သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရတနာများ အဖိုးထိုက်ရေး တာဝန်ကိုယ်စီထမ်းဆောင်ပေး

          မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ညောင်ဦးမြို့နယ် အား ကစားနှင့် လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၂၂.၈.၂၀၂၂)ရက်နေ့ နေ့လည် ၁၃:၄၅ နာရီအချိန် တွင် ညောင်ဦးမြို့ မြို့မအခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ မိတ်ဆက် အမှာစကားပြောကြားခဲ့ပြီးနောက် ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေး(၈)ချက် ၊ စားသုံးသူတို့ လိုက်နာရမည့် အခြေခံတာဝန်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ လုပ်ငန်းရှင်နှင့် စားသုံးသူနှစ်ဦးနှစ်ဖက်ကြား ပြည်သူ့အကျိုးပြုလိုက်လံဆောင်ရွက်ပေး ရပုံ၊ တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC )တည်ရှိရာနေရာများ ၊ Website နှင့် Call Center ဖုန်းနံပါတ်တို့ကိုပါ အတိအကျ လမ်းညွှန် ဟောပြောပို့ချခဲ့ပါသည်။ထို့နောက် ကျောင်းသား၊ကျောင်းသူတို့အနက်မှ အလယ်တန်းကျောင်းသား၊ ကျောင်းသူများနှင့် အထက်တန်းကျောင်းသား၊ကျောင်းသူတို့သည် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍လည်းကောင်း ၊ စားသုံးသူအခွင့်အရေးအပြင် နစ်နာဆုံးရှုံးမှုတို့နှင့်စပ်လျဉ်း၍လည်းကောင်း သိလိုသည်များကို စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးနှင့် အပြန်အလှန်ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။ဟောပြောဆွေးနွေးပွဲအပြီးတွင် ဆက်လက်၍ ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ကျောင်းအတွင်း ရောင်းချနေသော ကျောင်းမုန့်ဈေးဆိုင်များရှိ ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိမရှိ၊ဘေးအန္တာရာယ်ဖြစ်စေသော ကုန်စည်များ ရောင်းချမှုရှိမရှိ အခြေအနေတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ယင်းဟောပြောဆွေးနွေးပွဲသို့ ညောင်ဦးမြို့  မြို့မအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းနှင့် ဆရာ ၊ ဆရာမ (၁၁)ဦး ၊ ကျောင်းသား ၊ ကျောင်းသူ စုစုပေါင်း(၁၅၂)ဦးတို့သည် စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းရှိ ဈေးဆိုင်များအား ဈေးကွက်‌စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၃.၈.၂၀၂၂ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းရှိ စားသောက်ဆိုင် (၉) ဆိုင်၊ စတိုးဆိုင် (၂)ဆိုင်၊ စုစုပေါင်း ဈေးဆိုင် (၉) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စားသောက်ဆိုင်များမှာ သန့်ရှင်းမှု ရှိ/မရှိ၊ ကျန်းမာ‌ရေးနှင့်ညီညွတ်မှု ရှိ/မရှိ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်း ရှိ/မရှိ၊ စတိုးဆိုင်များ၌ ရောင်းချနေသော ပစ္စည်းများမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ပီကေသကြားလုံး၊ ငါးပိဗူး၊ အချိုရည် စုစုပေါင်း ကုန်ပစ္စည်း (၃) မျိုးအား စားသုံးရန် သင့်/မသင့် ဓာတ်ခွဲစမ်းသပ်ရန် နမူနာပုံစံ ရယူခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

        မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်စမ်းစမ်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးနေဇင်သက် က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး နှင့်တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားကို သေချာစွာဖတ်ရှုပြီးမှ ဝယ်ယူသင့်ကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။         

         ထို့နောက် ကျောင်းအုပ်ဆရာမကြီးထံသို့ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၃၄) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စလင်းမြို့နယ် ပေါင်းနားရပ်ကွက်ရှိ ပဲကြော်လုပ်ငန်းရှင်အား ကွင်းဆင်းအသိပညာပေးခြင်း

            စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မျှော်မှန်းချက်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် စလင်းမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက် များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရးအတွက် ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူတောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်လျှက်ရှိပါသည်။

     မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးဆန်းလင်းမောင်သည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ ပေါင်းနားရပ်ကွက် အုပ်ချုပ်ရေးမှူးပါဝင်သောအဖွဲ့ဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၈)ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် စလင်းမြို့နယ် ပေါင်းနားရပ်ကွက်ရှိ ပဲကြော်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            မြို့နယ်ဦးစီးမှူးမှ အသိပညာပေးပြောကြားရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်စေရန်အတွက်  စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ကြေငြာချက်အမှတ်(၂/၂၀၁၉) နှင့်အညီ ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြချက် ကိုက်ညီမှုရှိမှသာ လုံခြုံစိတ်ချရသော ကုန်စည်ဖြစ်မည်ဖြစ်ပါကြောင်း လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးမြို့နယ်၊ မကြီးကန်‌ကျေးရွာရှိ အထက(ခွဲ) ‌ကျောင်း၌ စားသုံးသူအသိပညာပေး‌ဟောပြောခြင်း

         မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများအဖွဲ့သည် ၂၀၂၂-ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့ နံနက်(၀၉:၃၀)မှ (၁၁:၃၀)နာရီထိ မကွေးမြို့နယ်၊ မကြီးကန်‌ ကျေးရွာရှိ အထက(ခွဲ) ကျောင်း၌ အခြေခံကျောင်းသား၊ ကျောင်းသူများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

        မကွေးခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ) မှ စားသုံးသူ‌ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့် တာဝန် (၄)ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ပြည့်စုံစွာ ပါဝင်ရမည့် အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သူများ တိုင်ကြားပုံ နည်းလမ်းနှင့် Internet၊ Mobile Application တွင် ဝင်ရောက်တိုင်ကြားပုံ၊ Consumer Call No. 1535 သို့ ခေါ်ယူတိုင်ကြားနိုင်မှုများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ (၂၅)ဦး ကျောင်းသား၊ ကျောင်းသူ (၁၃၂)ဦး စုစုပေါင်း (၁၅၇)ဦး တက်ရောက်ခဲ့ပြီး ဌာနမှ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်ကြီးမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  ဩဂုတ်လ (၂၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တောင်ကြီးမြို့၌ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတများရရှိစေရန်အတွက် စားသုံးသူကွယ်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်း သိရပါသည်။

           ရှေးဦးစွာ တောင်ကြီးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံပယ်စိုးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်ဇော်လတ် (ဒုတိယဦးစီးမှူး)က စားသုံးသူအဓိပ္ပာယ်၊ စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိသော အခန်း (၉)ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းနှင့် စားသုံးသူထိခိုက် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ပုံစံနည်းစနစ်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူများ (၃၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ရှမ်း)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မုန့်မျိုးစုံဆိုင်ရှင်များအား   စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဦးလေးလွင်သည် (၂၂.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက် မြို့မဈေးတာဝန်ခံရုံးတွင် မြို့နယ်စည်ပင်သာာယာရေးအဖွဲ့နှ့င့် ပူးပေါင်း၍ မုန့်မျိုးစုံရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆွေးနွေးခဲ့ပါသည်။

        ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူ ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ ပုဒ်မ(၄၃)အရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍ဖြစ်စေ ရေးသားဖော်ပြရမည်၊ မိမိတို့လုပ်ငန်းရှင်များအနေဖြင့်  ကုန်စည်အမျိုးအစားအလိုက် ထုတ်ပြန်ထားသည့်ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ဌာနအနေဖြင့် အပတ်စဉ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင်များအား အသိပေးမှာကြားဟောပြောခဲ့ပါသည်၊ ဟောပြောပွဲသို့ မုန့်မျိုးစုံရောင်းချနေသူပိုင်ရှင်(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့ အ.ထ.က ဒေါင့်ကြီး အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ပြုလုပ်ကျင်းပ

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂.၈.၂၀၂၂) နေ့လယ် (၁၃:၀၀ မှ ၁၅:၀၀ ) နာရီအချိန်ထိ မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ပန်းတနော်မြို့ အ.ထ.က ဒေါင့်ကြီး အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

