ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့၏ သစ်သီးဝလံဈေးနှုန်းများ

    ပခုက္ကူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ပျားလိမ္မော်၊ လိမ္မော်သီး၊ စပျစ်သီးများမှာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀)အထက် အရောင်းရှိနေကြောင်း ဆိုင်ရှင်များ၏ပြောကြားချက်အရ သိရှိရပါသည်။

    သရက်သီးမှည့်များလည်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပြီး စိန်တလုံး၊ မချစ်စု၊ ရင်ကွဲ၊ စိမ်းစားသီးမျိုးစုံရောင်းချလျက်ရှိရာ စိန်တလုံးသရက်သီးများမှာ အရွယ်အစားကိုလိုက်၍  တစ်လုံးလျှင် ကျပ်(၃၀၀၊ ၄၀၀၊ ၇၀၀)ရှိပြီး မချစ်စုအမှည့်တစ်လုံးလျှင် ကျပ်(၂၅၀)၊ ရင်ကွဲသီးတစ်လုံးလျှင် ကျပ်(၂၅၀)ရှိပြီး တခြားသီးနှံများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပန်းသီးတစ်လုံးလျှင် ကျပ်(၅၀၀)၊ စပျစ်သီးအစိတ်သားလျှင် ကျပ်(၁၃၀၀၊ ၁၅၀၀)၊ ကြက်မောက်သီး တစ်လုံးလျှင် ကျပ်(၂၀၀)၊ လေချူသီးတစ်တွဲလျှင် ကျပ်(၁၅၀၀)၊ ဖရဲသီးတစ်လုံးလျှင် အရွယ်အစားကိုလိုက်၍ ကျပ်(၁၂၀၀ - ၅၀၀၀)၊ ပျားလိမ္မော်တစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ သင်္ဘောသီးတစ်လုံးလျှင် ကျပ်(၁၀၀၀ - ၁၅၀၀)၊ သခွားသီးတစ်လုံးလျှင် ကျပ်(၁၂၀၀)၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် ကျပ်(၁၀၀၀ -  ၁၂၀၀)၊ ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင် ကျပ်(၁၂၀၀ - ၁၅၀၀)၊ ပန်းသစ်တော်တစ်လုံးလျှင် ကျပ်(၂၀၀၀ - ၃၀၀၀) နှင့် မာလကာသီးတစ်လုံးလျှင် ကျပ်(၂၀၀ - ၃၀၀) အသီးသီးရှိပြီး  ရောင်းချနေသောသီးနှံများအား မန္တလေးပွဲရုံများမှ တိုက်ရိုက်မှာယူကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၏ ၂၀၂၃ခုနှစ်၊ မေလအတွင်း စက်သုံးဆီစျေးနှုန်းအခြေအ‌နေ

    မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

      မကွေးမြို့ပေါ်၌ စက်သုံးဆီဆိုင်(၂၁)ဆိုင်ရှိရာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိကြပြီး ၂၀၂၃ခုနှစ်၊ ဧပြီလ၊ စတုတ္ထအပတ်နှင့် မေလ၊ ပထမအပတ်တို့၌ စက်သုံးဆီစျေးနှုန်းများမှာ ဓာတ်ဆီ (92) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၁၉၂၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၉၂၅)၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၁၈၅၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၈၈၀)ဖြစ်၍ ကျပ်(၂၅)စျေးမြင့်လာခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၁၉၃၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၉၆၀)ဖြစ်၍ ကျပ်(၂၅)စျေးမြင့်လာခဲ့ကြောင်း၊ ဓာတ်ဆီ (၉၅) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၁၉၉၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၀၁၅)ဖြစ်၍ ကျပ်(၂၀)ခန့် စျေးနှုန်းအသီးသီးတက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

 

အညာမြေမှ ဆီးသီးဈေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီးအတွင်း၌ ထန်းပင်၊ မန်ကျည်းပင်၊ တမာပင်နှင့် ဆီးပင်ကဲ့သို့သောသီးနှံပင်များမှာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်ပြန့်ပွားခြင်းကြောင့်လည်းကောင်း၊ လူတို့စိုက်ပျိုးခြင်းကြောင့်လည်းကောင်း နေရာအနှံ့အပြားတွင် ဖြစ်ထွန်းလျက်ရှိပါသည်။ ပခုက္ကူခရိုင်နှင့် မကွေးခရိုင်တို့သည် ဆီးစိုက်ဧကအများဆုံးဖြစ်ကြောင်း သိရှိရပါသည်။

