ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖြူးမြို့နယ်မှ လူကြိုက်များလှသည့် မြေပဲယို

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် မြေပဲယိုလုပ်ငန်းလုပ်ကိုင်သူ (၃) ဦးခန့်ရှိပါသည်။ မြေပဲယိုရရှိရန်အတွက် ကုန်ကြမ်းအနေဖြင့် သကြား၊ မြေပဲ၊ နှမ်း၊ ထန်းလျက်၊ ကပ်စေး၊ ပဲဆီတို့ကို အသုံးပြုရပြီး ဒေသတွင်း ဖြူးမြို့နယ်မှ မှာယူရရှိကြောင်း  သိရှိရပါသည်။ မြေပဲယိုထုတ်လုပ်ရာတွင် ပထမဦးဆုံးအနေဖြင့် မြေပဲဆံကို ရွေးရပါသည်။ မြေပဲဆံရွေးပြီးသည့်အခါ လှော်ရပါသည်။ သကြားကိုကျို၍ ကျသည့်အခါ ကပ်စေးထည့်ရပါသည်။ ကပ်စေးထည့်ပြီးသည့်အခါ မြေပဲဆံထည့်၍ ကျလျှင် ဖြန့် (လှိမ့်) ခြင်းဖြင့် အချပ်ရပါက လှီးခြင်းပြုလုပ်ရပါသည်။ လုပ်ငန်း (၁) ခုလျှင် လုပ်သား (၅) ဦးခန့် အသုံးပြုပြီး လုပ်အားခပေးချေရမှုအနေဖြင့် တစ်ဦးလျှင် (၈၀၀ဝိ-/) ကျပ်ခန့် ပေးချေရပါသည်။  မြေပဲယိုထုတ်လုပ်ရာတွင် စုစုပေါင်းကုန်ကျစရိတ်မှာ တစ်နေ့လျှင် (၁၄၀၃၅ဝိ-/) ကျပ်ခန့် ကုန်ကျပြီး အကျိုးအမြတ်မှာ တစ်ရက်လျှင် (၃၁၁၅ဝိ-/) ရရှိကြောင်း သိရှိရပါသည်။  ဈေးကွက်ရောင်းချမှုအားဖြင့် မြေပဲယိုကို တစ်ရက်လျှင် (၅) ချပ်တွဲ (၄၉) တွဲ ထုတ်လုပ်လျက်ရှိပြီး ဒေသတွင်း ဖြူးမြို့နယ်နှင့် အနယ်နယ်အရပ်ရပ်သို့ ဖြန့်ဖြူး‌ရောင်းချလျက်ရှိကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

                            

ပြည်မြို့တွင်ဆီးသီးများစတင်ထွက်ပေါ်

          ပြည်ခရိုင်၊ ပြည်မြို့နယ် စည်ပင်သာယာဈေးကြီးတွင် ဆီးသီးများ းစတင်အရောင်းအဝယ်ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။  ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာဘက်မှဆီးသီးများ စတင်ထွက်ပေါ်နေပြီဖြစ်သော်လည်း လှိုင်လှိုင်ထွက်ပေါ်လာခြင်းမရှိသေး၍ ဈေးအနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။  အရောင်းအဝယ်ဖြစ်သည့်တင်းအနည်းငယ်ကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချပြီး ရန်ကုန်မြို့မှ ဆီးသီးမဆလာပြုလုပ်၍ ရောင်းချကြောင်း သိရှိရပါသည်။ ဆီးသီးဈေးမှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဖြစ်ပြီး၊ တစ်တင်းလျှင် ၃၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ဆီးသီးအမျိုးမျိုးရှိရာ အများအားဖြင့် ဆီးချဉ်သီးများဖြစ်ကြပါသည်။ ဆီးသီးအမှည့်များကို တချို့ကခူး၍ရောင်းချကြသလို တချို့မှာဆီးသီးကိုအခြောက်ခံ၍ ဆီးယိုထိုး၍ လည်းကောင်း၊ အမှုန့် ပြုလုပ်၍ ဆီးပေါင်း၊ ဆီးပြားပြုလုပ်၍လည်းကောင်း၊ ဆီးသီးအခြောက်မှုန့်များကို ဆီးဖျော်ရည်ပြုလုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် နံနံပင်ဈေးများမြင့်တက်လာ

