ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ချင်းပြည်နယ်မှ စီးဝင်လျက်ရှိပြီး စျေးကွက်ဝင်သည့် ထောပတ်သီး

        နိုဝင်ဘာလဆန်းပိုင်းတွင် ပေါ်ဦးပေါ်စ ချင်းတောင်ဒေသထွက် ထောပတ်သီးများသည် လူကြိုက်များပြီး ရောင်းပန်းဝင်ကာ ဈေးကောင်းရရှိသည့် အသီးတစ်မျိုးဖြစ်ပါတယ်။

       ထောပတ်သီးပင်များကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ပြင်ဦးလွင်မြို့များတွင် အဓိက စိုက်ပျိုးကြပြီး ချင်းပြည်နယ်တွင် ထောပတ်သီး စိုက်ပျိုးဧက ( ၆၂၂ ) ဧကခန့် စိုက်ပျိုးထားရှိပြီး ဖြစ်ပါသည်။ ထောပတ်သီး အသင်း/အစုအဖွဲ့များ ဖွဲ့စည်းထားရှိကာ ဒေသထွက်ကုန် သီးနှံတစ်မျိုး အဖြစ် စျေးနှုန်း/စျေးကွက်များ ဖော်ဆောင်ရာတွင် ရောင်းတမ်းဝင်သည့် ဒေသထွက်သီးနှံအဖြစ် တမူထူခြားပြီး လူကြိုက်များသည့် ဒေသထွက် ရာသီစာအဖြစ် လူသိများသောသီးနှံတစ်မျိုး ဖြစ်ပါ သည်။

        ထောပတ်သီးပေါ်စတွင် အသီးအရွယ်အစားပေါ်မူတည်၍ စျေးနှုန်းများ ကွဲပြားခြားနားပြီး ထောပတ်သီးအလုံးကြီး တစ်လုံးလျှင် ( ၁၀၀၀ ) ကျပ်၊ အလတ်တစ်လုံးလျှင် ( ၈၀၀ ) ကျပ်နှင့် အသေးတစ်လုံးလျှင် ( ၅၀၀ ) ကျပ် ခန့်ပေါက်စျေးရှိပါကြောင်းနှင့် ယခုအခါတွင် ပေါ်ဦးပေါ်ဖျား ဖြစ်သည့်အတွက် ဈေးနှုန်းရရှိနေပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံများ၏ဈေးနှုန်းဈေးကွက်အခြေအနေ

          နိုဝင်ဘာလ ဒုတိယပတ်တွင်မင်းဘူးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ ဈေးနှုန်းမှာ(၁)ပိဿာလျှင် ကျပ်(၄၃၀၀) ဖြစ်ပြီး တတိယပတ်တွင် ကျပ်(၄၅၀၀) ဖြစ်၍ ဈေးအနည်းငယ် တက်သော်လည်း ကြက်သွန်နီအသစ်မှာ ဒီဇင်ဘာလလယ် ရောက်မှသာပေါ်မည်ဖြစ်၍ သိုလှောင် လက်ကျန်များ ထုတ်ရောင်းနေသည့်အတွက် ဈေးမြင့်တက်ကြောင်း၊  ကြက်သွန်ဖြူမှာ(ကြူကုတ်) ၁ပိဿာ လျှင် ကျပ်(၄၅၀၀) ၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ငရုတ်ခြောက်ရှည် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ မန်းကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၄၂၀၀) ဖြစ်ပြီး ဈေးငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

          စားသုံးဆီများမှာ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ပဲဆီ (၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၆၂၀၀)ဖြစ်ပြီး ဈေးအနည်းငယ်ကျလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဆောင်းတွင်း၌ စားအုန်းဆီ ဝယ်ယူသုံးစွဲမှုနည်းသည့်အတွက် စားအုန်းဆီဈေး ကျဆင်းလေ့ရှိကြောင်း၊ စားအုန်းဆီဈေးကွက်နှင့်အတူ ပဲဆီ၊ နှမ်းဆီ ဈေးလည်း ကျဆင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

      

မင်းဘူးမြို့မဈေး၌ ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

            မင်းဘူးမြို့မဈေး၌ ရောင်းချလျက်ရှိသောရေထွက်ပစ္စည်းများမှာ နိုဝင်ဘာလ တတိယပတ်တွင် ငါးကြင်းဖြူ (၁)ပိဿာလျှင် ကျပ်၁၄၀၀၀၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၈၀၀၀ မှ ၁၂၀၀၀၀)၊ ငါးသေတ္တာခြောက်(၁)ပိဿလျှင် ကျပ်(၁၀၀၀၀) ၊ အာဗြဲခြောက်အကြီး၊အလတ်၊ အသေး (၁)ပိဿာလျှင် ကျပ်(၃၀၀၀၀/၂၈၀၀၀/၂၂၀၀၀) ဖြစ်ကြောင်း၊ ငါးနီတူး(၁)ပိဿာလျှင် ကျပ် (၁၀၀၀၀မှ ၁၂၀၀၀)၊ ပုဇွခြောက် (၁)ပိဿာလျှင် ကျပ်(၃၅၀၀၀ မှ ၆၀၀၀၀) ထိရှိကြောင်း၊ ပုဇွန်ခြောက်သည် ဆားအပေါ့အငန် ပေါ်မူတည်၍ ဈေးနှုန်းကွာခြားရခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

