)က ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

                   ဌာနခွဲတာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုံဖြန့်ဖြူးရောင်းချ မည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ် ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည် အမျိုးအစားအလိုက် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေထည့်သွင်းဖော်ပြရမည့် အချက်များအားနှင့် ဖော်ပြရာတွင် လည်း သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဈေးကွက်များအတွင်းတွင်လည်းကောင်း၊ ကုန်စည်ထုတ်လုပ်သောနေရာများတွင် လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများနှင့် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍လည်း အသိပညာပေးမှုများကို နေရာစုံ၊ နည်းလမ်းပေါင်းစုံဖြင့် အစဉ်တစိုက်ဆောင်ရွက်နေသည့်အတွက် စားသုံးသူများအပြင် လုပ်ငန်းရှင်များပါ မိမိတို့ကုန်စည်များအတွက် လိုအပ်သည့် သက်ဆိုင်ရာဌာန များ၏ ပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့် ဥပဒေများကို လိုက်နာမှုရှိလာကြောင်း သိရှိရသည်။

 DOCA(မန္တလေး)

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဝင်းသိန်းဦး (ခရိုင်တာဝန်ခံ)ဦးဆောင်၍ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး) တို့သည် ၁၉-၃-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့ရှိ စားသုံးသူ (၁၃) ဦး တို့အား ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍  အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောရာတွင် စားသုံးသူ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊ အွန်လိုင်းမှလိမ်လည်မှုအမျိုးမျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များအကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ် ၅၀/၂၀၂၃အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်း ဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာ ဆောင်ရွက်ရန်အကြောင်း၊ ကုန်သွယ်ရေး ဦးစီးဌာန၏ eComReg System Reportနှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများအကြောင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချခြင်းပြုရန်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူများအား 1535 Consumer Call Center လိုင်းခွဲ (1) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးတင်မောင်ထွန်း (ရုံးအုပ်) ဦးဆောင်၍ ဦးဘောမ်ဇုံး(ရုံးအုပ်)နှင့် ဦးရဲရင့်ဖြိုး(အကြီးတန်းစာရေး)တို့ ပါဝင်သော အဖွဲ့ သည် ၁၉-၃-၂၀၂၆ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသော ဦးဘိုဝင်း(ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးဘိုဝင်း(ကုန်စုံဆိုင်) မှ BRAVO အမှတ် တံဆိပ်ပါ ခရမ်းချဉ်သီးဆော့(စ်)တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသို့သိမ်းဆည်းမှုအညွှန်းနှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေး တွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၆၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၆၀၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

သာကေတမြို့နယ်အတွင်းရှိ အွန်းလိုင်းမှတ်ပုံတင်လျောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း

           (၁၆.၃.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် သာကေတမြို့နယ်ရှိ “ရွှေစိမ့်” စားသောက်ကုန်ပစ္စည်းများအား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ / မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံ တင်လက်မှတ်များထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး စားသောက်ကုန်ပစ္စည်းများဖြစ်သည့်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း (၁၈)ရှိကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါကုန် အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် စားသောက်ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီရောင်းချနေမှုအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

          ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီများပုံမှန်ရောင်းချပေးနိုင်ရန်နှင့် စက်သုံးဆီမလိုအပ်ဘဲ ဝယ်ယူစုဆောင်းခြင်း၊ ဝယ်ယူခြင်း မရှိစေရေးတို့အတွက် မြို့နယ်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် မတ်လ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်း စက်သုံးဆီရောင်းချသော Max၊  Moon Sun၊ Star High၊ Kyaw San စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ စက်သုံးဆီရောင်းချဈေးနှုန်း၊ စက်သုံးဆီအမျိုးအစားအလိုက် ဆိုင်လက်ကျန် ကျန်ရှိနေမှုများအား စစ်ဆေးခြင်းနှင့် စက်သုံးဆီများကို မလိုအပ်ဘဲ ဝယ်ယူမှုများမရှိစေရေး၊ စက်သုံးဆီများကို ဝယ်ယူစုဆောင်းပြီး သိုလှောင်မှုများရှိပါက မီးဘေးအန္တရာယ်များရှိလာနိုင်၍ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများအား စနစ်တကျ ထိန်းသိမ်းရောင်းချကြရန်တို့ကို အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်) 

Online Sale လျှောက်ထားမှုနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၆.၃.၂၀၂၆) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် GY Food Co.,Ltd အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၃၁၉/၃၂၀)၊ ဝတ်မဆွတ်ဝန်ထောက်လမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် Online မှတစ်ဆင့်လျှောက်ထားသည့် စာရွက်စာတမ်းများဖြစ်သော ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့်မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ပြီး ၎င်းလက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းစသည့်ဖြင့် Online မှတ်ပုံတင်သည့် အကြောင်း အရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA (ရန်ကုန်)

စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      (၁၇.၃.၂၀၂၆) ရက်နေ့ နံနက် (၁၁:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် မြို့မဈေးများနှင့် Ocean Center တို့၌ စားသုံးဆီအမျိုးမျိုးရောင်းချနေခြင်းအား တာဝန်ခံများပူးပေါင်းပါဝင်လျက် ကုန်အညွှန်းအမှတ် အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ရောင်းချစေရေးတို့အတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များကို သက်ဆိုင်ရာမိတ်ဖက်ဌာနများ နှင့် အတူ စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးမှာ ကောင်းမှကောင်း၊ Healthy Chef၊ City Selection ၊စံချိန်၊ရွှေအုံ၊ သူကြီးကတော် ဇမ္ဗူအေး၊ နှစ်သက်နှင့် သိဒ္ဓိအမှတ်တံဆိပ်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားပြီး အလေးချိန် နေရာတွင် ဂရမ်၊ လီတာ များကိုလည်း ရေးသားဖော်ပြ ထားကြောင်း စစ်ဆေတွေ့ရှိရပြီး ထုတ်လုပ်သူ၊ ရောင်းချသူများမှလည်း မှန်ကန်သောရောင်းဝယ်မှု၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းဝယ်လာခြင်းဖြင့် တရားမဝင်ကုန်စည်များ၊ စားသုံးရန်/ သုံးစွဲရန်မသင့်သော ကုန်စည်များ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားမည်ဖြစ်ပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ခြင်း၊ သုံးစွဲနိုင်ခြင်းများဖြစ် ပေါ်လာစေရေးအတွက် လိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