ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ အထွက်နှုန်းကောင်း၊ စျေးကောင်းရသည့် ပဲစင်းငုံ”

           မိတ္ထီလာခရိုင်အတွင်း ပဲစဉ်းငုံကို ယခုနှစ်တွင် ဧက (၉၀၀၀၀) ခန့်စိုက်ပျိုးခဲ့ရာ မလှိုင်မြို့နယ်တွင် ဧက (၆၀၀၀၀) ခန့်ဖြင့် အများဆုံးစိုက်ပျိုးကြောင်းသိရပါသည်။ ပဲစင်းငုံသီးနှံမှာ ရေငတ်ဒဏ်ခံခြင်းကြောင့် ဒေသရာသီဥတုနှင့်သင့်လျော်သည့်အပြင် စိုက်ပျိုးစရိတ်(သွင်းအားစု/လုပ်အားခ)များပါ သက်သာခြင်းကြောင့် စိုက်ပျိုးမှုများပါသည်။ စိုက်ပျိုးကာလမှာ မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းကြပါသည်။ ပဲစင်းငုံကို ဝါ၊ နှမ်းတို့နှင့် သီးညှပ်အဖြစ်လည်းကောင်း၊ ပဲစင်းငုံကို ဒီဇင်ဘာလ လလယ်ပိုင်းတွင် စတင်ရိတ်သိမ်းခဲ့ရာ သီးနှံပေါ်စတွင် စျေးကောင်းရသဖြင့် တစ်တင်းလျှင် ၅၅၀၀၀ိ/-ကျပ်ရှိခဲ့ပါသည်။ သီးနှံလှိုင်ချိန်ဖြစ်သော ဒီဇင်ဘာလ၏ လကုန်ပိုင်းတွင် ၅၃၀၀၀ိ/-ကျပ်ဖြင့် စျေးအနည်းငယ်ကျဆင်းခဲ့သော်လည်း ဇန်နဝါရီလလယ်တွင် မိတ္ထီလာမြို့ပေါ်ရှိ ရောင်းစျေးမှာ တစ်တင်းလျှင် ၅၇၀၀၀ိ/-ကျပ်၊ ကွင်းစျေး(ကျေးရွာ)စျေးမှာ တစ်တင်းလျှင် ၅၅၀၀၀ိ/-ကျပ်မှ ၅၆၀၀၀ိ/-ကျပ်အထိရှိကြောင်းသိရပါသည်၊၊ တစ်ဧကအထွက်နှုန်းမှာ သီးသန့်စိုက်ဧကများတွင် (၇/၈) တင်းနှင့် သီးညှပ်စိုက်ဧကများတွင် (၃.၅/၄)တင်းထွက်ရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)

 

 

“မိတ္ထီလာစျေးကွက်မှ ယခုတစ်ပတ် ကြက်သွန်နီတင်ပို့မှုနည်း”

       မိတ္ထီလာစျေးကွက်အတွင်း ဇန်နဝါရီလ လလယ်ပိုင်း၌ နယ်ဝေးဒေသများသို့ ကြက်သွန်နီတင်ပို့မှုနည်းနေကြောင်းသိရပါသည်။ မိတ္ထီလာခရိုင်အတွင်း မိုးကြက်သွန်ကို မလှိုင်မြို့နယ်တွင်ဧက (၆၅၀)ကျော်နှင့် ဝမ်းတွင်းမြို့နယ်တွင် ဧက (၂၀၀၀)ကျော်စိုက်ပျိုးကာ မိုးကြက်သွန်နီမှာ ဒီဇင်ဘာလအတွင်း ရိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်။ ယခုနှစ်တွင် ကြက်သွန်နီစျေးကောင်းလာခြင်းကြောင့် တောင်သူများမှာ အကျိုးအမြတ်များခဲ့ကြောင်းသိရပါသည်။ ဇန်နဝါရီလ တတိယပတ်အတွင်း ရန်ကုန်သို့ (၁၇) တန်ဆံ့ (၁၂) ဘီးကား(၂) စီးနှင့် ပဲခူးသို့ ကုန်ချိန် (၇) တန်ဆံ့ (၆) ဘီးကား (၃) စီးတင်ပို့ခဲ့ပါသည်။ ကားတင်ခအနေဖြင့် ရန်ကုန်သို့ တစ်ပိဿာလျှင် (၁၀၀ိ/-)ကျပ်၊ ပဲခူးသို့ တစ်ပိဿာလျှင် (၁၁၀ိ/-)ကျပ်ရှိကာ ကုန်တင်ခနှုန်းများမှာ စျေးငြိမ်နေပါသည်။ ကြက်သွန်နီစျေးမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် (၂၅၀ိ/-)ကျပ်ဝန်းကျင်စျေးနှုန်းကျဆင်းလာပြီး လက္ကားဂျွန်စျေးမှာ ၂၁၀၀ိ/-ကျပ်ရှိကြောင်း စျေးကွက်မှသိရပါသည်။