         အိမ်ရှင်မများအနေဖြင့် နံနံပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပါသည်။ တချို့ မှာ ဟင်းချက်ရာတွင် နံနံပင်ကို မပါမဖြစ်အသုံးပြုကြသဖြင့် နံနံပင်မှာ အသုံးဝင်သည့်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။

      နံနံပင်ကို ဇွန်လနှင့်ဇူလိုင်လတို့တွင် စိုက်ပျိုးနိုင်သလို အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင်လည်း စိုက်ပျိုးကြပါသည်။ နံနံပင်သည် ဆောင်းရာသီတွင် အများဆုံးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါးသဖြင့် ဈေးကြီးပေး၍ ဝယ်ယူသုံးစွဲကြပါသည်။ နံနံပင်သည် ကျန်းမာရေးအတွက် ကောင်းမွန်သော ဟင်းသီးဟင်းရွက်ဖြစ်သလို  လူကြိုက်လည်းများကြသဖြင့် မုန့်ဟင်းခါးစားရာတွင်လည်းကောင်း၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံတို့ စားသုံးရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ ထို့အပြင် တို့စရာအဖြစ်လည်း အသုံးပြုကြပါသည်။

      နံနံပင်သည် ဆောင်းရာသီတွင်အထွက်များ၍ ဈေးနှုန်းများသက်သာရမည့်အစား ယခုနှစ် နံနံပင်ပေါ်ချိန်တွင် နံနံပင်ဈေးများမြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ နံနံပင်ဈေးမှာ ယခင်က တစ်ပိဿာလျှင် ၉၀၀၀ ကျပ် ဈေးဖြစ်ခဲ့ပြီး၊ ယခုနိုဝင်ဘာလဆန်းမှစ၍ နံနံပင်ဈေးမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာသဖြင့် တစ်ပိဿာလျင် ၆၀၀ ကျပ်ခန့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ယခုလိုနံနံပင် ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ နံနံပင်စိုက်ပျိုးရာတွင် အသုံးပြုရသော သွင်းအားစုများ ဈေးနှုန်းမြင့်တက်ခြင်း၊ စိုက်ပျိုးစရိတ်များမြင့်မားလာခြင်းနှင့် သယ်ယူစရိတ်များမြင့်တက်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)

နှစ်စဉ်ပုံမှန်စိုက်ပျိုးလျှက်ရှိသည့် ဆီထွက်သီးနှံ ဆောင်းနေကြာ

       ယင်းမာပင်ခရိုင်သည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိက စိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ( ၃ ) သိန်းကျော်နှင့် ဆီထွက်သီးနှံ စိုက်ဧက ( ၄ ) သိန်း ဝန်းကျင်ခန့်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဆီထွက်သီးနှံများအနက် နှမ်း၊ မြေပဲနှင့် နေကြာသီးနှံများကို အဓိကစိုက်ပျိုးထုတ်လုပ်လျှက်ရှိရာ နေကြာသီးနှံမှာ ဆီထွက်သီးနှံ စုစုပေါင်း စိုက်ဧက၏ ( ၂၂% ) ခန့်ရှိကြောင်း သိရှိရပါသည်။

