ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ခရိုင်တွင်မတ်ပဲဈေးနှုန်းများဆက်လက်ဈေးကောင်းရ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မတ်ပဲသီးနှံများ စိုက်ပျိုးမှုမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ၄၀၀၃၈ ဧကစိုက်ပျိုးခဲ့ပြီး သဲကုန်းမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ် နှင့် ပေါင်းတည် မြို့နယ်များမှာ အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။ လယ်ယာမြေတွင် စိုက်ပျိုးသော မတ်ပဲသစ် များမပေါ်သေးသော်လည်း ကုန်းတန်းများတွင် အလျဉ်းသင့်သလို ဆောလျှင်စွာ စိုက်ပျိုးသည့် မတ်ပဲသစ်များထွက်ပေါ်လျက်ရှိရာ အဆိုပါ ကုန်းတန်းမတ်ပဲသစ်များနှင့် လက်ကျန် ပဲအဟောင်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလကုန်ပိုင်းမှာ မတ်ပဲတစ်တင်းလျှင် ၄၀၅၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ဒုတိယပတ်မှာ ၄၃၈၀၀မှ ၄၄၇၀၀ကျပ်ထိ ဈေးမြင့်တက်လျက်ရှိ ကြောင်းသိရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ (၁)ရက်လျှင် အိတ် ၃၀၀/၅၀၀ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပြည်ခရိုင်ပန်းတောင်းမြို့နယ်ရှိ ပဲစျေးနှုန်းစျေးကွက်အခြေအနေ

               ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ဥသျှစ်ပင်မြို့၊ ဝိသာခါ ဆန်၊ ပဲ၊ နှမ်းပွဲရုံသို့ (၆.၁.၂၀၂၂)ရက်နေ့တွင် ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်အဖွဲ့သည် ပဲစျေးနှုန်းစျေးကွက်နှင့် တင်ပို့မှု့အခြေအနေတို့အား သွားရောက်လေ့လာခဲ့ပါသည်။ ထိုသို့သွားရောက်လေ့လာရာတွင် လက်ရှိဖြစ်ပေါ်နေသော ပဲမျိုးစုံပေါက်စျေးနှုန်းများမှာ မတ်ပဲတစ်တင်းလျှင် ၄၂၀၀၀ ကျပ်၊ ပဲတီစိမ်း အလတ်စ တစ်တင်းလျှင် ၃၉၀၀၀ကျပ်၊ ထိပ်စတစ်တင်းလျှင် ၄၂၀၀၀ကျပ်၊ ဝါးခယ်မမျိုး တစ်တင်း လျှင် ၅၀၀၀၀ကျပ်၊ ပဲစင်းငုံတစ်တင်းလျှင် ၃၈၀၀၀ကျပ်၊ မြေပဲဆန်(အနီ) တစ်ပိဿာလျှင် ၂၆၀၀ကျပ်၊ မြေပဲဆန် (အဖြူ)တစ်ပိဿာလျှင် ၂၉၀၀ကျပ်နှင့် ဘိုကိတ်ပဲ တစ်တင်း လျှင် ၃၆၅၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

          ပန်းတောင်းမြို့နယ်တွင် ယခင်နှစ် ၂၀၂၀-၂၀၂၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံစျေးနှုန်း များမှာ မတ်ပဲတစ်တင်းလျှင် ၃၂၀၀၀ကျပ်၊ ပဲတီစိမ်းတစ်တင်းလျှင် ၄၁၀၀၀ကျပ်၊ ပဲစင်းငုံတစ်တင်းလျှင် ၂၃၀၀၀ကျပ်၊ ဘိုကိတ်ပဲတစ်တင်းလျှင် ၃၅၀၀၀ကျပ်နှင့် မြေပဲဆန်(အနီ)တစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ (အဖြူ)တစ်ပိဿာလျှင် ၂၆၀၀ကျပ်ဖြစ်သည့်အတွက် ယခုနှစ်အနေဖြင့် ယခင်နှစ်ထက် ပဲစျေးနှုန်းများကောင်းမွန်လျှက်ရှိကြောင်းလေ့လာတွေ့ရှိရပါသည်။

