သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူမြို့အတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ဦးဆောင်သောဝန်ထမ်းများသည် စားသုံးပြည်သူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၉.၈.၂၀၂၂)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် ပခုက္ကူမြို့ အမှတ်(၂)၊စည်ပင်သာယာဈေးရှိ ကုန်မျိုးစုံ ဆိုင်များတွင်ရောင်းချလျက်ရှိသော ကုန်စည်များမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ၊ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာ သာဖြင့် ဖော်ပြထားခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်မျိုးစုံရောင်းချ နေသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များကိုသာ ရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပါသည်။

DOCA(မကွေး)

 

မင်းတုန်းမြို့ပေါ်ရှိ စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် သရက်ခရိုင် ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွေသည် စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဩဂုတ်လ (၁၂)ရက်၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် မင်းတုန်းမြို့ပေါ်၌ မြို့မဈေးနှင့် အမှတ်(၃/၄)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် ကြာပန်းတံဆိပ် ၊ မေဇင်၊ Goody အမှတ်တံဆိပ် စားသုံးဆီများ နှင့်ပက်သက်၍  ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆိုင်ပိုင်ရှင်များအား စားသုံးသူရေးရာဦးစီးဌာန၊ မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွေမှ စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၁၈)ပါကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှလည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူများအနေဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုများရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက တိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့်စားသုံးသူကာကွယ်ရေး ကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အချက်အလက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းသိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

       တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ထားဝယ်ခရိုင်တာဝန်ခံသည် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမတွင် စားသုံးသူကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့၊ နေ့လယ်ပိုင်းတွင်ဆောင်ရွက်ခဲ့သည်။

          အဆိုပါအသိပညာပေး (Talk Show) တွင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးဝင်းနိုင်မှ မိတ်ဆက်စကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အဓိပ္ပာယ်ကိုရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများ၏အခွင့်အရေး များကိုလည်းကောင်း ကုန်ညွှန်းအမှတ်သားများကိုပါ ရှင်းလင်းပြောကြားပြီး တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ လူကိုယ်တိုင်ဖြင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ Website ဖြင့်ဖြစ်စေ ၊DOCA Myanmar application ဖြင့်ဖြစ်စေတိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(တနင်္သာရီ)

ဖျာပုံမြို့ရှိ အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းနှင့်အတူ ဩဂုတ်လ(၁၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအရပြည် တွင်းရှိ ထုတ်လုပ်သော ကုန်စည်များပြည်ပမှ တင်သွင်းသောကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ်ဈေးကွက်ရောက်ပြီးကုန်စည်များ ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာစာသားဖြင့် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါဆိုင်များအား စစ်ဆေးရာတွင် ပထမလမ်းရှိ စတိုးဆိုင်၌ MOIST အမှတ်တံဆိပ်ဖြင့်  SUNSCREEN မျက်နှာနှင့်ခန္ဒာကိုယ်တွင်အသုံးပြုနိုင်သောနေလောင်ခံနို့ရည်/ခရင်(မ်))ဘူးပေါ်တွင် မြန်မာစာသားမပါရှိဘဲ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ကိုရီးယားဘာသာစာသားဖြင့်ဖော်ပြ ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူပြည်သူများ တစ်စုံတစ်ရာအန္တရာယ် မဖြစ်စေရေး ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက်ပေးရန် အသိပညာပေးခဲ့ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီသို့တင်ပြ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

မိုးညှင်းမြို့ရှိ ဆန်ခေါက်ဆွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

                ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး) သည် (၁၆.၈.၂၀၂၂)ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ ဆန်ခေါက်ဆွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည် ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာ လုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်းတာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA (ကချင်)

လက်လီ/လက်ကားကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်းသည် ၁၅.၈.၂၀၂၂ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ရပ်ကွက်(၂)၊ နောင်တာလောကျေးရွာရှိ ကုန်စုံဆိုင်များသို့ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် အသင့်စားမုန့်ဖြစ်သည့် နေခြည်အမှတ်တံဆိပ် အာလူးအစုံကြော်(ရှယ်စပ်) နှင့် KOKO NYINYI (နှမ်းကပ်မုန့်သြဇာ)တို့တွင်  စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်ဖြစ်သည့် ကုန်အညွန်းအမှတ်အသားများ မြန်မာဘာသာနှင့်ဖော်ပြရာတွင်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ပြည့်စုံစွာဖော်ပြထားရှိခြင်း ရှိ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

