ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့နယ်တွင် ဇူလိုင်လမိုးရွာသွန်းမှုနည်းပါးသော်လည်း ဆည်ရေရရှိမှုကြောင့် မိုးစပါးများအောင်မြင်ဖြစ်ထွန်း

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် မိုးစပါး ၅၈၂၀၈ ဧက စိုက်ပျိုးရန် လျာထား လျက်ရှိရာ ဇူလိုင်လကုန်အထိ ၅၈၀၃၄ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး စိုက်ရန်ကျန် ၁၇၄ ဧကသာကျန်ရှိ ပါသဖြင့် ၉၉.၇ ရာခိုင်နှုန်း စိုက်ပျိုး ပြီးစီးပြီးဖြစ်ပါသည်။

              တောင်ငူမြို့နယ်တွင် ယခင်နှစ်က ဇူလိုင်လ၏ ပျှမ်းမျှမိုးရေချိန်မှာ ၁၉ လက်မ ရှိခဲ့ သော်လည်း ယခုနှစ်တွင် ဇူလိုင်လတွင် မိုးရွာသွန်းမှု အလွန်နည်းပါးသဖြင့် ပျှမ်းမျှမိုးရေချိန်မှာ ၇.၃၁ လက်မသာ ရှိခဲ့သဖြင့် ယခင်နှစ်ကထက် ၁၁.၆၉ လက်မ လျော့နည်းခဲ့ပါသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင် မိုးရွာသွန်းမှုမရှိသလောက်ဖြစ်ခဲ့သဖြင့် မိုးကောင်းသော လယ်မြေများတွင် စပါးဖွံ့ဖြိုးမှုအားနည်းခဲ့ကြောင်း တွေ့ရှိရပါသည်။

              မိုးရွာသွန်းမှုနည်းပါးသော်လည်း တောင်ငူမြို့နယ်အတွင်း ပသိဆည်၊ ကမ်းနီဆည်၊ ကရင်ချောင်းဆည်နှင့် ခပေါင်းဆည်များ၊ မြစ်ရေတင်စီမံကိန်းများမှ ရေရရှိသဖြင့် စပါးများဆက် လက်စိုက်ပျိုးနိုင်ပြီး မိုးစပါးများအောင်မြင်ဖြစ်ထွန်းလျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကလေးမြို့နယ်၏ ဆန်စပါးဈေးကွက်

       ကလေးမြို့နယ်တွင် ( ၇/ ၂၀၂၂ ) လဆန်းပိုင်းကာလ၌  ဧည့်မထစပါး (၁၆) ပြည် တစ်တင်းလျှင် ( ၈၅၀၀ ) ကျပ်၊ ငစိန်စပါး(၁၆)ပြည် တစ်တင်းလျှင် ( ၈၀၀၀ ) ကျပ်၊ ဧရာမင်းစပါး(၁၆) ပြည် တစ်တင်း လျှင်(၁၀၀၀၀)ကျပ်၊ ဧည့်ဆန်( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၂၇၀၀၀ ) ကျပ်၊ ငစိန်ဆန် (၂၄)ပြည် တစ်အိတ်လျှင် ( ၂၆၅၀၀ ) ကျပ်၊ ဧရာမင်းဆန်( ၂၄ ) ပြည်တစ်အိတ်လျှင်( ၃၇၀၀၀ )ကျပ် ပေါက်ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျှက်ရှိပါသည်။ လကုန်ပိုင်းတွင်း ဧည့်မထစပါး တစ်တင်း (၁၆)ပြည်တစ်တင်း ( ၈၅၀၀ ) ကျပ်၊ ငစိန်(၁၆)ပြည်တစ်တင်း ( ၈၀၀၀ )ကျပ်၊ ဧရာမင်း စပါး(၁၆)ပြည်တစ်တင်း ( ၁၀၀၀၀ ) ကျပ်ပေါက်ဈေးနှုန်းရှိခဲ့သော်လည်း ဆန်ဈေးနှုန်းများအနေဖြင့် ဧည်ဆန်( ၂၄ )ပြည် တစ်အိတ်လျှင် ( ၂၉၀၀၀ )ကျပ်၊ ငစိန်ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၂၇၀၀၀)ကျပ်၊ ဧရာမင်းဆန်(၂၄)ပြည်တစ်အိတ်လျှင်  ( ၃၈၀၀၀ )ကျပ်၊ ဈေးနှုန်းသို့ရောက်ရှိခဲ့ပါသည်။ စပါးဈေးနှုန်းကြီးမြင့်မှုမရှိခဲ့သော်လည်း ဆန်ဈေးနှုန်းအနေဖြင့် ဧည့်ဆန်တစ်အိတ်လျှင် ( ၂၀၀၀ ) ကျပ်၊ ငစိန်ဆန် တစ်အိတ်လျှင်( ၂၄)ပြည် တစ်အိတ်လျှင် ( ၅၀၀ )ကျပ်၊ ဧရာမင်းဆန်( ၂၄ )ပြည် တစ်အိတ်လျှင် (၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်ခဲ့ပါသည်။ ( ၈/၂၀၂၂ ) လဆန်းပိုင်းတွင် ဧည့်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၉၅၀၀ ) ကျပ်၊ ငစိန်စပါး(၁၆)ပြည် တစ်တင်းလျှင် (၉၀၀၀)ကျပ်၊ ဧရာမင်းစပါး (၁၆)ပြည် တစ်တင်းလျှင် ( ၁၁၀၀၀ ) ကျပ်၊ ဧည့်ဆန်( ၂၄)ပြည် တစ်အိတ်လျှင်( ၃၅၀၀၀ ) ကျပ်၊ ငစိန်ဆန်(၂၄)ပြည် တစ်အိတ်လျှင် ( ၂၈၀၀၀ ) ကျပ်၊ ဧရာမင်းဆန်( ၂၄)ပြည် တစ်အိတ်လျှင် (၄၃၀၀၀) ကျပ်သို့ ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်ခဲ့ပါသည်။ ဆန်ဈေးနှုန်းမှာ လက်ရှိအခြေအနေတွင် မြင့်တက်နိုင်မည့် အခြေအနေရှိကြောင်း၊ ထိုသို့မြင့်တက်ရခြင်းမှာ နှစ်ကုန်ပိုင်းအထိ စားသုံးရန်အတွက် သုံးစွဲသူများမှ ဝယ်ယူမှုများကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ပါသည်။ ကလေးမြို့နယ်အနေဖြင့် မုံရွာ၊ မန္တလေးနှင့် အခြားမြို့နယ်များသို့ စားဆန်လစဉ်အိတ်ရေ( ၁၀၀၀၀ မှ ၁၅၀၀၀ ) အိတ်ဝန်းကျင်ခန့် တင်ပို့လျှက်ရှိကြောင်း ဆန်စက်ပိုင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးဝမြို့ပေါ်တွင် ဖြစ်ပေါ်နေသည့် ဆီထွက်သီးနှံနှင့် ဆီဈေးနှုန်းအခြေအနေ

