စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်မှ ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၆-၆-၂၀၂၃) ရက်နေ့ ၊နံနက် (၁၀:၃၀) ချိန်တွင် ထမုန်ကန်အုပ်စု စက်ပစ်တောင်ကျေးရွာနှင့် ကွက်ငယ်အုပ်စု ဇီးချိုကုန်းကျေးရွာ စပါးစိုက်ခင်းများတွင် နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေးစပါးစိုက်တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံရာတွင် ဆည်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးနှင့်အခြားသီးနှံအချိန်မှီ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးတို့အတွက် ဆည်၊ ကန်၊ တမံများမှ လယ်ယာမြေ စိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း၌ နွေစပါး စိုက်ပျိုးရန် စိုက်ဧက (၉၃၀)ဧက လျာထားသတ်မှတ်ပြီး၊ ယင်းစိုက်ဧကများအနက် နွေစပါးစိုက်ဧက (၂၀၀)အား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကန်ထရိုက်လယ်ယာစနစ် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ယခုနှစ်တွင် နှစ်စဉ်စိုက်ပျိုးနေကျ ဆင်းသုခမျိုးစပါး (၁၃၅) ရက်အပြင်၊ ထိုင်းနှံကောက်မျိုးစပါး (၁၁၅) ရက်များကိုလည်း စမ်းသပ်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။ နွေစပါးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စက်ပစ်တောင်ကျေးရွာတွင် တောင်သူ (၃၄) ဦးဖြင့် ဧက (၁၀၀) ၊ ဇီးချိုကုန်းကျေးရွာတွင် တောင်သူ (၂၆) ဦးဖြင့် ဧက (၅၀) စိုက်ပျိုးထားကြောင်းသိရှိရသည်။ နွေ စပါးကို ဖေဖော်ဝါရီလ (၂၀) ရက်ကျော်လျှင် စတင်ပျိုးထောင်ပြီး မတ်လ (၂၀) ရက် တစ်လခန့်အကြာတွင် စတင်စိုက်ပျိုးကြောင်း၊ သယ်ယူခ ခန့်မှန်းကုန်ကျစရိတ်အဖြစ် (၃၅၀၀၀၀-၄၀၀၀၀၀)ကျပ်ထိရှိကြောင်း၊ စပါးမျိုးနှင့်မြေသြဇာများကို စိုက်ပျိုးရေးဌာနမှ သက်သာသောနှုန်းထားဖြင့် ထုတ်ပေးသည့်အတွက် ကုန်ကျစရိတ်သက်သာစွာဖြင့် ဝယ်ယူရရှိကြောင်း သိရှိရပါသည်။
နွေစပါးကိုယခုနှစ်တွင် စနစ်တကျစိုက်ပျိုးထားသည့်အတွက် ယခင်နှစ်အထွက်နှုန်း (ဆင်းသုခ ) မျိုးစပါး တစ်ဧက (၆၀)တင်း ထွက်ရှိရာမှ ယခုနှစ်တွင် တစ်ဧက (၇၀)တင်းမှ(၇၅) တင်းခန့်ထွက်ရှိကြောင်း ၊ ထိုင်းနှံကောက်မျိုးစပ်စပါး ဆိုလျှင်တစ်ဧက(၈၀)တင်းမှ (၉၀)တင်းထိ ထွက်ရှိနိုင်ကြောင်း သိရှိရပြီး ၊ ယခုလကုန်တွင် နွေစပါးများ ရိတ်သိမ်းနိုင်တော့မည်ဖြစ််ကြောင်း တောင်သူများထံမှ သိရှိရ ပါသည်။
ဈေးနှုန်းအနေဖြင့် ယခင်နှစ်ကာလတူအချိန်တွင် ဆင်းသုခစပါး တစ်တင်းလျှင် ၁၂၀၀၀ ကျပ်၊ ထိုင်းနှံကောက်စပါး တစ်တင်းလျှင် ၁၄၀၀၀ ကျပ်ရှိခဲ့ကြောင်းသိရှိရပါသည်။ အဖွဲ့ဝင်တောင်သူများ၏ ထွက်ရှိလာသော စပါးများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကာလပေါက်ဈေးထက်ပိုမိုပေး၍ မျိုးစပါးအဖြစ် ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရှိရပါသည််။
ဈေးကွက်အနေဖြင့် ယခင်က ကျေးရွာလာရောက်ဝယ်ယူသော ပွဲစားများကိုလည်းကောင်း၊ ဒေသစက်ပိုင်များထံတွင်လည်းကောင်း ရောင်းချခဲ့ရပါသည်။ တောင်သူများမှ ထွက်ရှိလာသော စပါးများကို ဆန်လုပ်ငန်းရှင်၊ဆန်ကုန်သည်များနှင့် တိုက်ရိုက်ထိတွေ့ချိတ်ဆက်ဆောင်ရွက်နိုင်လျှင် ဈေးကွက်ပိုမိုရရှိနိုင်ပြီး အမြတ်အစွန်းပိုမိုရရှိနိုင်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။
ဒေသခံတောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်လာစေရေး၊ ဈေးနှုန်းနှင့်ဈေးကွက်သေချာရေး၊ အမြတ်ပိုမိုရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိစေရေး ၊ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြည်ပဈေးကွက်ကို ပိုမိုချိတ်ဆက်လာစေရေးနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေးတို့အတွက် မိမိတို့ဌာနမှ သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)