ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်တွင် စပါး/ဆန်ဈေးနှုန်းများ ဈေးအေးနေပြီး၊ မုံရွာခရိုင်တွင် ဧရာမင်းစပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး မနောသုခဆန်ဈေး အနည်းငယ်ကျဆင်းနေပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(စတုတ္တ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ကျပ်(၂၄၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၈၀၀၀၀၊  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး)တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ (၂) (စပါး)တင်း ၁၀၀လျှင် ကျပ် ၉၀၀၀၀၀၊ မှော်ဘီ (၂) ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၀၀၀၀၊ ဆင်းဧကရီ (၃) (စပါး)တင်း ၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ ပြည်တစ်အိတ်မှာ ကျပ် ၃၆၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ ပြည်တစ်အိတ်မှာ ကျပ် ၆၄၀၀၀၊ ပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည်တစ်အိတ်လျှင် ကျပ်၄၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ ပြည်တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင်ဘာလ(တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၃၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၆၂၀၀၊ မကွေးသို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၆၂၀၀)အိတ်၊ တန်အားဖြင့် (၅၃၁၀)စီးထွက်ခဲ့ပြီး၊ ယခု နိုဝင်ဘာလ(စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှအခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၅၀၀၊ မန္တလေးသို့ အိတ်ရေ ၄၉၈၀၀၊ မကွေးသို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၉၈၀၀)အိတ်၊ တန်အားဖြင့် (၅၄၉၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၃၆၀၀)တန်အားဖြင့် (၁၈၀)ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                

 

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

       တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာ ာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (3.000)၊  စုစုပေါင်းကုန်သွယ်မှုပမာဏ ကျပ်သန်း (73.000) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ (၇) လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း း(6.239)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(3.714)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (9.953) ဆောင်ရွက်နိုင်ခဲ့ပါသည်။ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း း(0.251)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(0.23) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (0.454) ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၈) လတာကာလအတွင်း စုစုပေါင်းပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (6.490)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (3.917)၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (10.407) ဖြစ်၍ (၁) နှစ်စာလျာထားချက်အပေါ် (14.256)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ နိုဝင်ဘာလထိ (၈) လတာလျာထားချက်အပေါ်  (25.888) % ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

          အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ အုန်းသီး၊ နန့်ဖာလုံကုန်စုံနှင့် စီးကရက်တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ်ကြောင်း သိရပါသည်။

      တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသောအခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက်ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း) 

သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ရောင်းချပေးနေမှု

          ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီး မှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍  (၂၃-၁၁-၂၀၂၂)ရက်နေ့၌ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ပျဉ်မနားမြို့နယ်၊ ပျဉ်းမနားအမှတ်(၁)မြို့မဈေး တွင် ဆီပိဿာချိန် (၅၆၀)ကို လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ဈေးတွင် ဆီပိဿာချိန် (၅၆၀) ကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာဈေးတွင် ဆီပိဿာချိန် (၅၆၀)ကို လည်းကောင်း တစ်ပိဿာ (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦး တစ်ပိဿာနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် စုစုပေါင်း ဆီပိဿာချိန် (၁၆၈၀)ကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

“ပြည်သူများအဆင်ပြေစေရေးစားသုံးဆီများရောင်းချပေး”

        မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် မြန်မာနိုင်ငံဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် တိုင်းစားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး စားသုံးဆီများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချခြင်းအား နိုဝင်ဘာလ (၂၂) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် ပြင်ဦးလွင်မြို့ ရှိ ရပ်ကွက်၊ ကျေးရွာများသို့   ပြင်ဦးလွင်ခရိုင်ရှိ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သွားရောက်၍ရောင်းချပေးလျက်ရှိပါသည်။

       ပြင်ဦးလွင်မြို့နယ်ရှိ အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများမှလည်း အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအားလည်းကောင်း၊ ခရိုင်ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှလည်း သက်သာသောစျေးနှုန်းဖြင့် လူတစ်ဦးလျှင် စားအုန်းဆီ (၁) ပိဿာ (၄၈၅၀/-) ကျပ်နှုန်းဖြင့် မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ပြီး အပတ်စဉ် Mobile စျေးကားများဖြင့် လိုက်လံရောင်းချလျက်ရှိပါသည်။