           ကလေးဝမြို့နယ်သည် စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးကို အဓိကဆောင်ရွက်နေသည့်မြို့ဖြစ်ပြီး စိုက်ပျိုးသီးနှံများအဖြစ် စပါး၊ ပဲ၊ ဆီထွက်သီးနှံများကိုသာ အဓိကထား စိုက်ပျိုးလျက်ရှိပါသည်။ ရံဖန်ရံခါများတွင် မြစ်ရေကြီးမြှင့်မှုများကြောင့် သီးနှံများ စိုက်ပျိုးရာတွင် အချိန်ကာလ နောက်ကျမှ စိုက်ပျိုးရခြင်းများလည်း ရှိပါသည်။ ကလေးဝမြို့သည် ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်သည့်အတွက် အခြားမြို့များထက် ကုန်းလမ်း၊ ရေလမ်း လမ်းနှစ်သွယ်ရှိသည့်အတွက် အချက်အခြာကျသော မြို့တစ်မြို့  ဖြစ်ပါသည်။

           ယခုနှစ်တွင် ဆီထွက်သီးနှံများအနေဖြင့် အမြင့်ဈေးနှုန်းသို့ ရောက်ရှိကာ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဆီထွက်သီးနှံဖြစ်သည့် မြေပဲဆံပေါ်စတွင်    မြေပဲဆံ ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၄၂၀၀၀ ) ကျပ်မှ ( ၄၇၀၀၀ ) ကျပ်၊ နေကြာစေ့ ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၂၀၀၀၀ )  ကျပ်မှ ( ၂၂၀၀၀ ) ကျပ်  ပေါက်ဈေးနှုန်းဖြင့် ဝယ်ယူကြိတ်ခွဲရပြီး မြေပဲဆီ ( ၁၀ ) ပိဿာ   တစ်ပုံးလျှင် ( ၇၀၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁၀ ) ပိဿာ တစ်ပုံးလျှင် ( ၅၈၀၀၀ ) ကျပ် ဈေးနှုန်းဖြင့် ရောင်းချခဲ့ပါကြောင်း၊  ယခုလတွင် မြေပဲဆံ ( ၁၆ )  ပြည်တစ်တင်းလျှင် ( ၆၄၀၀၀ ) ကျပ်၊  နေကြာဆံ ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၂၈၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းရှိပြီး မြေပဲဆီ ( ၁၀ ) ပိဿာလျှင် ( ၉၅၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁၀ ) ပိဿာလျှင် ( ၈၃၀၀၀ ) ကျပ် ဈေးနှုန်းသို့ ရောက်ရှိခဲ့ပါသည်။ ကလေးဝမြို့နယ်မှ ဆီထွက်သီးနှံများ ထွက်ရှိမှုများအရ နှစ်စဉ် ဧပြီ၊ မေ၊ ဇွန်လများတွင်သာ အများဆုံး ကြိတ်ခွဲရပြီး ဇူလိုင်လ နောက်ပိုင်းတွင် ဆီထွက်သီးနှံများမရှိတော့သည့်အတွက် ဆီသားအဖြစ်သာ အနည်းငယ် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မအူပင်မြို့နယ်တွင် စပါးတက်ရိပ်ပြ၊ မအူပင် စက်ပိုင်နှင့် ရန်ကုန် ဘုရင့်နောင်ဈေးကွက်တွင် ဝယ်လိုအား ရရှိလာ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု (၇၆)အုပ်စုရှိပြီး၊ ယခုအခါ မိုးစပါးစိုက်ပျိုးပြီးစီးချိန်ဖြစ်ပါသည်။ နွေစပါး၊ မိုးစပါးများ လက်ကျန်လျော့နည်းချိန်ဖြစ်၍ မိုးစပါး ဧည့်မထစပါး တင်း(၁၀၀) လျှင် ၁၀သိန်းခန့်၊ နွေစပါးသီးထပ်ရင် စပါးတင်း (၁၀၀)လျှင် ၉၅၀၀၀၀/-ခန့်နှင့် ပေါ်ဆန်းစပါးတင်း (၁၀၀)လျှင် ၁၃၅၀၀၀၀/-ကျပ်ခန့်နှင့် နွေသီးထပ်ရင် ဆန်တစ်အိတ်လျှင် ၃၃၀၀၀/-၊ မိုးမနောသုခဆန် တစ်အိတ်လျှင် ၃၃၅၀၀၀/-ကျပ်၊ ပေါ်ဆန်း ဆန်တစ်အိတ်လျှင် ၅၅၀၀၀/-ဖြင့် ဈေးကွက်ရရှိနေကြောင်း ထိန်ထိန်လင်း ဆန်စက်ပိုင်ရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

   နွေစပါး ဆန်တစ်အိတ်လျှင် ၃၃၀၀၀/-ကျပ်ဖြင့် ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှ ဝယ်လိုအားရှိနေကြောင်း(၈.၈.၂၀၂၂) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး၏ ကွင်းဆင်းလေ့လာမှုတွင် ဆန်စက်ပိုင်ရှင်၏ တင်ပြလာမှုအပေါ် မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးမှ ဆန်စက်အရည်အသွေးမြှင့်တင်နိုင်မှု၊ ဆန်အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှု နည်းလမ်းများ၊ တောင်သူများ အသိပညာပေးနိုင်မှု အလားအလာကောင်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်ပါ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော် သင်ဖြူးဖျာဈေးကွက် ပြည်ပဈေးကွက်ရရှိနိုင်ရန် ကြိုးစားမှု အလားအလာကောင်းများရရှိ

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၆.၈.၂၀၂၂) ရက်နေ့တွင် ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ သင်ဖြူးဖျာဆိုင်များသို့ ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ ပါသည်။

         အဆိုပါကွင်းဆင်းလေ့လာမှုတွင် သင်ဖျာဆိုင်များမှ ပြောကြားချက်အရ ချောင်းသာ-ပုသိမ် ကားများ ဝင်ရောက်ရပ်နား ဝယ်ယူမှုများ ရရှိလာကြောင်းနှင့် ဦးကြည်လွင်သင်ဖြူးဖျာဆိုင်မှ နေကထိုင်ဖျာ တစ်ချပ်လျှင် ၈၀၀၀ခန့်၊ သုံးထောင်ထွာ ဖျာတစ်ချပ်လျှင် ၁၅၀၀၀ကျပ်ခန့်၊ နှစ်ယောက် အိပ်ဖျာ တစ်ချပ်လျှင် ၂၅၀၀၀ကျပ်ခန့်နှင့် ကြိမ်ကုလားထိုင်များနှင့် သင်ဖျာ အမှတ်တရပစ္စည်းများကို ဈေးကွက်ရရှိနေကြောင်း သိရှိရပါသည်။