          ပန်းတောင်းမြို့နယ်အနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲတို့ကို စိုက်ပျိုးထုတ်လုပ်လျှက်ရှိရာ လတ်တလောတွင် ကုန်းတန်းများ၌ စောလျင်စွာစိုက်ပျိုးသော မတ်ပဲသစ်များ ခူးဆွတ်ရောင်းချလျှက်ရှိရာ စျေးနှုန်းမှာ ၄၂၀၀၀ကျပ်ခန့်ရရှိသည့်အတွက် တောင်သူများ အဆင်ပြေလျှက် ရှိကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

ဘားအံမှ မြေပဲအစိုများ မြဝတီဘက်သို့ တင်ပို့ရောင်းဝယ်မှု တစေ့တစောင်း

         ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့မှ စိုက်ပျိုးထုတ်လုပ်ကြသော ဆောင်းမြေပဲများအား ဘားအံမြို့နယ်အတွင်းရှိ မြေပဲရောင်းဝယ်ရေးလုပ်ငန်းရှင် ပွဲရုံများသို့ နေ့စဉ်လှိုင်လှိုင်ဝင်ရောက်လျှက်ရှိပြီး ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလအတွင်း မြေပဲအစိုတစ်တင်းလျှင် ၁၅၀၀၀ ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူရောင်းဝယ်လျှက်ရှိကြောင်း ယခုနှစ်ဆောင်းမြေပဲမှာ တစ်ဧက အထွက်တင်း ၃၀ မှ ၄၀ ကြားထွက်ရှိပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၃၀၀၀၀၀ ကျပ်ခန့်ရှိသဖြင့် တစ်ဧက အကျိုးအမြတ်မှာ ၂၀၀၀၀၀ ကျပ်ခန့်ရရှိသောကြောင့် ယခုနှစ်တွင် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိကြောင်းနှင့် အဆိုပါမြေပဲများအား ဘားအံမှတဆင့် မြဝတီ၊ ထိုင်းသို့လည်းကောင်း၊ ဘားအံမှ မော်လမြိုင်သို့လည်းကောင်း တင်ပို့လျှက်ရှိကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရပါသည်။

စားသုံးသူရေးရာှဦးစီးဌာန

ကရင်ပြည်နယ်

ဒိုက်ဦးမြို့နယ်၌ နွေစပါးနှင့်နေကြာစိုက်တောင်သူများအားဓါတ်မြေသြဇာများ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးနေ

          မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းထုတ်နိုက်ထရိုဂျင် ၄၆ရာခိုင်နှုန်းပါ ပုလဲဓါတ်မြေသြဇာ များကို ဈေးကွက်ပေါက်ဈေးထက် ထက်ဝက်သက်သာသည့်နှုန်းထားဖြင့် တန်ချိန် ၆၇၀၀၀ ကျော် ရန်ကုန်မြောင်းတကာစက်ရုံမှ ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။ အရေးကြီးသီးနှံများဖြစ်သော စပါး၊ ဆီထွက်သီးနှံ၊ ဝါနှင့် ကြံစိုက်တောင်သူများကို ဈေးကွက်အတွင်း တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ခန့် ပေါက်ဈေးရှိသည့် ပုလဲဓါတ်မြေသြဇာများကို တစ်အိတ်လျှင် ကျပ် ၃၂၅၀၀ နှုန်းဖြင့်ရောင်းချပေးပြီး မြို့နယ်အလိုက် စိုက်ပျိုးမှုသီးနှံပေါ်မူတည်၍ တစ်ဧကလျှင် တစ်အိတ်နှုန်း-အိတ်ဝက်နှုန်း ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

          ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧက ၂၈၀၈ဧက အတွက် ၂ဧကလျှင် တစ်အိတ်နှုန်း၊ နေကြာ စိုက်ဧက ၉၈ဧကအတွက် သီးသန့်စိုက်ပါက ၂ဧကလျှင် တစ်အိတ်နှုန်းနှင့် သီးညှပ်စိုက်ပါက ၈ဧကလျှင် တစ်အိတ်နှုန်းဖြင့် ဓါတ်မြေသြဇာ ၁၄၅၃ အိတ်ကို ကျေးရွာအုပ်စု ၃၇ အုပ်စုအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