      အဆိုပါ Mobile စျေးကားများဖြင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား လက်ဝယ်အရောက် စျေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိရာ တစ်ပတ်လျှင် စားအုန်းဆီပိဿာချိန် (၂၀၀၀) ခန့် ရောင်းချပေးလျက်ရှိကြောင်းနှင့် အပတ်စဉ် ရပ်ကွက်၊ ကျေးရွာများသို့ သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

 

တောင်တွင်းကြီးမြို့နယ်အတွင်း ဆီထွက်သီးနှံ (ဆောင်း)နေကြာ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်း

         မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံ (မိုး)နေကြာနှင့် (ဆောင်း) နေကြာ စုစုပေါင်း (၁၈၄၃)ဧက စိုက်ပျိုးထားရှိပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရပါသည်။ မြို့နယ်အတွင်း ယခုနှစ် ဆီထွက်သီးနှံ (မိုး) နေကြာကို သီးထပ်သီးညှပ် (၁၄၉၂) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၇၂၄)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၈.၂၈)တင်း ထွက်ရှိကြောင်းနှင့် (ဆောင်း)နေကြာ သီးနှံကို (၃၅၁)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

     (ဆောင်း) နေကြာသီးနှံ (၃၅၁)ဧကကို ကျေးရွာအုပ်စု(၂၈)အုပ်စုတွင် စိုက်ပျိုးထားပြီး တောင်တွင်းကြီးမြို့နယ်၊ ရေတွင်းကောင်းအုပ်စု၊ ရေတွင်းကောင်းကျေးရွာမှ တောင်သူတစ်ဦး စိုက်ပျိုးထားသော ဆီထွက်သီးနှံ (ဆောင်း)နေကြာ စံပြကွက် (၆)ဧက စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြို့သစ်မြို့နယ်၌ ဝါစိုက်တောင်သူများ စျေးကောင်းရ၍ အဆင်ပြေလျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မိုးနှောင်းဝါများ စတင်ထွက်ပေါ်နေပြီ ဖြစ်ရာ တောင်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရလျက်ရှိကြောင်းသိရပါသည်။ ယခုနှစ် ဝါအစိုအခြောက်ပေါ်မူတည်၍ ဝါ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)မှ ကျပ်(၂၅၀၀)အထိ အရောင်းအဝယ် ဖြစ်ပြီး ယခင်နှစ်က ဝါ တစ်ပိဿာလျှင် ကျပ်(၂၅၀၀) စျေးရရှိကြောင်း ဝါစိုက်တောင်သူတစ်ဦးထံမှ သိရပါသည်။ မြို့သစ်မြို့မှ ဝယ်ယူသည့် ပွဲရုံများ၌ တစ်နေ့လျှင်  ဝါပိဿာချိန် (၅၀၀)ပိဿာမှ (၁၀၀၀)ပိဿာအထိ အရောင်းအဝယ်ရှိကြောင်း  ဝါအဝယ်ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ပြောပြချက်အရလည်း သိရပါသည်။

            မြို့သစ်မြို့နယ်တွင် ယခင်က ဝါစိုက်ဧက (၂၃၇၅၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကဝါပိဿာချိန် (၆၀၀)ပိဿာထွက်ရှိကြောင်း၊ ယခုနှစ်တွင်ဝါ စိုက်ဧက(၂၃၄၇၈) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း  မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်၌  (မိုး) ပဲတီစိမ်းများ ထွက်ပေါ်နေပြီး စျေးကောင်းရနေ

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကြောင်လျှာတော၊ ဩဇာတော၊ စမ်းစုရွာ များတွင် မိုးပဲတီစိမ်းများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ချောက်မြို့ပေါ်ပွဲရုံများသို့ တစ်ရက်လျှင် အိတ်(၃၀၀-၃၅၀) ဝင်ရောက်ကြောင်းသိရှိရပါသည်။

