ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တာဟန်းဈေးအတွင်းရောင်းချနေသည့် ဆတ်သားခြောက်ဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်ရှိ တာဟန်းဈေးဟု လူသိများကြသည့် ချင်းတိုင်းရင်းသား အများစု ဈေးရောင်းချလျက်ရှိသော ရိုးရာအစားအစာများ၊ သစ်သီးဝလံများ၊ စားဖိုဆောင်သီးနှံများ၊ ကုန်ခြောက်များ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများလည်း စုံလင်စွာ ရောင်းချနေသည်ဟု သိရှိရပါသည်။ ကလေးမြို့ပေါ်ရှိ ဈေးများအနက် တောဝက်သားခြောက်၊ ဆတ်သားခြောက်များ၊ ဂျီသားခြောက်များ၊ မျောက်သားခြောက်များ စသည်ဖြင့် တောကောင်သားများရရှိသည့် ဈေးဟုဆိုရာတွင် တာဟန်းဈေးကိုသာ ပြေးမြင်ကြရပါသည်။ တာဟန်းဈေးအတွင်း ရောင်းချနေသည့် အသားခြောက်ဈေးနှုန်းများအနေဖြင့် ဆတ်သားခြောက် ( ၁ ) ပိဿာလျင် ( ၉၀၀၀၀ ) ကျပ်၊ ဂျီသား ခြောက် ( ၁ ) ပိဿာလျင် ( ၉၀၀၀၀ ) ကျပ်၊ တောဝက်သားခြောက် ( ၁ ) ပိဿာလျင် ( ၈၀၀၀၀ ) ကျပ်၊ မျောက်သားခြောက် ( ၁ ) ပိဿာလျင် ( ၉၀၀၀၀ )ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ် ဖောက်ကားလျက်ရှိပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။ DOCA(စစ်ကိုင်း)

ရာသီမရွေးစိုက်ပျိုးစားသုံးနိုင်သည့် ရုံးပတီသီး

ကလေးမြို့နယ် ဆည်တော်ဦးကျေးရွာမှ ရာသီမရွေးစိုက်ပျိုး၍ ရောင်းပန်းဝင်လျက်ရှိသည့် ရုံပတီသီးသည် နှစ်စဉ် မိသားစုအပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရ လွယ်ကူသော စားဖိုဆောင်သီးနှံ ဖြစ်သည့်အပြင် ကျန်းမာရေးနှင့် သင့်တော်သော အသီးတစ်မျိုးဖြစ်သည်။ ဆည်တော်ဦးကျေးရွာမှ ထွက်ရှိသော ရုံးပတီးသီးများသည် ကလေးမြို့ပေါ်သို့ ဖောက်သည် ပေး၍ ကလေးမြို့မဈေးအတွင်း ရောင်းချသည့် ပေါက်ဈေးနှုန်းအနေဖြင့် ရုံးပတီသီး ( ၂၅ ) သားလျှင် ( ၃၀၀၀ ) ကျပ်၊ တစ်ပိဿာလျင် ( ၁၀၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကာ ယခုအခါတွင် ( ၅၀၀ ) ကျပ်ခန့် အနည်းငယ်ဈေးနှုန်းမြှင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။ DOCA(စစ်ကိုင်း)

ရာသီစာဖြစ်သည့် သဘာဝ မျှစ်စိမ်းများဈေးနှုန်းအခြေအနေ

မြန်မာနိုင်ငံတွင် ရာသီဥတု ( ၃ ) မျိုးရှိသည့်အနက် သူ့ရာသီနှင့်သူ ရာသီစာများဒေသအလိုက် ပေါများလှပါသည်။ ယခုအခါတွင် မိုးဦးကျအချိန်ဖြစ်သည့် ရာသီစာအစားသောက်များအနက် ဖား၊ မှို၊ အင်ဥ၊ မျှစ်၊ ဟင်းသီးဟင်းရွက်များ စသည်ဖြင့် လတ်လတ်ဆတ်ဆတ် စားသုံးရနိုင်သောကြောင့် သဘာဝမှပေးသော ရာသီစာအစားအစာများ ပေါများသော မိုးရာသီကာလတွင် မျှစ်စိမ်းသည်လည်း ရောင်းအားကောင်း၍ လူကြိုက်များသော သဘာဝလက်ဆောင်တစ်မျိုးဖြစ်ပါသည်။ ကလေးမြို့ပေါ်ရှိ ဈေးများတွင် မျှစ်စိမ်း၊ မျှစ်ရေစိမ်၊ မျှစ်ပြုတ်၊ မျှစ်ချဉ် စသည်ဖြင့် ဈေးကွက်အတွင်း ရောင်းချနေသည်ကို တွေ့ရပြီး ဈေးနှုန်း/ဈေးကွက်များအနေဖြင့် မျှစ်စိမ်း ( ၁ ) ဗူးလျင် ( ၁၀၀၀ ) ကျပ်၊ မျှစ်ပြုတ်အနေဖြင့် ( ၂၅ ) ကျပ်သားလျင် ( ၂၀၀၀ ) ကျပ်၊ ( ၁ ) ပိဿာလျင် ( ၆၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက် ရှိပါကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် မိုးဦးကျရာသီ၏ ဖားအိုင်းသားဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများ ပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/ငါး ဈေးနှုန်းကဲ့သို့ မြင့်တက်လျက်ရှိပါသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ်တွင် ကျွန်းလှမြို့၏ ဖားအိုင်းသား ဈေးနှုန်းများ အနေ ဖြင့် ဖားအိုင်းသား လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ဖားအိုင်းသား လက်လီ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် စတုထ္ထအပတ်တွင် ကျွန်းလှမြို့၏ ဖားအိုင်းသား ဈေးနှုန်းများ အနေဖြင့် ဖားအိုင်းသား လက္ကား တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာ လျှင်(၂၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၁၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၅၀၀)ကျပ် ဈေးနှုန်းရှိပြီး ယခင်အပတ်ထက် အနည်းငယ်ရှားပါးလာသည့်အတွက် ဈေးမြင့်တက် လာကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဖားရောင်းချသူထံမှ သိရ ပါသည်။ DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ဖရဲသီးဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်းစိုက်ပျိုးကြသလို မိမိတို့ တောင်ယာများ ထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်းကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီး ဈေးနှုန်း များမှာ ဖရဲသီး အကြီး တစ်လုံးလျှင်(၆၅၀၀)ကျပ်၊ ဖရဲသီး အလတ် တစ်လုံးလျှင်(၅၀၀၀)ကျပ်နှင့် ဖရဲသီး လက်လီ အသေး တစ်လုံးလျှင်(၃၅၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင်(၃၀၀)ကျပ် (၂)စိတ်လျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း