           ပုဇွန်ခြောက်များကို ရခိုင်ပြည်မှလည်းကောင်း၊ ငါးခြောက်များကို ရန်ကုန်ဘုရင့်နောင် ပွဲရုံနှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီဈေးတက်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် လက်ကားကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာဒေသ နေရာအနှံ့အပြားနှင့် ဆင်ဖြူကျွန်း၊ စလင်း၊ ပေါက်ဒေသများမှဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ဆောင်းစိုက်၊ ပင်စိုက်များ နေ့စဉ်အရောင်းအဝယ်ဖြစ်နေပါသည်။ နိုဝင်ဘာလ (ဒုတိယ)ပတ်အတွင်း ကြက်သွန်နီ လက်ကားကုန်စည်ဒိုင်ပြတ်ဈေးမှာ အမြင့်ဆုံးဈေး(၁)ပိဿာ ထိပ်စ ကျပ်(၃၇၅၀)၊ အလတ်စ ကျပ် (၃၅၀၀)၊ အနိမ့်စကျပ်(၃၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ယခုတစ်ပတ်တွင် ကြက်သွန်နီ (၁)ပိဿာ ပျမ်းမျှ ကျပ်(၅၀)ခန့် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ပါသည်။

          ဆိပ်ဖြူမြို့ ပတ္တမြားဈေးနှင့်ကုန်စုံဆိုင်ကြီးများတွင် ကြက်သွန်နီ လက်လီရောင်းချသည့် ဈေး နှုန်းမှာ ကြက်သွန်နီ(ဥ)အကြီး၊ အသေး၊ အလတ်၊ အရွယ်အစား၊ အရည်အသွေးလိုက်၍ ထိပ်စ(၁)ပိဿာလျှင် ကျပ်(၄၂၀၀)၊ အလတ်စ ကျပ်(၃၉၀၀)၊ အသေးစ ကျပ်(၃၅၀၀)ဖြင့် ရောင်းချနေကြောင်း ဝယ်ယူသုံးစွဲသူစားသုံးသူများထံမှ သိရှိရပါသည်။ နိုဝင်ဘာ(ဒုတိယ)ပတ်အတွင်း တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့၊ မြဝတီ၊ စစ်တွေ၊ မော်လမြိုင်မြို့များသို့ နေ့စဉ်တင်ပို့ အရောင်းအဝယ်ဖြစ်ပြီး တစ်ပတ်အတွင်း ကုန်ချိန်(၆)သိန်း၊ ၃၀ ပိဿာဝင်ဆန့် အိတ်(၂)သောင်း၊ ကုန်ချိန်(၃)သောင်းခွဲခန့် ကုန်စည်စီးဆင်းလျက်ရှိကြောင်း ကုန်စည်ဒိုင်အသင်းဝင် တစ်ဦးထံမှ သိရှိရ ါသည်။     

DOCA(မကွေး)  

“အစေ့ထုတ်နေကြာစိုက်ခင်းများအောင်မြင်စွာရိတ်သိမ်းလျှက်ရှိ”

      မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများကူညီပံ့ပိုးမှုဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် နေကြာစိုက်ဧက(၄၉၁၁)ဧက စိုက်ပျိုးထားရှိပြီး ယခုလက်ရှိအချိန်တွင် ရိတ်သိမ်းဧက(၃၉၀၉)ဧကရိတ်သိမ်းပြီးစီးကြောင်းသက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ နေကြာသီးနှံစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး မျိုးကောင်းမျိုးသန့်ဖြစ်သည့် ရေဆင်းစပ်မျိုး (၁/၂)နေကြာမျိုးများအား အဓိကစိုက်ပျိုးကြပါသည် ။ ၄င်းမျိုးအားစိုက်ပျိုးရာတွင် အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်တွင်ရှိပြီး တစ်ဧကလျှင် မျိုးစေ့(၃)ပြီခန့်ကုန်ကြောင်း၊ သတ်မှတ်အပင်(၂၉၀၀၀) ဝင်ဆံ့ရန်အတွက် တန်းခြား(၂)ပေခြားနှင့် (၉)လက်မတစ်ကျင်း မျိုးစေ့(၂)စေ့ချစိုက်ပျိုးပါက အပင်ပေါက်သေချာနိုင်ကြောင်း ၊ တောင်သူအများစုမှာ ထွန်ယက်၍ ပတ်ကြဲစနစ်ဖြင့်စိုက်ပျိုးကြပါသည်။ နေကြာတစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၂၇၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး တစ်ဧက အထွက်နှုန်းမှာ (၃၁-၃၂)တင်းအထိထွက်ရှိပြီး နေကြာစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နေကြာတစ်တင်းလျှင် (၁၈၀၀၀/-)ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၉၀၀၀/-) ကျပ်ခန့်ရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်း လျှင်(၄၃၀၀၀/-)ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၁၃၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက် ကြောင်း၊တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၀၆၃၀၀၀/)ကျပ်ဝန်းကျင်ခန့်ရရှိကြောင်းသိရှိရပါသည်။ နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်လည်းသက်သာ မိသားစုအတွက်လည်း စားသုံးဆီဖူလုံမှုရရှိသဖြင့် တောင်သူများ အများဆုံးစိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ရဲ့ဆန်၊စပါးဈေးကွက်”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အညာလယ်တွင်းကိုးခရိုင်တွင်တစ်ခုပါဝင်ပြီး ဆည်ရေသောက်စနစ်ဖြင့် စပါးများအား အဓိကစိုက်ပျိုးလျက်ရှိပါသည် ။ မိုးစပါးအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင်(၁၄၃၇၉၆)ဧက စိုက်ပျိုးလျက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ တောင်သူအများစုမှာ မျိုးကောင်းမျိုးသန့်မျိုးများဖြစ်သည့် ဧရာပဒေသာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း ၊ ယခုအချိန်တွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲအသုံးပြုသောကြောင့် အချိန်ကုန်သက်သာပြီး လုပ်ငန်းများတွင် ကျယ်လျက်ရှိကြောင်း ၊ ယခင်က တောင်သူများသည် လယ်ထွန်ခြင်း ၊ စပါးရိတ်ခြင်း ၊ စပါးသယ်ယူခြင်းများကို နွားများ ၊ လူများကိုအသုံးပြုသော်လည်း ယခုအခါ လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီများကို အသုံးပြု၍လုပ်ငန်းများတွင်ကျယ်ပြီးအချိန်ကုန်သက်သာလျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု ကောင်းမွန်သောကြောင့် ယခင်နှစ်ကထက် အထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်း ၊ တချို့ လယ်ကွင်းများတွင် စပါးအနှံများအထွက်စုံပြီး ၊ ဖုံးတုံးလုံးတုံးတန်ဆောင်မုန်းဆိုသည့် ဆိုရိုးရှိသည့် အတိုင်း တချို့လယ်ကွင်းများတွင် ဖုံးတုံးလုံးရှိပြီး နိုဝင်ဘာလကုန်တွင် အနှံစုံမည်ဖြစ်ကြောင်း ၊ ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ထွက်ပေါ်တော့မည်ဖြစ်ပါသည်။ မနောသုခစပါး အသစ်များအား မြစ်သားမြို့နယ်၌စတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊မိုးစပါး(၁)ဧက ကုန်ကျစရိတ်မှာ ယခင်နှစ်ကထက် ပိုမိုကုန်ကျသော်လည်း မိုးစပါးများ ဈေးကောင်းမည်ဖြစ်သောကြောင့် တောင်သူများတွက်ခြေ ကိုက်မည်ဖြစ်ပါသည်။

