ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ချောက်မြို့နယ်၌ ဇီးပန်းသီးခြံ စိုက်ပျိုးတောင်သူများအထွက်နှုန်းကောင်း၍လုပ်ငန်းအဆင်ပြေ

         မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်တို့သည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်(၁၁:၀၀)နာရီချိန်၌ ချောက်မြို့နယ်၊ ကိုးဆူကျေးရွာရှိ ဇီးပန်းသီးခြံ (၅)ဧက စိုက်ပျိုးသော တောင်သူ(ဦးစံသိန်း)နှင့်တွေ့ဆုံ၍ ခြံစိုက်တောင်သူများ၏ သစ်သီးဝလံရောင်းချမှုအကျိုးအမြတ်ရရှိမှု အခြေအနေအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။အဆိုပါမေးမြန်းခဲ့ရာ       ဒေသခံတောင်သူမှ မေ၊ ဇွန်၊ ဇူလိုင်လမှစ၍ ကိုင်းကူးပျိုးပင်ကို တစ်ပင်(၃၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးပြီး နိုဝင်ဘာလ၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလများတွင် ရောင်းချကြကြောင်း၊ (၁)ဧကလျှင် (၁၅)ပေ×(၁၅)ပေအကျယ်ဖြင့် အပင်(၁၀၀) စိုက်ပျိုးပြီး(၅)ဧကအတွက် ကုန်ကျစရိတ်(၁၅)သိန်းခန့်ရှိကြောင်း၊ ခူးဆွတ်သောအချိန်၌ တစ်နေ့လျှင်ဇီးပန်းသီးအရွယ်စုံပြည်(၅၀)ခန့်ရှိပြီး လုပ်သားခမှာ လုပ်သား(၈)ဦးအတွက် တစ်နေ့ (၃၅၀၀၀) ကျပ်ပေးရပါကြောင်း၊ ရောင်းချရာတွင် တစ်ပြည်(၁၀၀၀)ကျပ်နှုန်းဖြင့်ရပြီး မကွေး-ချောက် ကားလမ်းမကြီးဘေးတွင် ဆိုင်ခင်းရောင်းချပြီး တောင်ကြီး၊ ပြင်ဦးလွင်၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့များသို့လည်း တင်ပို့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်လလျှင်(၄၅၀၀၀၀)ကျပ်ဖြင့် သုံးလ (၁၃၅၀၀၀၀)ကျပ်ဝင်ငွေရရှိကာ စီးပွားရေးတွက်ချေကိုက်ကြောင်း၊ ဒေသခံခြံစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးသည့်ဇီးပန်းသီးများ အောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်းကောင်း၍ စီးပွားရေးလုပ်ငန်းများ အဆင်ပြေလျက်ရှိကြကြောင်း သိရှိခဲ့ရပါသည်။

          ချောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးအတွက် စပါး၊ ပဲ၊ နှမ်းစိုက်တောင်သူများနှင့်တွေ့ဆုံဆွေးနွေး၍လည်းကောင်း၊ သစ်သီးဝလံ၊ ပန်းမန်စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၍လည်းကောင်း၊ စျေးနှုန်း၊ စျေးကွက်စိုက်ပျိုးထုတ် လုပ်မှု အကျိုးအမြတ်အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးသူမိဘပြည်သူများ အစားအသောက်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စျေးကွက်အတွင်း ကွင်းဆင်းခြင်း၊ လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ၊ စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

ဈေးကောင်း၊ အရောင်းသွက်၊ ပြည်ပခရီးထွက် နှမ်းလုံးသီးနှံဈေးကွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ပင်လောင်းမြို့နယ်တို့တွင် နှစ်စဉ်အမြောက် အများ စိုက်ပျိုးသော နှမ်းလုံးသီးနှံမှာ ယခင်နှစ်တွင် ဈေးကွက်ကောင်းရရှိနေပြီး ဒေသတွင်း တောင်သူများ အကျိုးအမြတ်ကောင်းစွာ ရရှိနေကြောင်းသိရှိရပါသည်။ နှမ်းလုံးသီးနှံအား ဇူလိုင်လတွင် ပျိုးခင်းထောင်၍ ပျိုးသက်တစ်လတွင် စိုက်ခင်းပေါ် ရွှေ့ပြောင်းစိုက်ပျိုးရသည်။ စိုက်ခင်းထိန်းသိမ်းပြုစုခြင်း၊ ရိတ်သိမ်းခြင်းလုပ်ငန်းများမှာ အခြားသီးနှံများထက် လွယ်ကူသက်သာစေခြင်းတို့ကြောင့် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ သီးနှံသက်တမ်း (ဇူလိုင်လ မှ နိုဝင် ဘာလအထိ) (၅)လသာရှိပြီး စိုက်ပျိုးမှု တစ်ဧကလျှင်(၃၂၀)ပိဿာခန့် ထွက်ရှိပါသည်။ နှမ်းလုံး သီးနှံ၏ ၂၀၂၀ခုနှစ် အမြင့်ဆုံးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၆၇၀၀)ကျပ်ထိရှိခဲ့ရာမှ (၂၀၂၁)ခုနှစ်၏ လက်ရှိကာလပေါက်ဈေးမှာ တစ်ပိဿာလျှင်(၈၂၀၀)ကျပ်ရှိနေကြောင်း သိရှိရပါသည်။ တရုတ်နှင့် ကိုးရီးယားနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိပြီး အဆင့်မြင့်မုန့်လုပ်ငန်းများတွင် သုံးစွဲကြောင်း သိရှိရပါသည်။ ဒေသတွင်းတွင် ရိုးရာဒေသအစားအစာဖြစ်သော ခေါပုတ်များတွင် အများဆုံး အသုံးပြုပါသည်။ စိုက်ပျိုးစရိတ်နည်းပါးခြင်း၊ ခိုင်မာသောပြည်တွင်း၊ ပြည်ပဈေးကွက်ရှိခြင်း၊ တည်ငြိမ်သောဈေးနှုန်း ရရှိခြင်းတို့ကြောင့် တိုးချဲ့စိုက်ပျိုးသင့်သော ပြည်ပပို့ကုန် နှမ်းလုံးသီးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ရှမ်းပြည်နယ်