     ဒေသတွင်း၌ နေကြာသီးနှံကို မိုး၊ ဆောင်းရာသီနှစ်မျိုးစလုံးတွင် စိုက်ပျိုးကြပြီး နှစ်စဉ်ဧက ( ၉ ) သောင်းကျော် စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်တွင် မိုးနေကြာ ဧက ( ၁ ) သောင်းကျော် စိုက်ပျိုးထွက်ရှိထားကြောင်း၊ ဆောင်းနေကြာကို ဧက ( ၈ ) သောင်းဝန်းကျင်ခန့် စိုက်ပျိုးရန် လျာထားခဲ့ရာမှ ဧက ( ၇ ) သောင်းကျော် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြေနိမ့်ပိုင်း ဒေသများနှင့် အစောဆုံးထွက်ရှိနေသည့် နှမ်းရိုးပြတ်နှင့် စပါးရိုးပြတ်များ၌ သီးထပ်အဖြစ် ရာသီအမီ စိုက်ပျိုးလျှက်ရှိကြောင်း၊ ရေဆင်းစပ်မျိုးများနှင့် ဒေသမျိုးများကို အဓိက စိုက်ပျိုးထား‌ကြောင်း၊ အများအားဖြင့် သီးသန့်စိုက်ခင်းအဖြစ် အစိုက်များပြီး ကုလားပဲခင်းများ၌လည်း သီးညှပ်အဖြစ် စိုက်ပျိုးထားကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

       ဆီထွက်သီးနှံ ဆောင်းနေကြာသည် စိုက်ပျိုးရလွယ်ကူပြီး ကုန်ကျစရိတ်သက်သာခြင်း၊ ဒေသ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီခြင်း၊ ဒေသတွင်း ဈေးကွက်၌ ဝယ်လိုအားရှိနေခြင်းနှင့် ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိနေခြင်းများကြောင့် တောင်သူများ နှစ်စဉ်ပုံမှန် စိုက်ပျိုးလျှက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

မိသားစုဝင်ငွေတိုးစေမည့် ပေါက်ပေါက်လုပ်ငန်း

         ကျွန်တော်တို့ ကမ္ဘာမြေကြီးတွင်ရှိသော  လူသားများသည် စားရေး၊ ဝတ်ရေး၊ နေရေးဆိုသော အရေးသုံးပါးအတွက် နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေကြပါသည်။ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့၌ အစားအသောက်နှင့်ပတ်သက်၍ မတူညီသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတစ်ခုအတွင်းတွင်လည်း ဒေသအလိုက် အစားအစာများရှိကြပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း ဒေသအလိုက် ရာသီအလိုက် ရိုးရာအစားအစာများရှိကြပါသည်။

         ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသအလိုက်၊ မြို့နယ်အလိုက် ရိုးရာအစားအစာထုတ်လုပ်သည့် လုပ်ငန်းများရှိရာ ပြည်မြို့အတွင်း ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး လုပ်ငန်းများအနက်  ပေါက်ပေါက်လုပ်ငန်းများအကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

       ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်သူ ၁၅-၂၀ ဦးခန့်ရှိပြီး၊ စက်မှုဇုန် (၁) အတွင်း လုပ်ငန်းရှင် (၁၀) ဦးခန့်ရှိကြောင်း သိရှိရပါသည်။ စားသုံးသူအနေဖြင့် စက်မှုဇုန်အတွင်း ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးနှင့်တွေ့ဆုံ၍ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (OVOP) ထုတ်လုပ်မှုအခြေအနေအား ကွင်းဆင်းမေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

      လုပ်ငန်းရှင်အနေဖြင့် ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာ (၁၀) နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ပေါက်ပေါက်လုပ်ရန် ဆန်ကွဲအဓိကလိုအပ်ပြီး ဆားဆိုဒါအနည်းငယ်လိုအပ်ကြောင်း သိရှိရပါသည်။ ယခင်ကတစ်ရက်လျှင် ဆန်ကွဲအိတ် ၄၀/၅၀ ခန့်ကြိတ်ခွဲနိုင်သော်လည်း ယခု ကုန်ကြမ်းပစ္စည်း ဈေးနှုန်းမြင့်တက်နေသည့်အတွက် တစ်ရက်လျှင်အိတ် (၂၀) လောက်သာ ကြိတ်ခွဲလျက်ရှိကြောင်း သိရှိရပါသည်။