        ပန်းတနော်မြို့နယ်တာဝန်ခံမှ ဈေးကွက်ရရှိမှုအပေါ် သင်ဖျာများကို လက်မှုထုတ်လုပ်မှုမှသည် နည်းပညာ အသုံးပြု၍ ထုတ်လုပ်နိုင်ရေးသော်လည်းကောင်း၊ ပြည်တွင်းဈေးကွက်မှ ပြည်ပဈေးကွက်သို့ ထိုးဖောက်ရောင်းချနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ရှမ်းပြည်နယ်အတွင်း ဆန်ဈေးနှုန်းများ မြှင့်တက်လျက်ရှိ

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ဆန်ဈေးနှုန်းများမှာ မေလအထိ တည်ငြိမ်လျက်ရှိပြီး ဇွန်လနောက်ပိုင်းတွင် ဆန်ဈေးနှုန်းများ တရိပ်ရိပ်တက်လာကြောင်း သိရှိရပါသည်။ ယခင်လအတွင်း ဆန်ဈေးနှုန်းများမှာ ဧည့်မထ တစ်ပြည် (၁၃၅၀)ကျပ်၊ တစ်အိတ်လျှင် (၃၂၀၀၀)ကျပ်၊ မနောသုခ တစ်ပြည် (၁၅၀၀)ကျပ်၊ တစ်အိတ်လျှင်(၃၆၀၀၀)ကျပ်၊ ရွှေရင်အေး(ဒေသဆန်) တစ်ပြည် (၂၀၀၀)ကျပ်၊ တစ်အိတ်လျှင် (၄၈၀၀၀)ကျပ်၊  ပေါ်ဆန်းမွှေး တစ်ပြည် (၂၈၀၀)ကျပ်၊ တစ်အိတ်လျှင် (၆၆၀၀၀)ကျပ်၊ ငစိန်ဆန် တစ်ပြည် (၁၂၀၀)ကျပ်၊ တစ်အိတ်လျှင် (၂၈၈၀၀)ကျပ် တို့ဖြစ်ပြီး ဩဂုတ်လ ပထမအပတ်အတွင်း ဆန်အမျိုးအစား အလိုက်ဆန်ဈေးနှုန်းများမှာ ဧည့်မထ တစ်ပြည် (၁၅၀၀)ကျပ်၊ တစ်အိတ်လျှင် (၃၆၀၀၀)ကျပ်၊ မနောသုခ တစ်ပြည် (၁၇၀၀)၊ တစ်အိတ်လျှင် (၄၀၀၀၀)ကျပ်၊ ရွှေရင်အေး(ဒေသဆန်) တစ်ပြည် (၂၂၀၀)ကျပ်၊ တစ်အိတ်လျှင် (၅၂၀၀၀)ကျပ်၊ ဇီယာ တစ်ပြည် (၁၄၀၀)ကျပ်၊ တစ်အိတ်လျှင် (၃၂၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး တစ်ပြည် (၃၄၀၀)ကျပ်၊ တစ်အိတ်လျှင် (၈၁၀၀၀)ကျပ်၊ ငစိန်ဆန် တစ်ပြည် (၁၃၅၀)ကျပ်၊ တစ်အိတ်လျှင် (၃၂၀၀၀)ကျပ် အထိမြှင့်တက်နေကြောင်း သိရှိရပါသည်။

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယခုလက်ရှိဆန်ဈေးနှုန်းများမှာ ဧည့်မထ တစ်ပြည် (၁၆၀၀)ကျပ်၊ တစ်အိတ် (၃၆၅၀၀)ကျပ်၊ ငစိန် တစ်ပြည် (၁၅၅၀)ကျပ်၊ တစ်အိတ်လျှင် (၃၅၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး တစ်ပြည် (၃၆၅၀)ကျပ်၊ တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ မနောသုခ (အဟောင်း) တစ်ပြည် (၁၉၅၀)ကျပ်၊ တစ်အိတ်လျှင် (၄၃၀၀၀)ကျပ်၊ မနောသုခ(အသစ်) တစ်ပြည် (၁၇၅၀)ကျပ်၊ တစ်အိတ်လျှင် (၃၈၀၀၀)ကျပ်ဖြင့် အသီးသီးရောင်းချလျက်ရှိပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဆန်ဈေးနှုန်းများမှာ ဧည့်မထ တစ်ပြည် (၁၈၅၀)ကျပ်၊ တစ်အိတ်လျှင် (၃၉၀၀၀)ကျပ်၊ မနောသုခ တစ်ပြည် (၂၂၀၀)ကျပ်၊ တစ်အိတ်လျှင် (၄၈၀၀၀)ကျပ်၊ သိင်္ဂီပေါ်ဆန်း တစ်ပြည် (၄၀၀၀)ကျပ်၊ တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်အထိ အသီးသီးရောင်းချလျက်ရှိိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

မြဝတီမြို့ သို့ဝင်ရောက်မူလျော့နည်းလာသည့် အစေ့ထုတ်ပြောင်းဆံ

          မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ နှစ်နိုင်ငံ ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသည်။ အစေ့ထုတ်ပြောင်းဆံများ မြဝတီမြို့သို့ ဩဂုတ်လ အစောပိုင်းကာလအတွင်း ဝင်ရောက်မှု လျော့နည်းလာကြောင်း  သိရှိရပါသည်။

          ဇူလိုင်လအတွင်း မြဝတီမြို့သို့ အစေ့ထုတ်ပြောင်း ဆံဝင်ရောက်မှုမှာ တပတ်လျင် ကားစီးရေ (၁၅၀) သာ ဝင်ရောက်ခဲ့သောကြောင့် အစေ့ထုတ်ပြောင်း ကုန်သွယ်မှု လျော့နည်းလျက်ရှိပြီး တင်ပို့ရောင်းချမှု တန်ချိန် (၄၄၃၂) သာ ရှိကြောင်းသိရှိရပါသည်။

DOCA(ကရင်)

ဆိပ်ဖြူ ကြက်သွန်နီ ဇူလိုင်လ(စတုတ္ထပတ်)အတွင်း ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှုအခြေအနေ

            ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသောကုန်စည်ဒိုင်သို့ ဇူလိုင်လ(စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်ပြီး တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီကုန်ချိန်ပိဿာ (၂)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၂)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန် (၄)သိန်းခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇူလိုင်လ(၂၁)ရက်မှ (၃၁)ရက်ထိ ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှုစုစုပေါင်းမှာ ကြက်သွန်နီပိဿာ (၆)သိန်းခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင်  ကုန်သည်ပွဲစား (၁)ဦးထံမှ သိရှိရသည်။

