ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေး၌ အရောင်းအဝယ်ဖြစ်သည့် တီလားဗီးယားငါးနှင့် ငါးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသော ငါးကြင်း ဈေးနှုန်းများမှာ ငါးကြင်းခုတ်သား(၁)ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းအကောင် (၁)ပိဿာလျှင် ၁၇၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ငါးကြင်းသားသည် နူညံ့ပြီးအသားချိုခြင်း၊ အရိုးပါဝင်မှုနည်းခြင်း နှင့် ငါးကြင်းခေါင်းကို ဟင်းအဖြစ်သီးခြားချက်စားနိုင်သည့်အတွက် စားသောက်ဆိုင်များတွင် အသုံးများသောငါးမျိုးဖြစ်ကြောင်း၊ ဇူလိုင်လ တတိယပတ်အတွင်း ငါးမြင်းခုတ်သား(၁)ပိဿာလျှင် (၂၄၅၀၀)ကျပ်၊ ငါးမြင်းအကောင်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ၊  ဇူလိုင်လ တတိယပတ်အတွင်း တီလားဗီးယားအကြီး (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ တီလားဗီးယားအသေး (၁)ပိဿာ လျှင်(၁၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ငါးစားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များကို ရရှိစေသည့်အတွက် စားသုံးမှုများကြောင်း၊  ငါးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပခုက္ကူပဲဖတ်ဈေးကျဆင်းအရောင်းအဝယ်ဖြစ်

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် စိုက်ပျိုးရေးထွက်သီးနှံများအပြင် ဒေသ ထွက်ကုန်များစွာလည်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထုတ်ကုန်များစွာအနက်မှ မြေပဲဆီသန့် ထုတ်လုပ်ရောင်းချမှုကို အဓိကထားလုပ်ကိုင်ကြပြီး ဒေသအနှံ့အပြားသို့ ရောင်းဝယ်ဖောက်ကား လျက်ရှိရာ ယခုအချိန်တွင်စားသုံးသူများမှ မြေပဲဆီသုံးစွဲမှုများပြီး ပြည်တွင်းပဲဆီ လိုအပ်ချက်များ မြင့်မားနေသောကြောင့် ဆီစက်များ အားလုံးနီးပါးလည်ပတ်လျက်ရှိရာ ဆီကြိတ်ခွဲထုတ်လုပ်ခြင်းမှ ထွက်ရှိသော မြေပဲဖတ်များလည်း ဈေးကွက်တွင် တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။

   ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် (ဆုံ)ပဲဖတ် တစ် ပိဿာလျှင် ကျပ်(၄၃၀၀-၄၂၀၀)၊ (စက်)ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၄၃၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ(တတိယပတ်)နှင့်ဈေးနှိုင်းယှဉ်ပါက ဈေးကျဆင်း၍ အရောင်း အဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသထွက်(ဆုံ)ပဲဖတ်များကို ဒေသတွင်း စား သောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုအပြင် (စက်)ပဲဖတ်များကို တိရိစ္ဆာန်အစားအစာအဖြစ် မွေးမြူရေးလုပ်ငန်းရှင်များမှ ဝယ်ယူခြင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ ငါးမွေးမြူရေးလုပ်ငန်း ရှင်များမှလည်း ဝယ်ယူကြောင်း သိရသည်။

          ပြည်တွင်းမွေးမြူရေး အစားအစာဈေးကွက်တွင် ပဲဖတ်ဝယ်လိုအားကောင်းခြင်းအပြင် စားသုံးမှုအနေဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီထုတ်လုပ်မှုမှ ရရှိသောမြေပဲဖတ်ကို ပြည်တွင်းငါးမွေးမြူရေး၊ ဝက်မွေးမြူရေးလုပ်ငန်းများမှလည်း တိရိစ္ဆာန်အစာများတွင် ရောစပ်အသုံးပြုပြီး စိုက်ပျိုးရေး တောင်သူများမှလည်း သီးနှံစိုက်ခင်းများတွင် သွင်းအားစုအဖြစ် အမှုန့်ကြိတ်ပြီးသုံးစွဲရန် ဝယ်ယူမှု များလျက်ရှိခြင်းနှင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှလည်း စက်ကြီးများဖြင့် ဆီပြန်လည် ထုတ် လုပ်ရန်အတွက် ဆုံပဲဖတ်ခွေများကို ပြန်လည်ဝယ်ယူမှုများ၍ ပခုက္ကူဒေသထွက်ပဲဖတ်များ နေ့စဉ် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှသိရှိရသည်။