          စပါးအားကြိတ်ခွဲရာတွင် စပါးခွံ ၊ ဖွဲနုနှင့် ဆန်ကွဲတို့ကို ဘေးထွက်ပစ္စည်းအဖြစ်ရရှိကြောင်း ၊ ဖွဲနုကိုကျွဲ ၊ နွား ၊ ဝက် ၊ ကြက်များအား အစာကျွေးရာတွင်အသုံးပြုနိုင်ပြီး ဆန်ကွဲကိုအရက်ချက်လုပ်ငန်း၊ကက်စေးကျိုရာနှင့် ဆန့်မုန့်ပြုလုပ်ရာ၌ အသုံးပြုလျက်ရှိကြောင်း၊ စပါးခွဲ(ဖွဲကြမ်း)များကို လောင်စာအဖြစ်အသုံးပြုလျက်ရှိကြောင်း ၊ စပါးကိုရိတ်သိမ်းသောအခါ ကောက်ရိုးကို ကျွဲ၊နွားများ အတွက်အစာအဖြစ် အသုံးပြုလျက်ရှိပါသည်။

      စပါးဈေးနှုန်းအနေဖြင့် ဧရာပဒေသာစပါး(ဟောင်း)တင်း(၁၀၀)လျှင် (၁၆၀၀၀၀၀)ကျပ် ၊ မနောသုခ(ဟောင်း) (၁၀၀)တင်းလျှင်(၁၃၅၀၀၀၀)ကျပ်ရှိကြောင်း ၊ မနောသုခ(အသစ်) တင်း(၁၀၀)လျှင်(၁၂၀၀၀၀၀)ကျပ်၊ဧရာပဒေသာဆန်(၂၄)ပြည်တစ်ပိုင်းလျှင်(၆၀၀၀ဝိ/)ကျပ် ၊ မနောသုခဆန် (အဟောင်း)တစ်ပိုင်းလျှင်(၄၅၀၀၀)ကျပ် ၊ မနောသုခဆန် (အသစ်)တစ်ပိုင်းလျှင်(၃၇၀၀၀)ကျပ် ၊ ဆန်ကွဲပိဿာ(၃၀)တစ်အိတ်လျှင်(၃၅၀၀၀)ကျပ် ၊ ဖွဲနု(၁၈)ပိဿာ တစ်အိတ်လျှင်(၁၈၀၀၀)ကျပ် ၊ ဖွဲကြမ်းထွေလာဂျီတစ်စီးလျှင်(၁၀၀၀၀)ကျပ်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)

တောင်ငူမြို့တွင် အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိသော သံတောင်ကြီးဒေသထွက်ကော်ဖီ

            ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ အထက်တွင်ရှိပြီး စိုက်ပျိုးမြေဧရိယာအများဆုံးမှာ ကော်ဖီဖြစ်ပါသည်။ သံတောင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ရရှိသည့် စာရင်းအရ လျားထားစိုက်ဧက ၉၈၃၆ ရှိပြီး စိုက်ပျိုးပြီးဧကမှာ ၉၈၀၆ ဧကဖြစ်ပါသည်။ စိုက်ပျိုးသည့်ကော်ဖီမှာ Robusta အမျိုးအစားဖြစ်ပါသည်။ အသီးဆွတ်ခူးနိုင်သည့်အပင်မှာ ၇၅၄၇ ဧကရှိပါသည်။ ယခုနှစ်ကော်ဖီအထွက်နှုန်းမှာ တစ်ဧကလျှင် ၁၇၂ ပိသာရှိသဖြင့် ကော်ဖီစေ့ ၂၁၂၀ တန်ခန့် ထွက်ရှိပါသည်။ သံတောင်ကြီးမြို့နယ်သည် သီးနှံများစိုက်ပျိုးရာတွင် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအသုံးပြုမှု အနည်းဆုံးဒေသတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