DOCA(မန္တလေး)

 

ပဲခူးတိုင်းဒေသကြီးတွင် ဆန်/စပါးဈေး အနည်းငယ် မြင့်တက်

          ၂၀၂၂-၂၀၂၃ ခုနှစ်ထွက် ၊ ပဲခူးတိုင်းဒေသကြီး၏ ဧည့်မထ (မိုးစပါး) ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် ဧည့်မထစပါးဈေးနှုန်း ၄၆ပေါင် တင်း၁၀၀ လျှင် ၁၁၂၀၀၀၀ကျပ်မှ ၁၁၆၀၀၀၀ ကျပ်ထိရှိခဲ့ရာမှ ယခုဇန်နဝါရီလ တတိယပတ်တွင် ၁၁၆၀၀၀၀ ကျပ်မှ ၁၁၉၆၀၀၀ကျပ် ဈေးနှုန်းဖြစ်ခဲ့သဖြင့် ဧည့်မထ စပါး ၄၆ပေါင် ၊ တင်း၁၀၀ လျှင် ၃၆၀၀၀ကျပ် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် ဧည့်မထ ဆန်ဈေးနှုန်းမှာ ၂၅ % (၁၀၈)ပေါင် တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်မှ ၄၃၅၀၀ ကျပ်ရှိခဲ့ရာမှ ဇန်နဝါရီလ တတိယပတ်တွင် ဧည့်မထ ၂၅ % ဆန် (၁၀၈)ပေါင် ၄၄၀၀၀ကျပ်မှ ၄၆၀၀၀ ကျပ်ထိ ရောက်ရှိခဲ့သဖြင့် ဧည့်မထဆန် ၁၀၈ပေါင် တစ်အိတ်လျှင် ယခင်အပတ်ကထက် ယခုအပတ်တွင် ၂၀၀၀ - ၂၅၀၀ ကျပ်ထိ အသီးသီး ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း ဆန်စက်ပိုင်ရှင်များနှင့် ဆန်ကုန်သည်များထံမှ သိရှိရပါသည်။

          ယခုကဲ့သို့ စပါး/ဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်လာရခြင်းမှာ ပြည်ပသို့ တင်ပို့မည့် သင်္ဘော ဆိုက်ရောက်နေချိန်ဖြစ်သဖြင့် ရန်ကုန်ရှိ ဆန်ကုန်သည်များမှ ဧည့်မထ Export အဆင့်မီ အရည်အသွေး မြင့်ဆန်များကို ဈေးနှုန်းမြင့် ဝယ်ယူနေခြင်းကြောင့်သော်လည်းကောင်း ၊ တောင်သူများမှ စပါးနည်းပါး လာသည့်အချိန်တွင် စပါးကိုထိန်း၍ ရောင်းချနေခြင်းများကြောင့်လည်းကောင်း ဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကရင်ပြည်နယ်ဒေသထွက် ပဲတီစိမ်းများ ပဲခူးမြို့သို့တင်ပို့ ဈေးကောင်းရလျက်ရှိ