      အဆိုပါဟောပြောပွဲတွင် ပန်းတနော်မြို့နယ်တာဝန်ခံက စားသုံးသူတို့၏ အခွင့်အရေးအကြောင်း၊ စားသုံးသူတို့လိုက်နာရမည့်တာဝန်များ၊ စားသုံးသူတို့သည် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်ကို ရွေးချယ်ဝယ်ယူတက်စေရန်နှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်သည့်နည်းလမ်းများနှင့်၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား အငြင်းပွားမှုဖြစ်ပေါ်ပါက စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသော လုပ်ငန်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးပြီး ဟောပြောပွဲတွင် ဆရာ၊ ဆရာမ (၁၀)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၃၀)ခန့် တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များမေးမြန်းမှုကို ပြန်လည်ပြောကြား ရှင်းလင်းဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် အမှတ်(၂)ရက်ကွက် အိုဘိုအခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ‌ဒေးဒရဲမြို့နယ်တာဝန်ခံဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် သြဂုတ်လ(၂၀)ရက်နေ့ တွင် ‌ဒေးဒရဲမြို့နယ်အမှတ်(၂)ရက်ကွက် အိုဘိုအခြေခံမူလတန်းကျောင်း၌ဆရာ၊ဆရာမနှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ အစား အသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူ စားသောက်တတ်စေရေးဟောပြောခဲ့ပါသည်။

          ထိုဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးလှဌေးမှအဖွင့်မှာစကားပြောကြားပြီးနောက် ဒေးဒရဲမြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းများဖြစ်သည့် အစားအသောက်များတွင် မူလသဘာဝအားဖြင့် ပါဝင်သောဓါတုပစ္စည်းများအပြင်၊ လူတို့ပြုပြင်ဖန်တီးထားသော ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးများ၊ပဋိဇီဝဆေးဝါးများအစားအစာများတွင်ပါဝင်လာနိုင်ကြောင်း စားသုံးသင့်သောမူလအစားအစာပုံစံများကို ကျော်လွန်ပြီး အရောင်အဆင်းအနံအရသာ ပိုမိုကောင်းမွန်ရန်အတွက်လည်းကောင်း၊ လှလှပပနှင့်အရသာကို အမျိုးမျိုးပြုလုပ်စားသောက်လာကြ၍လည်းကောင်း၊ အစားအစာများတွင်အန္တရာယ်ရှိသောခွင့်မပြု ဓါတုကုန်ကြမ်းအရောင်ဆိုးဆေးများ ထည့်သွင်းလာမူနှင့် အစားအစာများတာရှည်ခံရန် ဘေးအန္တရာယ်ရှိဖော်မလင်ဆေးများ ထည့်သွင်းသုံးစွဲလာမှုကိုလည်းကောင်း ၊ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၊ကျောင်းသူ/ကျောင်းသားများအနေဖြင့်အဓိကထုတ်လုပ်သည့် ရက်စွဲ၊သက်တမ်းကုန်ဆုံးရက်စွဲကြည့်ဝယ်ရန် ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများ စားသုံးရာတွင် စနစ်တကျဆေးကြောစားသုံးရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဖျာပုံမြို့ စားသုံးသူပြည်သူများအား ဆန်တစ်ပြည်(၁၅၀၀)ကျပ်နှုန်းဖြင့် နေ့စဉ်ရောင်းချ ပေးလျက်ရှိ

           ဖျာပုံမြို့အမှတ်(၃)ရပ်ကွက်ရှိ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒေသကော်မတီ(၅) ဧရာဝတီတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ ဖျာပုံမြို့နယ်အသင်းခွဲရုံးတို့၏ အစီအစဉ်ဖြင့် ဒေသအတွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် အခြေခံပြည်သူများ သက်သာချောင်ချီ ရေးအတွက် အဓိက စားသုံးသော   ဧည့်မထ အချွန်ဆန်များအား   တစ်ပြည်လျှင်(  ၁၅၀၀ )ကျပ်ဖြင့် လူတစ်ဦးလျှင်(၃)ပြည်နှုန်းရောင်းချပေးနေကြောင်း သိရသည်။

             အဆိုပါရောင်းချပေးနေမှု အခြေအနေအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥ က္က ဌ  နှင့် အဖွဲ့ဝင်များ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့မှ သွားရောက်ကြည့်ရှု့အားပေး၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

        ဖျာပုံခရိုင်မြို့နယ်များဖြစ်သည့် ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်မြို့နယ်များတွင်လည်း ရောင်းချသွားမည်ဖြစ်ပြီးယခုရောင်းချပေးနေသောဆန်အမျိုးစားမှာ ဒေသပေါက်ဈေးတစ်ပြည်လျှင်(၂၂၀၀) ကျပ်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒေသကော်မတီ(၅)မှ တာဝန်ရှိသူများ၏ တင်ပြချက်အရ သိရသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