DOCA (ကချင်)

Johnson & Johnson ကုမ္ပဏီမှ ပြောင်းဖူးမှုန့်အခြေခံသော ကလေးကိုယ်လိမ်းပေါင်ဒါမှုန့် ပြောင်းလဲထုတ်လုပ်မည်

           Johnson & Johnson ကုမ္ပဏီအနေဖြင့်  ဓာတုဒြပ်ပေါင်းကိုအခြေခံသော ကလေးကိုယ်လိမ်း ပေါင်ဒါထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး ပြောင်းဖူးမှုန့်ကိုအခြေခံသော ကလေးပေါင်ဒါမှုန့်ပြောင်းလဲ ထုတ်လုပ်မည်ဖြစ်ကြောင်း ကုမ္ပဏီကထုတ်ပြန်ထားပါသည်။ J&J သည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ထုတ်ကုန်များကို ထုတ်လုပ်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်ပါသည်။ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့မှာ လွန်ခဲ့သော ၂နှစ်ခန့်ကတည်းက အဆိုပါပေါင်ဒါရောင်းချမှုကို ရပ်ဆိုင်းထားခဲ့ပြီးလာမည့် ၂၀၂၃ ခုနှစ်မှာ အဆိုပါပေါင်ဒါထုတ်လုပ်ရောင်းချမှုကို ကမ္ဘာတဝှမ်းလုံးမှာရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

          ၂၀၂၀ ခုနှစ်အတွင်းမှာ J&J ကုမ္ပဏီက ၎င်းတို့၏ထုတ်ကုန်ဘေးကင်းစိတ်ချရမှုနဲ့ ပတ်သက်ပြီး  တရားရုံးမှာရင်ဆိုင်ရသော အမှုတချို့ရှိလာခဲ့ပြီး လျှော်ကြေးပေးရမှုများလည်း ရှိသည်ဟု သိရပါသည်။ ထိုမှတဆင့် ကုမ္ပဏီဘက်မှအဆိုအရ "သတင်းမှားများ" ပြန့်နေခဲ့ပြီးနောက် ဝယ်လိုအားကျဆင်းလာခဲ့ရာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့တွင်အဆိုပါကလေးပေါင်ဒါကို အရောင်းရပ်ဆိုင်း​ရန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။   ၂၀၂၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်မှ တာဝန်ရှိသူများက အဆိုပါထုတ်ကုန်တွင် ကျောက်ဂွမ်းစပမာဏတစ်ခုပါဝင်နေသည်ကို တွေ့ရှိရတဲ့အတွက် J&J ကုမ္ပဏီအနေဖြင့် ၎င်းကိုယ်လိမ်းပေါင်းဒါ ဘူးပေါင်း ၃၃၀၀၀ခန့်ကို စျေးကွက်မှဆန္ဒအလျောက် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း The Guardian သတင်းတွင် ဖော်ပြထားပါသည်။

       အဆိုပါ ထုတ်ကုန်တွင် ရွံ့စေးမှရသော ဒြပ်ပေါင်းတမျိုးကို အသုံးပြုထားသောကြောင့် ကျောက်ဂွမ်းနှင့်နီးစပ်မှုရှိသည့်အတွက် ကင်ဆာဖြစ်စေနိုင်ကြောင်း စွပ်စွဲမှုများ၊ တရားစွဲဆိုမှုများလည်းရှိခဲ့ပြီး ကုမ္ပဏီဘက်မှ အဆိုပါထုတ်ကုန်တွင် ကျောက်ဂွမ်းမပါဝင်ကြောင်း ကမ္ဘာတဝှမ်းရှိဆေးပညာရှင် အချို့၏ စစ်ဆေးအတည်ပြုချက်များရှိသည်ဟု ငြင်းဆိုထားကြောင်းသိရပါသည်။ အဆိုပါ ကလေးပေါင်ဒါသည် ကလေးအနှီးလောင်၍ အရေပြားပွန်းပြီး အနီကွက်များထွက်ခြင်းကို သက်သာစေလိုသည့် နေရာတွင်အများအားဖြင့် သုံးစွဲကြခြင်းဖြစ်ပါသည်။  J&J ကလေးကိုယ်လိမ်း ပေါင်ဒါသည်  မိသားစုပေါင်းများစွာနှင့် ရင်းနှီးသောထုတ်ကုန်ဖြစ်ပြီး J&J ကုမ္ပဏီအနေဖြင့် ၁၈၉၄ ခုနှစ်ကပင် ထုတ်ကုန်များ ထုတ်လုပ်၊ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“အောင်ချမ်းငြိမ်း” မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          စစ်ကိုင်းတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည်  ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ် ၁၄ နာရီအချိန်တွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ “အောင်ချမ်းငြိမ်း” မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

         ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၁၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မှဒု-ခရိုင်ဦးစီးမှူး၊ ထုန်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်  ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးတို့ပူးပေါင်း၍ ရွှေဘိုမြို့ အမှတ်(၅)ရပ်ကွက်ရှိ  အလှကုန်ဆိုင်(၂)ဆိုင် နှင့်အမှတ်(၂)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်(၁)ဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

      အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးသည့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသည် အသစ်ဖွင့်လှစ်ရောင်းချသည့်ဆိုင်များဖြစ်သဖြင့် ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုင်စင်အသစ် လျှောက်ထားရာတွင် လိုအပ်သည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် တားမြစ် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခြင်းနှင့် ဇူလိုင်လ အတွင်းထုတ်ပြန်ထားသည့် စံမညီဆေးဝါးများ(၁၀)မျိုးရောင်းချခြင်းရှိ/မရှိ ပူးပေါင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်၊ ၂၁/၂၀၂၀ဖြင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန် ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို တားမြစ်သည့် အမိန့်ကြော်ငြာစာအား ထုတ်ပြန်ထားပြီး၊ ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(ခ)အရ အထက်ပါတားမြစ်ထားသည့် ကုန်စည်များကို တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့်စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခွင့်ကို စားသုံးသူရေးရာဦးစီးဌာနအား အခွင့်အာဏာ အပ်နှင်းထားကြောင်း၊ ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်း အမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်း ဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းအရာများအား အကျေယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လက်ကမ်းစာစောင်များဖြန့်ဝေ၍ ဆေးဈေးနှုန်းနှင့် လက်ကျန်အခြေအနေ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စက်သုံးဆီရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါစက်သုံးဆီ Terminalများမှ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ စက်သုံဆီများတင်ပို့မှုအပေါ် အထူးဈေးနှုန်းဖြင့်‌ရောင်းချပေးသည့်စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းလက်လီဈေးနှုန်းအပေါ်အခြေခံ၍ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ချိတ်ဆက် မေးမြန်း၍ ခရိုင်အတွင်းရှိ အရောင်းဆိုင်များအားလုံး၏ နေ့စဉ်တစ်လီတာရောင်းဈေးနှုန်းများကို တင်ပြဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်း ဌာနခွဲမှ ဝန်ထမ်း(၁)ဦးတို့သည် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ရွှေဘိုမြို့၊ ဇီးကုန်းလေးကျေးရွာရှိ ရင်ခွင်ရိပ်စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စက်သုံးဆီရောင်းချသည့်ရောင်းချသည့် လုပ်ငန်းအနေဖြင့် နေ့စဉ် ပုံမှန်အရောင်းအဝယ်ဖြစ်သည့် လုပ်ငန်းဖြစ်သော်လည်း ယခုအချိန်တွင် မိမိဆိုင်၌ ရောင်းချနေသည့် စက်သုံးဆီများပြတ်လတ်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်သည့်အပြင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်ထုတ်ပြန် လျက်ရှိသည့် စက်သုံးဆီအမျိုးအစားလိုက် ရည်ညွှန်းလက်လီဈေးနှုန်းများထဲမှ မန္တလေးဈေးနှုန်းအပေါ်အခြေခံ၍ ရောင်းချပေးလျက်ရှိကြောင်း၊ စက်သုံးဆီမှာယူခြင်း၊ သယ်ဆောင်ခြင်းများတွင်လည်း အခက်အခဲအနည်းငယ်ကြုံတွေ့ရကြောင်းနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင်လည်း အချင်အတွယ် မှန်ကန်စေရေးများ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးသဖြင့် ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်၏ ကြုံတွေ့နေရသော အခက်အခဲများအား သက်ဆိုင်ရာဌာနသို့ ချိတ်ဆက်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