    ဆီးသီးများအား အလုံးအတိုင်း စားသုံးရန်အတွက်သော်လည်းကောင်း၊ တင်ပို့ရောင်းချရန်အတွက်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိပါသည်။ ဆီးရိုင်းပင်များသည် သဲနုန်းမြေ၊ ကိုင်းမြေရင့်၊ ယာမြေများတွင်ပေါက်ရောက်ပြီး တစ်ဧကလျှင် အပင်(၇၀)ဝင်ဆံ့ကြောင်း သိရပါသည်။ ဆီးသီးပင်သည် နှစ်စဉ် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်ဖူးပွင့်၍ ရက်ပေါင်း(၉၀)အကြာ ဒီဇင်ဘာလတွင် သီးကင်းများစုံညီကာ ဖေဖော်ဝါရီလမှစတင်၍ အများဆုံးရင့်မှည့်ပါသည်။ ဆီးပင်သက်(၃)နှစ်သားအရွယ်တွင် အသီးစတင်သီးပြီး (၅)နှစ်သားအရွယ်တွင် သီးအားအကောင်းဆုံးဖြစ်ပါသည်။ မိုးနှောင်းရာသီ၊ မိုးနည်းချိန်တွင် သီးပွင့်ဖြစ်ထွန်းမှုကောင်းမွန်ပါသည်။ ဆီးသီး(သီးစို)များကို မိုးမကျမီ နေပြင်းပြင်းနှင့်ခြောက်သွေ့အောင်လှန်းပြီး ကုန်လှောင်ရုံများအတွင်း ထည့်သွင်းသိုလှောင်ကြပါသည်။ ဆီးသီးရောင်းဝယ်ပြုလုပ်ကြရာတွင် ဒေသခံဆီးခြံပိုင်ရှင်များက ဆီးခွဲစက်၊ ဆီးသီးကုန်သည်များထံသို့ရောင်းချခြင်း၊ ဆီးခွဲစက်များမှ ဆီးဆံအဖြစ်ထုတ်လုပ်၍ မန္တလေးမြို့သို့တင်ပို့ရောင်းချခြင်းနှင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံသို့ ဆီးသီးအလုံးအတိုင်း တင်ပို့ရောင်းချခြင်းများပြုလုပ်ကြကြောင်း လေ့လာသိရှိရပါသည်။ ဆီးသီး(အစို)တစ်တင်းအား အခြောက်လှန်းပါက (၁၀/၁၂)ပြည်ကျန်ရှိကြောင်း သိရပါသည်။ ဆီးသီးခြောက်များကို ဆီးခွဲစက်များသို့ ကုန်ကြမ်းအဖြစ်လည်းကောင်း တင်ပို့လျက်ရှိပြီး ဆီးသီးကုန်သည်များမှာ မိမိတို့ရွေးချယ်သန့်စင်ရရှိသော အလုံးကောင်းသောဆီးသီးများကို ရန်ကုန်၊ မန္တလေးမြို့များရှိ ဆီးယို၊ ဆီးဖျော်ရည်လုပ်ငန်းကြီးများအတွက် ဒေသတွင်း တင်ပို့ရောင်းချခြင်းများရှိသည့်အပြင် ပြည်ပတင်ပို့ရောင်းချခြင်းများလည်းရှိကြောင်း သိရပါသည်။

      ပခုက္ကူခရိုင်တွင်မူ ဆီးသီးများကို ဆီးဖျော်ရည်၊ ချင်းဆီးပြား၊ ဆီးတော်ဖီ၊ ဆီးယို၊ ဆီးပေါင်း၊ ဆီးငံစေ့ စသည့် သားရေစာအဖြစ်စားသုံးနိုင်သည့် အသေးစား အိမ်တွင်းစီးပွားရေးအဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ယခုနှစ်တွင် ဆီးသီးအခြောက်တစ်တင်းလျှင် ကျပ်(၁၃၀၀၀-၁၄၀၀၀)၊ ဆီးဆံတစ်ပိဿာလျှင် ကျပ်(၆၀၀၀၀-၆၄၀၀၀)ဈေးရရှိနေသည်ကိုတွေ့ရှိရပြီး ဆီးဆံဈေးနှုန်းမှာ တက်ဈေးဖြင့်သာ ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ ဆီးခွဲစက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

