ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဂေါ်ဖီထုပ် ဈေးနှုန်း/ ဈေးကွက် အခြေအ‌နေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ  မှာယူရောင်းချကြပါသည်။ ဂေါ်ဖီထုပ် ဈေးနှုန်းမှာ နိုဝင်ဘာလအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး (၁၀၀၀) ကျပ်၊ အသေး(၇၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါ အောက်တိုဘာလတွင် ဂေါ်ဖီတစ်ထုပ်လျှင် အကြီး (၈၅၀) ကျပ် ၊ အသေး (၆၀၀) ကျပ် ဈေးရှိခဲ့ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလနှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၁၅၀) ကျပ်၊ အသေး(၁၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း မုံရွာမြို့ ၊ ကန်သာယာဈေးရှိ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် အာတာလွတ်ဥများ အရောင်းအဝယ်ဖြစ်လျက်ရှိ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်း၊ ဈေးကြီးအနီး ပတ်ဝန်းကျင်နှင့် မြို့တွင်းရှိ နေရာအသီးသီးတွင် ဆောင်းရာသီပေါ်အာတာလွတ်ဥများ ရောင်းချလျက်ရှိသည်ကို တွေ့ရှိရပါသည်။ အာတာလွတ်ဥသည် ကျန်းမားရေးအတွက် များစွာအထောက်အကူပြုကြောင်းလည်း လေ့လာဖူးပါသည်။ အာတာလွတ်ဥကိုပြုတ်၍ ဓါးဖြင့်ပါးပါးလွှာပြီး မြေပဲဆံထောင်း၊ နှမ်းထောင်းဆီနှင့် ဆားတို့ဖြင့်ရောနယ်၍လည်းကောင်း၊ အာတာလွတ်ဥကိုထောင်းပြီး ဆား၊ အချိုမှုန့်စသည့် ကြိုက်နှစ်သက်ရာအရသာမှုန့်ဖြင့် ရောနယ်၍ အပြား သို့မဟုတ် အလုံးကလေးများပြုလုပ်ကာ ကြော်စားခြင်းအပြင် အာတာလွတ်ဥကို အချောင်းလိုက်လွှာပြီး အကြော်မှုန့်၊ မှုန့်မှုန့်တို့နှင့်ရောနယ်၍ အကြော်ကြော်ပြီး မိမိကြိုက်နှစ်သက်သလို အမျိုးမျိုးပြုလုပ်ကာ သရေစာအဖြစ်စားသုံးကြကြောင်း၊  အာတာလွတ်ဥကို အမှုန့်ပြုလုပ်၍လည်း ရောင်းချကြသည့်အပြင် သရေစာအဖြစ်စားသုံးနိုင်ရန် မိုးကုတ်ဒေသ၌ အာတာလွတ်ဥကိုထောင်း၍ အပြားကြော်ခြင်းနှင့် ခြစ်ဖြင့်ခြစ်၍ အခြစ်ကြော်များကို အစပ်နှင့်အချိုဟူ၍ နှစ်မျိုးပြုလုပ်ပြီး မိမိကုန်အမှတ်တံဆိပ်ဖြင့် အထုတ်ကလေးများထုတ်၍ ရောင်းချသည်ကိုလည်း တွေ့မြင်ဘူးပါသည်။