DOCA(မကွေး)

ဇူလိုင်လ တတိယပတ်အတွင်း ကောက်ရိုးမှိုနှင့်ငွေနှင်းမှို ဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသော မှိုဈေးနှုန်းများ အနေဖြင့် ငွေနှင်းမှို( ၁၀ )ကျပ်သားလျှင် ( ၁၀၀၀) ကျပ်နှင့် ( ၂၅ ) ကျပ်သားလျှင် ( ၂၄၀၀ ) ကျပ်ဖြင့် ရောင်းချနေကြောင်း၊ ကောက်ရိုးမှို ( ၁၀) ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ ( ၂၅) ကျပ်သားလျှင် (၂၈၀၀)ကျပ်ဖြင့်လည်းကောင်း၊ ရာသီပေါ်ငှက်စွတ်မှို ( ၁၀)ကျပ်သားလျှင် ( ၁၅၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်း အသီးသီးဖြင့် ‌ရောင်းချလျက်ရှိပြီး ငွေနှင်းမှိုဈေးနှုန်း အနည်းငယ် ကျဆင်းလာသော်လည်း အရောင်းသွက် နေကြောင်းသိရသည်။

Doca(စစ်ကိုင်း)

ပခုက္ကူပဲဈေးကွက်၌ အစေ့ထုတ်ပြောင်း CP အရောင်းအဝယ်ဖြစ်မှုအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း အစေ့ထုတ်ပြောင်း CP သီးနှံကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ အစေ့ထုတ်ပြောင်း CP ကို ပြည်တွင်းမွေးမြူရေးလုပ်ငန်းများတွင် ကုန်ကြမ်း တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုပြီး အပင်များကို ကျွဲ၊ နွား အစာအဖြစ် အသုံးပြုကြသည်။ ပြည်ပပို့ကုန်အဖြစ် ထိုင်း၊ တရုတ်နိုင်ငံများသို့လည်း နှစ်စဉ်တင်ပို့နိုင်၍ ပြည်တွင်းဈေးကွက်ခိုင်မာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဇူလိုင်လ(တတိယပတ်)အစောပိုင်းတွင် အစေ့ထုတ်ပြောင်း CP အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ်(၁၀၀ - ၁၅၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။ ယခုအချိန်တွင် စိုက်တောင်သူများတွင် သီးနှံလက်ကျန်နည်း၍ ပွဲရုံများမှ သိုလှောင်ထားရှိသော အစေ့ထုတ်ပြောင်း CP သီးနှံများကိုသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ဒေသတွင်းသီးနှံပေါ်ချိန်မှစ၍ လက်ရှိကာလအထိ အစေ့ထုတ်ပြောင်း CP သီးနှံမှ ဈေး အတက်အကျနည်းပြီး ဈေးအေး၍အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
   ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေသပေါက်ဈေး အစေ့ ထုတ်ပြောင်း CP တစ်တင်းလျှင် ကျပ်(၂၆၀၀၀-၂၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ဇွန်လ (တတိယပတ်)တွင်  တစ်တင်းလျှင် ကျပ်(၂၇၀၀၀-၂၆၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခု ဇူလိုင်လ(တတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၂၈၀၀၀-၂၇၅၀၀)ဖြင့် ဈေးတက်၍ အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။ အစေ့ထုတ်ပြောင်း CP ကို ပြည်တွင်းသုံးစွဲမှုနည်းသော်လည်း ပြည်ပပို့ကုန်အဖြစ် အများဆုံးတင်ပို့ပြီး ထိုင်း၊ တရုတ်နိုင်ငံမှ တိရိစ္ဆာန်အစားအစာကုန်ကြမ်းအဖြစ် ဝယ်ယူမှုများ၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့မဈေးတွင် ဒေသထွက် ခဝဲသီးဈေးနှုန်း အနည်းငယ်မြင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ယခုအခါ ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးလျက်ရှိရာ၊  ကန့်ဘလူမြို့နယ်တွင် ရာသီပေါ်ခဝဲသီးများ စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့ “မြို့မဈေး”တွင် ရောင်းချနေသည့်  ခဝဲသီးများသည် ကန့်ဘလူမြို့ပေါ်ရပ် ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁) ပိဿာလျှင် (၃၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ တတိယပတ်တွင် မုံရွာမြို့နယ်ရှိ ဘုရားပန်းဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပန်းပင်စိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိ ကြပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော ပန်းဈေးနှုန်းများအနေဖြင့် ခရေပန်း ( ၃) ကုံးလျှင် ( ၅၀၀)ကျပ်၊ သပြေပန်း ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ ကံကော်ပန်း ( ၃ )ကုံးလျှင် ( ၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း အဖြူ၊ အညို ( ၁ )စည်းလျှင် ၁၅၀၀)ကျပ်၊ နှင်းဆီပန်းတစ်ပွင့်လျှင် (၈၀၀)ကျပ်၊ ပန်းတိမ်ငို ( ၁ )စည်းလျှင် ( ၁၅၀၀)ကျပ်၊ စပယ်ပန်း ( ၅ ) ကုံးလျှင် ( ၁၀၀၀)ကျပ်၊  သပြေ ငုတ်ကြီး()ငုတ်လျှင် (၁၅၀၀)ကျပ်နှင့် သပြေ ငုတ်သေး()ငုတ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ပန်းရောင်းသူများထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ကြက်မောက်သီး