မျှော်တော့မျှော်ချင်၊ သူလာမယ်မထင်လို့

ထွက်ခွာသွားလေသော ချစ်သူရည်းစားတစ်ယောက်ကို မျှော်လင့်ရင်းနဲ့ အပျိုကြီးဘဲ ဖြစ် သွားလေသလား? ဒါမှမဟုတ်ရင် ရရာလူကိုဘဲ သူယူလိုက်လေသလား ? အဖြစ်ကဒီလိုဗျ စိုက် ပျိုးထုတ်လုပ်သူ တောင်သူဆိုတာ မိမိအသက်မွေးလုပ်ကိုင်လာတဲ့အလုပ်ပေါ်မှာ မပြောင်းလဲဘဲ အစဉ်တစ်စိုက်လုပ်ကိုင်နေကြသည်ဆိုတာ စာဖတ်သူ တော်တော်များများလဲ သတိထားမိကြမှာပါ။ ဒါကြောင့်လဲ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအနေနဲ့ မပြောင်းလဲတဲ့ရှေးရိုးစွဲစိုက်စနစ်တွေကို တတ်နိုင်သမျှပြောင်းလဲနိုင်ရေး ဒေသနဲ့လျော်ညီတဲ့မျိုး ၊ ပြောင်းလဲလာတဲ့ရာသီဥတုနဲ့ ကိုက်ညီသော သီးနှံနှင့်စိုက်ပျိုးမှု အလေ့အကျင့်ကောင်းများကိုလည်း အသိပညာပေး ဆောင်ရွက်လျှက်ရှိတာကိုလဲ ကြားသိကြမှာပါ။ ဒီထဲမှာမှ မြင်းခြံခရိုင် ၊မြင်းခြံမြို့နယ်ဆိုတာ ကြက်သွန်ကို အဓိက စီးပွားရေးတစ်ရပ်အနေနဲ့ စိုက်ပျိုးလုပ်ကိုင်ကုန်သွယ်နေကြသည် ဆိုတာလဲ ကြက်သွန်နဲ့ မစိမ်း သူတိုင်းသိပြီးသားဖြစ်မှာပါ ကြက်သွန်နီဟာအတက်လဲကြမ်းသလို အမြတ်လဲကြမ်းတတ်ပါတယ် ဒါပေမဲ့လည်း ဒီလိုအခြေအနေနဲ့ဝေးခဲ့သည်မှာ ၂ နှစ် ၊ ၃ နှစ်တောင်ရှိခဲ့ပြီလို့ တောင်သူ ၊ လုပ်ငန်းရှင်တစ်ဦး၏ ညဉ်းတွားမှုအရ သိရပါသည်။ ဒါဆိုဘာလို့ ဈေးကွက်မမျှော်မှန်းနိုင်တဲ့ သီးနှံကို သူတို့ဘာကြောင့်ဆက်လက်စိုက်ပျိုးလုပ်ကိုင်နေကြတာလည်းလို့ မေးမြန်းရာမှာတော့ တစ်နေ့၊တစ်နှစ် ပြောင်းလဲလို့ ဈေးနှုန်းများတက်လာလေမလား ၊ ပြည်ပဈေးကွက်တွေများ အဝယ်လိုက်လို့ ကြိုက်ဈေးတွေများရလေမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရှိရာလက်ငုတ် အလုပ်ကလေးကိုဘဲ ခုံမင်ဖက်တွယ်လုပ်ကိုင်နေကြတယ်လို့ ကြားသိခဲ့ရ ပါသည်။ ဈေးကွက်နဲ့ စိုက်ပျိုးမှုကိုလေ့လာကြည့်ရာမှာတော့ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် မြင်းခြံခရိုင်၏မိုးကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုသည် ၂၇၆၃ ဧက ၊ တစ်ဧကအထွက်ပိဿာ ၁၉၅၀ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလစတုတ္တတပတ်ဈေးသည် လက်ကားဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ကျပ် (၃၀၀-၁၇၅၀) အတွင်း ဈေးနှုန်းအမျိုးမျိုးရှိခဲ့ပြီး ရာသီကုန်ဈေးမှာတော့ လက်ကားအနိမ့်ဈေးတစ်ပိဿာ ၃၅၀/- ကျပ် မှအမြင့်ဈေးတစ်ပိဿာ ၅၂၅/- ကျပ်ရှိခဲ့ပါကြောင်း ၊ ၂၀၂၀ - ၂၀၂၁ ခုနှစ် ၊ စိုက်ပျိုးချိန်မှာ တော့ မြင်းခြံခရိုင်၏ မိုးကြက်သွန်နီ စိုက်ပျိုးမှုသည် ၁၇၆၈ ဧက ၊ တစ်ဧကအထွက်ပိဿာ ၁၉၇၀ ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ၊ ယခုလိုဒီဇင်ဘာလ စတုတ္တတပတ်ဈေးကွက်ပေါက်ဈေးမှာ လက်ကား အနိမ့်ဈေး ၁၀၀/- ကျပ်မှအမြင့်ဈေး ၆၅၀/- ကျပ် ရှိခဲ့ပြီး ရာသီကုန်ပိတ်ဈေးမှာ လက်ကား အနိမ့်ဈေး ၁၀၀/- ကျပ်မှအမြင့်ဈေး ၂၅၀/- ကျပ်သာရှိခဲ့ပါကြောင်း ၊ ယခု ၂၀၂၁ - ၂၀၂၂ ခုနှစ် ၊ မိုးကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ချိန်တွင်လည်း မြင်းခြံခရိုင်အနေဖြင့် ၁၄၆၃ ဧကစိုက်ပျိုးခဲ့ပြီး ၊ တစ်ဧက အထွက်ပိဿာ ၂၁၀၀/- ထွက်ရှိကြောင်းသက်ဆိုင်ရာဌာန၏ ကိန်းဂဏန်းများအရ သိရှိရပြီး စိုက်ပျိုးမှုလည်းတစ်နှစ်ထက်တစ်နှစ်လျော့နည်းလာတာကိုတွေ့ရပါသည်။၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာပထမပတ်မှစ၍ မြင်းခြံမြို့ပေါ်ဈေးကွက်သို့ ကုန်ချိန် ၁၅၀၀ ပိဿာဖြင့် ကနဦးဝင် ရောက်ခဲ့ပြီး လက်ကားအနိမ့်ဈေး တစ်ပိဿာ ၁၅၀/- ကျပ်မှ အမြင့်ဈေး ၆၅၀/- ကျပ်ရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၂၀ ရက်မှစ၍ ကုန်ချိန်ပိဿာ ၁၂၀၀၀၀ ခန့်ဝင်ရောက်လျှက်ရှိပြီး ဈေးနှုန်းအနေဖြင့်ဈေးတန့််နေပြီး ကြက်သွန်အရည်အသွေးပေါ်မူတည်၍ ၅၀/- ၊ ၁၀၀/- အနိမ့်အမြင့်ရှိခဲ့တယ်လို့သိရပါသည်။ သို့သော်ငြားလည်း ဈေးကွက်ကြက်သွန် ဝင်ရောက်မှုသည် တစ်ရက်လျှင် ပိဿာ ၂ သိန်း နှင့် ၃ သိန်းအဝင်ရှိပါကြောင်း ၊ ယခုလို ဈေးကွက်အတွင်း တင်သွင်းရောင်းချသူများပြားလာသော်လည်း ဈေးနှုန်းအနေဖြင့် ကျဆင်း သွားခြင်းမရှိဘဲ လက်ကား အနိမ့်ဈေး ၁၀၀/- ကျပ်မှ အမြင့်ဈေး ၆၀၀/- ကျပ်ဖြင့်သာ ဈေးတန့် ဈေးငြိမ်နေကြောင်းတွေ့ရပါသည်။ လက်ရှိဖြစ်ပေါ်နေသောဈေးနှုန်းများအရ စိုက်ပျိုးထုတ်လုပ်သူတောင်သူများသို့ ဆက်လက်မေးမြန်းကြည့်ရာမှာတော့ ယခုကာလသည် ယခင်ယခင်နှစ်များနှင့်မတူဘဲ အခြေအနေအရပ်ရပ်ကွာခြားပါကြောင်း ၊ ထည့်သွင်းရသည့် စရိတ်စကဖြစ်သော စက်သုံးဆီစရိတ် ၊ ဓါတ်မြေဩဇာစရိတ်ဆိုလျှင် နှစ်ဆခွဲ ၊ သုံးဆနီးပါးကြီးမြင့်ပါကြောင်း ၊ မိုးကြက်သွန်ဆိုသော်ငြားလည်း ရာသီမမှန်၍ စိုက်ပျိုးရေကို ပို၍ခုတ်မောင်းရေသွင်းရပါကြောင်း ၊ ကုန်ချိန်ထွက်ရှိမှုမှာလည်း တစ်ဧက မျိုးဥပိဿာ ၃၀၀ သွင်းလျှင် ၄ ဆ ၊ ၅ ဆ ၁၂၀၀ / ၁၅၀၀ ပိဿာ သာရရှိပါကြောင်း ၊ ထိပ်စဥကြီးလဲနည်းပါကြောင်း ၊ ၆ ဆ ၊ ၇ ဆ ၁၈၀၀ / ၂၀၀၀ ပိဿာ ရရှိသူကနည်းပါကြောင်း တစ်ဧကထုတ်လုပ်မှုစရိတ်သည် ၈ သိန်းနှင့် ၉ သိန်း အထက်တွင်ရှိသည့်အတွက် ယခုရောင်းချနေရသောဈေးသည် တောင်သူကြိက်ဈေး မဟုတ်သေး
ကြောင်း ၊ ဒါဆို ဘာလို့တက်ဈေးကိုမမျှော်ဘဲ ဈေးမကိုက်ဘဲနဲ့ ဈေးကွက်မှာ ကုန်ချိန်တွေ တစ်ရက်ထက်တစ်ရက် အဝင်များနေရတာလဲ? သမီးကညှာ အခါမလင့်စေနှင့်ဆိုတဲ့ စကားလဲ ကြားဖူးမှာပါ ကြက်သွန်က ကုန်စိမ်းလေဗျ အချိန်လွန် ၊ အရွယ်လွန်လို့ မရဘူးလေ တက်ဈေးကိုဘယ်မမျှော်ချင်ဘဲရှိမလဲဗျာ မျှော်တော့မျှော်ချင်တာပေါ့ သို့ပေမယ့်လဲ သူမလာရင် ဘယ်လိုလုပ်မလဲဗျ ရောင်းလိုက်လို့ငွေပေါ်တော့လဲ အခြားအစားထိုးဝယ်စရာရှိတာလေးတွေ ဝယ်ရတာပေါ့ဗျာ...လို့ဘဲ အဆုံးသတ်ရင်း လေ့လာမိသမျှ ရေးသားဖော်ပြလိုက်ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
မန္တလေးတိုင်ဒေသကြီး