         

မင်းဘူးခရိုင်အတွင်း စားသုံးဆီဖူလုံရေးအတွက် နွေနှမ်းများစိုက်ပျိုးလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ယခုနှစ် နွေရာသီကာလ၌ စားသုံးဆီဖူလုံရေးအတွက် မင်းဘူးမြို့နယ်တွင် (၁၂၈၅၉) ဧက၊ ပွင့်ဖြူမြို့နယ်တွင် (၄၈၀၇၈) ဧက၊ ငဖဲမြို့နယ်တွင် (၇၇၅) ဧက၊ စလင်းမြို့နယ်တွင် (၂၈၈၄) ဧက၊ စေတုတ္တရာမြို့နယ်တွင် (၆၄၄) ဧက၊ စုစုပေါင်းနွေနှမ်းစိုက်ဧကပေါင်း (၉၁၂၀၂) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

     နွေနှမ်းစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေများကို ဆည်/တမံရေ/လျှပ်စစ်မြစ်ရေတင်/မြေအောက်ရေတို့ဖြင့် စိုက်ပျိုးကြပြီး အပူဒဏ်ခံနိုင်ရည်ရှိသောနှမ်းမျိုးများဖြစ်သည့် စမုံနက်နှမ်းမျိုး၊ ဆင်းရတနာ (၃) နှမ်းမျိုးများကို အဓိကစိုက်ပျိုးကြကြောင်း၊ အပူချိန်ပြင်းထန်သည့်အတွက် တောင်သူအများစုသည် စိုက်ပျိုးရေလိုအပ်ချက်နည်းပြီး ရက်တိုတိုနှင့်စိုက်ပျိုး၍ အထွက်နှုန်းကောင်းသည့်နှမ်းမျိုးများကိုစိုက်ပျိုးကြကြောင်း၊ နွေစပါး(၁)ဧကစိုက်ပျိုးရေလိုအပ်ချက်သည် နွေနှမ်း(၃)ဧကစိုက်ပျိုးရေလိုအပ်ချက်နှင့်တူညီမှုရှိကြောင်း၊ ယခင်နှစ်တွင် နွေစပါးကိုအဓိကစိုက်ပျိုးကြပြီး ယခုနှစ်တွင် စိုက်ပျိုးစရိတ်သက်သာပြီး ဈေးကောင်းရရှိသည့်နွေနှမ်းသီးနှံကို ပြောင်းလဲစိုက်ပျိုးကြကြောင်း၊ ဧပြီလဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လတွင် ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ နှမ်း(၁)ဧက စိုက်ပျိုးလျှင် နှမ်းမျိုးစေ့ (၃) ပြည်ကြဲပက်စိုက်ပျိုးရပြီး နှမ်း(၁)ဧကတွင် (၁၅ မှ ၂၀) တင်းအထိထွက်ရှိကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် ကျပ်(၂၀၀၀၀၀) ခန့်ကုန်ကျပါကြောင်း နွေနှမ်းစိုက်တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

မိတ္ထီလာစျေးကွက်တွင် မေလဆန်း၌ ကြက်သွန်နီစျေးမြင့်ခဲ့

     မိတ္ထီလာခရိုင်တွင် ကြက်သွန်နီစျေးမှာ ယခင်တစ်ပတ် မေလဆန်းက တစ်ပိဿာ ၂၂၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ မြဝတီနှင့် မူဆယ်တို့မှ အဝယ်လိုက်သဖြင့် စျေးမြင့်ခဲ့ခြင်း ဖြစ်သည်။ မြဝတီမှ တစ်ကြိမ်လျှင် (၁၂) ဘီးကား (၁၀)စီးခန့်နှင့် မူဆယ်မှ တစ်ကြိမ်လျှင် တွဲကား (၅) စီး ဝန်းကျင်အဝယ်လိုက်လေ့ရှိပါသည်။ ယခုတစ်ပတ်တွင် ရာသီဥတုအခြေအနေအရ တင်ပို့မှုနည်းခြင်းတို့ ကြောင့်လည်းကောင်း၊ ရန်ကုန်အဝယ်အေးခြင်းကြောင့်လည်းကောင်း၊ စျေးနှုန်းအနည်းငယ်ပြန်အေး လာရာ နယ်စျေးမှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ရှိကြောင်း စျေးကွက်မှသိရသည်။ မေလ(ဒုတိယပတ်)တွင် နယ်ဝေးတင်ပို့မှုမှာ ရန်ကုန်သို့ အခြားကုန်များနှင့် ရော၍ (၁၂) ဘီးကား (၁) စီးလျှင် ကုန်ချိန် ပိဿာ (၂၀၀၀/၃၀၀၀) ကို ကား(၃) စီးဖြင့် ပဲခူးသို့ ကုန်ချိန် (၆၀၀၀) ပိဿာကျော်ပါ (၆) ဘီးကား (၃) စီးဖြင့် တင်ပို့ခဲ့ပြီး မြဝတီနှင့်မူဆယ်သို့ တင်ပို့ရန်ကျန်ကုန်များသာ တင်ပို့ကြောင်း သိရသည်။

