ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသော အာလူးသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကား ကုန်သည်များမှ ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော အာလူးသီးဈေးနှုန်းများမှာ အာလူးသီးအလုံးကြီး(၁)ပိဿာလျှင် ၄၅၀၀ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့်ရောင်းချကြောင်း ၊ ယခင်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အာလူးသီးဈေးနှုန်းမှာ တစ် ပိဿာလျှင်(၁၀၀၀)ကျပ် ကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ဂျင်း(ချင်း)တက်ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

             ၂၀၂၅ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂျင်း(ချင်း)တက်ဈေးနှုန်းမှာ (၁)ပိဿာလျှင်(၅၀၀)ကျပ် ကျဆင်းသွားကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲလွန်းဖြူသီးနှံဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊  ပဲလွန်းဖြူ သီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ မတ်လတတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊အကွဲအနာပါတစ်တင်းလျှင်(၇၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်သို့တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ မန်ကျည်းသီးမှည့် ဈေးနှုန်းဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျပေါက်ရောက်ကြောင်း၊ ကန့်ဘလူမြို့နယ်တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ လာရောက်ရောင်းချလျက်ရှိကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များ ကိုလူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း၊ မန်ကျည်းသီးမှည့်များကို  အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့်ထက် ဈေးပိုရကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်၌ မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ဒေသတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းမှည့်ဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ အဖျော်ရည်ဆိုင်များကလည်း အသုံးပြုကြောင်း၊ မတ်လ တတိယပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ (၅၀)ကျပ်သားလျှင် ၆၀၀၀ကျပ်၊ အစေ့ပါမန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၃၀၀၀မှ ၄၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မန်ကျည်းသီးမှည့် ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသည့် ရာသီစာ လက်ပံခေါင်းဈေးနှုန်း

           လက်ပံပင်သည် မြန်မာနိုင်ငံတွင် လူသိများသော အပင်တစ်မျိုးဖြစ်ပြီး၊ လက်ပံပွင့်သည် နွေရာသီ၏ သင်္ကေတတစ်ခုဖြစ်ရာ  လက်ပံပွင့်များတစ်ပင်လုံးပွင့်လန်းကာ ကျေးငှက်သံများနှင့် မြင်တွေ့ရသူ၏ စိတ်နှလုံးကို သာယာကြည်နူးဖွယ်ဖြစ်စေပါသည်။ ကန့်ဘလူခရိုင်၌လည်း လက်ပံပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရသည်။ လက်ပံပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် ‌ပေါက်ရောက်သဖြင့် လက်ပံပွင့်များ ကိုကောက်ယူကာ ပွင့်ဖတ်လေးများကိုခြွေပစ်ပြီး လက်ပံခေါင်းများကို နေလှန်းကာ ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

            လက်ပံခေါင်းများကို လက်ပံခေါင်းအချဉ်ရည်အဖြစ်ချက်စားကြသလို၊ ပုန်းရည်ကြီးဖြင့်လည်းကောင်း၊ ဝက်သားဖြင့်ရော၍လည်းကောင်း  စသည်ဖြင့်အမျိုးမျိုးစားသုံးကြကြောင်း၊  ယခုအခါ ကန့်ဘလူမြို့၊ မြို့မဈေးတွင် လက်ပံခေါင်း(၁)ပုံလျှင်(၃၀၀)ကျပ်၊ လက်ပံခေါင်း(၂)ပုံလျှင်(၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိရာ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် သကြားသီးများစတင်ရောင်းချလျက်ရှိ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သကြားသီးများကို စတင်ရောင်းချလျက်ရှိပါသည်။ ရာသီစာသကြားသီးများကို နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်း သိရသည်။

            သကြားသီးသည် အစိမ်းရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိပါသည်။ သကြားသီးသည် ဂျယ်လီလိုချိုချိုအိအိလေးအရသာရှိပြီး သရေစာအဖြစ်အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ မတ်လ တတိယပတ်အတွင်း သကြားသီး(၁)လုံးလျှင်(၄၀၀)ကျပ်၊ သကြားသီး(၃)လုံးလျှင်  (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ် နွေစပါး GW-11 စိုက်ပျိုးထွက်ရှိနေမှု နှင့် တောင်သူအကျိုးအမြတ် ယခင်နှစ်ထက် နည်းပါး

