သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်ပစ္စည်းပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

          ရခိုင်ပြည်နယ်၊စားသုံးသူရေးရာ ဦးစီးဌာန၊တောင်ကုတ်ခရိုင်၊ ခရိုင်ဦးစီးမှူးဦးကျော်မြင့်သည် (၁၂-၈-၂၀၂၂)ရက်နေ့တွင်  တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက်ရှိ ဒေသတွင်း မုန့်ဖုတ်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားနှင့်စပ်လျဉ်း၍ သိရှိလိုခြင်းနှင့် ပတ်သတ်၍  တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ခရိုင်ဦးစီးမှူးနှင့်တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်သည် တောင်ကုတ်ဒေသအတွင်း “ပြုံးပြုံးလေး”အမှတ်တံဆိပ်ဖြင့် ကိတ်မုန့်/ ပေါင်မုန့်အမျိုးမျိုးအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသူ တစ်ဦးဖြစ်ကာ ၎င်းထုတ်လုပ်သည့်ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသား များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များရှိပါက ညွှန်ကြားပြသပေးနိုင်ရေး ပြောကြားခဲ့ရာ ခရိုင်ဦးစီးမှူး ဦးကျော်မြင့် ဦးစီးအရာရှိမှ ကုန်ပစ္စည်းများအား တင်သွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင် သတိပေးချက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရန်လိုအပ်ပါကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို စားသုံးသူများ သိရှိနားလည်အောင်ဖော်ပြမှသာလျှင် စားသုံးသူများမှ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ရွေးချယ်ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌါန်း ချက်များအား ရှင်းလင်းပြောကြားခဲ့ရာ လုပ်ငန်းရှင်မှ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းရှင် ထုတ်လုပ်သည့်ကုန်ပစ္စည်းနမူနာပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများတွင် လိုအပ်ချက်များအား ခရိုင်ဦးစီးမှူးမှ ဖြည့်စွက်ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

 

ဈေးကွက်အတွင်းရှိ စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စိစစ်ဆောင်ရွက်ခြင်း

         ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန စစ်တွေမြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းများသည် (၁၂.၈.၂၀၂၂) နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စစ်တွေမြို့ မြို့မဈေးကြီးသို့သွားရောက်၍ စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့် ဈေးဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိ မှုများနှင့် စပ်လျဉ်း၍ ဈေးကွက်စိစစ်ဆောင်ရွက်ခဲ့ပါသည်။

        ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့၏ ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ ပါ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားချက်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏  ၁/၂၀၂၁ ပါ ညွှန်ကြားချက်အရ စားသုံးဆီများတွင် ပင်ရင်းပါဝင်ပစ္စည်းများကို အခြေခံသောကုန်စည်၏အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့်ဖော်ပြထားရှိမှုရှိ/မရှိ၊ ကုန်ပစ္စည်း၏အသားတင်ပမာဏ၊ အလေးချိန်တို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သား ဖြင့်ဖော်ပြ ရန်ညွှန်ကြားချက်တို့အား လိုက်နာဆောင်ရွက်မှု ရှိ/မရှိ နှင့် ပိဿာ/ကျပ်သားတို့ဖြင့် ဖော်ပြရာတွင်လည်း ပိဿာခန့်/ ကျပ်သားခန့်ဟူသည့် မတိကျသောဖော်ပြချက်များဖြင့် ထည့်သွင်းထားမှု ရှိ/မရှိ ဈေးကွက်စိစစ် ဆောင်ရွက်ခဲ့ပြီး ဈေးဆိုင်လုပ်ငန်းရှင်များအား ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ပြဌာန်းချက်များနှင့်ညွန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး ပြောကြား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

 

စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်းမှ စစ်ဆေးရေးမှူးဦးသိန်းမောင်ဦးဆောင် သောဝန်ထမ်းများသည် (၁၅.၈.၂၀၂၂)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းရှိ မုန့်မျိူးစုံဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၁၅)(ခ) စစ်‌ဆေးရးအရာရှိ၏ လုပ်ငန်း တာဝန်များအရ ဈေးကွက်အတွင်းရောင်းချလျှက်ရှိသော ကုန်ပစ္စည်းများတွင်ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာ‌ဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ယင်းသို့စစ်ဆေးရာတွင် ထိုင်းနိုင်ငံထုတ် Yoyo Jelly တွင် ကုန်စည်၏အသားတင်ပမာဏ၊ထုတ် လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားမှု မရှိကြောင်း တွေ့ရှိရသဖြင့်၄င်း Jelly ရောင်းချမှုကို တားမြစ်ခဲ့ပြီး ပုဒ်မ(၅၂)အရ အရေးယူဆောင်ရွက်ရန် ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“မိတ္ထီလာမြို့နယ်အတွင်း စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိ ကို မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသော  ဆီဆိုင် (၇) ဆိုင်အား ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊  အရည်အသွးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ချောဆီများကိုသာ တင်သွင်း၊ဖြန့်ဖြူးရောင်းချရစေလိုကြောင်း ၊ သတ်မှတ်ချက်နှင့်မကိုက်ညီသော ပစ္စည်းများဖြစ်ပါက ဥပဒေနှင့်အညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်သုံးဆီများကို ပြည်သူများလက်ဝယ်သို့ ရည်ညွှန်းစျေးများအတိုင်း အမှန်တကယ်ရောင်းချပေးစေလိုကြောင်း၊  အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဆီဆိုင်များမှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာ ရောင်းချမှုရှိပြီး၊ အချိန်အတွယ် လီတာ၊ဂါလံများလဲ့ (၂၀) လီတာစံဝင်ခွက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ခြင်ဆေးခွေများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

           မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆-၈-၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) နာရီချိန်တွင်တရားဝင်ဖြန့်ဖြူးရောင်းချခွင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှား တုပပြုလုပ်၍ တရားမဝင်ခြင်ဆေးခွေများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံမှ ပိုးသတ်ဆေးလိုင်စင်ရယူပြီး အခွန်ပေးဆောင်လျက်ရှိသော “ကျင်းထုံ”ခြင်ဆေးခွေကို Shwe Kalay Co.,Ltd မှ တစ်ဦးတည်း ကိုယ်စားလှယ်၍ စျေးကွက်တွင်း ဖြန့်ဖြူးရောင်းချလျက်ရှိရာ ပိုးသတ်လိုင်စင်မရှိဘဲ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှားတုပပြုလုပ်၍ တရားမဝင်ခြင်ဆေးခွေ “ကျင်းဟုံ”အမည်ဖြင့် လည်းကောင်း၊”ရှင်းထုံ” အမည်ဖြင့်လည်းကောင်း တုပ၍ရောင်းချမှုမရှိစေရေး လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူ ကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ အရောင်းဆိုင်များတွင် တရားဝင်စိစစ်ခွင့်ပြုထားသည့် ပိုးသတ်ဆေးဆိုင်ရာ သုံးစွဲထုတ်လုပ်ခွင့်၊ ပိုးသတ်ဆေးသုံးစွဲသည့် ကုန်ပစ္စည်း၏ ထုတ်ပိုးပစ္စည်းနှင့် ပတ်သက်သည့် စိစစ်ခွင့်ပြုချက်များ ရယူဆောင်ရွက်ထားခြင်းမရှိဘဲ တရားမဝင်နည်းလမ်းဖြင့် ထုတ်လုပ်ရောင်းချနေသော ခြင်ဆေးခွေများရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်ပစ္စည်းရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိခြင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိမှသာရောင်းချရန် အသိပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

“ပျော်ဘွယ်မြို့နယ်အတွင်း အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

           မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ (မိတ္ထီလာ/ ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ သြဂုတ်လ  ၁၆   ရက်နေ့ (၁၀း၀၀) အချိန်တွင် ပျော်ဘွယ်မြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသော အလှကုန်ဆိုင် (၈) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် Berrer Way (Thailand), Co.,ltd မှ FDA ထောက်ခံချက်များဖြင့် Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများ သည် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling  ကပ်၍ စျေးကွက်အတွင်းသို့ တရား ဝင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊စျေးကွက်အတွင်း အလှကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်များအား မည်သည့်လုပ်ငန်းရှင်များအဆို ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်နှင့်အညီ ဖော်ပြ၍ တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန်လိုအပ်ကြောင်း၊ အကယ်၍ လိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေအရ အ‌ရေးယူဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ Mistine အလှကုန်ပစ္စည်းများအား Thiri Cosmetic Co.,Ltd မှ FDAထောက်ခံချက်  Hologram (ရောင်ပြန်) ကပ်နှိပ်ထားသော ကုန်အညွှန်းအမှတ်သားများအား မြန်မာဘာသာဖြင့် ဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          အလှကုန်ပစ္စည်းရောင်းဆိုင်များအနေဖြင့် Mistine အလှကုန်များကို တရားဝင်ကုမ္ပဏီများမှ ဝယ်ယူ‌ရောင်းချပါကြောင်းနှင့် ရောင်းချနေသော Mistine အလှကုန်များတွင် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling များ ကပ်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသည်။

DOCA(မန္တလေး)

“စိုက်ပျိုးပြီးစီးတော့မည့် မိုးစပါး”

                မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့တွင် နွေစပါး စိုက်ပျိုးနိုင်ခြင်းမရှိသော်လည်း မိုးစပါးအား ဧက ၅၉၆ ဧက စိုက်ပျိုးနေပြီးဖြစ်ကြောင်း သိရပါသည်။ ပျိုးထောင်စိုက်ပျိုးချိန် မရသော တောင်သူများမှာ အစေ့ တိုက်ရိုက်ချစနစ်ဖြင့် စိုက်ပျိုးကြပြီး အများအားဖြင့် ပျိုးထောင်၊ ပျိုးနုတ်၊ ကောက်စိုက် စနစ်ဖြင့် စိုက်ပျိုးကြသည်။ တောင်သူများမှာ ဓါတ်မြေသြဇာ စျေးမြင့်တက်နေသော်လည်း သဘာဝ မြေသြဇာ၊ နွားချေး၊ ကြက်ချေး၊ EM ဗိုလ်ကာချီး အစရှိသော သဘာဝ မြေသြဇာများဖြင့် စိုက်ပျိုးကြသည်။ စိုက်ပျိုး ပြီးသော စပါးပင်များမှာ သဘာဝမြေသြဇာ အသုံးပြုကြသည့်အတွက် အပင်စိမ်းမူ ရေရှည်ခံခြင်း၊ ရာသီဥတုဒဏ်ကို ပိုမိုခံနိုင်ကြောင်း တွေ့ရှိရပါသည်။ တောင်သူများအနေဖြင့် စပါးစျေးတက်နေခြင်းကြောင့် အရင်ထက် ပိုမိုကြိုးစားလုပ်ကိုင်ကြကြောင်းနှင့် စပါးထွက်နှုန်းမှာ ကျဆင်းသွားမည်မဟုတ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး တွေ့ဆုံဆွေးနွေးခြင်း”

          မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းသည် ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် အမှတ်(၅/၇၁)၊ ကျီတော်ကုန်းလမ်း၊ ဆုတောင်းပြည့်ဘုရားအနီး ၊ ကျီတော်ကုန်းရပ်ကွက်၊  မိတ္ထီလာမြို့၌ “လာဘ်မင်း”အမှတ်တံဆိပ် ဆပ်ပြာထုတ်လုပ်ရောင်း ချနေသော လုပ်ငန်းရှင်မှ ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန် အတွက် စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုနှင့် ပတ်သတ်၍ တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

          အဆိုပါတွေ့ဆုံမှုအရ “လဘ်မင်း” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းတွင် ဆံသားပေါင်းဆီ ၊ Coffee Surb၊ သဘာဝခေါင်းလျှော်ရည်စသည့် ကုန်စည်များကို မိသားစုထုတ်လုပ်ကြောင်း၊ မိတ္ထီလာမြို့ အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးမှ လူသုံးကုန်ပစ္စည်း အမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်း အမှတ်သားများအား ပြည့်စုံစွာဖော်ပြရန် အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ် အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာတွဲ လျှက်ရှိစေ ဖော်ပြ ရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၆.၈.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ  (အ.ထ.က-၃) ကျောင်း၌  စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ရာ  ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ  တက်ရောက်ခဲ့ကြပါသည်။

            ထိုသို့ဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးချွန်က စားသုံးသူကာကွယ်ရေးဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပေါ်ပေါက်လာရခြင်းအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်း ရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲဦးစီးဌာနတို့၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် လုပ်ဆောင်ချက်များကွဲပြားပုံ အကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ်အသုံးပြုလိုက်သော ကုန်စည်ကြောင့်ဖြစ်စေ၊ ဝန်ဆောင်မှုကြောင့်ဖြစ်စေ ထိခိုက်နစ်နာမှုများရှိပါက မိမိတို့၏စားသုံးသူအခွင့်အရေးကို အဆုံးရှုံးမခံ ဘဲတိုင်ကြားကြစေလိုကြောင်း၊ ပြည်သူအားလုံးကို တိုင်ကြားသည့်အလေ့အကျင့်များရှိစေလို ကြောင်း၊ တိုင်ကြားရုံသာမက မိမိတို့ဘက်မှလည်း လိုက်နာရမည့်တာဝန်များကို လိုက်နာကြရန် လိုအပ်ကြောင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကြောင့် တိုင်ကြားလာသော ကိစ္စရပ်များအားလည်းဌာနမှ ညှိနှိုင်းပေးသဖြင့် အဆင်ပြေသွားသည့်အမှုကိစ္စများ များစွာ ရှိပါကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆက်သွယ် နိုင်သည့် ဖုန်းနံပါတ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့် အရေးရှိပါကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောခြင်းနှင့်  ဒု-ဦးစီးမှူး ဒေါ်ဇင်မာနွယ်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်ဖော်ပြခြင်းများနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီဆောင်ရွက်ရသည်များကို  ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းပြုလုပ်ခဲ့ပါကြောင်း သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ဘေးလေအိတ်ပြဿနာကြောင့် Ford Maverick Pickup Truck မော်တော်ယာဥ်များကို ဈေးကွက်မှ သိမ်းဆည်း