    ကြက်မောက်သီးပင်သည် အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းပြီး စိုစွတ်သောရာသီဥတု ကိုကြိုက်နှစ်သက်သည်။ ကြက်မောက်သီး၏ ပုံသဏ္ဍာန်မှာ အတန်ငယ်လုံးဝန်းပြီး အမွှေးရှည်လေး များဖုံးအုပ်ထားသော ကြက်မောက်သီးခွံသည် အနီရောင်ရှိကြောင်း၊ အသီးရင့်မှည့်ပါက နီညိုရောင် သို့ပြောင်းသွားကာ အတွင်းရှိအသားက အဖြူရောင်ဖြစ်ကာ ချိုမြမြအရသာရှိကြောင်း၊  ကန့်ဘလူ မြို့နယ်တွင် ရောင်းချနေသည့် ကြက်မောက်သီးများကို မော်လမြိုင်မှ၊ ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ကြက်မောက်သီးသေး(၁)လုံးလျှင် (၂၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၄၅၀)ကျပ်နှင့် (၁၀)လုံးလျှင် (၄၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကြက်မောက်သီးစားသုံးဖြင့် ကျန်းမာရေးကိုအထောက် အကူပြုပေးနိုင်သည့်အတွက် ရာသီစာသီးနှံဖြစ်သောကြောင့် ယခုလိုမိုးဦးကျကာလတွင်သာ ရရှိနိုင်သည့် ဆေးဖက်ဝင် ကြက်မောက်သီးများကို စားသုံးသူများသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း၊ သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မကွေးမြို့၌ နှင်းပန်းများအရောင်းအဝယ်သွက်လျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်ရှိဈေးများတွင် မင်းဘူးမြို့၊ ကျောက်တန်းကျေးရွာမှ ထွက်ရှိသော ပန်းများဝင်ရောက်လျက်ရှိရာ ဇွန်၊ ဇူလိုင်လများတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိသော နှင်းပန်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