ညောင်တုန်းဒေသထွက် ဟင်းသီးဟင်းရွက် ရန်ကုန်ဈေးကွက်တွင် အရောင်းအဝယ်သွက်

စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ်တွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် တင်ပို့ရောင်းချသည့်နေရာများသို့ (၆.၁.၂၀၂၂)နေ့ နံနက်(၀၉:၀၀)နာရီတွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။ အဆိုပါကွင်းဆင်းလေ့လာမှုတွင် ညောင်တုန်းမြို့နယ်၊ ရွှေဟင်္သာကျွန်းကျေးရွာရှိ တောင်သူဒေါ်ချိုစိုက်ပျိုးထားသော ရုံးပတီသီး၊ ချဉ်ပေါင်၊ ဘူးသီး၊ ပြောင်းဖူး၊ ကြက်ဟင်းခါးသီးနှင့် ဒေသမျိုးငရုတ်စိမ်းတို့၏ စိုက်ပျိုးထုတ်လုပ်ပုံ၊ တင်ပို့ရောင်းချမှုနှင့် ဈေးကွက်အခြေအနေများကို လေ့လာမေးမြန်းရာ ယခုရက်ပိုင်းအတွင်း ရန်ကုန်သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေးများတွင် ဖူးစားပြောင်းတစ်ဖူးလျှင်(၁၅၀)ကျပ်၊ ချဉ်ပေါင်တစ်ထောင်စီး တစ်စီးလျှင်(၃၀၀၀၀)ကျပ်၊ ရုံးပတီ သီးတစ်တောင့်လျှင် (၁၈)ကျပ်၊ ဗူးသီးတစ်လုံးလျှင် (၉၀၀)ကျပ်တို့ဖြင့် ဈေးကွက်တွင် ဈေးကောင်းရ နေကြောင်း သိရှိပါသည်။ ဒု-ဦးစီးမှူး ဒေါ်ချိုမီဇင်မှ ရန်ကုန်ဈေးကွက်ရရှိမှုမှသည် ပြည်ပသို့ တင်ပို့ရောင်းချနေသော ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် ဌာနသို့ တင်ပြဆောင်ရွက်မည့် အစီအစဉ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး

ကျောင်းကုန်းမြို့နယ်မှ ဖရဲသီးမူဆယ်သို့စီး

         ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အနေဖြင့် ယခုနှစ်တွင် ဖရဲသီးစိုက်တောင်သူ(၄၀)ဦးရှိပြီး စိုက်ဧကမှာ (၁၅၀)ဧက စိုက်ပျိုးလျှက်ရှိပါသည်။ ဖရဲသီးတစ်ဧက(၁၂၀၀)လုံးခန့်ထွက်ရှိပြီး တစ်ဧက ကုန်ကျစရိတ်မှာ (၁၈)သိန်းခန့်ရှိကြောင်းနှင့် ဒီဇင်ဘာလတွင်စတင်စိုက်ပျိုးပြီး မတ်လနောက်ဆုံး ပတ်တွင်း ဖရဲသီးစတင်ခူးဆွတ်နိုင်မည်ဖြစ်ပါသည်။ ဈေးကွက်အနေဖြင့်မူဆယ်သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)၏ ကျောင်းကုန်းခရီးစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖရဲသီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့် ဖရဲစိုက်ဘောင်များတွင် စိုက်ပျိုး ထားသောဖရဲ(၂)ပင်ကြား ငရုပ်သီးနှံ(၁)ပင်စီ စိုက်ပျိုးကြောင်းနှင့် ဖရဲစိုက်ခင်းတစ်ဧကတွင် ငရုပ်သီး တန်ဘိုး(၆)သိန်းခန့်အပိုဝင်ငွေရရှိကြောင်း မြို့နယ်တာဝန်ခံမှအကြံပြုဆွေးနွေးရာတွင် ဖရဲစိုက်တောင်သူများမှ စိတ်ပါဝင်စားမှုရှိပြီး ငရုပ်သီးနှံအား နောက်နှစ်တွင် စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

          ယခင်နှစ်တင်ပို့ရောင်းချမှုမှာ (၁၀)ဘီးကားတစ်စီးလျှင် ဖရဲသီး(၁၂၀၀)လုံးခန့် ဝင်ဆံ့ပြီး မူဆယ်အရောက်ကားတစ်စီးတန်ဆာခ (၂၆)သိန်းပေးဆောင်ရကြောင်းနှင့် မူဆယ်ဖရဲဈေးကွက်သို့ ရောက်ရှိပါက (၁၀)ဘီးကားတစ်စီးလျှင် သိန်း(၈၀)ခန့်ဈေးနှုန်းရရှိသဖြင့် ဖရဲစိုက်တောင်သူများအနေ ဖြင့် တစ်ဧကလျှင်ပျမ်းမျှ(၃၆)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး

မိုးကောက်ညှင်းစိုက်တောင်သူများယခင်နှစ်ထက်ဈေးပိုမိုရ

ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့လည်(၁၃:၀၀)နာရီတွင် ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာနှင့် မှော်ဘီကျေးရွာ များသို့ကွင်းဆင်းခဲ့ကြရာ ကောက်ညှင်းစပါးရိတ်သိမ်းနေမှုကို တွေ့ရှိသဖြင့် ဈေးနှုန်း၊ ဈေးကွက်အခြေ အနေများကိုမေးမြန်းရာ-
“ ကျွန်တော်မှာလယ်(၅၀)ဧကရှိပါတယ် ၊ အားလုံးစိုက်ခင်းတွေပါ ၊ ကောက်ညှင်း( ၃၀ )ဧက၊ ပေါ်ဆန်းရင်(၂၀)ဧကစိုက်ပါတယ်။ ကောက်ညှင်းတစ်ဧကကို (၅၀)တင်းခန့်ထွက်ပြီး တစ်ဧက ကုန်စရိတ်သုံးသိန်းကျပ်နီးပါးခန့်ရှိပါတယ်။ အခုလက်ရှိကွင်းပေါက်ဈေးကတော့ပေါင်(၅၀)ကိုက် တင်း(၁၀၀)ကို ကျပ်ကိုးသိန်း၊ ဆန်စက်အရောက်ဈေးကတော့ ကျပ်ကိုးသိန်းနှစ်သောင်းပါ၊ အစိုဓာတ်(၁၅/၁၆)မှတ်ပေါ့၊ မနှစ်ကအခုချိန်ပေါက်ဈေးဆိုရင်ကျပ်ခြောက်သိန်းလောက်ပဲရှိပါတယ်။ ဒီနှစ်ကောက်ညှင်းဈေးကွက်အနေနဲ့ ရန်ကုန်အဝယ်လိုက်သလိုဈေးလည်းရပါတယ်၊ ဈေးတက် ဖို့ရှိလားဆိုတော့ နှစ်စဉ်ဖေဖော်ဝါရီလကုန်၊ မတ်လထဲမှာဈေးတက်နေကြပါ ၊ လယ်သမားကြီးတွေကဒီအချိန်မှာ ထုတ်မရောင်းပဲလှောင်ထားကြတယ်။ နွေစပါးပေါ်ချိန်လောက်ဆို ထုတ်ရောင်းလေ့ရှိပါတယ်၊မနှစ်ကနောက်ဆုံးဈေးက ကျပ်ဆယ်သိန်းလောက်ဖြစ်သွားတာဆိုတော့ ဒီနှစ်မှာတစ်ဆယ့်သုံးသိန်း၊ တစ်ဆယ့်လေးသိန်းဈေးလောက်ဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းရတာပဲ၊ ကောက်ညှင်းသန့်လေဈေးပိုရလေပါပဲ”လို့မှော်ဘီကျေးရွာမှ တောင်သူဦးသန်းလွင်က ပြောသည်။ ဖျာပုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးရာသီကောက်ညှင်းစိုက်ဧက(၁၅၀၂၆)ဧကစိုက်ပျိုးပြီး ၂၀၂၁-၂၀၂၂ခုနှစ်တွင် စိုက်ဧက( ၁၁၀၅၆ )ဧကစိုက်ပျိုးသဖြင့် ယခင်နှစ်ထက်ကောက်ညှင်းစိုက် ဧက( ၃၉၇၀ )ဧကလျော့နည်းစိုက်ပျိုးလျက်ရှိကာယခုနှစ် ကောက်ညှင်းစိုက်တောင်သူများမှာ ယခင်နှစ်ထက်ဈေးပိုမိုရရှိကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန
ဧရာဝတီတိုင်း‌ဒေသကြီး

