ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ(မိုး)မြေပဲများ စတင်စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ မိုးမြေပဲနှင့်ဆောင်းမြေပဲစိုက်ဧက (၇၀၀၀)ခန့် နှစ်စဉ်စိုက်ပျိုးကြောင်း၊ ရေမြေရာသီဥတုကောင်းမွန်သည့်အတွက် ဒေသခံတောင်သူ များသည် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူဖြစ်စေသည့် ဆီထွက်သီးနှံမြေပဲကို အဓိကထား၍ နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရှိရ သည်။ ဆိပ်ဖြူမြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ရွာသစ်၊ ကိုးထောင့်၊ ချင်တောင်၊ အောက်ဆိပ်၊ မြင်ကဝ၊ ဆူးလေကုန်းကျေးရွာများ၊ ကုန်းတွင်းပိုင်းဒေသများရှိ ကူရှည်၊ ရွာမ၊ အလယ်စု၊ တပေါင်း၊ လိပ်ခြံ၊ လက်ဆည်၊ အုန်းမှင်ကျေးရွာများနှင့် အခြားကျေးရွာများတွင် “မိုး”မြေပဲကို စိုက်ဧက (၅၀၀၀)ခန့် စိုက်ပျိုးကြောင်း သိရှိရသည်။

“မိုး”မြေပဲကို ဇွန်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာ၊ နိုဝင်ဘာလတွင် တူးဖော် ရိတ်သိမ်းကြောင်း၊ မျိုးအနေဖြင့် မြေပဲလုံးဆံ(အဖြူ) S1 အတောင့်သေးမျိုးကို စိုက်ပျိုး၍ မြေပဲ မျိုးစေ့ တစ်ပြည်လျှင် ကျပ်(၁၀၀၀၀)၊ အဆံတစ်တင်းလျှင် ကျပ်(၁၆၀၀၀၀)ဈေးဖြင့် ဝယ်ယူစိုက်ပျိုး ရပြီး တစ်ဧကလျှင် မျိုးစေ့(၂)တင်းခန့် ကုန်ကျကြောင်း၊ နွားရှဉ်းဖြင့် ထွန်ချောင်းဆွဲ၍ အလုပ် သမားငှားပြီး မြေပဲအစေ့ချပြီး ပင်ကြားတန်းကြား ၅ လက်မအကွာထား၍ စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် အလုပ်သမား(၇)ဦး၊ နွားရှဉ်း(၃)ရှဉ်းဖြင့် စိုက်ပျိုးရပြီး အလုပ်သမားတစ်ဦးလျှင် တစ်မနက် ကျပ် (၄၀၀၀)၊ နွားတစ်ရှဉ်း ကျပ်(၂၅၀၀၀)၊ ထွန်စက်ခုတ်ခ တစ်နာရီ ကျပ်(၇၀၀၀၀)ဖြင့် ငှားရမ်းစိုက်ပျိုးရ၍ ထုတ်လုပ်မှုကုန်ကျစရိတ်တစ်ဧက ကျပ်(၁၁၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က မြေပဲ တစ်ဧက ကုန်ကျစရိတ် ကျပ်(၉၀၀၀၀၀)ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တောင်သူတစ်ဦး မြေပဲတင်း(၃၅ မှ ၄၅ တင်းထိ)ထွက်ရှိကြောင်း၊ ဒေသခံတောင်သူများသည် စိုက်ခင်းထွက်မြေပဲများကို အတောင့်လိုက်ရောင်းချမှုနည်းပြီး ထုခွဲ၍ အဆံကိုသာ ရောင်းချမှု များကြောင်း၊  မြေပဲဆံ တစ်ပြည်လျှင် ကျပ်(၉၅၀၀-၁၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ငွေကျပ် (၁၀၀၀၀၀၀)ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီစက် လုပ်ငန်းရှင်များ၊ ပဲပွဲရုံများနှင့် ချောက်မြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခု ပေါက်ဈေး ဇူလိုင်လ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်သည့် မြေပဲဈေးနှုန်းမှာ မြေပဲဆံတစ်ပြည် လျှင် ကျပ်(၉၅၀၀-၉၁၀၀-၈၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပြည်သူများသည် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီကို ဝယ်ယူစားသုံးမှုများ၍ ဒေသတွင်း ဆီစက်လုပ်ငန်းရှင် များမှ မြေပဲအဝယ်လိုက်၍ ဈေးကွက်ခိုင်မာမှုရရှိလျက်ရှိသည်။ တောင်သူများအနေဖြင့်လည်း ဆီထွက်သီးနှံမြေပဲစိုက်ပျိုးခြင်းဖြင့် မိသားစုစားသုံးဆီဖူလုံမှုရရှိသည့်အပြင် အကျိုးအမြတ်ရရှိခြင်း ကြောင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုး လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ပေါ်ဦးပေါ်ဖျား ပိန္နဲသီးဈေးကောင်းမွန်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ရာသီပေါ်ပိန္နဲသီးများ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရသည်။ ပိန္နဲပင်သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းပြီး အအေးပိုင်းဒေသများတွင် ဖြစ်ထွန်းအောင်မြင်မှုနည်းကြောင်း၊ ပိန္နဲပင်ကို ဥယျာဉ်ခြံမြေများ၊ လူနေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးမှုများကြသည်။ ပိန္နဲသီးသည် အပူပိုင်းဒေသ သီးနှံဖြစ်သည်။ ပူအိုက်စိုစွတ်သော ရာသီဥတုဖြစ်သည့် မြန်မာပြည်အလယ်ပိုင်း မိုးနည်းဒေသ များတွင် ရေသွင်း၍ စိုက်ပျိုးကြသည်။ ပိန္နဲသီးပင်ကို မေလနှင့်ဇွန်လများတွင် စိုက်ပျိုးမှုများပြီး (၅)နှစ်အကြာတွင် အသီးဆွတ်ခူးကြောင်း၊ စိုက်ပျိုးရာတွင် အကိုင်းကို မြေထုတ်ဆွဲနည်းဖြင့် စိုက်ပျိုး ခြင်းနှင့် အစေ့ကိုပျိုး၍ စိုက်ပျိုးခြင်း (၂)နည်းဖြင့် စိုက်ပျိုးကြသည်။ ပိန္နဲတစ်ပင်လျှင် အလုံး(၂၀ မှ ၅၀ ထိ) အသီးတင်ပြီး ဇွန်၊ ဇူလိုင်လများတွင် လှိုင်လှိုင်ပေါ်၍  အရောင်းအဝယ်ဖြစ်ကြောင်း၊ အသီး အရွယ်အစားပေါ်မူတည်ပြီး ပိန္နဲသီးတစ်လုံးလျှင် ဈေးနှုန်းကျပ်(၁၀၀၀၀ မှ ၂၀၀၀၀ထိ) အရောင်း အဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းကောင်းမွန်သည့်အတွက် စိုက်တောင်သူ အဆင်ပြေကြောင်း သိရှိရ သည်။