        ကရင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ပဲတီစိမ်းများ စတင်ထွက်ရှိကာ ပြည်တွင်းသို့ သယ်ယူပို့ဆောင်ရောင်းချလျက်ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းရရှိလျက်ရှိ ကြောင်း ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။

         ပဲတီစိမ်း ကုန်သည်များအနေဖြင့် ဒေသထွက် ပဲတီစိမ်းဝယ်ယူရာတွင် တစ်တင်းလျှင် ပွဲရုံအထိုင်ဈေး ၄၇၀၀၀/ ကျပ် ဖြင့် ဝယ်ယူလျက်ရှိပြီ အလုပ်သမားခ၊ ကားခ၊ အိတ်ခွံဖိုးနှင့် အထွေထွေကုန်ကျစရိတ် တစ်ပိဿာလျှင် ၁၆၅၀ ကျပ်နှုန်းရှိသောကြောင့် တစ်ပိဿာအရင်း ---၄၈၆၅၀/ ကျပ်ဖြစ်ပြီး  ပဲခူးအထိုင်ဈေး တစ်တင်းလျှင် ၅၁၀၀၀/ မှ ၅၃၀၀၀/ ကျပ်ဖြင့် အရည်အသွေးအပေါ်မူတည်၍ ရောင်းချရသောကြောင့် တစ်တင်းအမြတ် ၂၃၅၀ ကျပ်မှ ၄၃၅၀/ ကျပ်ထိရှိကာ အကျိုးအမြတ်ရလျက်ရှိကြောင်းသိရပါသည်။

         ယမန်နှစ်က ကရင်ပြည်နယ်ဒေသထွက် ပဲတီစိမ်းဈေးမှာ တစ်တင်းလျှင်၃၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းပိတ်ခဲ့ပြီး ယခုနှစ် အဖွင့်ဈေးနှုန်းမှာ တစ်တင်းလျှင် ၅၃၀၀၀ကျပ် (ပဲခူးအထိုင်ဈေး) ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

“မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော ဆီးသီး(အချဉ်မျိုး)”

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစန်းအောင် ဒု-ဦးစီးမှူးသည်(၁၉-၁-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) ချိန်တွင် မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာ၊ သဖန်းပင်ရိုးကျေးရွာနှင့် (တောင်)ဆည်ကုန်းကျေးရွာများသို့ ဆီးသီး(အချဉ်မျိုး)နှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

       ဆီးသီး(အချဉ်မျိုး)အပင်များသည် အပူပိုင်းဒေသတွင် ပေါက်တတ်သော သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး နှစ်ရှည်သီးပင်အမျိုးအစားဖြစ်ပါသည်။ ထိုအပင်များသည် တောင်သူများ၏ လယ်ကန်သင်း၊ ယာကန်သင်းနှင့် မြေလွတ်နေရာများတွင် သဘာဝအလျောက် အလေ့ကျပေါက်လျက်ရှိသည်ကိုတွေ့ရပါသည်။ တောင်သူများအနေဖြင့် ဆီးသီးများကို နှစ်စဉ် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ (၃)လခန့်ခူးဆွတ်ပြီး ရောင်းချကြရကြောင်း၊ အရွယ်ရောက်ပြီးသော ဆီးပင်ကြီး(၁) ပင်ကို (၁) ရာသီလျှင် (၂၀ မှ ၂၅) တင်းအထိ ထွက်ရှိကြောင်း၊ ခူးဆွတ်ပြီး ရရှိလာသောဆီးသီးများကို နေလှမ်းအခြောက်ခံပြီး ကျေးရွာအရောက် လာရောက်ဝယ်ယူကြသော ပွဲစားများထံသို့လည်းကောင်း၊ မြို့ပေါ်ရှိ ဆီးသီးပွဲရုံအဝယ်ဒိုင်များသို့လည်းကောင်း တင်ပို့ရောင်းချကြပါသည်။ ယခင်နှစ်က ဆီးသီးခြောက် (၁) တင်းလျှင် (၄၅၀၀ိ/-မှ၅၀၀၀ိ/-)ကျပ်စျေးနှုန်းသာရရှိခဲ့သော်လည်း ယခုနှစ်တွင် လက်ရှိပေါက်စျေးမှာ (၁) တင်းလျှင် (၉၅၀၀ိ/-မှ ၁၀၀၀၀ိ/-)ကျပ်အထိ စျေးနှုန်းရရှိသည့်အတွက် ယခင်နှစ်ထက် နှစ်ဆဝင်ငွေပိုမိုရရှိကြောင်း တောင်သူများထံမှသိရှိရပါသည်။ အရွယ်ရောက်ပြီးသောဆီးပင် (၁) ပင်ရှိလျှင်ပင် (၁) ရာသီအတွင်း ၂၅၀၀၀၀ိ/- ကျပ်ခန့် ဝင်ငွေရရှိကြောင်းသိရှိရပါသည်။