     စိုက်ပျိုးစရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၂၆၀၀၀၀) ကုန်ကျပြီးအထွက်နှုန်း အနေဖြင့် (၇)တင်းခန့် ထွက်ရှိကြောင်း ပဲတီစိမ်း (၁၉)ပိဿာ တစ်တင်း ကျပ်(၅၀၀၀၀) ရောင်းချရ၍ တစ်ဧက အကျိုးအမြတ်အနေဖြင့်ကျပ်(၉၀၀၀၀) ရရှိပါကြောင်း ယခင်နှစ်က တစ်ဧက (၈)တင်း ထွက်ရှိသော်လည်း၊ တစ်တင်းရောင်းစျေးမှာ ကျပ်(၃၃၃၀၀) ‌ရောင်းရပြီး တစ်ဧက ကုန်ကျစရိတ် ကျပ်(၂၃၉၈၀၀)ဖြစ်၍ တစ်ဧက အကျိုးအမြတ်ကျပ်(၂၇၀၀၀) ရရှိပါကြောင်း၊ စိုက်ပျိုးရာတွင်သုံးစွဲသည့် သွင်းအားစုများ စျေးနှုန်းကြီးမြင့် ၍ ကုန်ကျစရိတ်များသော်လည်း၊ ပဲတီစိမ်း(သစ်) (၁၉)ပိဿာတစ်တင်း ကျပ်(၅၀၀၀၀)ရရှိပါသဖြင့် တွက်ခြေကိုက်ကြောင်း၊ ပဲတီစိမ်း(၄)ဧက စိုက်ပျိုးသူတောင်သူ ဦးအောင်ရွှေ၏ ပြောကြားချက်အရ သိရပါသည်။

DOCA(မကွေး)

           

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

       အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ (၁)အိတ်လျှင် နှမ်းနက်(စမုံ)မှာ ယခင်အပတ် (၁၆.၁၁.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀) ယခုအပတ် (၂၂.၁၁.၂၀၂၂)ရက်နေ့တွင် ကျပ် (၂၅၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) ၊ နှမ်းပြာ ယခင်အပတ် ကျပ်(၂၂၀၀၀၀) ယခုအပတ် ကျပ်(၂၁၀၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀၀) ၊ နှမ်းဖြူ ယခင်အပတ် ကျပ်(၂၄၅၀၀၀) ယခုအပတ် ကျပ်(၂၄၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)၊ နှမ်းနီ ယခင်အပတ် ကျပ်(၂၃၀၀၀၀) ယခုအပတ် ကျပ်(၂၂၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) အသီးသီးဈေးနိမ့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် ၄၅ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ)(၁၈၅၀)အိတ်၊ နှမ်းပြာ(၂၂၀)အိတ်၊ နှမ်းနီ(၁၀၀)အိတ်နှင့်၊ နှမ်းဖြူ(၈၅)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များ ထံမှ သိရှိရပါသည်။

          ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ တစ်တင်းလျှင် ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ်(၄၉၅၀၀) ယခုအပတ် ကျပ်(၄၉၅၀၀)၊ ပဲကြီးယခင်အပတ် ကျပ်(၇၅၀၀၀) ယခုအပတ် ကျပ်(၇၅၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း ဘိုကိတ်ပြာ(ဆောင်းသစ်)မှာ ယခင်အပတ် ကျပ်(၄၁၀၀၀) ယခုအပတ်ကျပ်(၄၁၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးနှုန်းမြင့်ကာ ပဲစဉ်းငုံ(နီ)မှ ယခင်အပတ် ကျပ်(၅၈၀၀၀) ယခုအပတ် ကျပ်(၅၀၀၀၀)ဖြစ်၍ ကျပ်(၈၀၀၀)၊ မတ်ပဲယခင်အပတ်ကျပ်(၅၈၀၀၀) ယခုအပတ် ကျပ်(၅၅၅၀၀)ဖြစ်၍ ကျပ်(၂၅၀၀)၊ ကုလားပဲ(HL)နှင့်ကုလားပဲ(မြကြေး)မှာ ယခင်အပတ် ကျပ်(၆၃၀၀၀) ယခုအပတ်ကျပ်(၆၂၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ထိအသီးသီးဈေးနိမ့်ခဲ့ပြီး အရောင်းအဝယ် ပမာဏအနေဖြင့် ပဲတီစိမ်း (၃၂၀၀)အိတ်၊ ပဲကြီး(၃၈၀)အိတ်၊ ပဲစဉ်းငုံနီ(၁၂၀)အိတ်၊ မတ်ပဲ(၁၃၀)အိတ်၊ ကုလားပဲ(HL)(၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၇၅၀)အိတ်၊ ဘိုကိတ်(ပြာ) (၅၅၀)အိတ် အရောင်းအဝယ် ရှိကြောင်းသိရှိရပါသည်။