       ရွှေဘိုမြို့တွင် ရောင်းလျက်ရှိသောအာတာလွတ်ဥများသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ဒေသမှ မှာယူရောင်းချကြောင်း၊ မိုးကုတ်၌ (၂၀ ) ပိဿာခန့်ပါရှိသည့် အာတာလွတ်ဥ တစ်တင်းခွဲဝင်တစ်အိတ်လျှင် ယခင်ပေါ်ကာစက (၂၀၀၀ဝိ/-) ပေးရကြောင်း၊  ယခုအချိန်တွင် အာတာလွတ်ဥများ လှိုင်လှိုင်ပေါပြီဖြစ်၍ တစ်အိတ်လျှင် (၁၈၀၀ဝိ/- ) သာပေးရကြောင်း၊ မိုးကုတ်မှရွှေဘိုသို့ ကားခအနေဖြင့် ဒိုင်နာကားဖြင့်သယ်ယူပါက မြို့ပေါ်ရှိ ဖောက်သည်ပေးမည့်နေရာအရောက် တစ်အိတ်လျှင် (၂၅၀ဝိ/-) ပေးရပြီး လူစီးကားဖြင့်သယ်ပါက တစ်အိပ်လျှင် (၃၅၀ဝိ/-) ပေးရ၍ ကားဝင်းအရောက်သာဖြစ်ကြောင်း၊ ရွှေဘိုမြို့၌ တစ်ဆင့်ပြန်လည်ရောင်းချသည့်ဈေးသည်များအနေဖြင့် တစ်ပိဿာလျှင် (၁၅၀ဝိ/-) ဖြင့် ရောင်းချလျက်ရှိပြီး ဈေးသည်တစ်ဦးလျှင် တစ်ရက် တစ်အိတ်ခွဲထက်မနည်းရောင်းချရသဖြင့် သင့်တင့်သည့် အကျိုးအမြတ်များလည်းရရှိကြောင်း အာတာလွတ်ဥရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

        ၂၀၂၂ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၃၆၀၀ ကျပ်၊ ဧရာမင်းဆန်တစ်ပြည် ၂၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၄၈၀၀ ကျပ်၊ (လတ်) တစ်ပိဿာ ၄၅၀၀ ကျပ်၊ (သေး) တစ်ပိဿာ ၃၇၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ထိ၊ ရှမ်းကြက်သွန်ဖြူတစ်ပိဿာ ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်ထိ၊ (ကြူကုပ်) တစ်ပိဿာ ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ ကျပ်မှ ၁၈၀၀၀ကျပ်ထိ အာလူးတစ်ပိဿာ ၁၈၀၀ ကျပ်မှ ၂၆၀၀ ကျပ်ထိ ၊ခရမ်းချဉ်သီးတစ်ပိဿာ ၂၆၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး) တစ်လုံး ၂၅၀ ကျပ်၊ (သေး) တစ်လုံး ၂၀၀ ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀ ) ကျပ်၊ (သေး) တစ်လုံး (၂၅၀ ) ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ၊ ကြက်သား (ဗမာ) တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ထိ၊  ဝက်သားတစ်ပိဿာ ၁၄၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်ထိ၊  ငါးမြစ်ချင်းတစ်ပိဿာ ၆၀၀၀ ကျပ်၊ ငါးကြင်းတစ်ပိဿာ ၅၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

           စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်ထိ၊  စားအုန်းဆီတစ်ပိဿာလျှင် ၅၈၀၀ ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

         