   ဆီးသီး(အချဉ်မျိုး)အပင်များသည် မြေလွတ်နေရာနှင့် လယ်ကန်သင်း၊ ယာကန်သင်းများတွင် အလေ့ကျပေါက်သည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးမှုကုန်ကျစရိတ်မရှိခြင်း၊ ပြုစုပျိုးထောင်ပေးရန်မလိုခြင်း၊ မိသားစုအပိုဝင်ငွေရရှိခြင်း၊ အရှုံးမရှိပဲ အမြတ်အစွန်းသာရှိခြင်း၊ အပင်များများရှိလျှင် ရှိသလောက် အကျိုးရှိခြင်းတို့ကြောင့် ကျေးလက်နေတောင်သူများကို သဘာဝကပေးသော လက်ဆောင်အဖြစ်ရှိနေမည်ဖြစ်ပါသည်။ ထိုကဲ့သို့ တန်ဖိုးရှိလှသော ဆီးပင် (အချဉ်မျိုး)များကို စနစ်တကျစိုက်ပျိုးပြီး သေချာဂရုစိုက်ပြုစုပေးမည်ဆိုလျှင် ယခုထက်မကသောဝင်ငွေများ မလွဲဧကန်ရရှိနိုင်မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

ငရုတ်သီးစျေးနှုန်း၊ စျေးကွက်နှင့် ပြည်တွင်း/ပြည်ပတင်ပို့နိုင်မှု အခြေအနေ

       မိတ္ထီလာခရိုင်အတွင်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်ကို မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်များတွင် စိုက်ပျိုးကြပြီး၊ စိုက်ပျိုးသော ငရုတ်အမျိုးအစားများမှာ မိုးထောင်၊ သာစည်ပွ၊ ကုလားအော်ငရုတ်များကို စိုက်ပျိုးကြပါသည်၊၊ ငရုတ်ကို မေလမှ သြဂုတ်လများအထိ စိုက်ပျိုး၍ စက်တင်ဘာလမှ ဇန်နဝါရီလအထိ ရိတ်သိမ်းခူးဆွတ်ကြပြီး ထွက်ရှိသော ငရုတ်သီး အစို/အခြောက်များကို ဒေသတွင်းစားသုံးမှုအပြင် ပြည်တွင်းစျေးကွက်အနေဖြင့် ရန်ကုန်၊ မော်လမြိုင်မြို့များသို့ အဓိကတင်ပို့ကြကြောင်း၊ လက်ရှိရောင်းဝယ်ဖောက်ကားရာတွင်လည်း ငွေလက်ငင်းဖြင့် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အ‌‌ရောက်ပို့စနစ်ဖြင့် ရောင်းချဖြင်းမရှိဘဲ မိတ္ထီလာအထိုင်စျေးဖြင့်သာ ရောင်းချကြကြောင်း၊ ယခုနှစ်တွင် ပြည်တွင်းစျေးကွက်သို့ ငရုတ်ခြောက်ပိဿာချိန် (၁၀) သိန်းခန့်၊ ငရုတ်အစိုအနေဖြင့် ပိဿာချိန် (၂) သိန်းခန့်တင်ပို့နိုင်ပြီး၊ ယခင်နှစ်တွင် ငရုတ်ခြောက်ပိဿာချိန် (၁၅)သိန်းနှင့် ငရုတ်(စို) ပိဿာချိန်(၃)သိန်းခန့်တင်ပို့နိုင်ခဲ့ကြောင်း၊ နှစ်စဉ် ပြည်ပစျေးကွက်ဖြစ်သည့် တရုတ်သို့ ငရုတ်သီးအခြောက်တင်ပို့လျက်ရှိပြီး၊ ထိုင်းသို့ ငရုတ်(စို)တင်ပို့လျက်ရှိကြောင်း၊ ယခင်နှစ်တွင် တရုတ်သို့ ငရုတ်သီး(ခြောက်)ပိဿာချိန် (၁) သိန်းမှ (၁၅) သိန်းကြားတင်ပို့နိုင်ခဲ့ကြောင်း၊ ထိုင်းသို့ ငရုတ်စိုပိဿာချိန် (၇) သိန်းတင်ပို့နိုင်ခဲ့သော်လည်း၊ ယခုနှစ်တွင် တရုတ်သို့ ငရုတ်(ခြောက်)ပိဿာချိန် (၁) သိန်တင်ပို့နိုင်ကြောင်း၊း ထိုင်းသို့ ငရုတ်(စို)ပိဿာချိန် (၃)သိန်းခန့်သာ တင်ပို့နိုင်ကြောင်း၊ လက်ရှိစျေးနှုန်းအနေဖြင့် ငရုတ်သီးခြောက် မိုးထောင်တစ်ပိဿာလျှင် (၁၁၅၀၀) ကျပ်၊ သာစည်ပွတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ကုလားအော်တစ်ပိဿာလျှင် (၁၂၀၀၀ )ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ပြည်ပသို့ ငရုတ်တင်ပို့နိုင်မှုမှာ လျော့နည်းကြောင်း ငရုတ်စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မန္တလေး)

 

                 

မိတ္ထီလာကုန်စည်ဒိုင် ဆီထွက်သီးနှံနှင့် ဆီစျေးနှုန်း/စျေးကွက် အခြေအနေ

       မိတ္ထီလာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ စျေးကွက်အခြေအနေမှာ နှမ်းညိုတစ်တင်းလျှင် (၇၃၀၀၀-၇၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၈၀၀၀၀-၈၅၀၀၀)ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် (၃၆၀၀-၃၇၀၀)ကျပ်ရှိပြီး၊ ယခင်ပတ်ကာလတူ ပေါက်စျေးနှုန်းများမှာ နှမ်းညိုတစ်တင်းလျှင် (၆၇၅၀၀-၇၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် ၈၀၀၀၀ ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ရှိပြီး၊ ယခင်တစ်ပတ်ကာလတူနှင့် နှိုင်းယှဉ်ပါက နှမ်းစျေးနှုန်းနှင့် နေကြာစျေးနှုန်းများ မြင့်တက်လာကြောင်း၊ ယခုပတ်အတွင်း ဆီစျေးနှုန်းမှာ နှမ်းဆီတစ်ပိဿာလျှင် (၁၁၅၀၀-၉၅၀၀) ကျပ် ၊ မြေပဲဆီတစ်ပိဿာလျှင် (၁၁၀၀၀-၁၂၀၀၀)ကျပ်၊နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၆၂၄၀-၆၂၅၀) ကျပ်ရှိပြီး၊ ယခင်ပတ်ကာလတူဘပေါက်စျေးနှုန်းမှာ နှမ်းဆီတစ်ပိဿာလျှင် (၁၁၀၀၀-၉၀၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၅၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၇၇၅-၅၈၀၀)ကျပ် စျေးများရှိခဲ့ပြီး၊ ယခုတစ်ပတ်ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဆီ၊ မြေပဲဆီ၊ စားအုန်းဆီစျေးနှုန်းများမှာ မြင့်တက်နေပြီး၊ နေကြာဆီစျေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိ‌ကြောင်းသိရပါသည်။ နှမ်းဖက်တစ်ပိဿာလျှင် ၂၃၀၀ ကျပ်၊ မြေပဲဖက်တစ်ပိဿာလျှင် ၂၇၀၀ ကျပ်၊ နေကြာဖက်တစ်ပိဿာလျှင် ၁၈၀၀ ကျပ်စျေးနှုန်းရှိပြီး  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