      ပေါက်ပေါက်လုပ်ငန်းအတွက် မှော်ဘီနှင့်ခြံဧရာဆန်ကွဲများမှာ အရည်အသွေးပိုကောင်းကြောင်း၊ ဆန်ကွဲ (၁၀၈) ပေါင်တစ်အိတ်လျှင် ပေါက်ပေါက်ကုန်ချော ၂၅/၂၆ ပိဿာခန့် ရရှိကြောင်း သိရှိရပါသည်။ ပေါက်ပေါက်ထုတ်လုပ်ပုံမှာ ဆန်ကွဲအိတ်ကို ဝေဖာကြိတ်စက်ထဲသို့ထည့်၍ (၂) နာရီ ကြာကြိတ်ဖွတ်ပါက ကုန်ချောရရှိမည်ဖြစ်ပါသည်။ ဆန်ကွဲကျစ်ပါက ဆားဆိုဒါ အနည်းငယ်ထည့်ပေးရပါသည်။

        ပေါက်ပေါက်ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ဆန်ကွဲ၊ လုပ်သားခ၊ လျှပ်စစ်မီတာခများ ထည့်သွင်းတွက်ချက်ပါက ဆန်ကွဲတစ်အိတ်လျှင် ၄၆၀၀၀ ကျပ် ကုန်ကျမည်ဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် ပေါက်ပေါက်တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ပေါက်ပေါက် (၃) ပိဿာလျှင် ၅၀၀၀ ကျပ် ခန့်ရရှိသဖြင့် ဆန်ကွဲတစ်အိတ်လျှင် ၄၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိပါသည်။ တစ်နေ့လျှင် ဆန်ကွဲ (၂၀) အိတ်ကြိတ်လျှင် ၈၀၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

       ဈေးကွက်အနေဖြင့် ပေါက်ပေါက်ကို (၁၀) ပိဿာပါ ပလပ်စတစ်အိတ်အတွင်း လေလုံအောင်ထည့်ပြီး ဒေသထွက်ဆန်မရွေးလုပ်ငန်းများနှင့် တောင်ကုတ်၊ မြန်အောင်၊ ဟင်္သာတ၊ မင်းတုန်း၊ ကံမမြို့နယ်များအထိ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

       ပေါက်ပေါက်လုပ်ငန်းသည် အကျိုးအမြတ်နည်းသော်လည်း ဆန်ကွဲကိုသာ အဓိကထားလုပ်ရသော လုပ်ငန်းဖြစ်သလို မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်နိုင်ပြီး နေ့စဉ်အကျိုးအမြတ်ရှိသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့ ကုန်စိမ်းဈေးကွက်

          ယခုအပတ် ပြည်ကုန်စိမ်းဈေးကွက်တွင် ကျောက်စိမ်းငရုတ်သီးစိမ်းတစ်ပိဿာလျှင် ၃၆၀၀ ကျပ်၊ ခရမ်းချဉ်သီး ဗမာသီးတစ်ပိဿာလျှင် ၁၇၀၀ ကျပ်၊ တောင်ပေါ်ပီနံသီးတစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ ပီနံအစစ်တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ဂေါ်ဖီထုတ်အထုတ်ကြီးတစ်ထုတ်လျှင် ၁၆၀၀ ကျပ်၊ အလတ်တစ်ထုတ်လျှင် ၁၃၀၀ ကျပ်၊ အသေးတစ်ထုတ်လျှင် ၁၁၀၀/၁၂၀၀ ကျပ်၊ ဗမာပန်းဂေါ်ဖီအကြီးတစ်ပွင့်လျှင် ၅၀၀ ကျပ်၊ အသေးတစ်ပွင့်လျှင် ၃၀၀ ကျပ်၊ ခရမ်းသီးတစ်တွဲလျှင် ၄၀၀-၅၀၀ ကျပ်၊ ခရမ်းသီးပြုတ်သီးတစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ နံနံပင်ဈေးမှာ တစ်ပိဿာလျှင် ၁၂၀၀၀-၁၅၀၀၀ ကျပ်ဈေးဖြစ်ပြီး နံနံပင်ဈေးမှာ မြင့်တက်လျက်ရှိပါသည်။ ငရုတ်သီးစိမ်းမှာ ရန်ကုန်နှင့်တောင်တွင်းကြီးမြို့သို့ လတ်တလောတင်ပို့မှုအများဆုံးဖြစ်ပြီး တစ်ရက်လျှင် ကုန်ချိန် အချိန် ၁၀၀ ခန့် တင်ပို့မှုရှိကြောင်း သိရှိရပါသည်။ 