DOCA(မန္တလေး)

ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာများ၌ သရက်ချဉ်လုပ်ငန်းဖြင့် အလုပ်အကိုင်အဆင်ပြေလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိကျေးရွာများ၌ သရက်သီးများလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ သရက်ချဉ်လုပ်ငန်းကို အိမ်တွင်းစီးပွားရေးလုပ်ငန်းအနေဖြင့်လုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

     ယခုနှစ်တွင် သရက်သီးစိမ်းများကို အလုံး(၁၀၀)လျှင် ကျပ်(၂၀၀၀ မှ၂၅၀၀)ဖြင့်ဝယ်ယူရပါကြောင်း၊ ပထမဦးစွာ သရက်ချဉ်ပြုလုပ်ရန် သရက်သီးကိုဂျစ်နှင့်ခြစ်ရပြီး အချဉ်ထည့်ရကြောင်း၊ သရက်သီးဂျစ်ခြစ်ခအနေဖြင့် သရက်သီးစိမ်း(၁)တင်းလျှင် လုပ်အားခ ကျပ်(၃၀၀၀ မှ ၃၅၀၀)ထိပေးရကြောင်း၊ အလုပ်သမားတစ်ဦးလျှင် သရက်သီး (၅)တင်းမှ (၇)တင်းထိခြစ်နိုင်ကြောင်း၊ ဂျစ်ခြစ်ထားသောသရက်သီးအသားများကို ရေနှင့်ဆေးကြောပြီး ဆားရည်ဖြင့် (၂)ရက်ခန့်စိမ်ထားရကြောင်း၊ ထို့နောက် သရက်သီးအသားများကိုဆားရည်စိမ်ပြီး ဆယ်ယူရေစစ်၍ ပိဿာ(၅၀)ဆံ့ စဉ့်အိုးကြီးများနှင့် ထည့်သိပ်ထားရကြောင်း၊ သိပ်ထားပြီး ရက်(၃၀)အကြာတွင် ဖော်ကာရောင်းချနိုင်ပါကြောင်း၊ လက်ရှိအချိန်တွင် သရက်ချဉ်(၁)ပိဿာလျှင် ကျပ်(၆၀၀၀)ခန့်ရောင်းချရပါကြောင်း၊ သရက်ချဉ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးလျှင် ပိဿာ(၅၀)ဆံ့ စဉ့်အိုးကြီးများဖြင့် စဉ့်အိုးအလုံး(၅၀ မှ ၁၀၀)ဝန်းကျင်အထိ အချဉ်ထည့်ထားပြီး‌ရောင်းချရပါကြောင်း၊ ဝါတွင်းကာလအလှူပွဲများတွင် ပိုမိုရောင်းချရပြီး အဆင်ပြေလျက်ရှိကြောင်း ရှောက်တောကျေးရွာနေ သရက်ချဉ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရှိရပါသည်။

          ပွင့်ဖြူမြို့နယ်သည် မြေဩဇာထက်သန်ပြီး ရေမြေရာသီဥတုကောင်းမွန်၍ ဥယျာဉ်ခြံမြေများတွင် သရက်ပင်များပေါများပေါက်ရောက်သည့်အတွက် သရက်သီးလှိုင်လှိုင်ပေါ်ချိန်ကာလများ၌ သရက်ချဉ်လုပ်ငန်းလုပ်ကိုင်ကြပြီး မကွေး၊ မင်းဘူး၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများထိ တင်ပို့ရောင်းချလျက်ရှိသောကြောင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းအခြေအနေ

