ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ် ၊ ရှမ်းစုကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် ပန်းဂေါ်ဖီ စိုက် ပျိုးဝင်ငွေတိုး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင်အနေဖြင့်လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ပန်းဂေါ်ဖီပင်ကို စိုက်ပျိုးကြပါသည်။

            ပန်းဂေါ်ဖီပင်စိုက်ပျိုးသည့်မျိုးမှာ Excel 900 မျိုးဖြစ်ပြီး မျိုးစေ့ကိုအရင်ပျိုးထားပြီး ပျိုးပင်သက် (၁)လအကြားတွင် စတင်စိုက်ပျိုးရပါသည်။ ပန်းဂေါ်ဖီပင်ကို နိုဝင်ဘာလတွင် စိုက်ပျိုးပြီး (၁)ပင်နှင့် (၁)ပင်ခြား လက်မ(၂၀)ခြား၍ စိုက်ပျိူးထားကာ မေလမှာ စတင်ခူးဆွတ်‌ရောင်းချရမည်ဖြစ်ပါသည်။ ပန်းဂေါ်ဖီပင်ကို တစ်ကျင်းလျှင် (၁)ပင်ခန့် စိုက်ပျိုးပြီး အပင်ရေ (၄၀၀၀) စိုက်ဧကအနေဖြင့် ဧကဝက် ဖြစ်ပြီး ယခုလိုပူပြင်လာသည့် ရာသီဥတုအနေအထားအရ (၇)ရက်လျှင်(၁)ကြိမ် ရေသွင်းခြင်း  သွင်းအားစုထည့်ခြင်းများ ‌ဆောင်ရွက်ရပြီး မျိူး‌စေ့ဖိုးမှအစ စိုက်ပျိုးမြေပြုပြင်ခြင်း၊ သွင်းအားစုထည့်ခြင်း၊ ရေပေးသွင်းခြင်းနှင့် အလုပ်သမားငှားရမ်းခြင်း စုစုပေါင်းကုန်ကျစရိတ်အ‌နေဖြင့် (၁၄)သိန်းခန့် ကုန်ကျကြောင်း အပင်အ‌ရေအတွက်(၄၀၀၀)ဖြစ်သည့်အတွက် အပွင့်(၄၀၀၀)ထွက်ရှိမည်ဖြစ်ပြီး (၁)ပွင့်လျှင် ပျမ်းမျှ(၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချရလျှင် သိန်း(၄၀)ခန့်ရရှိမည်ဖြစ်၍ အကျိုးအမြတ်အနေဖြင့်  ပန်းဂေါ်ဖီပင် ဧကဝက်စိုက်လျှင်သိန်း(၂၀)ကျော် အကျိုးအမြတ်ရရှိပြီး မိသားစုအတွက် စီးပွားဖြစ် မဟုတ်ပေမဲ့ စားဝတ်နေ‌ရေးအတွက် အထောက်အကူဖြစ်စေကြောင်း စိုက်ပျိုးသည့်တောင်သူ ဦးခိုင်ဇော်ထံမှသိရပါသည်။

             ၂၀၂၅ ခုနှစ်၊ ယခု မတ်လ ပထမအပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပန်းဂေါ်ဖီပွင့် ဈေးနှုန်းအနေဖြင့် ပန်းဂေါ်ဖီ အပွင့်ကြီး တစ်ပွင့်လျှင်(၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ အပွင့်လတ် တစ်ပွင့်လျှင် (၂၅၀၀)ကျပ်နှင့် ပန်းဂေါ်ဖီ အပွင့်သေး တစ်ပွင့်လျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိသော‌ကြောင့် ယခု ပန်းဂေါ်ဖီပွင့်ဈေးနှုန်းမျိုးဖြင့် ရောင်းချရလျှင် တွက်ခြေကိုက်ပြီး အကျိုးအမြတ်များသည့်အတွက် စိုက်ပျိုးသင့်ကြောင်း ပန်းဂေါ်ဖီပင်စိုက်ပျိုးသူမှ တိုက်တွန်းပြောကြား ချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်း ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်နေသော သီးနှံများ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျော်မှန်းချက်နှင့် အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း တင်း/ တန် စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