            ဈေးနှုန်းဈေးကွက်အနေဖြင့် ဇူလိုင်(စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီ (၁)ပိဿာ ထိပ်စအမြင့်ဆုံးဈေးနှုန်းမှာ (၁၆၅၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စအမြင့်ဆုံးဈေးနှုန်းမှာ (၁၃၅၀)ကျပ်မှ (၁၁၀၀)ကျပ်ထိဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံအရည်အသွေးများမတူညီခြင်းကြောင့် ဈေးနှုန်းများကွာခြားကြောင်း၊ ယခင် (၁)ပတ် ကြက်သွန်နီအမြင့်ဆုံးဈေးနှုန်းမှာ (၁၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု (၁)ပတ် အမြင့်ဆုံးဈေးမှာ (၁၆၅၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင် (၁)ပတ်ထက် (၁၅၀)ကျပ်ခန့် ဈေးနှုန်းမြင့်သွားကြောင်း၊ အနိမ့်စအမြင့်ဆုံးဈေးနှုန်းမှာ ယခင် (၁)ပတ်က (၁၁၅၀)ကျပ်၊ ယခု (၁)ပတ် (၁၃၅၀)ကျပ်ဈေးနှုန်းဖြစ်၍ (၂၀၀)ကျပ်ခန့် မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပပို့ကုန်အဖြစ် မြဝတီဝယ်လက်မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ လာအိုနိုင်ငံများသို့ တင်ပို့မှုများကြောင်း၊ ယခင် (၁)ပတ်ထက် ယခု (၁)ပတ်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ထိပ်စအမြင့်ဆုံး း(၁၅၀)ကျပ်နှင့် အနိမ့်စအမြင့်ဈေး း(၂၀၀)ကျပ်ခန့် မြင့်တက်သွားကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် မြဝတီမြို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ် (၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၁၉၀၀/၁၈၀၀)၊ လတ်(ကြီး) ကျပ်(၁၇၀၀/၁၆၀၀)၊ လတ်(သေး) ကျပ်(၁၄၀၀/၁၃၀၀)၊ အသေးစ (၁၁၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဇူလိုင်လ(စတုတ္တ)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ (၂၀)စီး၊ ပြည်မြို့ (၁၀)စီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ (၇)စီး၊ မော်လမြိုင်မြို့ (၆)စီး၊ မြဝတီမြို့ (၁၉)စီး(တွဲကား) စုစုပေါင်း (၆၂)စီးခန့် (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီပျမ်းမျှပိဿာ (၆)သိန်း၊ တန်ချိန်(၃)သောင်းခွဲခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူဒေသထွက် ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်တွင်း/ပြည်ပ ဈေးကွက်အခြေအနေ

             မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်၍ နေထိုင်ကြသော ပြည်သူများသည် ကုန်းမြေနှင့် ကိုင်းကျွန်းလယ်ယာမြေများတွင် ဆန်စပါးနှင့် ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲမျိုးစုံနှင့် ကြက်သွန်နီ /အဖြူ ၊ ငရုပ်နှင့် အခြားသီးနှံမျိုးစုံကို သီးထပ်/သီးညှပ်အဖြစ် စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြသည်။ သီးနှံမျိုးစုံထဲမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုတွင် အရေးပါသောစားဖိုဆောင်သီးနှံကြက်သွန်နီကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးမှုများပြီး မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီကို မိရိုးဖလာဒေသ စီးပွားရေးလုပ်ငန်းအဖြစ် နှစ်စဉ်မပျက် စိုက်ဧကအများဆုံးဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ဆိပ်ဖြူမြို့နယ်သည် ပျမ်းမျှလူဦးရေ (၁)သိန်းကျော်ခန့်နေထိုင်ပြီး ဆန်စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် အခြားသီးနှံများကို တစ်ပိုင်တစ်နိုင် သီးထပ်သီးညှပ်သီးသန့်အဖြစ် စိုက်ဧကအနည်းငယ်သာစိုက်ပျိုးပြီး မြို့နယ်လူဦးရေ၏၈၀%သည် ကြက်သွန်နီကို အဓိကစိုက်ပျိုးကြသည်။ ကြက်သွန်နီကို မိုးစိုက်(ဥစိုက်)၊ ဆောင်းစိုက်(ပင်စိုက်)၊ ဆောင်းစိုက်(မျိုးစေ့ ကျဲပက်) စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးလျက်ရှိသည်။ မိုးစိုက်(ဥစိုက်)၊ ဆောင်းစိုက်(မျိုးစေ့ကျဲပက်) စိုက်ပျိုးခြင်းမှာ နည်းပါးပြီး၊ ဆောင်းစိုက်(ပင်စိုက်)ကို စိုက်ဧကအများဆုံး စိုက်ပျိုးပါသည်။ ဆိပ်ဖြူမြို့နယ်သည် ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရာဒေသဖြစ်ပြီး ယောနယ်ဒေသ ပုံတောင်ပုံညာတောင်တန်းနှင့် ဆက်စပ်၍ တောင်ကျချောင်းများ စီးဆင်းလျက်ရှိခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်မှု များပြားသည်။ မိုးနည်းရပ်ဝန်းဒေသဖြစ်သော်လည်း ယောနယ်ဒေသနှင့် ဆက်စပ်လျက်ရှိ၍ ရာသီဥတုအပူအအေးသင့်တင့်မျှတမှုရှိသော ဒေသဖြစ်သည်။ ကြက်သွန်နီသည် သင့်တင့်မျှတသောရာသီဥတုကို ကြိုက်နှစ်သက်ပြီး စိုက်ပျိုးရာတွင် ရေအလွန်လိုအပ်သော သီးနှံဖြစ်၍ အစိုဓါတ်များသော မြေအနေအထားများတွင် စိုက်ပျိုးနိုင်၍ ရာသီဥတုနှင့် ကိုက်ညီခြင်းကြောင့် စိုက်ပျိုးမှုများပြားသည်။

           ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီကို အဓိကစိုက်ပျိုးထုတ်လုပ်သော ဒေသဖြစ်၍ နှစ်စဉ်မပျက် စိုက်ပျိုးရာတွင် ယခင်နှစ် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ကြက်သွန်စိုက်ဧက (၆၄၇၂)ဧက၊ ရိတ်သိမ်းဧက(၆၂၀၄)ဧက၊ ထွက်ရှိမှုမှာ တစ်ဧကလျှင် ပျမ်းမျှပိဿာ (၅၄၀၀) ထွက်ရှိ၍ ပိဿာ သိန်း(၃၀၀)ကျော်ခန့် ထွက်ရှိကြောင်း၊ ယခု (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်တွင် ကြက်သွန်စိုက်ဧက (၆၂၀၄)ဧက၊ ရိတ်သိမ်းဧက(၆၂၀၉)ဧက၊ ထွက်ရှိမှုမှာ တစ်ဧကလျှင် ပျမ်းမျှပိဿာ(၄၂၀၀)ခန့် ထွက်ရှိ၍ ပိဿာ သိန်း(၃၀၀)ဝန်းကျင်ခန့်သာ ထွက်ရှိကြောင်း သက်ဆိုင်ရာစိုက်ပျိုးရေးဌာနစာရင်းအရ သိရှိရပါသည်။