          မြေပဲလုံးဆံ(နီ)မှာ တစ်ပိဿာလျှင်ယခင်အပတ်ကျပ်(၅၄၀၀)၊ ယခုအပတ် ကျပ်(၅၃၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးနိမ့်ပြီး၊ မြေပဲလုံးဆံ(ဖြူ) ယခင်အပတ်ကျပ်(၅၂၅၀) ယခုအပတ်ကျပ်(၅၁၅၀)ဖြစ်၍ ကျပ်(၁၀၀)အသီးသီးဈေးနိမ့်ပြီး မြေပဲလုံးဆံ(ဖြူ) (၃၀)ပိဿာဝင်အိတ်(၁၀၅၀)နှင့် မြေပဲလုံးဆံ(နီ) (၈၇၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်းသိရှိခဲ့ရပါသည်။

          မြေပဲတောင့်အစိုမှာ (၁)တင်းလျှင် ယခင်အပတ်ကျပ်(၂၀၀၀၀)ရှိခဲ့ရာမှ ယခုအပတ် ကျပ်(၂၁၅၀၀) ဖြစ်၍ ကျပ်(၁၅၀၀)ဈေးမြင့်ပြီး (၃၉၀၀)တင်းခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

         ဝါသီးနှံဈေးကွက်မှာ ဝါ(၁)ပိဿာလျှင် ယခင်အပတ်ကျပ်(၂၆၅၀)၊ ယခုအပတ် ကျပ်(၂၈၀၀)ဖြစ်၍ ကျပ်(၁၅၀)ဈေးမြင့်ပြီး ဝါပိဿာချိန်(၃၅၀၀၀)ပိဿာခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

“ပြင်ဦးလွင်ထောပတ်သီးစျေးကွက်”

          ပြင်ဦးလွင်မြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ ရာသီသီးနှံ၊သစ်သီးများမှာလည်း ထွက်ရှိလာပြီဖြစ်ပါသည်။ရာသီသီးနှံများထဲမှ နှစ်ရှည်သီးနှံဖြစ်သော ထောပတ်သီး စိုက်ဧက(၁၉၄) ဧကမှာလည်း အောက်တိုဘာလလယ်မှ စတင်ကာထွက်ပေါ်ခဲ့ပြီး ယခုနိုဝင်ဘာလတွင် စျေးကွက်အတွင်းသို့လှိုင်လှိုင်ထွက်ပေါ်လာခဲ့ပြီးဖြစ်ပါသည်။ထောပတ်သီးနှံကို ဒေသမျိုး ၊မြောက်ကျွန်းသူမျိုး အများစုစိုက်ပျိုးပြီး နိုင်ငံခြားမျိုးများအဖြစ် Hass ၊ Vecconeer မျိုးများကိုလည်း အနည်းစုစတင် စိုက်ပျိုးလာပြီဖြစ်ပါသည်။