၂၀.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၀.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

၁၉.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၉.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

မော်လမြိုင်ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

          မော်လမြိုင်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၊ ဒုတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်အေးလျက်ရှိပြီး သယ်ယူခနှုန်းထားမြင့်တက်လာမှုကြောင့်  ဈေးနှုန်းအနည်းငယ်မြင့်လာကြောင်းသိရှိရသည်။ ဈေးကွက် ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ဈေးမှာ  ယခင်အပါတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၇၇၅၀၊ ဆင်(ထိုင်း) ကျပ် ၈၃၀၀၊ ကြံ့တံဆိပ် (အဝါ) ကျပ် ၇၂၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၇၈၅၀၊ ဆင်(ထိုင်း) ကျပ် ၈၃၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၇၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးအနည်းငယ်ကျဆင်းလာပြီး အရောင်းအေးနေကြောင်း သိရှိ ရသည်။

အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပါတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ကျပ် ၇၈၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ကျပ် ၇၅၅၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ မှာ ကျပ် ၈၂၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  မှာ ကျပ် ၄၈၅၀၀၊ ပုလဲ (အသေး) ၄၆%  တရုပ် (တောင်) ကျပ် ၅၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) ကျပ်၈၀၀၀၀၊ တီစူပါ တရုတ် (သံကွင်း) ကျပ် ၄၉၀၀၀၊ ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ကျပ် ၇၈၅၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ကျပ် ၇၅၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ မှာ ကျပ် ၈၂၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  မှာ ကျပ် ၄၆၅၀၀၊ ပုလဲ (အသေး) ၄၆%  တရုပ် (တောင်) ကျပ် ၅၇၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) ကျပ် ၈၃၀၀၀၊ တီစူပါ တရုတ် (သံကွင်း) ကျပ် ၄၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။  ယခုတစ်ပတ်တွင်  ဝယ်လိုအားနည်းနေသည့်အတွက် ဈေးအနည်းငယ်ကျဆင်းလာကြောင်း သိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

            အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့မှ ဇန်နဝါရီလ (၁၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၂၈၀၀ မှ ၃၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၂၀၀၀ မှ ၂၃၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၂၁၀၀ မှ ၂၄၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၃၀၀ မှ ၂၄၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၁၈၀၀ မှ ၂၀၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၂၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၉၀၀ မှ ၁၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၂၅၀၀ မှ ၃၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၆၀၀ မှ ၃၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၅၀၀ မှ ၁၈၀၀ အတွင်း၊ ဆလပ်ရွက်(စီး)ကျပ် ၂၅၀ မှ ၃၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၉၀ မှ ၁၂၀ အတွင်း၊ခရမ်းသီး(ရှည်)(လုံး)ကျပ် ၁၀၀ မှ ၁၂၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(ပိဿာ) ၈၀၀ မှ ၁၀၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)ကျပ် ၁၈၀၀ မှ ၅၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၅၆၀၀)ကျော်၊ ခရမ်းသီး(ရှည်)(လုံး) (၁၃၀၀၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၇၄၀၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၆၃၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၅၆၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၄၈၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၇၁၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၂၂၀၀)ကျော် အသီးသီးကုန်အဝင်ရှိပြီး အချိန်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိနိုင်ပါကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး

 