                 

“ ထောပတ်ပဲစျေးကောင်းရ”

        မိတ္ထီလာခရိုင်အတွင်း ထောပတ်ပဲကို ဧက(၈၀၀၀)ခန့်စိုက်ပြီး၊ မလှိုင်မြို့နယ်တွင် (၄၅၀၀) ဧကခန့်ဖြင့် အများဆုံးစိုက်ပျိုးကြောင်းသိရပါသည်။ ထောပတ်ပဲကို ဒေသတွင်းစားသုံးရန် အဓိကထားစိုက်ပျိုးကြပါသည်၊၊ ထောပတ်ပဲမှာ ပဲစိမ်း(ပဲအစို)အနေနှင့်ပင် ဒေသတွင်းစျေးကွက်သို့ တင်ပို့ရောင်းချရာ ယခုနှစ်တွင် တစ်ပြည်လျှင် ၃၀၀၀ိ/-ကျပ်အထိ စျေးကောင်းရခဲ့ပါသည်။ ဒေသတွင်းစားသုံးရာ၌ ထောပတ်ပဲအစိုကို ပြုတ်ကာညက်အောင်ထောင်းပြီး၊ အသီးအရွက်များဖြင့် အချဉ်ဟင်းရည်အဖြစ် ချက်ပြုတ်၍လည်းကောင်း၊ နှပ်၍လည်းကောင်းစားသုံးကြပါသည်။ ထောပတ်ပဲအခြောက်ကိုလည်း ပြုတ်၍လည်းကောင်း၊ အညှောင့်ဖောက်၍လည်းကောင်း ချက်ပြုတ်စားသုံးကြပါသည်။ ယခုနှစ်ထောပတ်ပဲအခြောက်မှာ တစ်တင်းလျှင် ၆၀၀၀၀ိ/-ကျပ်ဖြင့် စျေးကောင်းရကြောင်း စိုက်ပျိုးသည့် တောင်သူများထံမှသိရပါသည်။

DOCA(မန္တလေး)

 

ဟင်္သာတကုန်စည်ဒိုင်ရောင်းဝယ်မှုအခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် ဆောင်းသီးနှံပဲမျိုးစုံ လှိုင်လှိုင်ထွက်ရှိသော ဇန်နဝါရီလဆန်းမှစ၍ အဓိကဆောင်းသီးနှံဖြစ်သည့် မတ်ပဲမှာ အရောင်းအဝယ်တွင်ကျယ်ပြီး ဈေးကွက်သွက်လာခဲ့ပါသည်။ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင် ၅၄၄၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နေ့စဉ်အိတ်(၂၀၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်ပဲစပေါ်ချိန် ဒီဇင်ဘာ ဒုတိယပတ်တွင် တစ်တင်းလျှင် ၆၀၀၀၀ ကျပ်ဈေးပေါက်ခဲ့သော်လည်း ယခုကဲ့သို့ နယ်စုံပဲထွက်လာချိန်တွင် ယခင်လထက် တစ်တင်းလျှင် ၅၆၀၀ ကျပ်ခန့်ကျဆင်းခဲ့ပါသည်။ ပဲတီစိမ်း(ဆီပြောင်)တစ်တင်းလျှင် ၅၄၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လထက် ၇၅၀၀ ကျပ်ခန့်မြင့်တက်ခဲ့ပါသည်။ ပဲလွန်းဖြူတစ်တင်း လျှင် ၃၉၇၀၀ ကျပ်ဈေးပေါက်ပြီး ယခင်လနှင့် ဈေးနှုန်းတူအရောင်းအဝယ်ဖြစ်လျက်ရှိကာ၊ ပဲလွန်းနီတစ်တင်းလျှင် ၆၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လထက် ကျပ် ၆၀၀၀ ခန့်မြင့်တက်ခဲ့ပါသည်။ ပဲပုတ်တစ်တင်းလျှင် ၅၅၀၀၀ ကျပ်ဖြင့် ယခင်လနှင့် ဈေးနှုန်းတူအရောင်းအဝယ်ဖြစ်ပြီး၊ ပဲယင်း (အနီ)မှာ တစ်တင်းလျှင် ၆၂၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လထက် ၆၅၀၀ ကျပ်ခန့်မြင့်တက်ခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ ယခင်လနှင့်ဈေးနှုန်းတူ တစ်တင်းလျှင် ၂၁၀၀၀ ကျပ်ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