    မေလ(ဒုတိယပတ်)အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းအခြေအနေများမှာ နှမ်းဆီ တစ်ပိဿာလျှင် (၁၀၀၀၀-၁၃၀၀၀) ကျပ်၊ မြေပဲဆီ  တစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၅၅၀-၂၆၀၀) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် (၃၂၀၀-၃၂၅၀)ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၈၅၀-၁၉၀၀) ကျပ်၊ ကုလားပဲ v2 တစ်တင်းလျှင် (၇၂၀၀၀-၇၃၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၄၀၀၀-၈၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်၊ ပဲစဉ်းငုံသစ် တစ်တင်းလျှင် (၇၆၀၀၀-၇၈၀၀၀) ကျပ်၊ မကျီးတောင့် တစ်ပိဿာလျှင် (၈၅၀-၉၀၀) ကျပ်၊ ဝါ တစ်ပိဿာလျှင် (၂၈၀၀-၃၀၀၀) ကျပ်၊ ငရုတ် တစ်ပိဿာလျှင် (၁၁၀၀၀-၁၂၀၀၀) ကျပ် နှင့် ကြက်သွန်နီ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်နှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း မိတ္ထီလာကုန်စည်ဒိုင်မှ သိရပါသည်။

DOCA(မန္တလေး)

မြေအောက်ရေဖြင့်စိုက်ပျိုးသော တိုင်ထောင်ခရမ်းချဉ်သီးများဈေးကောင်းရရှိနေ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်း မြေအောက်ရေဖြင့်စိုက်ပျိုးသော တိုင်ထောင်ခရမ်းချဉ်သီးများမှာ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ခရမ်းချဉ်သီးစိုက်ပျိုးသောတောင်သူတစ်ဦးထံမှ သိရှိရပါသည်။

   တိုင်ထောင်ခရမ်းချဉ်သီးမျိုးကို အပင်(၅၀၀၀)စိုက်ပျိုးထားရှိပြီး (၂)ရက်လျှင် တစ်ကြိမ်ခူးဆွတ်ရ၍ တစ်ကြိမ်လျှင် ပိဿာ(၂၀၀)ခန့်ခူးဆွတ်ရကြောင်း၊ ဆောင်းရာသီခရမ်းချဉ်သီးပေါ်စတွင် (၁)ပိဿာလျှင် ကျပ်(၈၀၀ မှ ၁၀၀၀)ထိ‌ဈေးရရှိခဲ့ပြီး ခရမ်ချဉ်သီးလှိုင်လှိုင်ထွက်ရှိချိန်တွင် (၁)ပိဿာလျှင် ကျပ်(၄၀၀ မှ ၅၀၀)ဝန်းကျင်သာဈေးရှိခဲ့၍ အကျိုးအမြတ်ရရှိမှုနည်းခဲ့ကြောင်း၊ ယခုနွေရာသီကာလတွင် မြေအောက်ရေဖြင့်ရေသွင်း၍ စိုက်ပျိုးသောခရမ်းချဉ်သီးများထွက်ရှိချိန်တွင် (၁)ပိဿာလျှင် (၁၃၀၀ မှ ၁၅၀၀)ထိရောင်းချရကြောင်း၊ ထွက်ရှိသောခရမ်းချဉ်သီးများကို ပွဲရုံများတွင် ဖောက်သည်ပေးရပြီး အလုံးကြီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀)နှင့် အလုံးသေး(၁)ပိဿာလျှင် ကျပ်(၁၃၀၀)ဖြင့်ရောင်းချရကြောင်း၊ နွေကာလတွင်  ရှမ်းပြည်နယ်မှ ခရမ်းချဉ်သီးအဝင်နည်း၍ ဒေသစုံစိုက်ပျိုးမှုနည်းသည့်အတွက် ယခုနှစ်သီးနှံထွက်ရှိချိန်၌ ခရမ်းချဉ်သီးစိုက်ပျိုးသောတောင်သူများမှာ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း ရေမြက်ကျေးရွာနေ ခရမ်းချဉ်သီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

“အစောစိုက်ပဲတီစိမ်းများစျေးကောင်းရ”