          လက်ရှိစျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်သည့် စျေးနှုန်းများအနေဖြင့် Hass (၄-၅)လုံးပါ 1Kg လျှင်(၅၀၀၀/-)ကျပ်၊(၆-၈)လုံးပါ 1Kg လျှင် (၄၅၀၀/-)ကျပ်၊(၁၀)လုံးပါ 1Kg လျှင်(၃၀၀၀/-)ကျပ်၊ Vecconeer (၂-၄)လုံးပါ 1Kg လျှင်(၃၅၀၀/-)ကျပ်၊(၅-၆)လုံးပါ 1Kg လျှင်(၃၀၀၀/-)ကျပ်၊ မြန်မာမျိုး မြောက်ကျွန်းသူ(၂-၃)လုံးပါ 1Kg လျှင် (၃၅၀၀/-)ကျပ်၊(၄-၅)လုံးပါ 1Kg လျှင်(၃၀၀၀/-)ကျပ်၊ဒေသထွက်မျိုး တစ်လုံးလျှင်(၂၀၀-၅၀၀)ကျပ် စျေးဖြင့်အရောင်းအဝယ်ရှိ နေကြောင်း သိရှိရပြီး ဒီဇင်ဘာ၊ ဇန်နဝါရီလဆန်းအထိ အရောင်းအဝယ် ကောင်းနေမည် ဖြစ်ပါကြောင်း ထောပတ်သီးစိုက် တောင်သူများထံမှသိရှိရပါသည်။

DOCA(မန္တလေး)

 

ဒေသထွက်ကုန်များမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ချီတက်ကြပါစို့

       မွန်ပြည်နယ်သည် တောင်ကုန်းတောင်တန်းများထူထပ်သော ပြည်နယ်တစ်ခုဖြစ်သည့်အပြင် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး ရာသီဥတုမှာလည်း အပူပိုင်းမုတ်သုံရာသီဥတုဖြစ်သဖြင့် ကောက်ပဲသီးနှံ၊ သစ်သီးဝလံ၊ ရေထွက်သယံဇာတများ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုရလျှင် ဒေသထွက်ကုန်အများအပြားထွက်ရှိသည့် ပြည်နယ်တစ်ခုဆိုလျှင်လည်း မှားမည်မထင်ပါ။ မွန်ပြည်နယ်၏ ထင်ရှားသော ဒေသထွက်ကုန်အချို့မှာ ဆန်စပါး၊ ရော်ဘာ၊ ရေထွက်ပစ္စည်းများ၊ ဆား၊ သစ်သီးဝလံများ၊ ဝဥ စသည်တို့ဖြစ်သည်။

ဆန်/စပါး

          မွန်ပြည်နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက (၆၈၇၈၂၈) ဧက၊ အထွက်တင်းပေါင်း (၄၃၃၃၅၂၀၁) တင်းရှိပြီး နွေစပါးစိုက်ဧက (၄၃၅၇၂) ဧက၊ အထွက် (၁၉၄၉၆၀၁) တင်း ထွက်ရှိပါသည်။ အဓိကစိုက်ပျိုးသောမျိုးများမှာ မိုးစပါးအနေဖြင့် ပေါ်ဆန်းစပါးကိုအဓိကစိုက်ပျိုးပြီး နွေစပါးအနေဖြင့် ရက် (၉၀) ဧည့်မထအုပ်စုကို အဓိကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပြည်နယ်အတွင်း ဆန်စက်အကြီးစား (၂၃) လုံး၊ အလတ်စား (၇၂) လုံး၊ အငယ်စား (၅၃၁)လုံး၊ စုစုပေါင်းဆန်စက် (၆၂၆) လုံးရှိပါသည်။ မွန်ပြည်နယ်အနေဖြင့် ဆန်စပါးဖူလုံမှုရှိရုံသာမက ပြည်ပသို့ပါ တင်ပို့လျက်ရှိပါသည်။

          စပါးမျိုးကောင်းမျိုးသန့်များဖြင့် စက်မှုလယ်ယာစနစ်ကိုဖော်ဆောင်နိုင်ပါက စပါးအထွက်များစွာတိုးလာမည်ဖြစ်ပြီး စပါးအထွက်တိုးလာမှုများကို အချိန်မီကြိတ်ခွဲနိုင်ရေးနှင့် Export Quality မှီအောင် ကြိတ်ခွဲနိုင်ရေး ဆန်စက်များကို အဆင့်မြှင့်တင်ရန်နှင့် တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် မတည်ရင်းနှီးငွေများ လိုအပ်လျက်ရှိပါသည်။