တောင်ငူခရိုင်၊ ဖြူးမြို့မှ ဈေးကွက်အတွင်းထိုးဖောက်လာသော Healthy Family အမှတ်တံဆိပ်ကွပ်ကီး

       တောင်ငူခရိုင်၊ ဖြူးမြို့၊ အုတ်ဖြတ်လမ်းတွင် Healthy Family အမှတ်တံဆိပ် အဟာရဖြည့် ဗီတာမင်ကွတ်ကီးများ ထုတ်လုပ်လျက်ရှိပါသည်။ လုပ်ငန်းတွင် လိုအပ်သောကုန်ကြမ်းပစ္စည်းများမှာ ဟင်းသီးဟင်းရွက်များဖြစ်သော ဟင်းနုနွယ်၊ ဖရုံသီး၊ ကန်ဇွန်းဥ၊ မုန်လာဥနှင့် နိုကိုဥ ခေါ် သကြားမုန်လာတို့ဖြစ်ပါသည်။

      ယင်းဗီတာမင်ကွတ်ကီးတွင် ဗိုက်တာမင်၊ အမျှင်ဓါတ် နှင့် သတ္တုဓါတ်တို့ပါဝင်ပြီး အသက် (၁)နှစ် အထက်ကလေးများမှ စတင်စားသုံးနိုင်ကြောင်း သိရှိရပါသည်။ သက်ကြီးရွယ်အိုများ အနေဖြင့်လည်း အဟာရဖြည့်စွက်စာအဖြစ် စားသုံးနိုင်ပါသည်။ လုပ်သားအင်အား (၆)ဦးဖြင့် တပိုင်တနိုင် ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြစ်ပြီး လုပ်သား (၁)ဦးလျှင် တစ်လ (၁၅၀၀၀၀) ကျပ်နှုန်း ပေးရကြောင်း သိရှိရပါသည်။

    ဈေးနှုန်းအနေဖြင့် ဗီတာမင်ကွတ်ကီး ၁ဗူးလျှင် (၄၅၅၀) ကျပ်နှုန်း ရောင်းချရပါသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မကွေးနှင့် နေပြည်တော် တို့တွင် ကိုယ်စားလှယ် များဖြင့် ဖြန့်ချိပါသည်။ ထုတ်လုပ်မှု အနေဖြင့် (၁)လလျှင် (၁၂၀၀)ဘူးမှ (၁၅၀၀)ဘူး ခန့်ထုတ်လုပ် နိုင်ပါသည်။

       ၎င်းဗီတာမင်ကွတ်ကီးများသည် ကျန်းမာရေးနှင့်ညီညွတ်၍ သဘာဝကုန်ကြမ်းပစ္စည်း များကိုသာသုံးစွဲ၍ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း Healthy Family ဗီတာမင်ကွတ်ကီး ထုတ်လုပ်ဖြန့်ဖြူးသူ လုပ်ငန်းရှင် ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း