DOCA(ပဲခူး)

ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် (၁၆.၁၁.၂၀၂၂) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်ရှိ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ရှန်တက်ဆန်စက်လုပ်ငန်းပိုင်ရှင် ဦးမြင့်နှင့် တွေ့ဆုံ၍ ဆန်စက်လည်ပတ်နေမှု အခြေအနေများ၊ စပါး၊ ဆန်ဈေးနှုန်းဈေးကွက်အခြေအနေများ ဆွေးနွေးခဲ့ကြပါသည်။

       ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က မိမိတို့တိုင်းရှိစားသုံးသူပြည်သူများအနေဖြင့် ငွေကြေးလှုပ်ခတ်မှုအခြေအနေများကြောင့် စိုးရိမ်စိတ်များကာ ရှေ့လများက လိုအပ်သည်ထက် ပိုမို ဝယ်ယူထားမှုများကြောင့် လက်ရှိတွင်အ‌ရောင်းအဝယ်အေး နေကြောင်း၊ပို့ကုန်ရှိသော ဆန်ကြမ်း အမျိုးအစားများသာ အရောင်းအဝယ်သွက်နေကြောင်း၊ ဧည့်မထအုပ်စုဝင်ဖြစ်သော မနောသုခ‌ (အသစ်) ဆန်(၁)အိတ်လျှင် ၄၂၀၀၀/ကျပ်ဖြင့် ရောင်းသူသာရှိပြီး ဝယ်သူမရှိကြောင်း၊ ရွှေဘို ပေါ်ဆန်း(အဟောင်း)(၁)အိတ်လျှင်(၉၀၀၀၀)ကျပ်နှင့်ဧရာမင်းဆန်(အဟောင်း)(၁)အိတ်လျှင်(၆၅၀၀၀)ကျပ်ရှိပြီးအရောင်းအဝယ်အေးနေကြောင်း၊ထိုသို့အရောင်းအဝယ်အေးသော်လည်း စစ်ကိုင်း တိုင်း အထက်ပိုင်းဒေသများတွင် စပါးအသစ်များပေါ်ချိန်ဖြစ်၍ ဆန်စက်များမှာ ပုံမှန်လည်ပတ် ကြိတ်ခွဲနိုင်ကြောင်း  ဆွေးနွေး ပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးက  ဆန်စက်လုပ်ငန်းရှင်များ ကြုံတွေ့နေရသောအခက်အခဲများကို မေးမြန်းခဲ့ပြီး ဆန်စက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးရမည့် အချက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးကောင်းရနေသော ပြည်မြို့ထွက် ထန်းမြစ်(သို့)ထန်းပင်ပေါက်

          နိုဝင်ဘာလ ပထမပတ်မှစ၍ တစ်နှစ်မှတစ်ခါသာပေါ်သည့် ရာသီစာဖြစ်သည့် ထန်းမြစ်ဟူ၍လည်းကောင်း၊ အချို့အရပ်ဒေသများအခေါ်  ထန်းပင်ပေါက်များမှာ ယခင်နှစ်ကထက် ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ထန်းမြစ်(သို့) ထန်းပင်ပေါက်များကို ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရှိရပါသည်။ ထန်းမြစ်ဈေးနှုန်းများမှာ အချောင်းအသေး ၂၅ ချောင်းတစ်စီးလျှင် ၁၅၀၀ ကျပ်၊ အချောင်းအကြီး ၂၅ ချောင်းတစ်စီးလျှင် ၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိိရပါသည်။ ထန်းမြစ်ဈေးများမှာ ယခင်နှစ်ကထက် ဈေးကောင်းရသလို အရောင်းအဝယ်လည်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက်ခရမ်းချဉ်သီးအရောင်းသွက်လျက်ရှိ