ပေါက်မြို့နယ် ပဲစဉ်းငုံသီးနှံ စိုက်ပျိုးထွက်ရှိမှုအခြေအနေနှင့်ဈေးနှုန်းဈေးကွက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပေါက်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးကျော်စိုးသည် (၆.၁.၂၀၂၂) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာ၊ ပဲစဉ်းငုံသီးနှံ စိုက်ပျိုးသော တောင်သူ ဦးမောင်ရွှေနှင့် သွားရောက်တွေ့ဆုံပြီး မိုးသီးနှံပဲစဉ်းငုံစိုက်ပျိုးထွက်ရှိမှုအခြေအနေကို ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။ ပေါက်မြို့နယ်သည် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်အတွင်းတွင်တည်ရှိပြီး မြို့နယ်လူဦးရေနေထိုင်မှုမှာ(၂၀၄၆၈၅)ဦးခန့် နေထိုင်ကြောင်း၊ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်၍ ကြက်သွန်နီ၊ စပါး၊ အာလူး၊ မြေပဲနှင့် သီးနှံမျိုးစုံကို နှစ်စဉ်မပြတ်စိုက်ပျိုးကြကြောင်း၊ ပဲစဉ်းငုံသီးနှံကို သီးညှပ်အဖြစ် စိုက်ပျိုးလျှက်ရှိကြောင်း၊ (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် တစ်မြို့နယ်လုံး ပဲစဉ်းငုံစိုက်ဧက (၈၅၀၀)ခန့် စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် ယာကြီးပြင်ကျေးရွာတွင် ပဲစဉ်းငုံ(သီးညှပ်) စိုက်ဧက(၁၀၀)ခန့် စိုက်ပျိုးကြောင်း၊ ရာသီဥတုအနေအထားကောင်းမွန်မှုကြောင့် သီးနှံအထွက်နှုန်းမှာ ကောင်းမွန်ကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် စိုက်တောင်သူဦးမောင်ရွှေသည် ပဲစဉ်းငုံ(သီးညှပ်) (၅)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ အဓိကစိုက်ပျိုးသီးနှံမဟုတ်ဘဲ ကြားညှပ်ပြီး စိုက်ပျိုးခြင်းဖြစ်ပါသောကြောင့် မြေပြုပြင်စရာမလိုဘဲ ကုန်ကျစရိတ်နည်းပါးကြောင်း၊ မြေပဲ၊ ပဲတီစိမ်းအခင်းများကြားတွင် သီးညှပ်စိုက်ပျိုးမှု များပြားပြီး မြေဖျင်းမြေညံ့များတွင်လည်း စိုက်ပျိုးကြကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် မျိုးစေ့(၂) ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့(၁) ပြည်လျှင် ငွေကျပ်(၄၀၀၀)နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ (၅)ဧကစိုက်ပျိုးခြင်းဖြစ်၍ (၁၀)ပြည်ခန့် ဝယ်ယူရပြီးမျိုးစေ့ဝယ်ယူစရိတ်မှာ (၄၀၀၀၀) ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလအထိ (၂)လသား ခန့်အရွယ်တွင် မြေကြီးအတွင်းရှိ အစိုဓါတ်ထိန်းနိုင်စေရန်နှင့် အပင်ကြီးထွားစေရန်အတွက် ကျောက်မှုန့်(၂) အိတ်ခန့် ဝယ်ယူပြီး အပင်ခြေသို့ တစ်ပင်ချင်းလိုက်၍ တူးဆွပြီး ထည့်ရကြောင်း၊ (၂)လခွဲသားအရွယ်တွင် အပွင့်အသီးလိုက်စေရန်အတွက် ပိုးသတ်ဆေးနှင့် အားဆေးဝယ်ယူပက်ဖျန်းရကြောင်း၊ ဒီဇင်ဘာလ တွင်စတင်ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးသက်တမ်းမှာ (၄)လခွဲခန့်ကြာမြင့်ကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံ(သီးညှပ်)သီးနှံသည် မိုးများစွာရွာသွန်းလျှင် အပင်မသန်၍ အထွက်နှုန်းနည်းကြောင်း၊ စတင်စိုက်ပျိုးချိန်တွင် မိုးအကြိမ်ရေများစွာ ရွာသွန်းခဲ့သော်လည်း အပွင့်ပွင့်ချိန်တွင် မိုးရွာသွန်းမှု နည်းပါးသွားသောကြောင့် အပွင့်မကြွေဘဲ အသီးတင်မှုများ၍ အထွက်နှုန်းမှာ အသင့်အတင့်ကောင်း မွန်ကြောင်း၊ မြေအနေအထားကွာခြားခြင်း စိုက်ပျိုးချိန်တွင် မြေအစိုဓာတ်ကွာခြားခြင်း၊ စိုက်ပျိုးပြီး အပင်ပြုပြင်မှုကွာခြားခြင်း၊ သွင်းအားစု သုံးစွဲပုံနှင့် ပိုးသတ်ဆေး၊ အားဆေးသုံးစွဲမှု ကွာခြားခြင်း၊ စိုက်ပျိုးမြေထွန်သွားကြောင်း အကျဲအစိပ် စိုက်ပျိုးမှုကွာခြားခြင်းတို့ကြောင့် ပဲစဉ်းငုံ(၁)ဧက စိုက်လျှင် အထွက်နှုန်းမှာ (၄)တင်းမှ (၁၀)တင်းအထိ အမျိုးမျိုးကွဲပြားထွက်ရှိကြကြောင်း ယခုနှစ် ပဲစဉ်းငုံစိုက် တောင်သူ ဦးမောင်ရွှေသည် တစ်ဧကလျှင်(၉)တင်းခန့် ထွက်ရှိကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်း ကောင်းမွန်ကြောင်း သိရှိရပါသည်။ ဈေးနှုန်း/ဈေးကွက်အနေဖြင့် ယခုနှစ်တွင် ပဲစဉ်းငုံ(၁)တင်းလျှင် သီးနှံပေါ်စအချိန်၌ (၄၀,၀၀၀/-) ကျပ်ဖြင့်ရောင်းချရပြီး ယခင်နှစ်ဈေးနှုန်းမှာ (၂၄,၀၀၀/-)ကျပ် မှ (၂၅,၀၀၀/-)ကျပ်အထိသာ အမြင့်ဆုံး ဈေးနှုန်းအဖြစ် ရောင်းချခဲ့ရကြောင်း ပဲစဉ်းငုံစိုက်တောင်သူများအနေဖြင့် ယခင်နှစ်ထက် ဈေးနှုန်း ပိုမိုရရှိလျှက်ရှိကြောင်း၊ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံများကို ပခုက္ကူမြို့သို့ သွားရောက်ရောင်းချ လျက်ရှိပါကြောင်း သိရှိရပါသည်။ တစ်ဧကစိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ (၁၀၀,၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ မိသားစုဝင်များဖြင့် လုပ်ကိုင်သည့်အတွက်(၇၀,၀၀၀/-)ကျပ်ခန့်သာ ကုန်ကျကြောင်း သိရှိရပါသည်။ တစ်ဧကဝင်ငွေမှာ (၃၆၀,၀၀၀/-) ကျပ်ခန့်ရရှိ၍ (၂၀၀,၀၀၀/-)ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း ပဲစဉ်းငုံစိုက် တောင်သူ ဦးမောင်ရွှေ၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။ ပဲစဉ်းငုံစိုက်တောင်သူများသည် ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့်သီးနှံများကို ပြည်တွင်းသာမက ပြည်ပအထိ နှစ်စဉ်တင်ပို့ရောင်းချမှုပြုလုပ်ဆောင်ရွက်ပေးနိုင်ပါက ဈေးနှုန်း/ဈေးကွက်များပိုမို ကောင်းမွန်လာပြီး အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပဲစဉ်းငုံသီးနှံသည် စားသုံးသူ ပြည်သူများ နေ့စဉ်စားသုံးသင့်ပြီး ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသော သီးနှံတစ်မျိုးဖြစ်သောကြောင့် နှစ်စဉ်မပျက် စိုက်ပျိုးပေးသင့်ပါကြောင်း ပဲစိုက်တောင်သူထံမှတစ်ဆင့် သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး

၁၃.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၃.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

ဈေးကွက်အဝင်ညီ မြင်းခြံမိုးကြက်သွန်နီ ဈေးမကျန် နေ့ကျန်မရှိ ဝယ်အားရောင်းအား ကောင်းလျှက်ရှိ

         မြင်းခြံခရိုင်၊မြင်းခြံမြို့နယ်တွင်း စိုက်ပျိုးထားရှိသောမိုးကြက်သွန်များ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ စတင်တူးဖော်လျှက်ရှိပြီး ဈေးကွက်အတွင်းသို့ ရောင်းချဖြန့်ဖြူးလျှက်ရှိရာ ဒီဇင်ဘာလ စတုတ္တပတ်ကာလမှစ၍ ယနေ့ထိတိုင် ကုန်ချိန်ပိဿာ ၂ သိန်း နှင့် ၃ သိန်းအကြားပုံမှန်ရောင်းဝယ် လျှက်ရှိကြောင်း သက်ဆိုင်ရာ မြင်းခြံခရိုင် ၊ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း-MDCCI (မြင်းခြံကုန်စည်ဒိုင်)၏ နေ့စဉ်ကောက်ယူပြုုစုထားသောအချက်အလက်များအရ သိရပါသည်။ ဈေးကွက်လေ့လာမှုများအရ မိုးကြက်သွန်နီအပြင် နွေကြက်သွန်နီများလက်ကျန်များရှိနေကြောင်းသိရပြီး နေ့စဉ်ကုန်အဝင်အနေဖြင့် ယခုရက်ပိုင်းတွင် ပိသာတစ်သောင်း ၊ တစ်သောင်းငါးထောင်နှင့် နှစ်သောင်း ပတ်လည်သာ ကုန်အဝင်ရှိပါသည်။

        ယခုကဲ့သို့ ကျန်ရှိနေရခြင်းသည် နွေကြက်သွန်နီကာလတစ်လျှောက် မပြောင်းလဲသည့် ဈေးနှုန်းကို ပြောင်းလဲလာနိုင်ခြင်းရှိ၊မရှိ ဈေးစောင့်နေကြောင်း လုပ်ငန်းရှင်တစ်ဦး၏ပြောကြားမှုအရသိခဲ့ရပါသည်။တချို့မှာ ၃၀၀/- ၊ ၄၀၀/- ၊ ၅၀၀/- ကျပ် ဈေးနှင့်လက်လှမ်းမီရောင်းခဲ့သူတွေလည်းရောင်းခဲ့ကြောင်း Covid ကြောင့် တရုတ်မှအဝယ်ရပ် ပိတ်လိုက် ချိန်တွင် ဘင်္ဂလားဒေ့ရှ်မှဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။ယခုလက်ရှိတွင် အညှောင့်ကင်းအလုံးသန့်အလုံးလှပါက လက်ခံဝယ်ယူလျက်ရှိပါကြောင်း၊ နယ်ဈေးကွက် မဝင်သောနွေကြက်သွန်နီအညှောင့်ပေါက်အညှောင့်ဖြတ်တွေကို မြင်းခြံဈေးကွက်အတွင်းရှိ အသုပ်၊အကြော်အလှော် လုပ်ငန်းရှင်များသို့ အခွံခွာအသင့်သုံး အနေအထားဖြင့် ရောင်းချရာ တစ်ပိဿာလျှင် ၄၀၀/- ၊ ၅၀၀/- ကျပ်ရရှိကြောင်းသိရှိရပါသည်။မကြာခင်ကာလတွင် နွေကြက် သွန်နီရာသီကုန်ဆုံးတော့မည်ဖြစ်၍ ကြက်သွန်နီ လက်ကျန် ကိုခန့်မှန်းရန်ခက်ခဲကြောင်းဟု ကုန်သည်လုပ်ငန်းရှင်တစ်ဦးမှသိခဲ့ရပါသည်။

