ကျွန်းလှမြို့၏ တောကြက်ဟင်းခါးသီး နှင့် ခဆော့သီးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီး နှင့် ခဆော့သီးကိုလည်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များ နှင့် ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများ ဖြစ်သော ရှမ်းစုကျေးရွာ၊ မန်ကျီးအင်းကျေးရွာ နှင့် တင်းတိန်ရံကျေးရွာတို့တွင် တောကြက်ဟင်းခါးသီးကို စင်ထိုး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီးလည်း စိုက်ပျိုးကြပါသည်။ ခဆော့သီးပင်ကိုလည်း မြေကျင်းတူး၍ စိုက်ပျိုး လျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။
ကြက်ဟင်းခါးသီးမှာ သွေးတွင်းမကောင်းသော အဆီဓါတ်များကိုလျော့ချပေးခြင်း၊ ကင်ဆာဆဲလ် များကို လျော့ချတာဆီးပေးခြင်း၊ ဆီးချိုရောဂါကိုထိန်းချုပ်တားဆီးပေးခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်း မွန်စေခြင်း နှင့် အမြင်အာရုံကို ကောင်းမွန်စေခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများရှိသည်ကို လည်းတွေ့ရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး အတွင်း ရောင်းချလျက်ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည်လျှင် (၆၀၀၀)ကျပ်၊ တောကြက် ဟင်းခါးသီး နို့ဆီ တစ်ဘူးလျှင်(၈၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၁၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး လက္ကား တစ်ပိဿာလျှင်(၃၇၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး လက်လီ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ကြက်ဟင်းခါးသီး အလုံးကြီး (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးဖြင့်သော်လည်းကောင်း ခဆော့သီး လက္ကား တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ ခဆော့သီး လက်လီ တစ်ပြည်လျှင်(၃၂၀၀)ကျပ် နို့ဆီ တစ်ဘူးလျှင် (၄၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် တောကြက်ဟင်း ခါးသီး နှင့် ခဆော့သီး ရောင်းချနေသော ဈေးသည်တစ်ဦး ထံမှ သိရသည်။
DOCA(စစ်ကိုင်း)