            ကန့်ဘလူပွဲရုံများအနေဖြင့် ဖေဖော်ဝါရီလအတွင်းပွဲရုံသို့ဝင်ရောက် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများ အဝင်/ အထွက် တင်းများ၏ အရောင်းအဝယ်ဖြစ်မှု အခြေအနေများမှာ ပဲစင်းငုံ(နီ)(၁၀၈၀၀)တင်း၊ ဈေးနှုန်းမှာ(၉၀၀၀၀)ကျပ်၊ ပဲစင်းငုံ(ဖြူ)(၂၇၃၀)တင်း ဈေးနှုန်းမှာ (၈၇၀၀၀)ကျပ်၊ မတ်ပဲ(၅၅၅)တင်း ဈေးနှုန်းမှာ(၈၇၅၀၀)ကျပ်၊ ပဲနီ(စွန်တာနီပဲ)(၁၂၇.၅)တင်း ဈေးနှုန်းမှာ (၉၁၀၀၀)ကျပ်၊ ပဲကြား(ပဲဇီးကွက်)(၂၄၄.၅)တင်း ဈေးနှုန်းမှာ(၉၂၀၀၀)ကျပ်၊ ပဲလွန်းဖြူ(၁၆၅)တင်း ဈေးနှုန်း မှာ(၈၇၀၀၀)ကျပ်၊ ကုလားပဲ v2(၁၂၀)တင်း ဈေးနှုန်း မှာ(၇၅၀၀၀)ကျပ်၊ 929(၅၄၇.၅)တင်း ဈေးနှုန်းမှာ (၇၂၀၀၀) ကျပ်၊ ထိုင်ဝမ်(၁၈၆)တင်း ဈေးနှုန်းမှာ(၆၉၅၀၀)ကျပ်၊ ဘိလပ်စေ့(၁၀၃၅)တင်း ဈေးနှုန်းမှာ (၈၀၀၀၀)ကျပ်၊ ဓေါပတ်ပဲ(၁၀၀.၅)တင်း ဈေးနှုန်းမှာ(၉၀၀၀၀)ကျပ်၊ နေကြာ(၁၄၁)တင်း ဈေးနှုန်းမှာ (၆၄၀၀၀)ကျပ် နှင့် ပြောင်းဆံ(၂၄၇.၅)တင်း ဈေးနှုန်းမှာ(၂၂၅၀၀)ကျပ် အသီးသီးပေါက်ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သထုံမြို့နယ်၌ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများထံသို့ စားသုံးဆီများ ရောင်းချပေး

           မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း၏ အစီအစဉ်ဖြင့် မွန်ပြည်နယ် ဆီကုန်သည်များအသင်းမှ ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို ရောင်းချပေးလျက်ရှိရာ (၅.၃.၂၀၂၅) ရက်နေ့၊ နံနက်ပိုင်းက သထုံမြို့နယ်၊ သိမ်ကုန်း ရပ်ကွက်နှင့် အောက်ကျင်းရပ်ကွက်တို့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

           စားသုံးဆီများရောင်းချပေးရာတွင် တစ်ပိဿာလျှင် (၇၆၆၁) ကျပ်ဖြင့် လူတစ်ဦးလျှင် ဆီတစ်ပိဿာကို သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်နှင့် အောက်ကျင်းရပ်ကွက်၊ မြို့မဈေးအနီးတို့၌ ရောင်းချပေးရာ စားသုံးသူပြည်သူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ဝယ်ယူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

           အဆိုပါနေ့တွင် စားသုံးသူပြည်သူတို့အား ဆီပိဿာချိန်ပေါင်း (၂၂၀) ရောင်းချပေးခဲ့ ကြောင်း၊ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် အဆင်ပြေစွာ အလွယ်တကူ ဝယ်ယူစားသုံးနိုင်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးရည်ရွယ်၍ ယခုကဲ့သို့ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချခြင်း