 ရော်ဘာ

          မွန်ပြည်နယ်၏အခြားထွက်ကုန်တစ်ခုမှာ ရော်ဘာဖြစ်သည်။ မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးသည့်ဧရိယာ၏ (၃၀%)ကျော် စိုက်ပျိုးထားသည့် ရော်ဘာပြည်နယ်တစ်ခုဖြစ်ပြီး ရော်ဘာအစေးရည်မှ မှိုင်းခံရော်ဘာပြားများအပြင် ခရမ့်ရော်ဘာများထုတ်လုပ်ခြင်း၊ ရော်ဘာပင်အိုးခုတ်လှဲပြီး ရော်ဘာသစ်နှင့်ရော်ဘာသစ်ပါးလွှာများထုတ်လုပ်ခြင်းများကို ဌာနနှင့်ပုဂ္ဂလိကကဏ္ဍများမှ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၁-၂၀၂၂၂ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်၏ ရော်ဘာစိုက်ဧက (၅၀၁၇၁၉) ဧကရှိပြီး အစေးလှီးဧက (၃၃၀၀၁၄) ဧကရှိရာ ထွက်ရှိမှု (၂၃၆၉၅၄၆၅၈) ပေါင် (တန်အားဖြင့် ၁၀၇၄၈၁) တန် ထွက်ရှိကြောင်း သိရှိရပါသည်။ ပြည်နယ်တွင်းသုံးစွဲမှုအနေဖြင့် ခရမ့်ရော်ဘာစက်ရုံ၊ သားရေကွင်း/ပူပေါင်း/ဘောလုံး/ဖိနပ် လုပ်ငန်းများမှ တန်ချိန် (၁၂၀၀၀) နီးပါးခန့် သုံးစွဲကြောင်း သိရှိရပါသည်။ ပြည်တွင်းသုံးစွဲမှုပိုလျှံသောရော်ဘာများကို ပုဂ္ဂလိကဝယ်လက်များမှတစ်ဆင့် ရော်ဘာအဝယ်ဒိုင်/ကုမ္ပဏီများတွင် စုစည်းကာ ရန်ကုန်/မန္တလေးရှိ ကုမ္ပဏီများသို့တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပသို့တင်ပို့ကြောင်း သိရှိရပါသည်။

          မွန်ပြည်နယ်မှ ရော်ဘာတစ်ဧကအထွက်နှုန်းသည် အိမ်နီးချင်းရော်ဘာစိုက်သည့်နိုင်ငံများ၏ အထွက်နှုန်းနှင့်နှိုင်းယှဉ်ပါက လျော့နည်းနေပြီး ရော်ဘာခြံကြီးများမှလွဲ၍ ခြံငယ်၊ ခြံလတ်များမှထုတ်လုပ်နေသော ရော်ဘာအရည်အသွေးသည်လည်း နိုင်ငံတကာအဆင့်အတန်းမီ ထုတ်လုပ်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံတကာဈေးကွက်တွင် ဈေးနှုန်းရရှိမှုနိမ့်ကျနေကြောင်း တွေ့ရှိရပါသည်။

          မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအနက် (၉၀%) ကျော်ခန့်သည် ခြံငယ်ရှင်များဖြစ်ပြီး တူညီ‌ကောင်းမွန်သောအရည်အသွေးဖြင့် ကုန်ကြမ်း/ကုန်ချောထုတ်လုပ်ရန် အခက်အခဲများရှိနေသောကြောင့် ခြံရှင်ငယ်များကို စုဖွဲ့၍သော်လည်းကောင်း၊ အသင်းအဖွဲ့များအနေဖြင့်သော်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊ မှိုင်းရုံများတည်ဆောက်ခြင်း၊ မှန်ကန်သောအက်ဆစ်ကိုသုံးစေခြင်း၊ နည်းပညာနှင့်ကာလရှည်ချေးငွေများ လိုအပ်မည်ဖြစ်ပါသည်။ မွန်ပြည်နယ်၏ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများလည်း ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