ရွှေဘိုမြို့၏ လိမ္မော်သီးဈေးနှုန်း ဈေးကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်းနှင့်ဈေးကြီး အနီးပတ်ဝန်းကျင်တွင် ရာသီအလိုက် သစ်သီးမျိုးစုံကို ပုံမှန်ရောင်းချသည့်ဆိုင်ပေါင်း (၂၅) ဆိုင်ခန့်ရှိသည့်အပြင် ယခုအချိန်တွင် ဆောင်းရာသီကာလဖြစ်၍ ရာသီပေါ်သစ်သီးရောင်းချသည့်ဆိုင်များ တိုးလာသည်ကို တွေ့ရှိရပါသည်။ ရွှေဘိုမြို့ရှိ သစ်သီးရောင်းချသူများအနေဖြင့် ယခုအချိန်တွင် ဆောင်းတွင်းကာလဖြစ်၍ သစ်သီးများ စုံလင်စွာရောင်းချလျက်ရှိသည့်အပြင် လိမ္မော်သီးများကို နေရာအနှံ့ရောင်းချကြကြောင်း၊ ရွှေဘိုမြို့တွင် ရောင်းချလျက်ရှိသည့်လိမ္မော်သီးများသည် တောင်ကြီးဒေသထွက်များဖြစ်ပြီး  မန္တလေးမြို့မှ တစ်ဆင့်မှာယူရောင်းချကြောင်း၊ လိမ္မော်သီးတစ်ခြင်းလျှင် (၂၄၀၀ဝိ/-)၊ (၂၅၀၀ဝိ/-) ကျပ်ပေးရပြီး အလုံး အကြီး၊ အလတ်၊ အသေးများရွေးချယ်၍ တစ်လုံးလျှင် (၂၅ဝိ/-)၊ (၂၀ဝိ/-) နှင့် တစ်ထောင်ဖိုး (၆) လုံး၊ အလုံးသေးများကို တစ်ထောင်ဖိုး (၁၅) လုံးစသည့်ဖြင့် အလုံးအကြီး၊ အသေးအပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချလျက်ရှိပြီး ဈေးသည်တစ်ဦးလျှင် တစ်ရက် (၂) ခြင်း၊ (၃) ခြင်းရောင်းချရကြောင်း လိမ္မော်သီးရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုဝင်ဘာလ ‌စတုတ္ထပတ်တွင် စပါး/ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင်ဘာလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၅၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၄၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း (တောင်) သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၈၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၄၀၀၀၊ တန်အားဖြင့် ၅၂၀၀ တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၃၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (တောင်) သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၈၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၁၆၀၀၊ တန်အားဖြင့် ၅၀၈၀ တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ  ၂၄၀၀၊ တန်အားဖြင့် ၁၂၀ တန်လျော့၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ နိုဝင်ဘာလ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း း၁၀၀ လျှင် ကျပ် ၂၄၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅၀၀၀၊ ဧရာမင်းစပါး တင်း ၁၀၀ လျှင် ကျပ် ၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းနှင့် ယခင်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်မှုနှိုင်းယှဉ်ခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

         ရွှေဘိုမြို့ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် နိုဝင်ဘာလ တတိယပတ်အတွင်း အစေ့ထုတ်ပြောင်းနှင့် မြေပဲဆံနှင့်နှမ်းနက်များ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

အစေ့ထုတ်ပြောင်း

         အစေ့ထုတ်ပြောင်းတစ်တင်းလျှင် အနိမ့်ဈေး (၁၇၅၀ဝိ/-) နှင့် အမြင့်ဈေး (၁၈၀၀ဝိ/-) ပေါက်ဈေး ရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀၀) တင်း/ (၇၅) တန်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်မှုတင်း/တန်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်အောက် (၃၀၀၀) တင်း/ (၇၅) တန် လျော့နည်းခဲ့သည်။

မြေပဲဆံ

       မြေပဲဆံတစ်တင်းလျှင် အနိမ့်ဈေး (၈၀၀၀ဝိ/-) နှင့် အမြင့်ဈေး (၈၁၆၀ဝိ/-) ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၅၀၀) တင်း/ (၁၁) တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်အောက် (၄၀၀) တင်း/ (၁၀) တန် လျော့နည်းခဲ့သည်။

နှမ်းနက်

       နှမ်းနက်တစ်တင်းလျှင် အနိမ့်ဈေး (၇၈၀၀ဝိ/-) နှင့် အမြင့်ဈေး (၈၀၀၀ဝိ/-) ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၀၀၀၀) တင်း/ (၄၉၀) တန်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင် အပတ်ထက် (၁၄၀၀၀) တင်း/ (၃၄၃) တန် ပိုမိုခဲ့သည်။

DOCA(စစ်ကိုင်း)

 

ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်း

ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပြီးအချိန်(၃)နှစ်မှစ၍ အသီးသီးပါသည်။ ထောပတ်သီး သည် အောက်တိုဘာလတွင်အသီးများ စတင်ထွက်ရှိပြီး ဇန်နဝါရီလလယ် တွင်အသီးကုန်ပါသည်။ ကယားပြည်နယ် ဈေးကွက်အတွင်း ရောင်းချနေသောထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း) တောင်ကြီး၊ ဟိုပုံ၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုစသည့်ဒေသများမှ မှာယူတင်သွင်း ကြပါသည်။ ယခုနိုဝင်ဘာလအတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီး အလုံးသေးတစ်လုံးလျှင် (၂၀၀)ကျပ်၊ ထောပတ်သီးအလုံးလတ်တစ်လုံး(၂၅၀)ကျပ်နှင့်ထောပတ် သီးအလုံးကြီးတစ်လုံးလျှင်( ၃၀၀ )ကျပ်အထိရောင်းချလျှက်ရှိပြီး ထောပတ်သီးသည် ဈေးကွက် အတွင်း အရောင်းသွက်သောသီးနှံတစ်မျိုးဖြစ်သည်ဟု လွိုင်ကော်မြို့ပေါ်ရှိ သစ်သီးဝလံရောင်းချ သူတစ်ဦးထံမှသိရှိရပါသည်။
DOCA(ကယား)