          မအူပင်ခရိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ် နွေစပါးစိုက်ဧက ၈၃၉၄၈ဧက ရှိကြောင်း သိရသည်။ တလုတ်လပ် အနောက် ဦးအေးလှိုင် ၏ နွေစပါး GW-11 စိုက်ပျိုးထွက်ရှိ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ တောင်သူမှ စပါး ၁၂ဧက စိုက်ပျိုးထားပြီး အခြားသီးနှံများ သံပုရာ၊ ရုံးပတီ၊ ချဉ်ပေါင်၊ ဆလပ်၊ သင်္ဘောသီးနှံများ စိုက်ပျိုးနေကြောင်း သိရသည်။

          စပါးစိုက်ပျိုးရာတွင် GW-11 မျိုး နွေစပါးကို စိုက်ပျိုးနေပြီး မျိုးစပါးဈေး ၁တင်းကို ၈၀၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး စိုက်ပျိုးဧက ၁ဧကတွင် မျိုးစပါး ၂တင်း စိုက်ပျိုးကြောင်း သိရသည်။ ကုန်မြေမြင့်လယ်မြေများတွင် ၁၅ရက်စောစိုက်ပျိုးပါက စောစောထွက်ရှိကြောင်း၊ နွေစပါူကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလက စတင်စိုက်ပျိုး ယခု ၂၀၂၅ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် ရိတ်သိမ်းပြီဖြစ်ကြောင်းသိရသည်။ ၁ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၆၀၀၀၀၀ ကုန်ကျကြောင်း သိရသည်။ အထွက်နှုန်းအနေဖြင့် ၁ဧကလျှင် ၁၂၀ မှ ၁၄၀ တင်းနှုန်း ထွက်ရှိကြောင်း စိုက်ပျိုးတောင်သူပြောပြချက်အရသိရပြီး နွေစပါး GW-11  ဈေးနှုန်း ၁တင်းလျှင် ကွင်းဈေး ၁၄၅၀၀ ကျပ်အရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။ အကျိုးအမြတ်အနေဖြင့် ၁၇၄၀၀၀၀ ကျပ် ရရှိသဖြင့် တောင်သူမှ GW-11 နွေစပါး ၁ဧက ကို ၁၁၄၀၀၀၀ ကျပ် အကျိုးအမြတ်ရရှိကြောင်း ယခင်နှစ်ထက် အကျိုးအမြတ်နည်းပြီး ယခုနှစ် စပါးအထွက်ကောင်းသော်လည်း ဖြုတ်ပိုးကျသဖြင့် ပိုကျအန္တရာယ်များ ဖြေရှင်နေရကြောင်း တောင်သူထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်မှ စိုက်ပျိုးသောစပါးများမှ ကြိတ်ခွဲထွက်ရှိသော ဆန်ကွဲနှင့် ဖွဲနုများ ရန်ကုန်သို့တင်ပို့

            ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မြို့နယ်များမှ စပါးစိုက်ပျိုးပြီး ထွက်ရှိလာသော စပါးများကို ကြိတ်ခွဲရာမှ ထွက်ရှိလာသော ဆန်ကွဲနှင့် ဖွဲနုများကို ရန်ကုန်သို့အဓိကထား တင်ပို့ပြီး  ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ ဆုးလေ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိတ်ကမ်း အလုံမြို့ ၊ ရန်ကုန်စက်မှုဇုန်များနှင့် ပဲခူးမြို့ တို့ကိုသာ တင်ပိုကြောင်း သိရသည်။

           ၂၀၂၅ခုနှစ် ဇန်နဝါရီလ က မအူပင်ခရိုင်မှ မအူပင် ၇၄၈၃အိတ်၊ ပန်းတနော် ၇၅၈၀ အိတ်၊ ညောင်တုန်း ၉၈၅၈၀အိတ်၊ ဓနုဖြူမြို့ ၁၁၇၁၆အိတ် နှင့် စုစုပေါင်း ဆန်ကွဲအိတ်အရေအတွက် ၁၂၅၃၅၉ အိတ်နှင့်  တန်အားဖြင့် ၆၃၀၀ တန်နှင့် အခြား မြို့နယ်များမှ ၁၅၆၀၀၆ အိတ် တန်အားဖြင့် ၇၈၀၀တန်  တင်ပို့ခဲ့သည်။

          ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ မအူပင်ခရိုင်မှ ဆန်ကွဲ မအူပင် ၆၄၃၈ အိတ်၊ ပန်းတနော် ၂၂၀၉အိတ်၊ ညောင်တုန်း ၉၅၉၉၇ အိတ်၊ ဓနုဖြူ ၂၉၉၅ အိတ် စုစုပေါင်း (၁၀၇၆၃၉) အိတ် တန်အားဖြင့် ၅၃၈၁ တန် တင်ပို့ခဲ့သည်။ အခြားမြို့နယ်တင်ပို့နိုင်မှုအနေဖြင့် ဆန်ကွဲ (၁၄၅၄၅၀) အိတ် ၇၂၇၂ တန် တင်ပို့နိုင်ခဲ့သည်။

ယခင်လနှင့် နှိုင်ယှဉ်ပါက မအူပင်ခရိုင်အနေဖြင့် ဆန်ကွဲ ၁၇၇၂၀ အိတ် လျော့နည်း၍ တင်ပို့ကြောင်းနှင့် အခြားမြို့နယ်များမှ ၁၀၅၅၆ အိတ် လျော့နည်း၍ တင်ပိုခဲ့ကြောင်း ပန်တိုင်စစ်ဆေးရေးစာရင်းများအရ သိရှိရပါသည်။

 

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် (၄)မြို့နယ်နှင့် အခြားမြို့နယ်များမှ တင်ပို့သော ဆန်တင်ပို့မှု အခြေအနေ

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ နှစ်စဉ် မိုးစပါး။ နွေစပါး စိုက်ပျိုးနေပြီး မအူပင်ခရိုင် အနေဖြင့် မြို့နယ်များအပါအဝင် ဆန်စက်အလုံးရေ (၁၀၇)လုံး ရှိပြီး စိုက်ပျိုးပြီး ၂၀၂၄-၂၀၂၅ခုနှစ်ထွက် နွေစပါး ရိတ်သိမ်းထွက်ရှိပြီးဖြစ်၍ ဝယ်ယူကြိတ်ခွဲလျက်ရှိသည်။ စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့်  အခြားဒေသများသို့ (စီးထွက်) လျက်ရှိပြီး သီလဝါဆိတ်ကမ်း၊သံလျှင်မြို့၊ ဆူးလေဆိတ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိတ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုတ်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊   ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုတ်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက်ကြံမြို့၊ ရွှေလင်ပန်းစက်မှုဇုန်းလှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင်ပိုလျက်ရှိကြောင်း သိရသည်။

             ရန်ကုန်သို့ ဆန်စီးထွက်မှုမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁လတွင်း (၄)မြို့နယ် ဆန်အိတ် ၂၆၄၆၄၃ အိတ်နှင့် တန်အားဖြင့် ၁၃၂၀၀တန် တင်ပို့နိုင်ခဲ့ကြောင်း အခြားမြို့နယ်များ ဆန်တင်ပို့မှုအနေဖြင့် ၄၁၁၀၁၂ အိတ် တန်အားဖြင့် ၂၀၅၀၀ တန် တင်ပို့ကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁လအတွင်း မအူပင်  ဆန်တင်ပို့မှု အိတ် ၁၁၂၁၁၊ ပန်းတနော် ဆန်တင်ပို့မှု ၁၉၅၇၈၊ ညောင်တုန်းဆန်တင်ပို့မှု ၂၈၀၃၉၈၊ ဓနုဖြူဆန်တင်ပို့မှု ၆၅၆၆၂ အိတ်နှင့် စုစုပေါင်း (၃၇၆၈၄၉) တင်ပို့ပြီး တန်အားဖြင့် ၁၈၈၄၂ တန်တင်ပို့နိုင်ခဲ့ကြောင်း၊ အခြားမြို့နယ်များမှ တင်ပို့မှုနိုင်မှု အနေဖြင့် ၄၀၂၅၂၂ အိတ် နှင့် တန်အားဖြင့် ၂၀၁၂၆ တန် ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