             ကော်ဖီပင်များကို ပုံမှန်အားဖြင့် ဖေဖော်ဝါရီလတွင် ပျိုးထောင်ကြပါသည်။ ပျိုးဘောင်ကို  အရိပ် ၇၀ % ရသောနေရာမှာ စနစ်တကျပြင်ဆင်ရပါမည်။ အပင်ပေါက်ရန် ရက် ၃၀ မှ ရက် ၅၀ ခန့်ကြာမြင့်ပါသည်။ အပင်ပေါက်မှု ၉၅ ရာခိုင်နှုန်းရှိနေစေရန် မျိုးစေ့သက်တမ်းလေးလအတွင်း ပျိုးထောင်ရပါမည်။ ကော်ဖီစိုက်ပျိုးရာတွင် ပျိုးပင်၏သက်တမ်းတစ်နှစ်သား အရွက်စုံ ခြောက်စုံမှရှစ်စုံရှိနေချိန် စိုက်ခင်းထဲသို့ မြေချစိုက်ပျိုးရပါသည်။

              ကော်ဖီပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်ပြီး သဘာဝအတိုင်းထားပါက ပေ ၂၀ ကျော်အထိ မြင့်ပါသည်။ သို့ရာတွင် ကော်ဖီခြံများတွင် အသီးများအလွယ်တကူ ခူးဆွတ်နိုင်ရန် ကိုင်းများချိုင်ပေးကြပါသည်။ အရွက်နှင့်အကိုင်းဆုံသည့်အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူများ အစုလိုက်ပွင့်ကြပါသည်။ ကော်ဖီတစ်ပင်သည် အနှစ် ၂၀ ကြာအောင် အသီးသီးပါသည်။ ကော်ဖီသီး များသည် ပထမတွင်အစိမ်းရောင်ဖြစ်၍ ဝါလာပြီး နောက်ဆုံးတွင် နီသွားပါသည်။ ရာသီဥတု ကောင်းသောဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ပွင့်နိုင် သီးနိုင်၍ တစ်ပင်တည်းမှာပင် အပွင့်နှင့် အစိမ်းသီး၊ အမှည့်သီးများ တွေ့ရတတ်ပါသည်။ ကော်ဖီသီးများမှည့်သောအခါ အသီးများခူးဆွတ်၍ အခြောက်လှမ်းခြင်း၊ အစေ့ထုတ်ခြင်းများ ပြုလုပ်ကြပါသည်။

              ဒီဇင်ဘာလတွင် ကော်ဖီသီးများကို စတင်ဆွတ်ခူးနိုင်ပါသည်။ ဖေဖော်ဝါရီလနှင့်မတ်လများသည် ကော်ဖီလှိုင်လှိုင်ပေါ်သည့်ကာလဖြစ်ပါသည်။ သံတောင်ကြီးဒေသထွက်ကော်ဖီများမှာ ကြွက်အန္တရာယ်ကြောင့်လည်းကောင်း၊  လုပ်သားရှားပါးမှုကြောင့်လည်းကောင်း၊ အနု၊ အရင့်၊ အမှည့်၊ အစိမ်း အားလုံးဆွတ်ခူးကြသဖြင့် ရွာငံဒေသထွက် ကော်ဖီစေ့၏အရည်အသွေးကိုမူ မမီကြောင်း သိရှိရပါသည်။ အနံ့၊ အရသာနှင့်ပြည့်စုံသော ကော်ဖီကိုသောက်သုံးနိုင်ရန်အတွက် ကော်ဖီစေ့အစိမ်းများကို ညိုဝါရောင်ရအောင် လှော်ပေးရပါသည်။ ရှေးက ကော်ဖီစေ့ကို အိမ်မှာပင် လှော်ယူကြသော်လည်း ယခုအခါတွင် အလုပ်ရုံကြီးများတွင် ခေတ်မီနည်းပညာများဖြင့် လှော်ကြပါသည်။ ကော်ဖီစေ့များကို လှော်ပြီးသောအခါ အမှုန့်ကြိတ်ရပါသည်။ ကော်ဖီကို အမှုန့်ကြိတ်ပြီးပြီးချင်း ဖျော်သောက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်ကို သိရှိရပါသည်။

              သံတောင်ကြီးမြို့နယ်မှထွက်ရှိသော ကော်ဖီများကို တောင်ငူမြို့မှ သံတောင်ကြီးဒေသထွက် ကွမ်းသီး၊ ချဉ်ပေါင်ဖာလာနှင့် ကော်ဖီဝယ်ယူသည့် ကုန်သည်ကြီးများက အဓိကဝယ်ယူပြီး ကော်ဖီမှုန့်လုပ်ငန်းများဖြစ်သော ဖိုးလမင်း၊ ပဒေသာ၊ လင်းတို့မှလည်း ဝယ်ယူကြပါသည်။ ကော်ဖီစေ့အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ရောင်းချရကြောင်း သိရှိရပါသည်။ တောင်ငူမြို့မှကော်ဖီမှုန့်လုပ်ငန်းများသည် သံတောင်ကြီးဒေသမှကော်ဖီစေ့များကို ဝယ်ယူပြီး ခေတ်မီစက်ကြီးများဖြင့်လှော်၍ အမှုန့်ကြိတ်ရောင်းချပါသည်။ ကော်ဖီစေ့တစ်ပိဿာကြိတ်လျှင် ကော်ဖီမှုန့် ၇၀ ကျပ်သား ရရှိကြောင်း၊ ကော်ဖီမှုန့်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ ဖြင့် ဈေးကွက်သို့ တင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။