           ကြက်သွန်နီများကို နှစ်စဉ်မပျက် မိုးစိုက်(ဥစိုက်)နှင့် အစေ့ကျဲပက်(ဆောင်းစိုက်)များကို ကိုင်းမြစ်ရေတက်ပြီး စိုက်ခင်းများ ကုန်းမြေ(ရေဖြန်းရေသွင်း)စနစ်စိုက်ခင်းများတွင် စိုက်ဧက(၁၀၀၀)ကျော်ခန့်သာ စိုက်ပျိုးခြင်းဖြစ်၍ စိုက်ဧကနည်းပါးသည်။ ဆောင်းစိုက်(ပင်စိုက်)များကို ယောချောင်း၊ ချစ်ချောင်း၊ ဆူးလေကုန်းချောင်းရိုးတစ်လျှောက်ရှိ ကိုင်းရေသွင်းစိုက်ခင်းများ၊ လယ်ပွဲ(စပါးခင်းကျွတ်)စိုက်ခင်းများတွင် စိုက်ပျိုးမှုများပြီး စိုက်ဧက(၃၀၀၀)ကျော်ခန့် ရှိသည်။ စိုက်ပျိုးရာတွင် တစ်ဧကလျှင် (၁၀)တောင်ပတ်လည် ဝါးကွက်(၂၀၀)ခန့်ပါရှိပြီး ဘောင်တင်အကန့်ဖော်စနစ်ဖြင့် စိုက်ပျိုးပြီး ပင်ခြား၂လက်မ၊ တန်းကြား၅လက်မအကွာအဝေးခန့် စိုက်ပျိုးသည်။ ဝါး(၁)ကွက်လျှင် ပျိုးပင်(၃၀၀၀)ကျော်ခန့်၊ (၁)ဧကလျှင် ပျိုးပင်(၆)သိန်းခန့် စိုက်ပျိုးရသည်။ စိုက်ခင်းအတွင်းသို့ ပျိုးပင်များကို ဒီဇင်ဘာလတွင် စတင်ပြောင်းရွေ့စိုက်ပျိုးပြီး မတ်လကုန် ဧပြီလဆန်းတွင် ကြက်သွန်ဥများ စတင်တူးဖော်ရသည်။ စိုက်ပင်သက်တမ်းမှာ (၃)လခန့်ကြာမြင့်သည်။

            စိုက်ပျိုးပုံစံနည်းစနစ်မှာ ကြက်သွန်ပင်များမစိုက်ပျိုးခင် ဦးစွာ အောက်တိုဘာလဆန်းတွင် စတင်ပျိုးထောင်ရသည်။ အစေ့ကို တိုက်ရိုက်စိုက်နိုင်သော်လည်း ကုန်ကျစရိတ်ပိုမိုများခြင်းကြောင့် ပျိုးထောင်၍ စိုက်ပျိုးကြသည်။ ကြက်သွန်တစ်ဧကစိုက်ရန် (၀.၅၀)ဧကခန့်ရှိ မြေအကျယ်အဝန်းတွင် မြေကိုသေချာစွာ ညီညာအောင်ပြုပြင်ပြီးသောပျိုးခင်းတွင် မျိုးစေ့များကျဲပက်၍သော်လည်းကောင်း၊ အတန်းလိုက်သော်လည်းကောင်း ကျဲပက်စိုက်ပျိုးရသည်။ စိုက်ပျိုးပြီးမျိုးစေ့များကို မြေပေါ်တွင် အညှောင့်ထွက်လွယ်ကူစေရန်နှင့် နွားချေးမှုန့်ပါးပါးပြန်လည်အုပ်ပေးပြီး နေ့စဉ် ရေမှန်မှန်လောင်းပေးရသည်။ အောက်တိုဘာလမှ နိုဝင်ဘာလအထိ ပျိုးထောင်စိုက်ပျိုး၍ ပျိုးသက်တမ်းမှာ (၄၅)ရက်ခန့် ကြာသည်။ တစ်ဧကစိုက်ပျိုးရန်အတွက် ကြက်သွန်နီမျိုးစေ့(၄)ပြည်ခန့် လိုအပ်ပါသည်။ ပျိုးပင်နုတ်ရာတွင် လွယ်ကူစေရန်အတွက် ရေသွင်းပြီးမှ ပျိုးနုတ်ရပါသည်။

         ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီကို အခွံထူ၍ အထားခံပြီး အရည်အသွေးကောင်းမွန်သော ရွှေဖလားထိပ်မောက်အခွံထူမျိုးကို စိုက်ပျိုးခြင်းဖြစ်သည်။ မြေပြုပြင်ခြင်းအနေဖြင့် ကြက်သွန်ပျိုးခုံမှ စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပြီးချိန်မှစ၍ အပင်ဖြစ်သန်မှုမှာ နှေးခြင်းကြောင့် ပေါင်းမြက်မသင်လျှင် တစ်ခင်းလုံး ပျက်စီးသွားတတ်ပါသည်။ ထို့ကြောင့် မြေပြုပြင်ချိန်တွင် ထယ်ဖြင့်အကြိမ်ကြိမ်ထိုး၍ ပေါင်းမြက်ရှင်းလင်းရသည်။ ထွန်ရေးညက်အောင်ထွန်ပြီး နွားရှဉ်းဖြင့် မြေပြင်ကိုညီညာအောင်ညှိပြီး အကွက်ဖော်ယူရသည်။ ကြက်သွန်ပက်ကို နွားရှဉ်းဖြင့်လည်းကောင်း၊ လူကိုယ်တိုင်ဖြင့်လည်းကောင်း အတန်းလိုက်ချောင်းဆွဲပြီး စိုက်ပျိုးရသည်။ ဆိပ်ဖြူမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသဖြစ်၍ ကြက်သွန်စိုက်ပျိုးရာတွင် အရေးအကြီးဆုံးအချက်မှာ ချောင်းရိုးတစ်လျှောက် သဲသောင်များတွင် စိုက်ပျိုးခြင်းဖြစ်၍ ကြက်သွန်ပင်သည် သဲချောင်း၏ အစိုဓါတ်ကို အဓိက လိုအပ်သည်။ အစိုဓါတ်များလွန်းခြင်း၊ နည်းလွန်းခြင်းသည် ကြက်သွန်စိုက်ပျိုးရာတွင် မလိုအပ်ခြင်းဖြစ်၍ မြေပြုပြင်ပေးရန် လိုအပ်သည်။ အစိုဓါတ်များလွန်းသောနေရာတွင် အပေါ်ယံသဲသောင်များကို တစ်နေရာသို့ သယ်ပို့ပေးပြီး မြေကိုထွန်ယက်ညှိပေးရသည်။ စိုက်ပျိုးရာ ဝါးကွက်တစ်ကွက်လျှင် နွားချေး(၃)တင်းမှ(၇)တင်းအထိ အသုံးပြုရသည်။ အာမိုမြေဩဇာနှင့် နှမ်းဖတ်၊ ပဲဖတ်မှုန့်များကို အသုံးပြုကြသည်။ တောင်သူတစ်ဦးချင်း သွင်းအားစုအမျိုးမျိုးသုံးစွဲနှုန်း မတူညီကြပါ။ ရင်းနှီးမတည်ငွေ စိုက်ထုတ်နိုင်မှုအပေါ် မူတည်ပြီး သုံးစွဲပုံမတူညီခြင်းကြောင့် ကြက်သွန်နီကုန်ချိန်ပိဿာ အထွက်နှုန်းမှာလည်း အနည်းအများကွာခြားသည်။