ပြည်တွင်းဖြစ် ပဲကြာဆံကိုအားပေးပါ

            ပဲကြာဆံဖြင့်ချက်ပြုတ်ခြင်းဖြစ်သည့် ကြာဆံဟင်းကို အစဉ်တစိုက် နှစ်သက်စွာစားသုံးလေ့ရှိရာမှ ယခုအခါ ပဲကြာဆံသုတ်၊ ယိုးဒယားစတိုင်ပဲကြာဆံထောင်းဟူ၍ ထပ်မံစားသုံးသည့်အလေ့အထ တိုးလာသည်ကိုတွေ့ရပါသည်။ မြန်မာနိုင်ငံတွင် ဆန်ကြာဆံကို ဒေသအများစုတွင် ထုတ်လုပ်ကြသော်လည်း ပဲကြာဆံကို မုံရွာမြို့နယ်မှ အဓိကထုတ်လုပ်ပါသည်။ မုံရွာစက်မှုဇုံနှင့် မုံရွာနယ်တွင် ကြာဆံစက် (၃၄)စက်ရှိပြီး အခြားဒေသများကို တင်ပို့ရောင်းချသည့် ဒေသထွက်ကုန်တစ်ခုဖြစ်ပါသည်။ ယခင်က (၅၀)ကျပ်သားနှင့်အထက်သာထုပ်ပိုးရောင်းချကြသော်လည်း ယခုအခါစူပါမားကက်များတွင် ထိုင်းနှင့် တရုတ်နိုင်ငံမှ ကြာဆံများ ဈေးကွက်နေရာယူလာသဖြင့် အထုပ်သေးများစနစ်တကျထုပ်ပိုး၍ လည်းကောင်း၊ အရည်အသွေးမီအောင် ဂရုပြု၍လည်းကောင်း ထုတ်လုပ်လျက်ရှိကြသည်။ ပဲကြာဆံကို ပိုမိုစိတ်ဝင်စား လာကြသောစားသုံးသူများသည် ကြာဆံထုတ်လုပ်မှုအပေါ် ဂရုပြုမိလာကြပြီး မုံရွာနယ် ထွက်ကြာဆံသည် ယခင်ထက် အရောင်ကြည်လာကြောင်း၊ ကျစ်လစ်လာကြောင်း တွေ့ရသည်။ ကြာဆံစက်ရုံများတွင် ကော်မှုန့်များသုံးသည်ဟုသိရပြီး စားသုံးရန်မသင့်သည့် ကော်မှုန့်များ သုံးစွဲခြင်း ဖြစ်ပါက စားသုံးသူ ဘေးအန္တရာယ်ရှိနိုင်သဖြင့် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကို အကာ အကွယ်ပေးသည်ဟုသိရ၍ သတင်းပေးတိုင်ကြားလိုကြောင်း ပြောကြားလာသူရှိခဲ့ပါသည်။ စားသုံးသူနစ်နာ ဆုံးရှုံးသဖြင့် တိုင်ကြားမှုမဟုတ်သော်လည်း ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်ကို ဖော်ဆောင် ဖြည့်ဆည်းနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ကြာဆံစက်ပိုင်များ၊ ကုန်သည်/စက်မှုအသင်းမှ ပို့ကုန်သွင်းကုန်ဆောင်ရွက်နေသည့် ကုန်သည်ကြီးများ၊ အခြားစားသုံးသူများနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရှိဖြေကြားနိုင်သူများကို မေးမြန်းဆွေးနွေးလေ့လာခဲ့ပါသည်။

           ပဲကြာဆံထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းပဲအမျိုးအစားများမှာ ကုလားပဲ(၃၀)ရာခိုင်နှုန်း၊ ပဲစဉ်းငုံ(၃၀)ရာခိုင်နှုန်းနှင့် ပဲနီ၊ ပဲယင်းစသောပဲများကို ကျန်ရာခိုင်နှုန်းအချိုးအစားတွင် ထည့်သွင်း ထုတ်လုပ်ကြပါသည်။ ကြာဆံစက်ရုံမှထွက်ရှိသည့် ဘေးထွက်ပစ္စည်းပဲဖတ်များသည် မွေးမြူရေး လုပ်ငန်းများကို အထောက်အကူပြုလျက်ရှိပါသည်။ ကြာဆံစက်များ၏ ရေဆိုးစွန့်ပစ်မှုကြောင့် အနံ့ထွက်မှုကို ခေတ်မီရေဆိုးစွန့်ပစ်မှုစနစ်ပြောင်းလဲထားသဖြင့် အနံ့အသက်ပြဿနာ လျော့ပါးသွားခဲ့ပါသည်။ ယခင်က ပဲကြာဆံ၏အရောင်မှာ အနည်းငယ်ဝါသည့်ဘက်ရောက်နေခဲ့သည့်အတွက် အရောင်ချွတ်ဆေးသုံးရန်ပင် စဉ်းစားခဲ့ကြသည်။ လက်ရှိ မုံရွာကြာဆံစက်ရုံထုတ် ပဲကြာဆံ (၁)ပိဿာ ဈေးနှုန်းမှာ(၄၉၀၀)ကျပ်ခန့်ဖြစ်သည်။ တရုတ်နှင့် ထိုင်းမှ ကြာဆံများသည် အရောင်အလွန်ကြည် နေကာ အရောင်လှခြင်း၊ အပင်သေးခြင်း၊ ထုပ်ပိုးမှုကောင်းခြင်းတို့အပြင် ဈေးနှုန်းမှာလည်း ပြည်တွင်းကြာဆံ ဈေးနှုန်းထက် အနည်းငယ်သာများပြားသည့်အတွက် စားသုံးသူများ အကြိုက်တွေ့လာသည်။ ထို့ကြောင့် ပြည်တွင်းကြာဆံဈေးကွက်မပျောက်အောင် စက်ပိုင်များက နည်းပညာလေ့လာခဲ့ကြရာ တရုတ်နှင့် ထိုင်း ကြာဆံများသည် ကော်မှုန့်ထည့်သွင်း ထုတ်လုပ်ကြောင်း သိရှိလာရသည်။ ထို့ကြောင့် ခေတ်နှင့်အညီ နည်းပညာကိုအမီလိုက်ကာ ကော်မှုန့်ကို ပြည်ပမှတင်သွင်း၍ ထည့်သွင်းအသုံးပြုခြင်း ဖြစ်ကြောင်း၊ အချိုးအစားအနေဖြင့် (၁၀)ရာခိုင်နှုန်းခန့်သာ ထည့်သွင်းရခြင်းဖြစ်ကြောင်းသိရသည်။ အရောင်ချွတ်ဆေးသုံးစရာမလိုဘဲ အရောင်ကြည်ခြင်း၊ နန်းအဆွဲခံခြင်းတို့ကြောင့် ပြည်တွင်းဈေးကွက် ကျဆင်းမှုလျော့ပါးအောင် အထောက်အကူပြုကြောင်းသိရပါသည်။

            အဆိုပါကော်မှုန့်သည် FDA ဌာနက စိစစ်ပြီး Food Grade သတ်မှတ်ခွင့်ပြုချက်နှင့် သွင်းကုန်လိုင်စင်ဖြင့် ပြည်ပမှ တရားဝင်တင်သွင်းလာသည့် စားသုံးရန်ထုတ်လုပ်ထားသော စက်မှုစားသောက်ကုန်သုံး အစားအသောက်အမျိုးအမည် ( Pea Starch) ပဲကော်မှုန့်ဖြစ်ပါသည်။ ဆန်မှုန့်၊ ဂျုံမှုန့်၊ ပဲမှုန့်အပြင် ကော်မှုန့်ဟူ၍ ခေါက်ဆွဲကြော်၊ အသားငါးအသီးအရွက်အနှစ်ကပ်ကြော်များတွင် အသုံးပြုသည့်အလေ့အထကိုတော့ သိနေကြပြီဖြစ်ပြီး ပဲကြာဆံတွင် ထည့်သွင်းအသုံးပြုသည်ကို မသိရှိကြသေးခြင်းပင်ဖြစ်ပါသည်။ ကော်မှုန့်ဆိုတာဘယ်ကရတာလဲ၊ ပလပ်စတစ်တွေလား၊ စားသုံးရန်မသင့် ဘေးအန္တရာယ်ရှိမှာလားဟု စိုးရိမ်စိတ်ဖြင့်လေ့လာကြည့်ရပါသည်။ ကော်မှုန့်ဟု အလွယ်မြန်မာမှုပြုခေါ်ကြသောအမှုန့်များသည် ပီလောပီနံ၊ ဝဥ၊ အာလူး၊ ပဲ၊ ပြောင်း၊ ကောက်ညှင်း၊ သာကူကဲ့သို့ စားသုံးသီးနှံများမှ ထုတ်လုပ်သည့် လူလုပ်ကစီဓာတ်ပေါင်းဟုသိရသည်။ သာကူကို ထပ်မံသိရသည်မှာ ဆီအုန်းပင်၊ အုန်းပင်နှင့်ဆင်တူသည့် ဆာဂူပင်ကရသည့် သာကူစေ့ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။ ဆေးဝါးဆေးတောင့်အခွံများကိုလည်း အလားတူကော်မှုန့်ဖြင့်ပင် ထုတ်လုပ်ရခြင်းဖြစ်ပါသည်။ သံသယရှိပါက လေ့လာခြင်းသည် ကောင်းမွန်သော်လည်း အများပြည်သူ ကျန်းမာရေး အတွက်စေတနာဖြင့် သတိပေးသည်ဟုဆိုကာ အမှန်တကယ် သုတေသနပြု စမ်းသပ်ထားခြင်းမဟုတ်ဘဲ အရောင်ဆေးဆိုးတယ်၊ စားသောက်ရန်မဟုတ်သည့်ပစ္စည်းများကို သုံးတယ်ဆိုပြီး ပြည်တွင်းစားသောက်ကုန်များကို မစားရဲအောင်အထိ သတင်းဖြန့်ချိမှုများတွေ့ရှိရပါသည်။ ထိုအခါ ပြည်ပမှတင်သွင်းလာသည့် စားသောက်ကုန်များကိုသာ သံသယမရှိယုံကြည်လာပြီး ပိုမိုသုံးစွဲလာခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို လျော့ကျစေပါသည်။ စားသုံးသူများ လုံခြုံစိတ် ချရမှုရှိစေရေးအတွက် ဥပဒေများပြဌာန်း၍ သက်ဆိုင်ရာဌာနများက ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် အမျိုးသားအကျိုးစီးပွားအတွက် ပြည်တွင်းဖြစ်ကိုအားပေးပါဟု အကြံပြုလိုပါသည်။ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းချိုသာစွာသုံးစွဲနိုင်မည့် အရည်အသွေးကောင်းမွန်သော စားသောက်ကုန်များ ပိုမိုထုတ်လုပ်သုံးစွဲနိုင်စေရေး အဘက်ဘက်က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