              တောင်ငူမြို့မှ ကုန်သည်ကြီးများက ဝယ်ယူသော သံတောင်ကြီးဒေသထွက် ကော်ဖီစေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြပါသည်။ ကော်ဖီစေ့တစ်တန်လျင် ကျပ်သုံးဆယ်ငါးသိန်းမှ ကျပ်သိန်းလေးဆယ်အထိ ရရှိကြောင်း သိရှိရပါသည်။

             ကော်ဖီတွင် ပါဝင်သော caffeine သည် လူကိုလန်းဆန်းတက်ကြွစေပြီး အားအင်ပြည့်ဝစေပါတယ်။ အဆီများကို လောင်ကျွမ်းစေပါသည်။ caffeine သည် နာကျင်ရောင်ရမ်းခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။ အသက်ကြီးလာလျှင်ဖြစ်တတ်သော အတိတ်မေ့ရောဂါနှင့် မေ့လွယ် သည့်ရောဂါ ဖြစ်ပွားနှုန်းကိုလည်း လျှော့ချပေးပါသည်။ စိတ်ကို ပျော်စေပါသည်။ သို့ဖြစ်ပါ၍ စိတ်ဓာတ်ကျနေသူများနှင့် စိတ်ရှုပ်နေသူများအတွက် ကော်ဖီသောက်လိုက်ခြင်းဖြင့် စိတ်ကို ပျော်ရွင်စေမှာဖြစ်ပါသည်။ caffeine က လှုံ့ဆော်ပေး၍ ထွက်ရှိလာသော adrenaline ဟော်မုန်းသည် စိတ်ပျော်စေခြင်း၊ တက်ကြွစေခြင်းကို ဖြစ်စေပါသည်။  ကော်ဖီသည် ဆီးချိုဖြစ်ပွားမှုကို လျှော့ချပေးနိုင်သကဲ့သို့ ကော်ဖီတွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိသဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျှော့ချပေးကြောင်း သိရှိရပါသည်။ ကော်ဖီတွင် Vitamin B, Magnesium နှင့် Potassium သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်သဖြင့် အာဟာရများစွာ ရရှိစေပါသည်။ 

           တန်လျှင်ဆေး လွန်လျှင်ဘေး ဆိုသကဲ့သို့ ကိုယ်ခန္ဓာသည် ကော်ဖီကိုလက်ခံနိုင်သော ပမာဏတစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့်  မိမိခန္ဓာကိုယ်ကလက်ခံနိုင်သည့်ပမာဏထက် ကျော်သွားသည့်အခါ ရင်တုန်ခြင်း၊ အားမရသလိုဖြစ်ခြင်းမျိုး ဖြစ်တတ်ပါသည်။ ကော်ဖီတွင်ပါဝင်သော caffeine သည် ညဘက်အိပ်မပျော်ခြင်းကို ဖြစ်စေတတ်ပါသည်။ ကော်ဖီကလူကို စွဲလမ်းစေတတ်ပါသည်။ မူးယစ်ဆေးကဲ့သို့ ကော်ဖီသည်လည်း သောက်တဲ့သူတိုင်းကို စွဲလမ်းစေတတ်သည့် အရာတစ်ခုဖြစ်ပါသည်။ ကိုယ်ဝန်ရှိချိန် ကော်ဖီကို တစ်ခွက်ထက်ပိုသောက်သုံးလျှင် ကလေးဆီသို့ caffeine ရောက်သွားပြီး အဆိပ်သင့်စေ၍ ကလေးပေါင်မပြည့်တာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။ ကော်ဖီဟာ အစာရေမျိုပြွန်၏ ကြွက်သားများကို ပြေလျော့စေသဖြင့် အစာအိမ်ထဲက အက်ဆစ်များ ပြန်ဆန်တက်စေပြီး ရင်ပူခြင်းများကို ဖြစ်စေတတ်ကြောင်း သိရပါသည်။ သို့ဖြစ်၍ ကော်ဖီကို ဖြည့်စွက်အာဟာရအနေဖြင့် မသုံးဆောင်သင့်ကြောင်း သိရှိရပါသည်။

            မြန်မာနိုင်ငံတွင် ယခုအခါ ကော်ဖီဈေးကွက်မှာ မြင့်မားလာနေပြီး ကုန်ကြမ်းအဖြစ်သာမက တန်ဖိုးမြှင့်ကော်ဖီထုတ်ကုန်များအဖြစ် ရောင်းချပေးနိုင်ပါက ဈေးကွက်ပိုမိုကောင်းမွန်လာမည်ဖြစ်ပါသည်။ မြန်မာ့ကော်ဖီများကို ကမ္ဘာ့နိုင်ငံများကပင် စိတ်ဝင်စားလာလျက်ရှိနေရာ သံတောင်ကြီးဒေသမှ ကော်ဖီစိုက်ပျိုးသူ တောင်သူကြီးများသည် မိမိစိုက်ပျိုးသောကော်ဖီပင်များကို နည်းစနစ်မှန်ကန်စွာခူးဆွတ်ခြင်း၊ ကော်ဖီလုပ်ငန်းရှင်များက တန်ဖိုးမြင့်ကော်ဖီများထုတ်လုပ်ခြင်းဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်ကို ထိုးဖောက်သွားနိုင်မည်လည်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