          ပြည်ဈေးကွက်တွင် ခရမ်းချဉ်သီးများဈေးကောင်းရရှိကာ အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ယခုလိုဆောင်းရာသီတွင် ခရမ်းချဉ်သီးများထွက်ပေါ်လာပြီဖြစ်၍ ပေါ်ခါစတွင် ဈေးကောင်းရသောသီးနှံတစ်မျိုးဖြစ်ပါသည်။ ပြည်မြို့နယ်အတွင်းရှိကျေးရွာတော်တော်များများတွင် ခရမ်းချဉ်ကို စိုက်ပျိုးကြသလို ရွှေတောင်မြို့ရှိကျွန်းများတွင်လည်း စိုက်ပျိုးကြပါသည်။ စိုက်ဧကအနေဖြင့် ဧကပြတ်စိုက်ပျိုးခြင်းမရှိဘဲ သီးညှပ်အဖြစ်သာ စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးများမှာ ရှမ်းပြည်ဘက်မှလာသော ရှမ်းသီးနှင့်ဒေသတွင်းစိုက်ပျိုးသော ကိုင်းသီးဟူ၍ (၂) မျိုးရှိပါသည်။ ခရမ်းချဉ်သီးဈေးမှာ ရှမ်းသီးတစ်ပိဿာလျှင် ၂၄၀၀ ကျပ်၊ ကိုင်းခရမ်းချဉ်သီးတစ်ပိဿာလျှင် ၄၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကိုင်းခရမ်းချဉ်သီးမှာ အခွံပါးပြီး နှုးညံ့တဲ့အတွက် စားသုံးသူများအကြိုက်တွေ့၍ ရှမ်းသီးထက်စာလျှင် ဈေးများမြင့်တက်လာခဲ့ပါသည်။ ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ခရိုင်အတွင်း မြို့နယ်မှခရမ်းချဉ်သီးများကို ခြင်းများဖြင့် လာရောက်ရောင်းချပြီး ပြည်ဈေးကွက်မှတစ်ဆင့် တိုင်းအတွင်းမြို့နယ်များသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်တွင် မိုးစပါးဈေးအနည်းငယ်မြင့်

            ပြည်ခရိုင်တွင် မိုးစပါးဧက ၂ သိန်းကျော်စိုက်ပျိုးပြီး ဧက (၅) သောင်းကျော် ရိတ်သိမ်းပြီးကြောင်း သိရှိရပါသည်။

         ဈေးကောင်းရသော မှော်ဘီ၊ ကျောက်ရွေး၊ အင်းမစပါးများ ထွက်ပေါ်မှုမရှိသေးဘဲ ဧည့်မထစပါးအုပ်စုများသာ ထွက်ရှိပါသည်။ မိုးစပါးသစ် (၄၆) ပေါင် တင်း (၁၀၀) လျှင် ယခင်အောက်တိုဘာလက ၁၀၅၀၀၀၀ ကျပ်၊ ယခုနိုဝင်ဘာလတွင် ၁၀၉၀၀၀၀ ကျပ်ဖြင့် တင်း ၁၀၀ ကို ၄၀၀၀၀ ကျပ် ခန့် ဈေးမြင့်တက်ခဲ့ပါသည်။ ဆန်အသစ်ဈေးမှာ  တစ်အိတ်လျှင် ၃၉၀၀၀-၄၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စပါးဈေးမှာ ယခင်နှစ်က စပါးပေါ်စတွင် တင် း၁၀၀ လျှင် ၆၀၀၀၀၀ ကျပ်သာရှိပြီး၊ ယခုနှစ်တွင် ၁၀၉၀၀၀၀ ကျပ်အထိ ဈေးမြင့်လာခဲ့ပါသည်။ ယခုလိုဈေးများမြင့်တက်လာခြင်းမှာ သွင်းအားစုဖြစ်သောဓါတ်မြေဩဇာဈေးများ မြင့်တက်လာသော်လည်း တောင်သူအနေဖြင့် တွက်ချေကိုက်မှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း