          ပိန္နဲသီးမမှည့်ခင် ဟင်းအဖြစ် ချက်ပြုတ်စားသုံးခြင်း၊ အတို့အမြှပ်အဖြစ် စားသုံးခြင်းနှင့် ပိန္နဲ သီးအမှည့်ကို အဆံလိုက်စားသုံးကြသည်။ ပိန္နဲသီးတွင် အိမ်ပျော့၊ အိမ်မာ (၂)မျိုးရှိသည်။ အိမ်မာမှာ စားသုံးရာတွင် ပိုမိုအရသာရှိ၍ ဝယ်ယူစားသုံးမှု များပြီး ဈေးပိုမိုရရှိသည်။ ပိန္နဲသီးစားသုံးခြင်းဖြင့် လေဖြတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ အူမကြီးကင်ဆာနှင့် နှလုံးရပ်ခြင်းရောဂါများကို ကျန်းမာစေ ခြင်းနှင့် ဆီးချိုရေားဂါဖြစ်နိုင်ခြေကိုလည်း လျော့ပါးစေကြောင်း မြန်မာဆေးကျမ်းများတွင် ဖော်ပြ ထားရှိ၍ ကျန်းမာရေးဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

          လက်ရှိကာလတွင် ပိန္နဲသီးပင်အား တနိုင်တပိုင် စိုက်ပျိုးမှုသာ များပြီး စီးပွားဖြစ် စိုက်ပျိုး တောင်သူ နည်းပါးလျက်ရှိသည်။ ပိန္နဲပင်သည် နှစ်ရှည်ခံသီးနှံဖြစ်သည့်အပြင် ကုန်ကျစရိတ် နည်းပါး ပြီး ရရှိသောအသီးများသည်လည်း ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများအတွက် မိသားစုစီးပွားရေး အပိုဝင်ငွေရရှိစေသည့် သီးနှံအမျိုး အစားဖြစ်၍ ပိုမိုစိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

ကျွန်းလှမြို့တွင် ‌ရောင်းချနေသော သရက်သီးကုလားတည်ချဉ် နှင့် နှမ်းပတ်ချဉ် ဈေးနှုန်း