 

နှစ်ရှည်သီးနှံပင် လက်ဖက်အကြောင်း

         လက်ဖက်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး တရုတ်၊ အာသံ၊ ကိုးကန့်နှင့် အင်ဒိုချိန်းနား ဟူ၍ မျိုး(၄)မျိုး ရှိရာ မြန်မာနိုင်ငံတွင် အာသံမျိုးကိုသာ အဓိကထားစိုက်ပျိုးကြပါသည်။ လက်ဖက်အဓိကစိုက်ပျိုးသောဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ရပ်စောက်၊ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းဖြတ်၊ နမ့်စန်၊ သီပေါမြို့များတွင် အများဆုံး စိုက်ပျိုးထွက်ရှိပါသည်။ ရှမ်းပြည်နယ် တောင်ပေါ်ဒေသများရှိ တောင်စောင်းများတွင် မိရိုးဖလာ စိုက်ပျိုးနည်းစနစ်အပြင် လှေကားထစ်သဖွယ်ဖြင့်လည်း စိုက်ပျိုးကြပြီး လက်ဖက်စိုက်ပျိုးချိန်မှာ မေလနှင့်ဇွန်လတို့တွင် အစေ့ချစိုက်ပျိုးနိုင်သကဲ့သို့ ပျိုးထောင်၍လည်းစိုက်ပျိုးနိုင်ပါတယ်။ လက်ဖက်တစ်ပင်နှင့်တစ်ပင် (၅ပေ မှ ၆ပေ) ခန့်ခွာစိုက်ကြပြီး (၃)နှစ်သားအရွယ်ရောက်လျှင် အရွက်နှင့်အညွှန့်များကို စတင်ခူးယူနိုင်ပြီး ၁၀၊၁၅နှစ်သက်တမ်းရှိ အပင်များမှာအကောင်းဆုံး လက်ဖက်ရွက်ကို ရရှိနိုင်ပါသည်