           ၅.၃.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မော်လမြိုင်စက်မှုလက်မှုသိပ္ပံကျောင်းနှင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ရွှေဘိုပေါ်ဆန်း (၆) ပြည်အိတ် တစ်အိတ်လျှင် (၃၆၅၀၀) ကျပ်၊ ဧည့်မထ(ဆန်) (၆) ပြည်အိတ် တစ်အိတ်လျှင် (၂၁၀၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၇၆၆၁) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၅၀) ကျပ်၊ အသား၊ ငါး၊ ငါးခြောက်များ၊ ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပခုက္ကူမြို့တွင် အရောင်းအဝယ်ဖြစ်နေသော (ကျွန်း)ပဲသီး ဈေးနှုန်းဈေးကွက်

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပခုက္ကူကျွန်း၊ ဘောလုံးခုံ၊ လေးလံကျွန်း၊ မြင်းကျွန်း၊ ကုက္ကိုလ်လှ၊ သင်္ဘောကုန်း၊ ရွာသစ်ကုန်း ကျေးရွာများတွင် (ကျွန်း)ပဲသီးကို သီးညှပ်စိုက်ပျိုးခြင်းအပြင် မြစ်ခြေ၊ ကမ္မမြို့တို့တွင် အဓိကစိုက်ပျိုးကြပါသည်။ ဒေသထွက်ပဲသီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ပခုက္ကူကုန်စိမ်းသီးနှံဈေးကွက်သို့ ကျွန်းပဲသီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး နေ့စဉ်ကုန်ချိန် ပိဿာ(၂၀၀၀)ခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ 

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ပဲသီးအရည်အသွေးနှင့် လတ်ဆတ်မှုပေါ်မူတည်၍ (ကျွန်း)ပဲသီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၁၅၀၀)ဈေးရှိပြီး ယခင် ဖေဖော်ဝါရီ (စတုတ္ထ ပတ်)တွင် ပဲသီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀ မှ ၁၂၀၀)ဖြစ်၍ ယခင် ဖေဖော်ဝါရီ (စတုတ္ထပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ပဲသီး တစ်ပိဿာလျှင် ကျပ်(၃၀၀-၅၀၀)ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဈေးကွက်သို့ ဒေသထွက်ပဲသီးများ ဝင်ရောက်မှုနည်းခြင်း ကြောင့် ဈေးတက်ကြောင်း ကုန်စိမ်းသီးနှံဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစဉ်းငုံနီများအရောင်းအဝယ်သွက်နေ

          ၂၀၂၅ ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ ပဲစဉ်းငုံနီများ လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်တွင်  ပဲစဉ်းငုံနီ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနှောက်၊ ပဲမျိုးစုံ၊ နှမ်းနှင့် မြေပဲများကို အဓိကစိုက်ပျိုးကြပါသည်။  ပခုက္ကူမြို့နယ်တွင် ကုန်းခြောက်တောများဖြစ်သည့် အရှေ့ချောက်ကန်၊ အနောက်ချောက်ကန်၊ မန်ကျည်းကိုးပင်၊ အင်ပင်ကျေးရွာများတွင် စိုက်ဧက (၂၀၀၀)ကျော်ရှိပြီး သီးညှပ်အဖြစ် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ သက်ကြီးမျိုးနှင့် သက်လတ်မျိုးဖြစ်ပြီး တစ်ဧကလျှင်  (၁၀) တင်းမှ (၁၅) တင်းအထိထွက်ရှိကြောင်းသိရသည်။

          ဈေးနှုန်းအနေဖြင့် မတ်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းမှာ တစ်တင်း လျှင် ကျပ်(၉၆၀၀၀)ဖြစ်ပြီး ဖေဖေါ်ဝါရီလ(စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ် (၉၄၅၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း တစ်တင်းလျှင်ကျပ် (၁၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ မတ်လ(ပထမပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီ ပိဿာ(၂၀)ဝင် အိတ်ရေမှာ (၅၀၀)မှ (၁၀၀၀)ထိ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်နှင့် မန္တလေးသို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့တွင် ဒေသထွက်ခရမ်းချဉ်သီးများ ဈေးဆက်လက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်

             မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများအပြင် ဒေသထွက် ခရမ်းချဉ်သီးများလည်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရသည်။ ဗမာခရမ်း ချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည် အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူ စားသုံးမှု နည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီးအထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ် ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရှိရသည်။

           ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ခရမ်းချဉ်သီးဈေး ဆက်လက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၃၅၀-၄၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၆၀၀-၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ တစ်ပတ်အတွင်း ခရမ်းချဉ်သီး တစ်ပိဿာ လျှင် ကျပ်(၃၀၀)ခန့် ဈေးကျဆင်းကြောင်း၊ ယခုရာသီတွင် ဒေသတွင်းစိုက်ခင်းများမှ ခရမ်းချဉ်သီး လှိုင်လှိုင်ထွက်ရှိ၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများခြင်းအပြင် အခြားကုန်စိမ်းသီးနှံများလည်း ကုန်ဝင်ရောက်မှုများခြင်းကြောင့် ဈေးကျဆင်းကြောင်း ပခုက္ကူမြို့ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မ‌ကွေး)

ဆိပ်ဖြူကြက်သွန်နီ မတ်လ(ပထမပတ်)တွင် ဈေးဆက်လက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိကသီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်တွင် နေ့စဉ်အ‌ရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ (ပထမပတ်)တွင် နွေကြက်သွန်နီပင်စိုက်များဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စိုက်ပျိုးမှုများသော ရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ ရေလယ်ကျွန်း၊ ပဒေသာကျွန်း၊ အောက်ဆိပ်ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှ ကုန်ချိန်ပိဿာ (၅)သောင်းခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေးကျပ် (၁၇၀၀-၁၅၀၀-၁၂၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၂၀၀-၁၉၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ တစ်ပတ်အတွင်း ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးကျဆင်းပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း အရောင်းအဝယ်ဖြစ်သော လက်လီဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၂၅၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ မတ်လ(ပထမပတ်)တွင် နွေကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သိန်းခွဲခန့်၊ တန်ချိန်အားဖြင့် (၄၀၈)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်တွင် ကုလားပဲသီးနှံ(အသစ်) စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်နေ