  နှင်းပန်းမှာအဖြူရောင်ရှိပြီး ရနံ့မှာလည်း သင်းပျံ့ပျံ့မွှေးကြိုင်နေ၍ ဘုရားလှုမည့်သူများ နှင့်ပန်းအလှဆင်သူများ အဝယ်များပါသည်။ နှင်းပန်းတစ်ကြိမ်စိုက်ပျိုးလျှင် သုံးနှစ်သက်တမ်းရှိပြီး မိုးရာသီတွင် အဖူးအပွင့်များပိုမိုသန်မာ၍ ကျန်ရာသီများတွင် ပုံမှန်ရေသွင်းလျှင် ဆယ့်နှစ်ရာသီ ဖြစ် ထွန်းသော ပန်းတစ်မျိုးဖြစ်ပါသည်။ နှင်းပန်းကို မိုးကြိုပန်းဟူ၍လည်း လူသိများကြပါသည်။ မြေပြန့် ဒေသ၌ အများဆုံးစိုက်ပျိုးထားသည်ကို တွေ့ရပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော နှင်းပန်းဈေးနှုန်းမှာ နှင်းပန်းအခက်()ခက်ပါတစ်စည်းလျှင် ကျပ်(၂၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဘုရားပန်းဈေးကွက်တွင် နှင်းပန်းရောင်းချရာ၌ တခြားပန်းများကဲ့သို့ တွင်တွင်ကျယ်ကျယ်ရောင်းချရကြောင်းလည်း သိရသည်။ သို့ဖြစ်ပါ၍ မိမိခြံဝန်း အတွင်းရှိ မြေဧကအနည်းငယ်ခန့်နေရာပေး၍ နှင်းပန်းစိုက်ပျိုးထားရှိလျှင် အိမ်ထောင်စုများအနေ ဖြင့် နေ့စဉ်ဝင်ငွေရရှိနေသည့်အတွက် အိမ်ခြံမြေများတွင် တိုးချဲ့စိုက်ပျိုးသင့်သော ပန်းတစ်မျိုးဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

မကွေးမြို့နယ်၊ ပုထိုးစမ်းကျေးရွာ၌ မိုးနှမ်းများစတင်ထွက်ပေါ်၍ ဈေးကောင်းရလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ဘုရားပြို၊ ဝက်သိုက်၊ နွားကူး၊ သန်း တောကုန်း၊ မကြီးကန်၊  ဆားတိုင်ကန်၊ ပုထိုးစမ်းစသည့်ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိက ထားလုပ်ကိုင်ပြီး မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံနှင့် အခြားစားဖိုဆောင်သုံးသီးနှံများကို ရာသီအလိုက် စိုက်ပျိုး ကြကြောင်း၊ ပုထိုးစမ်းကျေးရွာ၌ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ ဧပြီလတွင်စိုက်ပျိုးကြပြီး  ဇူလိုင်လ (ဒုတိယပတ်)တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရသည်။
   ပုထိုးစမ်းကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်()ဧကခန့်ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ရိတ်သိမ်း ရကြောင်း၊ မျိုးအနေဖြင့်  သိပ္ပံနှမ်းနက်မျိုးကို အများဆုံးစိုက်ပျိုးပြီး ()ဧကလျှင် မျိုး()ပြည်ခန့်ကုန် ကျကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်နှမ်းစိုက်ခင်းမှ ထွက်ရှိသည့် နှမ်းစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခ၊ ရိတ်သိမ်းခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ကျပ်(၆၅၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်းရေ(၁၀)တင်းထွက်ရှိမည်ဟုခန့်မှန်းရပြီး လက်ရှိဈေးနှုန်း အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် နှမ်းနက်(၁)တင်းလျှင် ကျပ်(၂၆၀၀၀၀)ထိ ပေါက် ဈေးရှိသည့်အတွက် အကျိုးအမြတ်အနေဖြင့် ကျပ်(၁၉)သိန်းခန့်ရရှိမည်ဟုခန့်မှန်းရကြောင်း၊ ဈေး ကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ မိုးကောင်းသည့်နှစ်ဖြစ်သည့် အတွက် မကွေးမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ ပြုံးပျော်ရသည့်နှစ်ပင်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ရာသီစာငှက်စွပ်မှို

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့မဈေးတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် ရာသီပေါ်အသီးအနှံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူ များ ဈေးဝယ်သူများနှင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးတွင်  စိုက်ပျိုးထုတ်လုပ်ရောင်းချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှို စသောမှိုများနည်းတူ သဘာဝငှက်စွပ်မှိုများ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ငှက်စွပ်မှို(၁၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် ငှက်စွပ်မှိုတစ်ပိဿာ လျှင် (၂၅၀၀၀မှ ၃၀၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ ငှက်စွပ်မှိုသည် မိုးဦးကာလ မိုးဖြိုင်ဖြိုင်ရွာချိန်တွင် အထွက်များကြောင်း၊ ယခုအခါ ရှားပါးလာသည့်အတွက် ငှက်စွပ်မှိုများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း