တီထွင်ထုဆစ် Resin အနုပညာသစ်

            Resin သည် ကော်ရည်တစ်မျိုးဖြစ်ပြီး ဓာတုဗေဒအခေါ်အဝေါ်အရ Polyepoxide တစ်နည်းအားဖြင့် ပိုလီမာဓာတ်ပေါင်းတစ်မျိုးဖြစ်ပါသည်။ Plant Resin ကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြပြီး ဂရိလူမျိုးများမှာ    Plant Resin အား အမွှေးတိုင်လို ရနံ့အတွက် အသုံးပြုကြကြောင်း    လေ့လာသိရှိရပါသည်။

           Resin ကို  ပြင်သစ်စကား Resine ဟုခေါ်ဝေါ်ကြပြီး လက်တင်စကားအရ Resin အဖြစ်ပြောင်းလဲ ခေါ်ဝေါ် ခဲ့ကြပါသည်။ Resin တွင် အဓိကအားဖြင့် UV resin၊  Polyurethane resin၊ Epoxy resin၊ Polyester resin ဟု (၄)မျိုးရှိကြောင်း သိရှိရပါသည်။ Resin သည် ကြည်လင်တောက်ပခြင်း၊ အပူဒဏ်ခံနိုင်ခြင်း၊ အလွယ်တကူမကွဲအက်နိုင်ခြင်း စသည့်ဂုတ်သတ္တိများရှိခြင်းကြောင့် ရေရှည်အသုံးပြုနိုင်သည့်ဆေးရည်တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

          ပဲခူးတိုင်းဒေသကြီးတွင် Resin ကော်ရည်ကိုအသုံးပြုကာ သစ်ကိုအခြေခံ၍ အနုပညာဆန်ဆန်ဖန်တီးထုတ်လုပ်သော လုပ်ငန်းရှိပါသည်။ ရေရှည်တွင် နိုင်ငံတကာကို ဝင်ရောက်ထိုးဖောက်နိုင်ရန် အရည်အသွေးမှီသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အောက်ပါအတိုင်း လေ့လာတင်ပြလိုက်ရပါသည်-

 

သစ်သားပရိဘောဂ Resin ထုတ်ကုန် ထုတ်လုပ်ပုံအဆင့်ဆင့်

          ကုက္ကိုသား သစ်သားပြားအား ပိုးသတ်သန့်စင်ပြီး လိုချင်သောဆိုဒ်ရရှိရန်အတွက် ဖြတ်တောက်ရပါသည်။ ထို့နောက် ရွေဘော်ထိုး၍ မျက်နှာပြင်ညီညာအောင်ပြုလုပ်ကာ ကော်ပတ်အကြမ်းစားခြင်း ဆောင်ရွက်ရပါသည်။ ကော်ပတ်စားပြီးပါက စားပွဲပြုလုပ်၍ သစ်သားပြားအား Form Work ပြုလုပ်ပြီး Resin (ပယင်းကို မှီငြိမ်းအ‌ခြေခံ၍ ထုတ်လုပ်ထားသော Polymer ဓာတု ဓာတ်ပေါင်းတစ်မျိုး) ကော်ရည်အား မိမိလိုချင်သော အရောင်‌ရောစပ်ကာ ဆေးရည်သွင်းပါသည်။ ဆေးရည်ခဲရန် (၄၈) နာရီကြာပြီး အေးခဲသွားသောအခါ ကော်ပတ်အဆင့်ဆင့် ပြန်လည်စားပေးရပါသည်။ ကော်ပတ်စားပြီးနောက် Resin Top Code အားအပေါ်မှ ထပ်မံ Coating ပြုလုပ်ပြီး လိုက်ကာတစ်ထပ်အုပ်ရပါသည်။ လိုက်ကာခြောက်သွေ့ချိန် (၆) နာရီ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးအသုံးပြုရန်အတွက်  အဆင့်ဆင့်ကုန်ချောကို ရရှိကြောင်း သိရှိရပါသည်။

 

Wire Art ပြုလုပ်ပုံအဆင့်ဆင့်          

        ပန်းချီဆွဲရန် သစ်သားပြားအား ကော်ပတ်စားပြီးနောက်   ၎င်းအပြားပေါ်တွင် ခဲဖြင့်ပန်းချီကောက်ကြောင်း အရင်ဆုံးစတင်ရေးဆွဲပါသည်။ ၎င်းကောက်ကြောင်းအပေါ်တွင် 12 Gade Wire  ဖြင့် ထပ်မံကွပ်ပေးရပါသည်။ Wire ကွပ်ထားပြီးသား ပန်းချီအတွင်းသို့ မိမိထည့်သွင်းလိုသည့် အရောင်ရောစပ်ကာ Resin ဆေးရည်အား (20 mm) ဆေးထိုးအပ်ဖြင့် ဖြည်းဖြည်းချင်း ဆေးသွင်းရပါသည်။ ဆေးရည်ခဲချိန် (၄၅) မိနစ်အတွင်း မိမိဆေးရည်အားအချိန်မှီ ဆေးသွင်းရန် အရေးကြီးပါသည်။ ဆေးရည်မာကြောခဲသွားချိန် (၄၈) နာရီစောင့်ဆိုင်းပြီးနောက် ကော်ပတ်အဆင့်ဆင့်စားပြီး Polyuthane Sealar အောက်ခံဆေးသွင်းရပါသည် ။ PU Sealar နှစ်ကုဒ်သွင်းပြီးနောက် လိုက်ကာတစ်ထပ် ထပ်မံသုတ်ပေးရပါသည်။ လိုက်ကာခြောက်သွေ့ချိန် (၆) နာရီကြာစောင့်ဆိုင်းပြီးနောက် အသုံးပြုနိုင်သော Wire Art ပန်းချီကားရရှိကြောင်း သိရှိရပါသည်။