ကြက်ဥ/ဘဲဥ ဈေးနှုန်း/ဈေးကွက် အခြေအနေ

ကယားပြည်နယ်အတွင်း အခြေခံစားကုန်ဖြစ်သော ကြက်ဥကို ပြည်နယ်အတွင်း၌ ကြက်ခြံများရှိသော် လည်း စားသုံးသူပြည်သူတို့၏ လိုအပ်ချက်အရ အခြားမြို့များဖြစ်သော ရှမ်းပြည်နယ်ဘက်ကအများ ဆုံးတင်သွင်းကြပြီး၊ ယခု နိုဝင်ဘာလတတိယပတ်တွင် ဈေးကွက်အတွင်း၌ဖြစ်ပေါ်နေသော ဈေးနှုန်းများ အရ ကြက်ဥ/ဘဲဥ ဈေးနှုန်းမှာယခင်ကထက် ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။
ယခင် အောက်တိုဘာ တတိယပတ်တွင် ကြက်ဥကြီး တစ်လုံးလျှင်ကျပ်(၂၄၀)၊ ဥလတ် (၂၃၀)၊ ဥသေး (၂၂၀)ကျပ်၊ ဘဲဥကြီးတစ်လုံးလျှင် ကျပ် (၂၆၀)၊ ဥသေးတစ်လုံးလျှင် ကျပ်(၂၄၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခု လက်ရှိဈေးကွက်အတွင်းရောင်းချနေသော ကြက်ဥဈေးနှုန်းမှာ ဥကြီးတစ်လုံး လျှင် ကျပ်(၂၅၀) ၊ ဥလတ် (၂၄၀)၊ ဥသေး (၂၃၀) ကျပ် ၊ဘဲဥကြီးတစ်လုံးလျှင် ကျပ် (၂၈၀)၊ ဥသေး တစ်လုံးလျှင် ကျပ်(၂၇၀) ဈေးနှုန်းဖြင့် အရောင်းချနေကြောင်း လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးရှိ ကြက်ဥ /ဘဲဥရောင်းချသူတစ်ဦးထံမှ သိရှိရပါတယ်။
DOCA(ကယား)

လွိုင်ကော်အတွင်း၌ ကုန်စည်များ ပုံမှန်ဝင်ရောက် လည်ပတ်လျက်ရှိ

ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုပုံမှန်လည်ပတ်အသက်ဝင်လာရာတွင် ဘိလပ်မြေများ၊ လယ်ယာသီးနှံစိုက်ပျိုးရေးအသုံးပြု ဓာတ်မြေဩဇာများ ပြည်နယ်အတွင်းသို့ တင်သွင်းလျှက်ရှိကြောင်း၊ အခြားစားသောက်ကုန်များ၊ လူသုံးကုန်များအနေဖြင့် နိုဝင်ဘာလဒုတိယပတ်ကုန်စည်စီးဝင်မှုမှာ ကုန်စုံ ကား(၂၃)စီး၊ဘိလပ်မြေ(၇၉၅၀)အိတ်၊ ကြက်ဥ (၇၇၉၅)ကဒ်၊ အချိုရည်(၈)စီးတို့ဝင်လျက်ရှိပါကြောင်း၊ နိုဝင်ဘာလ တတိယပတ် ကုန်ပစ္စည်းအဝင်ကားများ အနေဖြင့် ကုန်စုံကား (၃၁) စီး၊ ကြက်ဥ (၁၈၂၆၀) ကဒ်၊ အချိုရည်ကား(၈)စီး၊ ဘိလပ်မြေ (၁၃၂၀) အိတ်၊ မြေဩဇာ(၁၉၀)အိတ်တို့ဖြင့် စီးဝင်လျက်ရှိရာ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်မည်ဆိုလျှင် ယခင် ထက်ဘိလပ်မြေဝင်ရောက်မှုမှာ (၆၆၃၀) အိတ်ခန့် လျော့နည်းသွားကြောင်း၊ ကြက်ဥဝင်ရောက်မှုမှာ ယခင်အပတ်ထက် ပိုမိုတင်သွင်းလျက်ရှိပါကြောင်း၊ ကုန်စုံကားများ အချိုရည်တို့သည် အနည်းငယ်မျှလျော့နည်း စီးဝင်လာကြောင်း သိရှိရပါတယ်။
DOCA(ကယား)