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း စိုက်ဧက(၉၅၉၈)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်(၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၁၉၀၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၉)ဧက ၊မြစ်သားမြို့နယ်တွင်(၁၆၁၅)ဧက၊ စုစုပေါင်း(၆၄၅၈) ဧကစိုက်ပျိုးပြီးစီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ပဲတီစိမ်းကိုမျိုးအနေဖြင့် ကျောက်စိမ်း၊ရေးဆင်း(၁၁)မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ ပဲတီစိမ်းကို မတ်လဆန်းမှစ၍ စတင်စိုက်ပျိုးခဲ့ရာ ယခုမေလဆန်းတွင် ပဲတီစိမ်းများစတင်ခူးဆွတ်လျက်ရှိပြီး အချို့ပဲတီစိမ်းသည် မျိုးပေါ်မူတည်၍ ရက်ပေါင်း(၆၀)မှ(၈၀)ကြားတွင် စတင်ခူးဆွတ်ရပါသည်။ ပဲတီစိမ်းကို အရောင်မဲ၍ ရင့်မှည့်သောအချိန်တွင် စတင်ခူးဆွတ်ရကြောင်း ၊ ယခုအပတ်အတွင်း မိုးရွာသွန်းသောကြောင့် ပဲတီစိမ်း စိုက်ခင်းများတွင် အသီးအပွင့်များဝေဝေဆာဆာဖြင့် ကောင်းမွန်ဖြစ်ထွန်းလျက်ရှိပါသည် ။ ပဲတီစိမ်းစိုက်ပျိုးမှုအနေဖြင့် သွင်းအားစုများအပါအဝင် (၁)ဧကလျှင် (၃၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့်(၁၀-၁၂)တင်းအထိ ထွက်ရှိပါသည် ။ ပဲတီစိမ်းစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် (၁)တင်းလျှင် (၅၂၀၀၀/-)ကျပ်စျေးနှုန်းရှိပြီး ယခုနှစ် ပဲတီစိမ်းအသစ်(၁)တင်း စျေးနှုန်း မှာ(၆၄၅၀၀/-)ကျပ်စျေးနှုန်းများဖြင့် ကျောက်ဆည်ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည် ။ (၁)ဧကအကျိုးအမြတ်အနေဖြင့် အထွက်(၁၀)တင်းဖြင့်တွက်ချက်လျှင်(၃၄၅၀၀၀/-) ကျပ်ရရှိကြောင်း တောင်သူများ ယခုနှစ် ပေါ်ဦးပေါ်စတွင် ပဲတီစိမ်းများ စျေးကောင်းရရှိသဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

မကွေးတိုင်းဒေသကြီး၊ အညာမြေဒေသ၌ သောက်ရေအိုး(မြေအိုး)လေးများ အရောင်းအဝယ်ကောင်းနေ

    ရှေးယခင်မှ ယခုတိုင် နွေရာသီကာလရောက်ပြီဆိုလျှင် သောက်ရေအိုးအသစ်လေးများကိုဝယ်ယူသောက်သုံးကြကာ သောက်ရေအိုးလေးအား အေးမြစေရန် ရေစိုအဝတ်လေးပတ်ပြီး သောက်သုံးကြသည်မှာ ယနေ့တိုင် ကျေးရွာတော်တော်များများတွင် တွေ့မြင်နေရပြီး နေပူပူကပြန်လာပြီး  သောက်ရေအိုးလေးထဲမှ ရေအေးအေးလေးကို သောက်လိုက်ရခြင်းဖြင့် အမောများပြေစေနိုင်ပါသည်။