         နွေအကုန်ဆိုပါက မိုးဈေးထူးခြားလာနိုင်ကြောင်း၊ မိုးကြက်သွန်နီအစိုက်နည်း အထွက်နည်းသည်ဆိုသော်ငြားလည်း ယခုဆိုလျှင် မိုးကြက်သွန်နီများ ဈေးကွက်အတွင်းဝင်လာသည်မှာ နယ်စုံရှိကြောင်း၊ မြင်းခြံမြို့မြောက်ဘက်နယ်ဆိုလျှင် ကတော၊ရွာရှည်၊ကုလရွာ ၊လှိုင်းတက်၊ ရန္တဗိုလ်၊ တောပု၊ဆင်ချောင်း၊တလုပ်၊နယ်ခြား စသည်နယ်များမှလည်းကောင်း၊အရှေ့ဘက်ဆိုလျှင်ဗလုံ၊ ဖောင်းခါး၊ ကံဆင့်၊လေးရွာဆုံ၊ သင်ပြွန်းစသည့်နယ်များမှလည်းကောင်း၊ တောင်ဘက်ဆိုလျှင် ဆားခါး၊ စံဦး၊ ဂွေးပင်ရိုးစသည်နယ်များနှင့် နွားထိုးကြီး၊ တောင်သာနယ်များနှင့် မကွေးတိုင်းရေစကြိုနယ် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရွာများဖြစ်သော မြေတော် ၊ ကျောက်ဖူး ၊ ကျွဲကုန်း ၊မီးလောင်ကျွန်း ရွာများမှလည်း ကုန်စည်ဝင်ရောက် စီးဆင်းမှုရှိကြောင်းသိရှိရပါသည်။ ဈေးကွက်ပေါက်ဈေးအနေဖြင့် ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီ လ ၂ ရက်နေ့တွင် လက်ကားအနိမ့်ဈေး ၁၀၀/- ကျပ်မှ အမြင့်ဈေး ၅၅၀/- ကျပ်ရှိပြီး ကုန်ချိန် အဝင်ပိဿာ ၂၁၀၀၀၀ ရှိပါကြောင်း ၊ မြို့ပေါ်လက်လီဈေးအနေဖြင့် အနိမ့်ဈေး ၂၀၀/- ကျပ်မှ ၇၀၀/- ၊ ၇၅၀/- ကျပ် ရှိကြောင်းလေ့လာသိရှိရပါသည်။ ကုန်စည်စီးဆင်းမှု အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊မော်လမြိုင်၊စစ်တွေ၊မန္တလေး၊မူဆယ်မြို့များသို့တင်ပို့ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် ၊ ဗီယက်နမ် သို့လည်း မိတ္ထီလာ၊နေပြည်တော်၊မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင် ဝယ်လက်များမှတစ်ဆင့် တင်ပို့ရောင်းချကြောင်းလေ့လာသိရှိရပါသည်။ သယ်ယူစရိတ်အနေဖြင့် မြင်းခြံမှရန်ကုန် တစ်ပိဿာကားသယ်ခ ၆၅/- ၊ ၇၀/- ကျပ်၊မြင်းခြံမှမော်လမြိုင်၊မြဝတီ တစ်ပိဿာ ကားသယ်ခ ၉၀/-၊၉၅/- ကျပ်၊မြင်းခြံမှမန္တလေး တစ်ပိဿာကားသယ်ခ ၁၅/- ၊ ၂၀/- ကျပ်ရှိကြောင်း လေ့လာသိရှိရပါသည်။ လတ်တလော မြင်းခြံ မိုးကြက်သွန်ဈေးကွက်အနေဖြင့် နယ်စုံဈေးကွက်အဝင်ညီလို့ ဝင်သမျှကုန်စည် ဈေးမကျန် နေ့ကျန်မရှိ ရောင်းအားဝယ်အားကောင်းလျှက်ရှိပါကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး

ဇန်နဝါရီလ ပထမပတ်အတွင်းစက်သုံးဆီဈေးနှုန်းအနည်းငယ်တက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ခဲ့ရာ စက်သုံးဆီများ၏ အနိမ့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုးတစ်လီတာကို (၁၃၇၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၃၈၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို(၁၃၈၅)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၄၄၀)ကျပ်တို့ဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုးတစ်လီတာကို(၁၄၈၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာ ကို(၁၅၁၅)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၅၁၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၆၃၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိပါသည်။
ယခင်၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း စက်သုံးဆီအနိမ့်ဆုံး ဈေးနှုန်းမှာ ဒီဇယ်ရိုးရိုးတစ်လီတာကို(၁၂၈၆)ကျပ်၊ဒီဇယ်(ပရီမီယမ်)တစ်လီတာကို(၁၂၉၇)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို(၁၃၁၅)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၄၄၀)ကျပ်တို့ဖြစ်ပြီး အမြင့်ဆုံး ဈေးနှုန်းမှာ ဒီဇယ်ရိုးရိုးတစ်လီတာကို (၁၄၅၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၄၈၅)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၄၈၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၆၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိပြီး ယခုအပတ်နှင့် ယခင်အပတ်တို့၏ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် အနိမ့်ဆုံးဈေးနှုန်း ဒီဇယ်ရိုးရိုးတစ်လီတာကို (၈၉) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၈၈) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၇၀)ကျပ်နှင့် အမြင့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုးတစ်လီတာကို (၃၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၃၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၃၀)ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာကို(၃၀)ကျပ် ကွာဟလျက်ရှိပြီး ဈေးအနည်းငယ်မြှင့်တက်လျှက်ရှိကြောင်း တွေ့ရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလပထမအပတ်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံး ပတ်ထက် ဈေးအနည်းငယ် တက်နေခြင်းမှာ ဒေါ်လာဈေးအနည်းငယ်တက်လာသဖြင့် တင်သွင်းလာသည့် ဈေးနှုန်းများလည်း မြှင့်တက်လာမှုကြောင့် ဈေးနှုန်းအနည်းငယ် မြှင့်တက်ရခြင်းဖြစ်ကြောင်းလေ့လာ သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကယားပြည်နယ်

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း