ရေထွက်ပစ္စည်းများ

          မွန်ပြည်နယ်သည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်စသည့် ရေချိုမြစ်ကြီးများနှင့်ဆက်စပ်နေသည့်အပြင် မုတ္တမပင်လယ်ကွေ့၊ တနင်္သာရီကမ်းရိုးတန်းတို့နှင့် ဆက်စပ်တည်ရှိပြီး ရေချို၊ ရေငန် သယံဇာတပေါကြွယ်ဝသော ဒေသတစ်ခုဖြစ်ပါသည်။ မွန်ပြည်နယ်အတွင်းမှ ထွက်ရှိသောငါး၊ ပုဇွန်များကို ပြည်တွင်းစားသုံးခြင်းအပြင် ပြည်ပတင်ပို့နိုင်ရန်အတွက် အအေးခန်းစက်ရုံ (၆) ရုံမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် (၄၀၅၂) တန်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စက်တင်ဘာလထိ မက်ထရစ်တန်ချိန် (၂၃၉၅) တန်ခန့် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

          ငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာငွေကြေးလဲလှယ်မှုနှုန်းထားများ မြင့်တက်နေခြင်းကြောင့် ပြည်ပမှဝယ်ယူရသော ငါးဖမ်းလုပ်ငန်းသုံးပိုက်များ၊ လောင်စာဆီများပါ မြင့်တက်လျက်ရှိသဖြင့် တွက်ခြေကိုက်မှုနည်းပါးကြောင်း သိရှိရပါသည်။

ဆား

          မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် တတိယ ဆားအများဆုံးထုတ်လုပ်သော ဒေသတစ်ခုဖြစ်သည်။ မွန်ပြည်နယ်တွင် ဆားကွင်းပေါင်း (၈၇) ကွင်း၊ လုပ်ကွက်ဧက (၄၃၀၀) ခန့်နှင့် ဆားကြိတ်စက်ပေါင်း (၁၆) စက်ရှိရာ အဆိုပါစက်များမှ နှစ်စဉ် ဆားကြမ်းတန်ချိန် (၄၀၀၀၀) ခန့်၊ ဆားချောတန်ချိန် (၁၀၀၀၀) ခန့် ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ဆားချောများကို ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများသို့သာ ဖြန့်ဖြူးရောင်းချရသဖြင့် ဈေးကွက်အားဖြင့် ကျဉ်းမြောင်းပါသည်။

          ဆားကြမ်းများကို အဆင့်မြင့်အိုင်အိုဒင်းဆားချော စက်ရုံတည်ဆောက်ထုတ်လုပ်နိုင်ပါက နိုင်ငံခြားဆားဝင်ရောက်မှုကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။

သစ်သီးဝလံ

          မွန်ပြည်နယ်၏ အခြားထွက်ကုန်တစ်ခုမှာ ကျွဲကော၊ ဒူးရင်း၊ နာနတ်၊ ရှောက်သံပုရာ၊ မင်းဂွတ်၊ ကြက်မောက်စသည့် သစ်သီးဝလံများမှာ ရာသီအလိုက်ထွက်ရှိသော ထွက်ကုန်တစ်မျိုးဖြစ်ပါသည်။ မွန်ပြည်နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျွဲကောသီးစိုက်ဧက (၂၈၂၂) ဧက၊ ခူးဧက (၂၀၈၉) ဧက၊ ထွက်ရှိမှု (၁၁၂၃၅၅၄၃) လုံး၊ ဒူးရင်းသီးစိုက်ဧက (၇၅၉၀) ဧက၊ ခူးဧက (၅၅၄၉) ဧက၊ ထွက်ရှိမှု (၀၄၉၃၈၁၁၉) လုံး၊ ရှောက်/သံပုရာသီးစိုက်ဧက (၂၆၇) ဧက၊ ခူးဧက (၂၂၀) ဧက၊ ထွက်ရှိမှု (၅၃၁၀၆၇၉) လုံး၊ နာနတ်သီးစိုက်ဧက (၆၄၀၃) ဧက၊ ခူးဧက (၄၈၇၄) ဧက၊ ထွက်ရှိမှု (၃၂၂၅၀၉၉၇) လုံးထွက်ရှိကြောင်း သိရှိရပါသည်။ ကျွဲကောသီး၊ ဒူးရင်းသီးများမှာ ဒေသတွင်းစားသုံးခြင်းနှင့် ပဲခူးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ရှောက်/သံပုရာ၊ နာနတ်သီးများမှာ ဒေသတွင်းစားသုံးခြင်း၊ Value Added ယိုထိုးခြင်း၊ ရှောက်သီးဆေးပြားများပြုလုပ်ပြီး ခရီးသွားများ၊ ဘုရားဖူးပြည်သူများအနေဖြင့် မွန်ပြည်နယ်၏ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူခြင်းများရှိကြောင်း သိရှိရပါသည်။

