ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်မြို့နယ် ပင်စင်စာ သက်ကြီးရွယ်အိုများအား သက်သာသောဈေးဖြင့် စားအုန်းဆီ၊ ဆန်နှင့် ကြက်၌များ ရောင်းချပေးလျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အငြိမ်းစား သက်ကြီးရွယ်အိုများကို မြို့နယ် အရံမီးသတ်တပ်ဖွဲ့ရုံးရှေ့တွင် မြန်မာစီးပွား‌ရေးဘဏ်မှ ပင်စင်လာထုတ်သူ ဘိုးဘွား ၂၅၀ ဦးအား မြိုန့ယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးကြပ်၍ ၂၆-၉-၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကြက်ခြံမွေးမြူရေးလုပ်ငန်းရှင်များစီစဉ်မှုဖြင့် ရောင်းချပေးကြောင်း သိရသည်။

           ရောင်းချပေးရာတွင် စားအုန်းဆီ ၁ပိဿာ ၇၀၂၀ကျပ်၊ ဆန် ၁ပြည် ၃၀၀၀ကျပ်၊ ကြက်ဥ ၁လုံး ၃၅၀ကျပ်ဖြင့် ဆီပိဿာချိန် ၃၀၀၊ ဆန် ၅အိတ်၊ ကြက်၌ ၁၅၀၀လုံးကို မြန်မာစီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများ သက်သာသောဈေးဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးကို စီစဉ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ငရုပ်သီးခြောက်နှင့် ငရုတ်သီးမှုန့်ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ငရုတ်သီးစိမ်း၊ ငရုပ်သီး ခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူစသည့် မီးဖိုချောင်သုံးပစ္စည်းတို့ကို ကန့်ဘလူဒေသ ထွက်နှင့် ရှမ်းပြည်နယ်အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ငရုပ်သီး ခြောက်ဈေးနှုန်းများမှာ ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၄၅၀၀)ကျပ်၊ အိန္ဒိယခြောက်(အပု) တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀၀)ကျပ်၊ ငရုပ်သီးမှုန့်(၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ် အတွင်း ငရုတ်သီးခြောက် (၁)ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကုန်မျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

မြန်မာ့ရိုးရာရက်ကန်းထည် ဈေးနှုန်း၊ဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်း များကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြကြောင်း၊ ရက်ကန်းစင်မှ ထွက်ရှိလာသော အထည်များကို ကန့်ဘလူမြို့ပေါ်ရှိဒိုင်များသို့ ရောင်းချကြောင်း၊ ၎င်းတို့မှတဆင့် မန္တလေးမြို့နှင့် အခြားဒေသများသို့ ရောင်းချကြောင်း သိရသည်။

          မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းသည် ရှေးယခင်ကတည်းက လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ ကြသည့် လက်မှုအတတ်ပညာဖြစ်ပြီး ရက်ကန်းထည်များမှာ ဒီဇိုင်ဆန်းသစ်လှပသောကြောင့် မြန်မာ အမျိုးသမီးများ ကြိုက်နှစ်သက်စွာ ဝတ်ဆင်သုံးစွဲလျက်ရှိကြောင်း၊ ကန့်ဘလူမြို့တွင်ရောင်းချလျက် ရှိသည့် မြစ်ကြီးနားထွက် ကချင်ရိုးရာလုံချည်(၁)ထည်လျှင် (၃၃၀၀၀)ကျပ်၊ ကချင်လုံချည်ဝမ်းဆက် တစ်စုံစာလျှင် (၆၅၀၀၀မှ ၁၅၀၀၀၀)ကျပ်၊ ကန့်ဘလူဒေသထွက် လုံချည်(၁)ထည်လျှင်(၅၅၀၀၀) ကျပ်၊ ကချင်ပုဆိုး(၁)ထည်လျှင် (၄၅၀၀၀)ကျပ်နှင့် ကချင်ပရီမီယံပိုးထည်(၁)ထည်လျှင် (၂၀၀၀၀၀မှ ၂၃၀၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ချည်အမျိုးအစားနှင့် ရက်လုပ်ရသည့် အလွှားအရေအ တွက်ပေါ်မူတည်၍ ဈေးနှုန်းများကွာခြားမှုရှိကြောင်း မြန်မာ့ရိုးရာရက်ကန်းထည် ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသော မုန့်ညှင်းဖြူထုပ်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ မြို့မဈေးတွင် ရာသီပေါ်ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုပ်၊ ‌ရွှေပဲသီး၊ မုန့်ညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥနှင့် မုန့်ညှင်းဖြူထုတ်ကိုတို့ကို ရောင်းချလျက်ရှိရာ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှမှာယူ ရောင်းချကြောင်း သိရှိရသည်။

    ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ် အတွင်းရောင်းချလျက်ရှိသည့် မုန်ညှင်းဖြူထုပ်ဈေးနှုန်းမှာ မုန့်ညှင်းဖြူထုပ် လက်လီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ လက်က္ကားတစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်တို့ဖြင့်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မုန့်ညှင်းဖြူထုပ်ကို စားသောက်ဆိုင်များက အဓိကဝယ်ယူလျက်ရှိပြီး အိမ်ရှင်မများကလည်းဝယ်ယူကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ဆီတို့ဟူးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျှက်ရှိသော ဆီတို့ဟူးများကို ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ဆီတို့ဟူးကို ကြက်သွန်နီပါးပါးလှီးကာ ဆီစိမ်းဆမ်းပြီး သုပ်စားကြသလို၊ တစ်ချို့ကကြော်ချက်၍ စားသုံးကြ ကြောင်း၊ ဆီတို့ဟူးသည် ခံတွင်းမြိန်စေသည့် အရန်ဟင်းတခွက်ဖြစ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဆီတို့ဟူးလက်လီ (၁)သေတ္တာလျှင် (၄၀၀၀)ကျပ်၊ လက္ကား(၁)သေတ္တာလျှင် (၃၈၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိရာ ဒေသတွင်းစားသုံးသူများက ဝယ်ယူစားသုံးလျက်ရှိပြီး ယခုပတ်အတွင်း ဆီတို့ဟူးများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကုန်စုံဆိုင်းများတွင် ရောင်းချနေသည့် အညာဒေသထွက် မြေပဲယို

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ (၁)ပိဿာလျှင်(၈၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင်(၉၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး(၁)ထုတ်လျှင် (၁၇၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း၊ ယခင်တတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မြေပဲယိုဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

         

မြို့မဈေးရှိ ရေဦးထန်းလျက်ဖြူနှင့် ရေဦးပေါက်ပေါက်ဆုပ်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ သရေသာ စားစရာတို့ကို ရောင်းချလျက်ရှိရာ ရေဦးပေါက်ပေါက်ဆုပ်လည်း အပါအဝင်ဖြစ်သည်။ ရေဦးပေါက်ပေါက်ဆုပ်သည် လေလုံ အောင်ထားခြင်းဖြင့် တာရှည်အထားခံကာ အချိုတည်းစရာအဖြစ်ပဲစားစား၊ ဧည့်သည်များကို တည့်ခင်း ဧည့်ခံရာတွင်ပဲသုံးသုံး ဘက်စုံအသုံးဝင်သည့် သရေသာ စားစရာတစ်မျိုးဖြစ်ကြောင်း သိရသည်။

           ၂၀၂ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ရေဦးပေါက်ပေါက်ဆုတ် လက္ကားတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၈၅၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး (၁)ထုတ်လျှင်(၁၀၀၀)ကျပ်၊ ရေဦးထန်းလျက်ဖြူ (၁)ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

မအူပင်မြို့နယ်တွင် အမှတ် ၅ရပ်ကွက် ပြည်သူများအား စားအုန်းဆီ၊ ဆန်နှင့် ကြက်ဥများ သက်သာသောဈေးဖြင့်ရောင်းချ

          ၂၅-၉-၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကြက်ခြံမွေးမြူရေးလုပ်ငန်းရှင်များစုပေါင်း၍ ဌာနဆိုင်ရာများကြီးကြပ်ကာ အမှတ် ၅ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်ကွက်နေပြည်သူများကို  စားအုန်းဆီ၊ ဆန်နှင့် ကြက်ဥများ သက်သာသောဈေးဖြင့်ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ရောင်းချရာတွင် ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်မှုဖြင့် စားအုန်းဆီ ပိဿာ ၁၁၀၊ ဆန် ၁၀အိတ်၊ ကြက်ဥ အလုံးရေ ၃၀၀၀ လုံးကို ‌ရောင်းချပေးရာ ဆီသတ်မှတ်ရည်ညွှန်းဈေး၊ ဆန် ၁ပြည် ၃၀၀၀ကျပ်၊ ကြက်၌ ၁လုံး ၃၅၀ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“မြစ်သားမြို့နယ်တွင် မိုးကြက်သွန်နီစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

      ကျောက်ဆည်ခရိုင်သည်  ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်း လျှက်ရှိရာ စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်သီးနှံကို လည်းစိုက်ပျိုးလျှက်ရှိပါသည်။ မြစ်သားမြို့နယ်အတွင်း မိုးကြက်သွန်များအား ယခုအခါ စတင်စိုက်ပျိုး လျက်ရှိပါသည်။ မြို့နယ်အတွင်း မိုးကြက်သွန်နီ စိုက်ဧက(၃၄၃၃)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ခရိုင်အတွင် ယခုလက်ရှိ မိုးကြက်သွန် စိုက်ပျိုးမှု ကို မြစ်သားမြို့နယ်တွင်သာ အများဆုံး စိုက်ပျိုးကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ကသဲကုန်း၊ လေးဆယ်ကုန်း၊ ဆည်ရွာများဖြစ်ပါသည်။

     စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ကို ပျိုးထောင်ပြီး (၄၅)ရက်သားပျိုးပင်များကို စိုက်ပျိုးရန် အသင့်ပြုလုပ်ထားသော စိုက်ဘောင်များသို့ ရွှေ့ပြောင်း စိုက်ပျိုးရပါသည်။ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ရွှေဖလားမျိုး၊ ရွှေဖလားထိပ်မောက်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ် (၃၅)သိန်းကျော် ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့် (၁)ဧက အထွက်နှုန်း (၃၀၀၀) ပိဿာကျော်ထွက်ရှိခဲ့ကြောင်း ၊ ယခင်နှစ် မိုးကြက်သွန်နီ စျေးနှုန်း အနေဖြင့် အကြီး၊ အလတ်၊ အသေးအရော (၁)ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ထွက်ပေါ်ချိန်တွင် ၁ ပိဿာလျှင် (၂၈၀၀) ကျပ်ခန့် ရောင်းချရသောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး ကျပ်(၅၀)သိန်းကျော် မြတ်ခဲ့ကြောင်း၊ ယခု လက်ရှိ ကြက်သွန်ပေါက်ဈေးအနေဖြင့် အကြီး တစ်ပိဿာလျှင် (၁၈၀၀-၂၀၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင် (၁၆၀၀-၁၇၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင် (၁၄၀၀-၁၅၀၀)ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ မိုးကြက်သွန်နီပေါ်ချိန်တွင် ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှစိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း ၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း ၊ ကြက်သွန်နီထွက်ရှိချိန်တွင် လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်ပြီး စျေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်း နိုင်မည်ဖြစ်ကြောင်း မိုးကြက်သွန်နီစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရ ပါသည်။

DOCA(မန္တလေး)

ပုသိမ်မြို့ရှိ ဈေးကောင်းရရှိနေသော မြန်မာ့ရိုးရာထန်းလျက်ဈေးကွက်

          ထန်းလျက် Jaggery ဆိုသည်မှာ ထန်းရည်ချိုကိုချက်၍ရသော ခဲဖွယ်တစ်မျိုးဖြစ်သည်။ ထန်းပင်မှရသော သန့်စင်ထားသည့်ထန်းရည်အချိုကို ဒယ်အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ပျစ်လာသည်အထိ တစ်နာရီခန့် ဆူပွက်အောင်ကျိုချက်ပေး၍ သမအောင်မွှေပေးရသည်။ အရည်ပျစ်၍ ထန်းလျက်သားတက်လာသည့်အခါ မီးဖိုပေါ်မှချပြီး မိမိလိုအပ်သည့် အတုံးများတုံးကာ အခြောက်ခံပါက ထန်းလျက်ခဲကိုရရှိမည်ဖြစ်သည်။ အချို့မှာ ဆီးမှုန့်၊ အုန်းသီး၊ နှမ်း၊ မြေပဲ စသည့် မိမိအလိုရှိရာကိုထည့်၍ ပြုလုပ်ကြသည်။ သဘာဝပစ္စည်းစစ်စစ်မှ ထုတ်လုပ်ထားသည့်အပြင် ဆေးဖက်ဝင်သောကြောင့် မြန်မာ့ထမင်းဝိုင်းတွင် အချိုတည်းစရာတစ်ခုအဖြစ် ရှေးယခင်ကတည်းက တည်ရှိခဲ့တာကာ လက်ရှိအချိန်ထိ လူကြီး/ လူငယ်မရွေး အထူးကြိုက်နှစ်သက်စွာစားသုံးလျက်ရှိသည့် အစားအစာတစ်ခုဖြစ်သည်။

          ၎င်းထန်းလျက်များကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများမှလည်းကြိုက်နှစ်သက်ကြသည်။ ပုသိမ်မြို့ရှိဈေးများတွင် ရောင်းချနေသာ ထန်းလျက်ဈေးနှုန်းမှာ ယခင်နှစ်တွင် (၁) ပိဿာလျှင် ကျပ် (၆၀၀၀/၇၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုနှစ်ထန်းလျက်ဈေးနှုန်းမှာ (၁) ပိဿာလျှင် ကျပ် (၈၀၀၀) ခန့်ဈေးရရှိပြီး ယခု စက်တင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်အတွင်း (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀) သိသိသာသာဈေးနှုန်းမြင့်တက်လာသဖြင့် ထန်းစိုက်ပျိုးသောတောင်သူများ တွက်ချေကိုက်လျက်ရှိကာ မိသားစုပိုမိုဝင်ငွေရရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း