 

 

ကုန်ကြမ်းရရှိမှု

           Resin စားပွဲနှင့် သစ်သားပရိဘောဂများပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် သစ်မာမျိုးစုံ (ကုက္ကို ၊ ပိတောက်)ကို အသုံးပြုရပါသည်။ ဒေသသုံးသစ်များ၊ လမ်းမီးဘေးမလွတ်သည့်သစ်များ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုလဲသွားသောသစ်ပင်များ၊ လမ်းဘေးကျီးပေါင်းတက်သစ်ပင်များကို ဝယ်ယူ၍ ကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း သိရှိရပါသည် ။

 

အကျိုးအမြတ်ရရှိမှု

          သစ်အခြေခံပရိဘောဂနှင့် Resin ထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းဖြစ်သောသစ်မာများနှင့် အလုပ်သမားခများအတွက် ထိုက်သင့်သလောက် ရင်းနှီးမြုပ်နှံထားရပြီး သုံးစွဲရသည့်ပစ္စည်း၊ အသုံးပြုရသည့်ကုန်ကြမ်း၊ အတတ်ပညာနှင့်တီထွင်ဖန်တီးနိုင်မှုပေါ်မူတည်၍ ထိုက်သင့်သလောက် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။ ထုတ်လုပ်သည့် ပစ္စည်းအမျိုးအစားပေါ် မူတည်၍ အနိမ့်ဆုံး ကျပ် ၁၀၀၀-/ မှ ကျပ်သိန်း ၂၀ ခန့်ထိ ပစ္စည်းအမျိုးအစားပေါ် မူတည်၍ ရောင်းချပါကြောင်း သိရှိရပါသည်။

 

ဈေးကွက်ဖြန့်ဖြူးမှု

         Onlineမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးရောင်းချခြင်း၊ မန္တလေး၊ လားရှိုးမှတစ်ဆင့် နယ်စပ်ဒေသအထိ ဖြန့်ဖြူးရောင်းချခြင်း၊ ထိုမှတစ်ဆင့် နိုင်ငံခြားတင်ပို့မှုရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့်  ပန်းပုနှင့် Resin ထုတ်ကုန်အား တရုတ်နိုင်ငံနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများအား တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

         ပယင်းကို မှီငြမ်းကာ အခြေခံ၍ Polymer ဓာတုဓာတ်ပေါင်း ထုတ်လုပ်ထားသော Resin ထုတ်ကုန်များသည် နိုင်ငံခြားဈေးကွက်တန်းဝင် လက်မှုပညာများဖြစ်သည့်အပြင် မြန်မာ့အနုပညာကိုအခြေခံကာ ခေတ်မီသစ်ဆန်းသော အနုပညာရပ်များကိုပုံဖော်၍ လက်တွေ့ကျကျ ဖန်တီးထားသောထုတ်ကုန်များဖြစ်ပါသည်။ တီထွင်ဆန်းသစ်ဖန်တီးနိုင်သော အနုပညာရပ်တစ်ခုအဖြစ် ကမ္ဘာကသိအောင် ဖော်ပြနိုင်သောလုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ ငွေကြေးအရသော်လည်းကောင်း၊ နိုင်ငံခြားဈေးကွက် ဖောက်ထွင်းနိုင်ရန်အတွက် ဈေးကွက်ဖန်တီးပေးခြင်းသော်လည်းကောင်း ပံ့ပိုးပေးနိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်ရုံမက နိုင်ငံ၏စီးပွားရေးလည်း တိုးတက်မည့်အပြင် နိုင်ငံခြားဝင်ငွေရရှိမှုလည်း တိုးပွားလာမည်ဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည် ။

       ယခုအခါ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ( Myantrade) မှလည်း ပြည်တွင်းဈေးကွက်ရရှိရန် လိုအပ်လျက်ရှိသောလုပ်ငန်းရှင်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည် ။ လုပ်ငန်းရှင်များမှ တိုင်းဒေသကြီး /ပြည်နယ် ကုန်သွယ်မှုစင်တာများနှင့် ဆက်သွယ်၍လည်း မိမိတို့ လုပ်ငန်းဈေးကွက်ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်သလို တိုင်းဒေသကြီး /ပြည်နယ် အသီးသီးတွင်ရှိသော စားသုံးသူရေးရာဦးစီးဌာနမှလည်း လိုအပ်သည်များ ချိတ်ဆက်ကူညီပေးနေပြီဖြစ်ပါသည်။

         ပြည်ပဈေးကွက်ရရှိရေးအတွက် လိုအပ်ပါကလည်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှ တဆင့် နိုင်ငံအသီးသီးတွင် ရှိနေသည့်စီးပွားရေးသံမှူးများမှတဆင့် ချိတ်ဆက်ကူညီခြင်း၊ MSMEs စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ လွှင့်တင်ထားသည့် မြန်မာအပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန  (Myanmar International Trade Center) Website (http://mitc.myantrade.gov.mm/ ) တွင် နိုင်ငံခြားသို့ တင်ပို့ရောင်းချလိုသည့် ၏ပစ္စည်းများကို တင်ပြထားသည့် Myanmar Pavilion တွင် အခမဲ့ တင်ပြရောင်းချနိုင်ခြင်း၊  ပို့ကုန်တင်ပို့ ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များ သိရှိလိုသည့်ကိစ္စရပ်များ၊ တစ်နှစ်အတွင်း ကျင်းပဆောင်ရွက်မည့် ပြည်တွင်း၊ ပြည်ပကုန်စည်ပြပွဲများကို လေ့လာခြင်းများဆောင်ရွက်နိုင်ပါကြောင်း သတင်းစကားပါးလိုက်ရပါတယ်ရှင်။