       လက်ဖက်ပင် စိုက်ပျိုးရာဒေသ၊ ရာသီဥတုအခြေအနေနှင့် အပင်၏သန်စွမ်းမှုပေါ်မူတည်၍ လက်ဖက်ရွက်များကို တစ်နှစ်လျှင်အကြိမ်များစွာ ခူးယူနိုင်ပါသည်။ မတ်၊ ဧပြီ၊ မေလတို့တွင်ခူးယူသော လက်ဖက်ကို ရွှေဖီဦးဟုလည်းကောင်း ဇွန်နှင့်ဇူလိုင်လတို့တွင် ခူးယူလျှင် ခါးကန်ဟုလည်းကောင်း စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ခူးယူသောလက်ဖက်ကို မိုးညွှန့်ဟုလည်းကောင်း၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် ခူးယူလျှင် နှင်းတက်ဟုလည်း‌ကောင်း အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ လက်ဖက်ခူးရာတွင် ရွက်နုနှင့်အညွှန့်များကိုသာ ခူးယူကြပြီး လက်ဖက်ခြောက်၊ Green Tea (လက်ဖက်ခြောက်)၊ လက်ဖက်အစိုနှင့် လက်ဖက်ဆီများကို ပြုလုပ်ရောင်းချလျက်ရှိပါသည်။ ယခင်နှစ် လက်ဖက်ခြောက် တစ်ပိဿာ၏ ဈေးနှုန်းမှာ လက်ဖက်ခြောက်အမျိုးအစားပေါ်မူတည်၍ ကျပ်(၃၅၀၀ မှ ၈၀၀၀)၊ Green Tea (လက်ဖက်ခြောက်) တစ်ပိဿာ ကျပ်(၉၀၀၀ မှ ၁၅၀၀၀) ၊ လက်ဖက်အညွှန့်ကိုကြည့်၍ လက်ဖက်အစို တစ်ပိဿာ ကျပ်(၂၅၀၀ မှ ၅၀၀၀) ကျပ်နှင့် လက်ဖက်ဆီ ၁လီတာဗူး တစ်ဗူးလျှင် (၂၀၀၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ ယခုနှစ် လက်ဖက်ဈေးနှုန်းမှာလည်း ယခင်နှစ်အတိုင်း ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းနှင့် လက်ဖက်တစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်မှာ (၉၅၅၀၀၀) ကျပ်ဖြစ်ပြီး တစ်ဧကလျှင်ပျှမ်းမျှ အထွက်နှုန်း (၃၁၀) ပိဿာ၊ တစ်ဧကဝင်ငွေ ကျပ် (၂၁၇၀၀၀၀) ရရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်တွင် လက်ဖက်စိုက်ဧကမှာ (၂၀၂၃၇၈) ရှိပြီး (၇၅၉၇၈)တန် ညီမျှပိဿာ (၄၆၅၂၈၁၀၆) ထွက်ရှိပါသည်။ ရှမ်းပြည်နယ်မှထွက်ရှိသော လက်ဖက်များကို ဒေသတွင်းအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

        မြန်မာ့ရိုးရာယဉ်ကျေးမှုများတွင် လက်ဖက်ရွက်ကိုရေနွေးကြမ်းလိုတစ်မျိုး၊ လက်ဖက်ရည်လို တစ်ဖုံ၊ လက်ဖက်အစို(လက်ဖက်သုပ်)လိုတစ်မျိုးနှင့် လက်ဖက်နပ်စသည်ဖြင့်အမျိုးမျိုးပြုလုပ် စားသုံးနိုင်ပါသည်။ လက်ဖက်ခြောက်တွင်ပါဝင်သည့် သီအင်းဓာတ်သည် ကော်ဖီတွင်ပါဝင်သော  ကဖိန်းဓာတ်နှင့် အတူတူဖြစ်ပါသည်။ ကျန်းမာရေးကောင်းကျိုးများအနေဖြင့် အမိုင်နိုအက်ဆစ်၊ Vitamin B နှင့် Vitamin E တို့ပါဝင်သည့်အတွက် သွေးဖိအားကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်မှအဆီပိုများကိုလည်း ကျစေပါတယ်။ ထို့ကြောင့် “အသီးမှာသရက်၊ အရွက်မှာလက်ဖက်” ဆိုတဲ့အတိုင်း လက်ဖက်သည် အရေးကြီးသော ရိုးရာအစားအစာတစ်ခုဖြစ်ပြီး  ကမ္ဘာပေါ်မှလူအများစုသည် လက်ဖက်ရည်ကို အများဆုံး သောက်သုံးလျက်ရှိကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း