       မြေပြုပြင်ပြီး ပျိုးပင်များကို စိုက်ခင်းအတွင်းသို့ ဒီဇင်ဘာလ စတုတ္ထပတ်လောက်တွင် ပြောင်းရွှေ့စိုက်ပျိုးပြီး ပျိုးပင်(၂၀)ရက်သားခန့်တွင် အပင်ကြီးထွားလာစေရန်အတွက် ပေါင်းမြက်များနုတ်ခြင်း၊ ဂေါက်ခြစ်ခြင်းများ ပြုလုပ်ရသည်။ ကြက်သွန်နီသည် စိုက်ပျိုးပြီး ရေအကြိမ်ကြိမ်ပေးသွင်းရသည်။ မြေအမျိုးအစားမှာ ရာသီဥတုအပေါ်မူတည်ပြီး ရေသွင်းရခြင်းဖြစ်၍ ရေသွင်းအကြိမ်ရေ မတူညီကြပါ။ ရေအစိုဓါတ်များလျှင်လည်း ကြက်သွန်ပင်အနာဝင်တတ်သည်။ ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော မြေအနေအထားအခြေအနေရှိရန် အမြဲလိုအပ်သည်။ ရေသွင်းချိန် ရောက်/မရောက်ကိုလည်း ကြက်သွန်ပင်များ၏ အခြေအနေကိုကြည့်ပြီး အကဲဖြတ်ရသည်။ ရေကို မလိုအပ်ဘဲ ခဏခဏသွင်းလျှင် ကြက်သွန်ပင်များဝါလာပြီး ရောဂါပိုးကျရောက်တတ်သည်။ ရေသွင်းရန်လိုအပ်ပါက သွင်းချိန်နောက်ကျလျှင် ဥခွခြင်းများ ဖြစ်သည်။ စိုက်တောင်သူများမှာ ရေသွင်းပုံစနစ်ခြင်း မတူညီကြပါ။ အချို့ တောင်သူများသည် အပင်ကို ရေငတ်အောင်ထားပြီးမှသွင်းခြင်း၊ အချို့မှာ ခဏခဏဖြန်းပေးခြင်းဖြင့် စိုက်ပျိုးကြသည်။ တစ်လလျှင် (၃)ကြိမ်ခန့် ရေသွင်းပြီး ရာသီဥတုပူပြင်းပါက (၅)ရက်တစ်ကြိမ်ခန့် ပေးသွင်းရန်လိုအပ်သည်။ ရေသွင်းအကြိမ်ရေတိုင်း ရှေ့တွင် သွင်းအားစုများ ပက်ဖြန်းခြင်း၊ မှိုဆေး၊ အားဆေး၊ ပိုးသတ်ဆေး ပက်ဖြန်းခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ကြသည်။ ကြက်သွန်နီကို အောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက် ပေါင်းမြက်ရှင်းလင်းဖို့ အရေးကြီးသည်။ စိုက်ပြီး(၁၅)ရက်သားခန့်တွင် ပေါင်းသင်ရသည်။ ပေါင်းသင်ရာတွင် ကြက်သွန်ပင်များကို မထိခိုက်စေရန် ပေါင်းသင်သူသည် ဘောင်ပေါ်မှနေ၍ ပေါင်းသင်ပေးရသည်။ ကြက်သွန်နီ၏ အမြစ်သည် မြေအပေါ်ယံပိုင်းတွင်သာ ရှိနေသောကြောင့် အမြစ်များမထိခိုက်စေရန် အထူးသတိပြုရသည်။ စိုက်ပြီးတစ်လသားအထိ အပင်ဖြစ်ရန်အတွက် အပင်အားဆေးများ ပက်ဖြန်းရသည်။ တစ်လခွဲခန့်တွင် ကြက်သွန်ပင်များ စတင်ဥချခြင်းဖြစ်သည်။ ဥချချိန်တွင် ရေသွင်းမှုကို လျှော့ချရ သည်။ ရေသွင်းများ၍ အပင်များသန်နေလျှင် အပင်ကြီးထွားပြီး ဥမချနိုင်၍ ဥချချိန်တွင် အပင်အနေအထားကို ကြည့်ပြီးရေသွင်းရန် လိုအပ်ပါသည်။ မြေအလွန်ကြပ်နေပါက ဥကြီးထွားမှုနှေးခြင်းကြောင့် ရေမသွင်းခင် နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးရသည်။ စိုက်ပျိုးပြီး(၆၅)ရက်ခန့်တွင် အဖူးများစတင်ချိုးရပြီး (၃)လခန့်အကြာတွင် မတ်လကုန်နှင့် ဧပြီလဆန်းပိုင်းတွင် ကြက်သွန်နီ ဆောင်းစိုက်/ပင်စိုက်များ စတင်ရိတ်သိမ်းတူးဖော်ရသည်။