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခုဖေဖော်ဝါရီ(တတိယပတ်)၌ ပခုက္ကူမြို့ ပဲဈေးကွက်တွင် ဒေသတွင်းစိုက်ခင်းများမှ ကုလားပဲသီးနှံများ စတင်ရိတ်သိမ်းချိန်ဖြစ်၍ ဈေးကွက်သို့ ကုလားပဲ(အသစ်)များ စတင်ဝင်ရောက်ပြီး သီးနှံ(အသစ်) ပေါ်ချိန်ဖြစ်၍ ဈေးအနည်းငယ် ကျဆင်းအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပြည်တွင်းစားသုံးမှု မြင့်မားလျက်ရှိသော ကုလားပဲသီးနှံလည်း နေ့စဉ် ဈေးကွက်သို့ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ကုလားပဲသီးနှံ စိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်တွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ များနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ယခုအချိန်တွင် ကုလားပဲသီးနှံများ ရိတ်သိမ်းချိန်ဖြစ်၍ ဈေးကွက်သို့ ကုလားပဲ (အသစ်)များ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ကုလားပဲ(V2)(အသစ်) တစ်တင်းလျှင် ကျပ်(၇၂၀၀၀)၊ ကုလားပဲ(HL)(အသစ်)တစ်တင်းလျှင် ကျပ်(၇၃၃၀၀)၊ ကုလားပဲ(929)(အသစ်) တစ်တင်း လျှင် ကျပ်(၇၂၆၀၀)၊ ကုလားပဲ(929)(အ‌ဟောင်း) တစ်တင်းလျှင် ကျပ်(၇၃၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခင်ဖေဖော်ဝါရီ(ပထမပတ်)တွင် ကုလားပဲ(V2)(အသစ်) တစ်တင်းလျှင် ကျပ်(၇၇၀၀၀)၊ ကုလားပဲ (HL)(အသစ်)တစ်တင်းလျှင် ကျပ်(၇၇၀၀၀)၊ ကုလားပဲ(929)(အသစ်) တစ်တင်းလျှင် ကျပ်(၇၇၀၀၀)၊ ကုလားပဲ(929)(အ‌ဟောင်း)တစ်တင်းလျှင် ကျပ်(၈၀၀၀၀)ဖြစ်၍ ယခင်ဖေဖော်ဝါရီလ (ပထမပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက တစ်လအတွင်း ကုလားပဲတစ်တင်းလျှင် ကျပ်(၅၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ သီးနှံအသစ်ပေါ်ချိန်ဖြစ်၍ ဈေးကျဆင်းကြောင်း၊ ပခုက္ကူပွဲရုံ ဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်/ပဲမုန့် (အစိမ်း/အကျက်) ထုတ်လုပ်သောလုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ယခု အချိန် ပခုက္ကူပဲဈေးကွက်တွင် ကုလားပဲသီးနှံ အဟောင်းများအပြင် အသစ်များပါ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ဒေသတွင်း ဝယ်ယူသုံးစွဲမှုအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ကြောင်း၊ ကုလားပဲသီးနှံသည်ကျန်းမာရေးနှင့်ညီညွတ်ခြင်းကြောင့် ပြည်တွင်းစားသုံးမှု များ၍ အရောင်းအဝယ်သွက်ကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီမျိုးစေ့ အနှံယူစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ ရေလယ်ကျွန်း၊ အောက်ဆိပ်၊ ကူရှည်၊ ရွာမ၊ ရွာသာအေးအုပ်စုနှင့် အခြားနီစပ်ရာကျေးရွာများတွင် နှစ်စဉ် ကြက်သွန်နီ ဥစိုက်၊ ပင်စိုက်အပြင် မျိုးစေ့အနှံယူစိုက်ခင်းများကိုလည်း တပိုင်တနိုင်စိုက်ပျိုးခြင်းအပြင် ဒေသစီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ယခင်နှစ်များက မျိုးစေ့ယူစိုက်ခင်းများကို တောင်သူများအနေ ဖြင့် မိမိစိုက်ခင်းတွင် စိုက်ပျိုးရန် မျိုးအဖြစ်သာ စိုက်ပျိုးမှုများပြီး ယခုအခါတွင် ကြက်သွန်နီ ဈေးကွက် ခိုင်မာမှုရှိ၍ တောင်သူများမှ ကြက်သွန်နီသီးနှံသည် အကျိုးအမြတ်များစွာရရှိသော သီးနှံဖြစ်သော ကြောင့် မျိုးစေ့ယူစိုက်ခင်းများကိုလည်း တိုးချဲ့စိုက်ပျိုးလာကြောင်း သိရှိရသည်။

          ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်တွင် ကြက်သွန်နီ မျိုးစေ့အနှံယူစိုက်ဧက (၇၀)ခန့် စိုက်ပျိုးထား ကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်း၊ ကျွန်း၊ မြေမာများတွင် စိုက်ပျိုးကြောင်း၊ မျိုးစေ့အရည် အသွေးနှင့် မျိုးကောင်းမျိုးသန့် ကြက်သွန်နီကို စိုက်ပျိုးကြောင်း၊ ဒီဇင်ဘာလဆန်းပိုင်းတွင် စတင် စိုက်ပျိုး၍ ဖေဖော်ဝါရီလကုန် မတ်လတွင် ပွင့်နှံများဆွတ်ခူးပြီး အပြီးရိတ်သိမ်းကြောင်း၊ တစ်ဧကလျှင် ကြက်သွန်နီမျိုးဥ အရွယ်အစားလိုက်၍ ပိဿာချိန် (၃၅၀-၄၀၀)ထိစိုက်ပျိုးရပြီး တစ်ပိဿာလျှင် ကျပ် (၃၀၀၀)ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ကြက်သွန်နီမျိုးစေ့ အထွက်တင်း(၄-၅)တင်းထွက်ရှိပြီး ကုန်ကျစရိတ်မှာ ကျပ် သိန်း(၄၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် ကြက်သွန်နီမျိုးစေ့ ရောင်းချချိန် ဈေးကွက်ကောင်း၍ စိုက်တောင်သူများ အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ကြက်သွန်နီမျိုးစေ့များကို တောင်သူများမှ ရောင်းချရာတွင် မျိုးစေ့(၁)ပြည် လျှင် ၂၀၂၂ ခုနှစ်တွင် ကျပ်(၂၅၀၀၀-၃၀၀၀၀)၊ ၂၀၂၃ ခုနှစ်တွင် ကျပ်(၄၀၀၀၀-၅၀၀၀၀)၊ ၂၀၂၄ ခုနှစ် တွင် ကျပ်(၁၀၀၀၀၀-၁၃၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်နှစ် ကြက်သွန်နီမျိုးစေ့ ရောင်းချချိန်တွင် ကြက်သွန်နီဈေးကွက် ပြည်ပဝယ်လိုအား ကောင်းခြင်းကြောင့် ကြက်သွန်နီ တစ်ပိဿာ လျှင် ကျပ်(၂၅၀၀-၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ကြက်သွန်နီမျိုးစေ့ ဈေးကွက်မှာလည်း စံချိန် တင်သည်အထိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်သိန်း(၉၀)ခန့် ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း စိုက်တောင်သူများမှ ထွက်ရှိသောမျိုးစေ့များ ရောင်းချချိန်တွင် ကြက်သွန်နီဈေးကွက် ခိုင်မာပြီး မျိုးစေ့ဈေးနှုန်းကောင်းမွန်ပါက ယခင်နှစ်ကဲ့သို့ အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့မှထွက်ရှိသော ကြက်သွန်နီမျိုးစေ့များကို ဒေသတွင်း ရောင်းချမှုအပြင် ပွင့်ဖြူ၊ စလင်း၊ တညောင်၊ တောင်တွင်းကြီး၊ ချောက်မြို့နယ်အတွင်းရှိ စိုက်တောင်သူ များမှ လာရောက်ဝယ်ယူကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

          ကြက်သွန်နီမျိုးစေ့များကို သီးနှံရိတ်သိမ်းပြီး (၇)လခန့်အကြာမှသာ ရောင်းချရခြင်းဖြစ်၍ မျိုးစေ့များ အလေအလွင့်မရှိအောင် စနစ်တကျသိမ်းဆည်းရကြောင်း၊ မျိုးစေ့သိမ်းဆည်းရာတွင် ပီနံအိတ်အထပ်ထပ်ဖြင့် ထုတ်ပိုးပြီး ပလပ်စတစ်ပုံး၊ သံပုံးများဖြင့် လေလုံအောင်ထားရှိပြီး သိမ်းဆည်းကြောင်း၊ လေထဲတွင် ရေငွေ့ဓါတ်ပါရှိခြင်းကြောင့် လေလုံအောင် သိမ်းဆည်းကြောင်း၊ လေဝင်ပါက မျိုးစေ့များတွင် အစိုဓါတ်ရရှိပြီး နောင်နှစ်စိုက်ပျိုးရာသီချိန်တွင် မျိုးစေ့ကျဲပက်စိုက်ပျိုးပါက အပင်ပေါက် မစုံလင်ခြင်းဖြစ်ပေါ်၍ သီးနှံအထွက်နှုန်းနည်းခြင်းကြောင့် စိုက်တောင်သူများမှ မျိုးစေ့များကို ဂရုတစိုက် သိမ်းဆည်းကြောင်း သိရှိရသည်။ ကြက်သွန်နီသီးနှံသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားဈေးကွက် ကောင်းမွန်ခြင်းကြောင့် စိုက်တောင်သူများအတွက် အကျိုးအမြတ်ရရှိသော သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီဈေးကွက်ခိုင်မာခြင်းကြောင့် မျိုးစေ့အနှံယူ စိုက်တောင်သူများမှာလည်း ဈေးကောင်းရရှိ၍ အကျိုးအမြတ်များစွာ ရရှိခြင်းကြောင့် နှစ်စဉ်မပြတ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း