တောင်ငူမြို့နယ်မှ ကျွဲခေါင်းသီးစိုက်ပျိုးသူများ ဈေးကောင်းရ

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ လဲဘူးကျေးရွာအုပ်စု၊ ရွှေဥဩကျေးရွာတွင် ကျွဲခေါင်းသီးစိုက်ပျိုးသူများ ဝင်ငွေကောင်းလျက်ရှိကြောင်းသိရှိရပါသည်။ ရေနက်ကွင်းများရှိ ချောင်းရိုးများ၊ ကန်များ၊ အင်းများတွင် စိုက်ပျိုးထားကြပါသည်။ ကျွဲခေါင်းသီးပင်များကို ကဆုန်လ၊ နယုန်လများတွင် စတင်စိုက်ပျိုးကြပါသည်။ တစ်ဧကစိုက်ပျိုးရန် ပျိုးပင်ထုပ် ပီနံအိတ် ၆ အိတ် လိုအပ်ပါသည်။ နုန်းတင်မြေများတွင် ပိုမိုဖြစ်ထွန်းကြောင်း သိရှိရပါသည်။ ပျိုးပင်ပေါက်တစ်အိတ်လျှင် ၈၀၀၀ ကျပ်ခန့် ဝယ်ယူရပါသည်။

           နုန်းတင်မြေများ၊ ချောင်းရိုးများ၊ အင်းများတွင် စိုက်သည့်အတွက် မြေပြုပြင်ရန်မလိုကြောင်း သိရှိရပါသည်။ အပင်ဖြစ်ထွန်းလာလျှင် ပင်ပွားများထွက်လာသည့်အတွက် အပင်ကျဲကျဲစိုက်ထားသော်လည်း ရေမျက်နှာပြင်နေရာလွတ်မရှိအောင် အပင်များပြည့်သွားပါသည်။ အပင်အားဆေးနှင့် ပိုးသတ်ဆေးဖျန်းပေးရပြီး အပင်များကို ရွှေခရုများမဖျက်အောင် ရွှေခရုကောက်ပေးရပါသည်။ ဝါဆိုလပြည့်ကျော်လျှင် အသီးများစတင်ခူးရပါသည်။ ပေါ်ဦးအသီးတစ်လုံးလျှင် ၁၀ ကျပ် မှ ၁၅ ကျပ်အထိ ရောင်းရကြောင်း သိရှိရပါသည်။

             လူတစ်ဦး တစ်ရက်ခူးပါက အလုံးတစ်သောင်းကျော်ရကြောင်း၊ ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ကြောင်း၊ ပြင်ပလုပ်သားမငှားဘဲ မိသားစု တပိုင်တနိုင်လုပ်ကြောင်း၊ ကျွဲခေါင်းသီးတစ်ဧက စိုက်ပျိုးပါက မျိုးဖိုး၊ ဆေးဖိုးနှင့်  မိသားစုလုပ်အားခ စုစုပေါင်း ကျပ်ငါးသိန်းခန့် ကုန်ကျကြောင်း၊ တစ်နှစ်အသီးရောင်းရငွေမှာ ကျပ် ၂၅ သိန်းရှိသဖြင့် တစ်ရာသီတွင် တစ်ဧက အမြတ်ကျပ်သိန်း ၂၀ ခန့်ရှိကြောင်း ရွှေဥဩကျေးရွာမှ ကျွဲခေါင်းသီးစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း