    ကျွန်းလှမြို့ ရာသီအရွေး ရောင်းချရန် လက်လုပ်ချဉ်မျိုးစုံကို ကိုယ်တိုင်လုပ်ပြီး ရောင်းချလျက်ရှိရာ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော သရက်သီး ကုလားတည် ချဉ် ဈေးနှုန်းမှာ သရက်သီးကုလားတည်ချဉ် လက္ကား တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ သရက်သီးကုလား တည်ချဉ် လက်လီ တစ်ပိဿာကို(၁၅၀၀၀)ကျပ်၊ သရက်သီးကုလားတည်ချဉ် (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ်၊သရက်သီးကုလားတည်ချဉ်(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ သရက်သီး ကုလားတည်ချဉ် (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့်  နှမ်းပတ်ချဉ် လဖက်ရည် သောက်ပန်းကန် တစ်လုံးလျှင်(၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော သဖန်းဆိပ်ဆည်မှ ရေချို ပုဇွန်ဆိတ် ဈေးနှုန်း

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ သဖန်းဆိတ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ် ၊ ယခု ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ပုဇွန်ဆိတ် ဈေးနှုန်းအနေဖြင့်  ပုဇွန်ဆိတ် ဆကာတင် အကောင်ကြီး တစ်ပိဿာလျှင် လက္ကားဈေး (၂၀၀၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာ(၂၃၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် အလတ်စ လက္ကား တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ လက်လီဈေး(၁၈၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် ဆကာကျ အကောင်သေး  လက္ကား တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်းနှင့် ကျွန်းလှမြို့ သဖန်းဆိပ်ဆည်မှ ထွက်ရှိသည့် ရေချိုပုဇွန်ဆိတ်သည် အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး  အရောင်းသွက်ကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သရက်သီးမှည့်ဈေးကျဆင်း

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် သရက်ပင်ကို သရက်ခြံအဖြစ် သီးသန့်စိုက်ပျိုးကြသလို အိမ်ခြံဝိုင်းများတွင်လည်း တနိုင်တပိုင် စိုက်ပျိုးကြကြောင်းသိရသည်။ ဇေယျာသီရိဈေး၌ မြို့ပေါ်ရပ်ကွက်နှင့် မြို့ပတ်ဝန်းကျင်ရှိ မလွန်၊ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ် စသည့်ကျေးရွာများမှထွက်ရှိသည့် မန္တလေးရင်ကွဲ၊ ရွှေလက်ရုံး စသည့် သရက်သီးမှည့်များ ဇွန်လ(ဒုတိယပတ်)မှစတင်၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် မန္တလေးရင်ကွဲသရက်သီး အလုံး(အကြီး၊ အသေး၊ အလိုက်) (၁၀)လုံးလျှင် ကျပ်(၁၀၀၀-၂၀၀၀)၊ ရွှေလက်ရုံးသရက်သီး(၁၀)လုံးလျှင် ကျပ်(၁၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ(ဒုတိယပတ်)တွင် မန္တလေးရင်ကွဲသရက်သီး(၁၀)လုံး လျှင် ကျပ်(၁၅၀၀-၂၅၀၀)၊ ရွှေလက်ရုံးသရက်သီး(၁၀)လုံးလျှင် ကျပ်(၁၅၀၀)ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် မန္တလေးရင်ကွဲသရက်သီး ကျပ်(၅၀၀)၊ ရွှေလက်ရုံး သရက်သီး ကျပ်(၅၀၀)ဈေးကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင် စိန်တလုံးသရက်သီး မှည့်များ ရှားပါးလာချိန်ဖြစ်သည့်အတွက် ဇေယျာသီရိဈေး၌ မန္တလေးရင်ကွဲ၊ ရွှေလက်ရုံးသရက်သီး မှည့်များ အရောင်းအဝယ်သွက်လျက်ရှိသည့်အပြင် ဒေသတွင်းသရက်ပင်များမှလှိုင်လှိုင်ထွက်ရှိချိန် ဖြစ်၍ ဈေးနှုန်းမှာကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

ကန့်ဘလူမြို့နယ်၌ သရက်သီးမှ သရက်ပြင်(ခေါ်)သရက်ပြားအဖြစ် တန်ဖိုးမြှင့်ထုတ်လုပ်ရောင်းချ

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ စိန်တစ်လုံးသရက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ရောင်းတမ်းဝင် အသီးများကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်တွင် စိန်တစ်လုံးသရက်သီးမှ သရက်ပြင်(ခေါ်)သရက်ပြားအဖြစ် တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်၍ ဒေသတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်းသိရသည်။

     ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် မြစ်သား၊ ပြည်၊ ပေါက်ခေါင်းမြို့ များသို့ အများဆုံးတင်ပို့ ရောင်းချကြောင်း၊ ဇူလိုင်လ တတိယပတ်အတွင်း သရက်ပြင်တစ်ပိဿာလျင် (၁၀၀၀၀မှ ၁၂၀၀၀) ကျပ် ၊(၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်ဖြင့်‌ရောင်းချကြောင်း၊ နှစ်စဉ်ကုန်ချောသရက်ပြင် (၃၀၀မှ ၈၀၀) ပိဿာခန့်ထိ သက်ရက်သီးကုန်ကြမ်း ရရှိမှုပေါ်မူတည်၍ မိသားစုတစ်နိုင်တစ်ပိုင် ထုတ်လုပ် ရောင်းချလျက်ရှိပြီး ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း လုပ်ငန်းရှင် ဦးမျိုးနိုင်ထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဖူးစားပြောင်းဈေးကျဆင်း

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ပန်းတော်ပြင်၊ မယ်ဇလီတော၊ ဥယျာဉ်၊ ညောင်ပင်သာ စသည့်ကျေးရွာများမှထွက်ရှိသည့် သကြား ပြောင်းနှင့် ပြောင်းစီး(အဖြူ)များသည် ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)မှစတင်ဝင်ရောက် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် သကြားပြောင်းဖူး(အကြီး၊ အသေးအလိုက်) (၁)ဖူး လျှင် (၄၀၀- ၄၅၀)၊ ပြောင်းစီး(၁)ဖူးလျှင် ကျပ်(၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြောင်းဖူး များ စတင်ပေါ်စအချိန် ဇွန်လ(တတိယပတ်)တွင် သကြားပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၅၀၀)၊ ပြောင်းစီး(၁)ဖူးလျှင် ကျပ်(၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ် တွင် သကြားပြောင်း ကျပ်(၅၀)၊ ပြောင်းစီး ကျပ်(၂၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခု အချိန်တွင် ကျေးရွာများရှိ ပြောင်းဖူးစိုက်ခင်းများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်၍ ဈေးနှုန်းမှာကျဆင်း လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့နယ်၌ မိသားစုဝင်ငွေရနေသည့် ကောက်ရိုးမှိုစိုက်ပျိုးရေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း သိရသည်။

    ကောက်ရိုးမှိုစိုက်ပျိုးခြင်းဟာ ပထမအဆင့် မှိုဘောင်ပြုလုပ်ရပါတယ်၊ ပြီးရင်တော့ ထုံးအနည်းငယ်ဖြူးရပါမယ်၊ ထုံးဖြူးပြီး နွားချေးဖြူးရပါတယ်၊ နောက်နုတ်နုတ်စင်းထားတဲ့ ဗေဒါနဲ့ ရေစိမ်ထားတဲ့ ဂျပ်စက္ကူတွေကို ဘောင်ပေါ်မှာ ဖြူးပေးရပါတယ်၊ အဲဒီအပေါ်ကနေ ဖွဲနုနဲ့ မှိုမျိုးစေ့ ကိုရောပြီး ဖြူးပေးရပါတယ်၊ နောက်ပြီး နွားချေးနဲ့ ပြန်ဖုံးပေးပြီး ရေလောင်ပေးရပါတယ်။ မှိုဘောင်ကို ပေါင်းမိုးပြုလုပ်ပြီး လေလုံအောင် ပလပ်စတစ်အကြည်နဲ့(သို့မဟုတ်) ကောက်ရိုးနဲ့ ဖုံးအုပ်ပေးထားရပါတယ်၊ (၅)ရက်မြောက်တဲ့နေ့မှာတော့ မိနစ်(၂၀)ခန့်အထိကြာအောင် အမိုးကိုဖွင့် ပေးပြီး ပြန်ဖုံးအုပ်ပေးရပါတယ်၊ (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက် ဝင်တဲ့ မှိုတွေကို နှုတ်ယူရောင်းချနိုင်ပါတယ်၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာ ကြောင့်  အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ကြောင်း၊      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ မဈေးတွင်  ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၁၅၀၀၀)ကျပ်၊ လက်ကားဈေး (၁၄၅၀၀) ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ စိုက်ပျိုးသူ ဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ သကြားသရက်သီး အရောင်းသွက်

    မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့် သရက်သီး အမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချို စသော သရက်သီးအမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ပတ္တမြားငမောက်နှင့် စိမ်းချိုစသည့် သရက်မျိုးများစိုက်ပျိုး ကြသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချနေ သော သကြားသရက်သီးမှည့် အကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အသေး()လုံးလျှင်(၇၀၀)ကျပ်မှ (၅၀၀)တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီ ဈေးနှုန်းအနည်းငယ်မြင့်တက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိပြီး မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၃၈၀၀)ကျပ်၊ အကြီး(၁)ထုပ်လျှင်(၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဇူလိုင်လ တတိယပတ်အတွင်း ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၃၈၀၀မှ ၄၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊   ယခုပတ်အတွင်း ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိရာ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း