           ယခင်လနှင့် နှိုင်းယှဉ်ကြည့်ပါက  ၄မြို့နယ် တင်ပို့မှု ဆန်အိတ်  ၁၁၂၂၀၆ အိတ်ပိုမိုတင်ပိုနိုင်ပြီး ၅၆၁၀ တန် ပိုမိုတင်ပို့နိုင်ခဲ့သည်။ အခြားမြို့နယ် တင်ပို့မှုကို နှိုင်းယှဉ်ပါက ၈၄၉၀ အိတ် လျော့နည်း တင်ပို့နိုင်ခဲ့ကြောင်း နယ်စပ်ဖြတ်ကျော်ပန်တိုင် စစ်ဆေးရေးစာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုတ်လတ်ဘက်မှ စိုက်ပျိုးထွက်ရှိသော နှင်းသီး မအူပင်သို့ဝင်ရောက်

         နှင်းသီးဟာ ကျန်းမာရေးကို အကျိုးပြုသလို စုံလင်စွာဖန်တီးမှီဝဲလို့ရတာမှန်ပေမယ့် ဘေးထွက်ဆိုးကျိုးတချို့လည်း ရှိနေပါတယ်။ နှင်းသီးပင်ရဲ့ အရွက်၊ အစေ့နဲ့ အမြစ်တွေမှာ ဆိုင်ယာနိုက်အဆိပ် ပမာဏ မြင့်မြင့်မားမားပါဝင်နေတာမို့ ဒီဟာတွေကိုတော့ ရှောင်ကျဉ်သင့်ပါသည်။

           အလုံးခပ်ကြီးကြီး နှင်းသီးကို တဂျွမ်းဂျွမ်းကိုက်စားရတာက လူတွေကို စိတ်ကျေနပ်ပျော်ရွှင်မှု ရစေပါတယ်။ ဒါ့အပြင် အရည်ရွှမ်းပြီး ချိုမြိန်နူးညံ့တဲ့ နှင်းသီးတွေဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုတဲ့ သစ်သီးဝလံ တစ်မျိုးလည်း ဖြစ်ပါတယ်။ နှင်းသီးကို တစ်ချို့က အစိမ်းလိုက်စားခြင်း၊ တစ်ချို့က ငံပြာရည်၊ ငရုတ်သီးမှုန့်ဖြင့် သုတ်စားကြသည်။

            မအူပင် အခွန်လွတ်ဈေးတွင် သစ်သီးရောင်းချသူထံမှ နှင်းသီးများကို ၂၀၂၅ခုနှစ် မတ်လမှ စတင်၍ နှင်းသီးများကို ကျိုတ်လတ်မှ မှာယူရောင်းချပြီး နှင်းသီး အလုံး ၁၀၀၀ပါ တစ်အိတ်ကို ငွေကျပ် ၈၀၀၀၀/-ဖြင့် ဝယ်ယူရကြောင်း၊ ၁လလျှင် နှင်းသီး ၄အိတ်လောက်မှာ ယူရောင်းချရကြောင်းသိရသည်။ ဈေးကွက်ရောင်းချမှုအနေဖြင့် နှင်းသီး ၁လုံးကို ၁၀၀ကျပ်ဖြင့် ပြန်လည်ရောင်းချပြီး အလုံးလိုက်ရောင်းချခြင်း အလုံး၁၀၀ပါ အိတ်ဖြင့် ပြန်လည်ထုတ်ပိုး ရောင်းချကြောင်းနှင့် နှင်းသီးအလုံး ၁၀၀၀ ၁အိတ်ကို ငွေကျပ် ၂၀၀၀၀/- အကျိုးအမြတ် ကျန်ရှိ ကြောင်းသိရသည်။ တစ်နေ့လျှင် နှင်းသီး အလုံး ၁၀၀ပါ ၅အိတ်လောက် ရောင်းချနေရပြီး ယခုနွေရာသီတွင် အချဉ်ပေါင်း ရောင်းချသူများက ပိုမိုဝယ်ယူကြကြောင်း သစ်သီးဝလံရောင်းချသူထံမှ သိရသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း