ဝဥ

          ဝဥမှာ နိုင်ငံခြားဈေးကွက်သို့ တင်ပို့ရောင်းချရသော ဒေသထွက်ကုန်တစ်မျိုးဖြစ်သည်။ လက်ရှိအချိန်တွင် မွန်ပြည်နယ်မှ အနည်းငယ်သာထွက်ရှိပြီး မြိတ်၊ ထားဝယ်၊ တနင်္သာရီ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးတို့မှ ဝယ်ယူရပါသည်။ ဝဥထုတ်လုပ်မှုရာသီမှာ စက်တင်ဘာလမှ ဒီဇင်ဘာလအထိသာ ထုတ်လုပ်ရကြောင်း သိရှိရပါသည်။ ဝဥအစိုများကို ရေဆေးကြောသန့်စင်ပြီး အခွံခွာလှီးဖြတ်၍ အခြောက်ခံစက်ဖြင့် အခြောက်ခံရပါသည်။ ထွက်ရှိလာသောဝဥခြောက်များအား တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ အချို့မှာ ဝဥခြောက်မှုန့်လုပ်၍လည်း တင်ပို့ကြောင်းသိရှိရပါသည်။ မွန်ပြည်နယ်တွင် ဝဥအခြောက်ခံစက်ရုံ (၅) ရုံရှိကြောင်း သိရှိရပါသည်။

အခက်အခဲနှင့်စိန်ခေါ်မှုများ

          ကဏ္ဍအသီးသီးတွင် အခက်အခဲနှင့် စိန်ခေါ်မှုများအနေဖြင့် နည်းပညာလိုအပ်ချက်၊ မတည်အရင်းအနှီးများလိုအပ်ချက်၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရှာဖွေရန်လိုအပ်ချက်၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ သတင်းအချက်အလက်များ လိုအပ်လျက်ရှိပါသည်။

သုံးသပ်အကြံပြုချက်

         အထက်ပါ ဒေသထွက်ကုန်များသည် ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားအောင်ဆောင်ရွက်ရာတွင် အဓိကအရင်းအမြစ်များဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားအောင် ဆောင်ရွက်ရာတွင် ဒေသတွင်းထွက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်သယံဇာတကုန်ကြမ်းများကိုအခြေခံကာ အရည်အသွေးကောင်းမွန်သည့်ကုန်ချောအမျိုးမျိုး၊ တန်ဖိုးမြင့်ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချခြင်း၊ သွင်းကုန်အစားထိုးစားသောက်ကုန်၊ လူသုံးကုန် စသည်တို့ကို တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် ကုန်သွယ်မှုလိုငွေပြမှုကို လျော့နည်းစေမည်ဖြစ်ပါသည်။

         ထိုကဲ့သို့ ကုန်ချောများထုတ်လုပ်နိုင်ရန်၊ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန်အတွက် လုပ်ငန်းရှင်များအား နိုင်ငံတော်မှ လိုအပ်သောနည်းပညာများပံ့ပိုးပေးခြင်း၊ ကာလတို၊ ကာလရှည် မတည်ရင်းနှီးငွေများထုတ်ပေးခြင်း၊ ပြည်တွင်း/ပြည်ပဈေးကွက်များ ရှာဖွေချိတ်ဆက်ပေးခြင်းများဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းရှင်များမှလည်း ရရှိလာမည့်ငွေကြေးများကို စနစ်တကျစီမံရင်းနှီးမြှုပ်နှံခြင်း၊ နည်းပညာများကို နည်းလမ်းမှန်စွာလက်တွေ့အသုံးချခြင်းဖြင့် Public Private Partnership-PPP ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး “ဒေသထွက်ကုန်များမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ချီတက်ကြပါစို့” ဟု တိုက်တွန်းရေးသားတင်ပြအပ်ပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း