     မကွေးတိုင်းဒေသကြီး၊ အညာမြေဒေသ၌ နွေရာသီကာလအပူချိန်များပြင်းထန်နေသဖြင့် သောက်ရေအတွက် ရှေးယခင်ကပင်အသုံးပြုခဲ့သည့် သောက်ရေအိုး(မြေအိုး)လေးများအဝယ်လိုက်ကာ အရောင်းအဝယ်ကောင်းနေကြောင်းကို သောက်ရေအိုးရောင်းချသူများထံမှ သိရှိရပါသည်။ နွေရာသီကာလ၏ ယခုကဲ့သို့ နေ့အပူချိန်တွေပြင်းသည့်ကာလတွင် သောက်ရေအတွက် သောက်ရေအိုး(မြေအိုး)လေးများစွာရောင်းရပါကြောင်း၊  မိမိ၏ဆိုင်တွင် မင်းဘူးမြို့နယ်၊ ရွာသာယာ‌ကျေးရွာမှထွက်ရှိသောအိုးများနှင့် မကွေးမြို့နယ်၊ ကုက္ကိုလ်ခွကျေးရွာမှထွက်ရှိသည့်မြေအိုးများကို မှာယူရောင်းချလျက်ရှိပါကြောင်း၊ ၎င်းအိုးများအနက် မင်းဘူးမြို့နယ်၊ ရွာသာယာကျေးရွာမှထွက်ရှိသော သောက်ရေအိုး(မြေအိုး)မှာ ဒေသအကြိုက်အိုးဖြစ်ပါကြောင်း၊  ရွာသာယာကျေးရွာထွက် ပြာသိုအိုးမှာ ပြာသိုလ၌ ဖုတ်သည့်အိုးဖြစ်ပြီး တစ်နှစ်ပတ်လုံး အေးမြနေသည့်သောက်ရေအိုးမှာ ကျွန်တော်တို့ဒေသတွင်မူ နာမည်ကျော်မြေအိုးဖြစ်ပါကြောင်း၊ ထိုမြေအိုးများကို  နွေမတိုင်ခင် ကြိုတင်မှာယူပြီး သိုလှောင်ထားကာ ယခုချိန်၌ ပြန်လည်ရောင်းချရပါကြောင်း မင်းဘူးမြို့၊ သောက်ရေးအိုးအရောင်းဆိုင်ရှင်တစ်ဦးက ပြောကြားလာပါသည်။  

   မင်းဘူးမြို့နယ်၊ ရွာသာယာကျေးရွာထွက် သောက်‌ရေအိုး(မြေအိုး)ကျောက်အိုးကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ်၊ ကျောက်အိုးလတ်တစ်လုံးလျှင် (၁၃၀၀)ကျပ်၊ ကျောက်အိုးသေးတစ်လုံးလျှင် (၇၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး မကွေးမြို့နယ်၊ ကုက္ကိုလ်ခွကျေးရွာထွက် သောက်ရေအိုးကြီးတစ်လုံးလျှင် (၂၆၀၀)ကျပ်၊ သောက်ရေအိုးလတ်တစ်လုံးလျှင် (၁၈၀၀)ကျပ်၊ သောက်ရေအိုးသေးတစ်လုံးလျှင် (၁၂၀၀)ကျပ်တို့ဖြင့် ရောင်းချနေပါကြောင်း၊  ရွာသာယာကျေးရွာထွက် သောက်ရေအိုးများသည် အိုးသားပါးပြီး ကျောက်အိုးလေးများဖြစ်သည့်အတွက် ယခုလိုနွေရာသီကာလဆိုလျှင် လွန်စွာအေးမြပါကြောင်း၊  ယခုရက်ပိုင်းတွေဆိုလျှင် တစ်ရက်ကို သောက်ရေအိုးအလုံး(၅၀)ကျော်လောက် ရောင်းချနေရပါကြောင်း သိရှိရပါသည်။

     နွေကာလရောက်ပြီဆိုလျှင် သောက်ရေအိုးလေးများကိုဝယ်ယူကာ အိုးသစ်နဲ့အိုးဟောင်းလဲလှယ်ပြီး သောက်သုံးကြကြောင်း၊ လယ်ထဲ၊ ယာထဲမှပြန်လာ၍ မောမောပန်းပန်းရှိချိန်၌ သောက်ရေအိုးလေးထဲမှ ရေ‌လေးသောက်လိုက်ရလျှင် အမောပြေစေကြောင်း၊ တောသူတောင်သားတို့အနေဖြင့် လယ်ထဲ၊ ယာထဲသို့အလုပ်သွားလျှင် သောက်ရေအိုးလေးကို ရေစိုအဝတ်နှင့်ပတ်ပြီးသယ်သွားကြကြောင်း၊ နွေရာသီကာလဆိုလျှင် တောသူ/တောင်သားများအဖို့  ရေအိုးထဲမှ ရေအေးအေးလေးကိုထန်းလျက်လေးနှင့်တွဲ၍သောက်သုံးခြင်းဖြင့် ဘဝအမော၊ သောကအမောများပြေပျောက်သွားစေပါကြောင်း၊ သဘာဝမြေအိုးထဲမှရေသည် အေးမြစေသည့်ရေဖြစ်၍ ရေခဲသေတ္တာထဲမှ ရေထက်ဘေးကင်း၍ အမောပန်းများပြေစေပါကြောင်း သိရှိရပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း