            ကြက်သွန်နီတစ်ဧကကုန်ကျစရိတ်မှာ ယခုနှစ်တွင် သွင်းအားစုအမျိုးမျိုးနှင့်ရေသွင်းရန် စက်ဆီဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ယခင်နှစ်ထက်ကုန်ကျစရိတ် ပိုမိုများပြားသည်။ ချောင်းစိုက်/ပင်စိုက် တစ်ဧကလျှင် ကျပ်သိန်း(၂၀)ခန့်ကုန်ကျပြီး လယ်ပွဲစိုက်(စပါးခင်းကျွတ်)တစ်ဧကလျှင် (၁၈)သိန်းကုန်ကျပြီး၊ ကိုင်းမြေ မြေသား (မိုးစိုက်/ဥစိုက်) တစ်ဧကလျှင် (၁၆)သိန်းခန့် ကုန်ကြသည်။ မြေအနေအထားနှင့် သွင်းအားစုသုံးစွဲပုံမတူညီ၍ တစ်ဧကလျှင် အထွက်နှုန်းမှာ ပျမ်းမျှပိဿာ (၄၀၀၀ မှ ၆၀၀၀ ထိ)အမျိုးမျိုးထွက်ရှိပါသည်။ ယခုနှစ်တွင် စိုက်တောင်သူများမှာ ယခင်(၂)နှစ်ဆက်တိုက် အရှုံးပေါ်မှုများကြုံတွေ့ခဲ့ရ၍ ယခုနှစ် ကြက်သွန်စိုက်ပျိုးရန် ရင်းနှီးစိုက်ထုတ်ငွေများစွာ မတတ်နိုင်ခြင်းကြောင့် သွင်းအာစုအမျိုးမျိုး စိုက်ခင်းအတွင်းသို့ ထည့်သွင်းသုံးစွဲမှုနည်းခြင်း၊ ကြက်သွန်တူးဖော်ရန် ရက်အနည်းငယ်အလိုခန့်တွင် မိုးများစွာရွာသွန်းပြီး ကြက်သွန်စိုက်ခင်းအတွင်း မိုးရေများဝင်ခြင်းဖြစ်ပေါ်၍ အချိန်မကျခင် ရိတ်သိမ်းတူးဖော်ရခြင်းဖြစ်၍ ဥများပုပ်ခြင်း၊ ဥကြီးထွားမှုနည်း၍ အလေးချိန်ကျစ်လစ်သိပ်သည်းမှု လျော့နည်းသွားခြင်းကြောင့် အထွက်နှုန်းမှာ ယခင်နှစ်ထက် သိသိသာသာနည်းသွားသည်။  ဆိပ်ဖြူတစ်မြို့နယ်လုံးကြက်သွန်နီထွက်ရှိမှုမှာ ယခင်နှစ် ပိဿာ သိန်း (၃၀၀)ကျော် ထွက်ရှိခဲ့သော်လည်း၊ ယခုနှစ်တွင် ကြက်သွန်နီပျမ်းမျှပိဿာ သိန်း(၃၀၀)ဝန်းကျင်ခန့်သာ ထွက်ရှိပါသည်။ ထွက်ရှိသောကြက်သွန်များကို သိုလှောင်ရာတွင် လေဝင်လေထွက်ကောင်းစေပြီး အထားခံစေရန်အတွက် ဝါးကြမ်းထရံကာ၊ ဝါးကြမ်းခင်းဖြင့် (၂)ထပ်၊ (၄)ပင်(၆)ပင်၊ (၄)ပင်(၄)ပင် အရွယ်အစားအမျိုးမျိုး သိုလှောင်ရုံများဆောက်လုပ်၍ ကြက်သွန်များ ထားရှိသိုလှောင်ကြသည်။

      ဈေးနှုန်းဈေးကွက်အနေဖြင့် ဘဏ္ဍာနှစ်(၂၀၁၇ မှ ၂၀၁၉)ခုနှစ်အထိ ကြက်သွန်နီဈေးနှုန်း ဈေးကွက်ခိုင်မာလျက်ရှိသည်။ (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် အနိမ့်ဆုံးဈေး(၅၀၀)ကျပ်မှ အမြင့်ဆုံးဈေးကျပ်(၃၀၀၀)ကျော်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ကုန်သည်ပွဲစားများ အကျိုးအမြတ်အများဆုံး ရရှိခဲ့သောနှစ်ဖြစ်သည်။ (၂၀၁၈-၂၀၁၉)ခုနှစ် နှစ်ဆန်းပိုင်းတွင် ကြက်သွန်နီတစ်ပိဿာလျှင် (၁၀၀၀)ကျပ်အထက် ဈေးနှုန်းရှိခဲ့ပြီး ဈေးကျချိန်မှာလည်း တစ်ပိဿာ(၅၀၀)ကျပ်ခန့်ရှိခဲ့၍ တောင်သူများ အရင်းရရှိပါသည်။ ယခင်(၂၀၂၀)၊ (၂၀၂၁)ခုနှစ် (၂)နှစ်အတွင်းတွင် ကြက်သွန်စိုက်တောင်သူ စိုက်ဧကများစွာစိုက်ပျိုးပြီး အထွက်နှုန်းမှာလည်း ဖျက်ပိုးကင်း၍ ရာသီဥတုကောင်းမွန်ခြင်းကြောင့် အထွက်နှုန်းမှာ သိသိသာသာကောင်းမွန်ခဲ့သော်လည်း ဈေးနှုန်းဈေးကွက်အနေဖြင့် တစ်ပိဿာလျှင် အမြင့်ဆုံး(၃၀၀)ကျပ်အောက်ရှိဈေးနှုန်း၊အနိမ့်ဆုံး(၁၅၀)ကျပ်ထိဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ တောင်သူများအတွက် အရင်းမရရှိပဲ အရှုံးများစွာဖြင့် (၂)နှစ်ဆက်တိုက် ရင်ဆိုင်ခဲ့ကြရသည်။ ယခုဘဏ္ဍာနှစ်(၂၀၂၁-၂၀၂၂)တွင်ကြက်သွန်နီအထွက်နှုန်းနည်းသွားသော်လည်း ကြက်သွန်နီ(အသစ်)များ ပေါ်ချိန်မှစ၍ တစ်ပိဿာလျှင် (၅၀၀) ကျပ် အထက်ဝန်းကျင်တွင် ရောင်းချခဲ့ရပြီး ယခုအချိန်ကာလတွင် တစ်ပိဿာလျှင် အမြင့်ဆုံး (၁၆၅၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ တောင်သူများအတွက် အကျိုးအမြတ်ရရှိသော နှစ်ဖြစ်ပါသည်။ စိုက်ပျိုးချိန်မှရိတ်သိမ်းချိန်အထိ တစ်ပိဿာ ကုန်ကျစရိတ်မှ ပျမ်းမျှ(၅၀၀)ကျပ်ခန့် ကုန်ကျပါသည်။ သီးနှံပေါပြီး(၂)လခန့်အကြာတွင် ကြက်သွန်နီများပုပ်ခြင်း၊ ရိခြင်း၊ အခွံကျွတ်ခြင်းများကြောင့် မူလကုန်ချိန်ထက် အလျော့ထွက်များလာ၍ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဝန်းကျင် ဈေးနှုန်းဖြင့် ရောင်းချရမှ တောင်သူများအတွက် အရင်းရရှိမည် ဖြစ်ပါသည်။ ကြက်သွန်နီကို အမျိုးအစား(၅)မျိုးဖြင့်ခွဲခြားပြီး ရောင်းချသည်။

          ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသအနှံ့အပြားမှထွက်ရှိသော ကြက်သွန်နီများကို ဆိပ်ဖြူမြို့ပေါ်ရှိ ကုန်စည်ဒိုင်သို့ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ကုန်သည်ဂိုဒေါင်များသို့လည်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပေါက်မြို့နယ်၊ စလင်းမြို့နယ်၊ ပခုက္ကူမြို့နယ်များမှ ဆိပ်ဖြူမြို့နယ်နှင့် ထိစပ်လျက်ရှိသောဒေသများမှ ထွက်ရှိသောကြက်သွန်နီများသည်လည်း ဈေးကွက်ပေါ်မူတည်၍ ဆိပ်ဖြူကုန်စည်ဒိုင်သို့ ရောင်းချမှုပြုသည်။ ဖြန့်ဖြူးရောင်းချမှုအနေဖြင့် ဆိပ်ဖြူမြို့နယ်ဒေသထွက်ကြက်သွန်နီများကို မြို့ပေါ်ရှိကုန်သည်များမှတစ်ဆင့် ရန်ကုန် တိုင်းဒေသကြီး၊ ဘုရင့်နောင်ပွဲရုံနှင့်ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ အဓိကထား၍ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝယ်လက်တရုတ်နိုင်ငံအတွက် မူဆယ်မြို့၊ အိန္ဒြိယဝယ်လက်အတွက် တမူးမြို့၊ ဘင်္ဂလားဒေရှ့်ဝယ်လက်အတွက် မောင်းတောမြို့၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနိုင်ငံများ ဝယ်လက်အတွက် မြဝတီမြို့အထိ ကုန်းလမ်းမှ မော်တော်ယာဉ် (၆/၁၂/၂၄)ဘီးတွဲကားများဖြင့် တင်ပို့ဖြန့်ဖြူး ရောင်းချလျက်ရှိပါသည်။

       ကြက်သွန်နီသည် နိုင်ငံတော်အတွက် ပြည်ပဝင်ငွေများစွာရရှိပြီး အားအထားရဆုံးသီးနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ ပြည်တွင်းစားသုံးသူပြည်သူများအတွက် စားဖိုဆောင်သီးနှံအဖြစ် နေ့စဉ်မပါမဖြစ်သုံးစွဲလျက်ရှိသည်။ ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူ ဖြစ်စေပါသည်။ ပြည်တွင်းလုပ်ငန်းရှင်များအတွက်လည်း ကုန်ကြမ်းကြက်သွန်နီမှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ကြက်သွန်ကြော်၊ ကြက်သွန်ခြောက်၊ ကြက်သွန်အမှုန့်လုပ်ငန်းများ တိုးချဲ့ထုတ်လုပ်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဒေသအနှံ့အပြားတွင်လည်း ဖြန့်ဖြူးရောင်းချလျက်ရှိပြီး စားသုံးသူများအနေဖြင့် အရန်သင့်အစားအစာအဖြစ် အလွယ်တကူချက်ပြုတ်စားသောက်နိုင်၍ ပြည်တွင်းဝယ်ယူသုံးစွဲမှု များပြားသည်။  ကြက်သွန်နီကို ပြည်တွင်းဖြန့်ဖြူးမှုသာမက ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချ၍ နိုင်ငံတော်အတွက် တစ်တောင့်တစ်နေရာမှ နိုင်ငံခြားဝင်ငွေရရှိစေပါသည်။ အရည်အသွေးပြည့်မှီပြီး တန်ဖိုးမြှင့်ထုတ်လုပ်၍ နှစ်စဉ် ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ကြက်သွန်နီစိုက်တောင်သူများ နှစ်စဉ်စိုက်ဧက ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဈေးကွက်ခိုင်မာမှုရရှိစေရေးအတွက် ကုန်သည်အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး နိုင်ငံတော်အစိုးရဘက်မှလည်း သွင်းအားစုဈေးနှုန်းများလျှော့ချနိုင်ရေး ကြက်သွန်နီတစ်ပိဿာ ကုန်ကျစရိတ်ထက်ပိုသော အခြေခံရည်ညွှန်းဈေးနှုန်းသတ်မှတ်ပေးနိုင်ပြီး အရည်အသွေးပြည့်မှီသော သီးနှံထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောနည်းပညာများဖြင့် ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြင့် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုနှင့်ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်၍ ဈေးကွက်ခိုင်မာမှုရရှိခြင်းဖြင့် ကြက်သွန်နီကို နှစ်စဉ်မပျက်မိရိုးဖလာစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော ဒေသခံကျေးလက် တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိ၍ လူနေမှုဘဝမြင့်မားဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ ပြည်တွင်း/ပြည်ပကုန်သွယ်မှုကဏ္ဍအနေဖြင့်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)

ဈေးကားများဖြင့်စားအုန်းဆီများကိုစားသုံးသူများလက်ဝယ်အရောက်ရောင်းချပေးနေမှုများ

       နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းအိမ်ရာများသို့ တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

      ၆-၈-၂၀၂၂ ရက်နေ့မှာတော့ “ ဆီလုပ်ငန်းရှင် ဦးဇော်ဇော်လတ်မှ တပ်ကုန်းမြို့နယ်၊ အုန်းပင်ကျေးရွာတွင် ဈေးကားတစ်စီးဖြင့် ဆီပိဿာချိန် (၆၆၀)အား တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း၊ ဆီလုပ်ငန်းရှင် ဦးမျိုးမင်းမှ တပ်ကုန်းမြို့နယ်၊ နောင်ဘိုအိုးကျေးရွာ၊ ကံကြီးကျေးရွာနှင့် ဒယောက်ကူးကျေးရွာတို့တွင် ဆီပိဿာချိန် (၆၆၀)ကို တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း၊ ဆီလုပ်ငန်းရှင် ဒေါဖြိုးဖြိုးထိုက်က တပ်ကုန်းမြို့နယ်ရှိ ကျန်းမာရေးမြို့နယ်ရေးမှူးရုံး၊ ကြို့ပင်သာကျေးရွာ၊ ရေတွင်းဖြူကျေးရွာနှင့် ချောင်းခကျေးရွာတို့တွင် ဆီပိဿာချိန် (၆၆၀)ကို ဈေးကားတစ်စီးဖြင့် စားသုံးသူများလက်ဝယ်အရောက်လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့်ဆီလုပ်ငန်းရှင် ဦးသူရဇော်ဇော်က တပ်ကုန်းမြို့နယ်၊ MRTV ဝန်ထမ်းအိမ်ယာများတွင်ဆီပိဿာချိန် (၆၆၀)ကို တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း” သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း