DOCA(ပဲခူး)

ဖျာပုံမြို့နယ်တွင် မိုးစပါးကောက်စော စတင်ရိတ်သိမ်းတောင်သူများ တွက်ခြေကိုက်မှုရှိ

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ကျုံကူကျေးရွာတွင် တောင်သူဦးဇော်မင်းထိုက်၏ မိုးစပါးကောက်စောရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက နိုဝင်ဘာလ(၁၆)ရက်နေ့၌  ကျုံကူကျေးရွာသို့ ကွင်းဆင်းခဲ့သည်။

          တောင်သူဦးဇော်မင်းထိုက်နှင့်တွေ့ဆုံ၍ မေးမြန်းရာစိုက်ဧက(၇၀)ရှိပြီးကောက်ညှင်း(၁၀) ဧက၊ ရက်(၉၀)စပါး(၁၂)ဧက၊ ပေါ်ဆန်းရင်(ဘေးကြား)(၂၀)ဧက၊ ဘေးကြား၊ တောင်ပျံ(၂၈)ဧက စိုက်ပျိြုးထားရှိသည်။ ယခုရက်(၉၀)စပါး၊(၁၂)ဧက ရိတ်သိမ်းလျက်ရှိပြီး တစ်ဧကအထွက်နှုန်း(၅၀) တင်းထွက်ရှိကာ ပေါင်(၅၀)ကိုက်ဖြင့် ချိန်တွယ်ပြီး အစိုဓာတ်(၁၇)ရာခိုင်နှုန်းရှိသည်။ နွေစပါးပြန် လည်စိုက်ပျိုးရန် စပါးအချို့တစ်ဝက် အား မျိုးစပါးအဖြစ်ထားရှိကာ ကျန်စပါးများကို စပါးတင်း (၁၀၀)လျှင်ကွင်းပေါက်ဈေးကျပ်သိန်း( ၁၁၅၀၀၀၀ ) ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရ သည်။ မိုးစပါးတစ်ဧကကုန်ကျစရိတမှာ ကျပ်ငါးသိန်းခန့်ရှိပြီး ဓာတ်မြေဩဇာ ဈေးနှုန်းမြှင့်တက် မှုကြောင့် တစ်ဧကကုန်ကျစရိတ်မြှင့်လာပြီးဖြစ်ကြောင်း၊ ယခုနှစ် စပါးပေါက်ဈေးအရတောင်သူများအနေဖြင့် တွက်ခြေကိုက်မှုရှိကြောင်းသိရသည်။         

DOCA(ဧရာဝတီ)      

ပဲခူး သံရည်ကျိုပုံလောင်းထုတ်ကုန်လုပ်ငန်း

           ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကိုင်းတာကျေးရွာတွင် သံရည်ကျို၍ ပုံလောင်းခြင်းလုပ်ငန်း လုပ်ကိုင်လျက်ရှိပါသည်။ ကုန်ကြမ်းကို သံကျွတ်၊ ကားအင်ဂျင်ဟောင်း၊ သံထည်ဟောင်းများကို အသုံးပြုပြီး တစ်နေ့လျှင် နန်းဆွဲနှစ်တန်ထုတ်လုပ်လျက်ရှိကာ တစ်လကို ပျှမ်းမျှအားဖြင့် ရက် (၂၀) ခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ လုပ်သားအရေအတွက်အားဖြင့် (၉၅) ဦးခန့် အသုံးပြုပြီး လုပ်ငန်းကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ သံရည်ကိုကျိုလောင်း၍ ပုံလောင်းထုတ်ကုန်များထုတ်လုပ်ရာတွင် လက်မ ၃၀ အမြင့် ၅ ပေရှိသော ပေါင်းဆွဲလေမှုတ်စက်ဖြင့် မောင်းခြင်း၊ မီးမွှေးလောင်စာထည့်ခြင်းများပြုလုပ်ရာတွင် သဲပိဿာချိန် (၇၀)၊ လောင်စာ (၁၅) ပိဿာ၊ ထုံးကျောက် (၅) ပိဿာ ၊ တစ်နေ့လျှင် တန်ချိန် (၆) တန်ခွဲ၍ အရည်ကျိုပြီး ပုံစံခွက်မျိုးစုံဖြင့်ပုံလောင်း၍ ထုတ်လုပ်လျက်ရှိပါသည်။ တစ်နေ့ လုပ်သားတစ်ဦးလျှင် ၁၀၀၀ဝ-၁၅၀၀၀ ကျပ်ခန့် ပေးချေရပြီး တစ်ပိဿာလျှင် ၅၀ ကျပ်မှ ၁၀၀ ကျပ်နှုန်းထိ အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။ လက်ရှိလုပ်ငန်းမှာ လုပ်သား (၉၅) ဦးဖြင့် နေ့စဉ် လည်ပတ်လျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ကော့သောင်းနှင့် နီးစပ်ရာမြို့များသို့ ‌ရောင်းချကြောင်း သိရှိရပါသည်။ သံရည်ကျို၍ ပုံလောင်းထုတ်လုပ်ရေးလုပ်ငန်းသည် လုပ်ငန်းတို့းချဲ့၍ အဆင့်မြင့်နည်းပညာများအသုံးပြု၍ ထုတ်လုပ်ပါက လုပ်ငန်းရှင်အတွက်လည်း တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ‌ဒေသတွင်း စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

                                                         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း