        ဘေးခန်းလေအိတ်များ ပြန်လည်အစားထိုးပြင်ဆင်ရန်အတွက် Ford ကုမ္ပဏီအနေဖြင့် ၂၀၂၂ ခုနှစ်ထုတ် Maverick Pickup Truck မော်တော်ယာဥ်အစီးရေ ခြောက်သောင်းခွဲနီးပါးကို ဈေးကွက်မှ ပြန်လည်သိမ်းခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်များရှိ ဘေးလေအိတ်များသည် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက စီးနင်းသူများကို ကာကွယ်နိုင်ရန် အမေရိကန်ပြည်ထောင်စု ယာဉ်အန္တရာယ်ကင်းရှင်း ဆိုင်ရာအေဂျင်စီ(National Highway Traffic Safety Administration- NHTSA)၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိ​သည်ကို စမ်းသပ်တွေ့ရှိရကြောင်း သိရှိရသည်။ Ford ကုမ္ပဏီအနေဖြင့် ဒီလေအိတ် ပြဿနာကြောင့် ထိခိုက်ဒဏ်ရရှိမှုကို မကြားမိသေးကြောင်း​ဆိုထားသည်။ Ford ၏ ကနဦးစမ်းသပ် ချက်များအရ အဆိုပါလေအိတ်များသည် စံချိန်စံညွှန်များနှင့် ကိုက်ညီမှုရှိကြောင်း စမ်းသပ်ပြီးဖြစ်သော် လည်း NHTSA ၏ စမ်းသပ်စစ်ဆေးချက်အရ Federal Motor Vehicle Safety Standard 226 S4.2.1 ၏လိုအပ်ချက်များနှင့်ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။ NHTSA အနေဖြင့် အဆိုပါ မော်တော်ယာဉ်ထုတ်လုပ်သူကို အကြောင်းကြားခဲ့ပြီးနောက် Ford အနေနဲ့ အဆိုပါလေအိတ်များကို ပြန်လည်စမ်းသပ်ခဲ့ပြီး NHTSA ၏ စစ်ဆေးတွေ့ရှိမှုအပေါ်အတည်ပြုခဲ့သော်လည်း စစ်ဆေးမှုရလဒ် ကွဲပြားရသည့်အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါကုမ္ပဏီကပြောကြားသည်။ Ford ကုမ္ပဏီအနေဖြင့် အဆိုပါမော်တော်ယာဉ်တင်ပို့မှုကို ရပ်ဆိုင်းထားပြီး စံမမှီသောလေအိတ်တပ်ဆင် မှုကိုလည်း ရပ်ဆိုင်းထားခဲ့သည်။ ကုမ္ပဏီအနေဖြင့် ၎င်းမော်တော်ယာဉ်ကို ဆက်လက်ထုတ်လုပ်နေဆဲ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိူင်လ ၉ရက်နေ့နောက်ပိုင်းထုတ်လုပ်သောမော်တော်ယာဉ်များတွင် အသစ်မွမ်းမံ ထားသောစံချိန်စံညွှန်းမှီသည့်လေအိတ်များ တပ်ဆင်ထားကြောင်းသိရသည်။ အဆိုပါ မော်တော်ယာဉ် ဝယ်ယူထားသူများအနေဖြင့် ကုမ္ပဏီသို့ဆက်သွယ်ပါရန်နှင့် စံချိန်စံညွှန်းမှီသောလေအိပ်များ အစားထိုး တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ စာတိုက်မှတဆင့် ယာဉ်ဝယ်ယူထားသူများကို အကြောင်းထား ကြောင်း၊ မိမိယာဉ်သည် ပြန်လည်သိမ်းဆည်းရန်ယာဉ်စာရင်းတွင်ပါဝင်ခြင်း ရှိ/မရှိ NHTSA ၏ Website တွင် စစ်ဆေးကြည့်ရှုနိုင်ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် ယခုကဲ့သို့ ပြန်လည်သိမ်း ဆည်းခြင်းကို ဆောင်ရွက်လေ့ရှိသည့်အတွက် မိမိ၏ယာဉ်သည် ပြန်လည်သိမ်းဆည်းရန်စာရင်းတွင် ပါ/မပါ ကို ပုံမှန်စစ်ဆေးကြည့်သင့်ကြောင်း NHTSA က အကြံပြုထားပါသည်။ 

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