ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူ ကြက်သွန်နီ မေလ(ဒုတိယ)ပတ်အတွင်း စီးဆင်းမှုအခြေအနေ

            မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ မေလ(ဒုတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန် ပိဿာ(၁)သောင်းခွဲခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၁)သိန်းဝန်းကျင်ခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်ခဲ့ပြီး  မြို့ပေါ်ရှိကြက်သွန်ကုန်သည် ဂိုဒေါင်များသို့ (၁)ပတ်အတွင်း ကုန်ချိန် (၂)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း၊ မေလ(ဒုတိယပတ်)အတွင်း ကုန်စည်ဒိုင်နှင့် ကုန်သည်(ဂိုဒေါင်)များ အရောင်း အဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ(၃)သိန်းဝန်းကျင်ခန့်ရှိကြောင်း၊ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ပိဿာအဝင်နည်းသွားရခြင်းမှာ တောင်သူများမှ ယခုချိန်တွင် ဈေးငြိမ်နေ၍ နောက်ပိုင်းကာလတွင် ကြက်သွန်ဈေးနှုန်းများ မြင့်တက်လာနိုင်မည်ဟု ခန့်မှန်းပြီး ရောင်းချခြင်းမရှိသေးဘဲ ထွက်ကုန်များကို ထိန်း၍ရောင်းချနေကြောင်း၊ တောင်သူများ သိုလှောင်ထားရှိခြင်းကြောင့် ကုန်ချိန် အဝင်နည်းကြောင်း ကုန်စည်ဒိုင်အသင်းဝင်ကုန်သည်ပွဲစားမှတစ်ဆင့် သိရှိရပါသည်။

            (၁)ပတ်အတွင်း ကြက်သွန်နီ (၁)ပိဿာ ထိပ်စရှယ်အမြင့်ဆုံးဈေးနှုန်းမှာ (၆၇၅)ကျပ်မှ (၆၁၅) ကျပ်ထိ အနိမ့်ဆုံးဈေးနှုန်းမှာ (၅၂၅) ကျပ်မှ(၄၂၅)ကျပ်ထိ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ကြက်သွန်နီထွက်ကုန် အရည်အသွေးများ မတူညီခြင်းကြောင့် ဈေးနှုန်းများ ကွာခြား ကြောင်း၊ယခင်(၁)ပတ် ကြက်သွန်နီအမြင့်ဆုံး ဈေးနှုန်းမှာ(၆၃၅)ကျပ်ဖြစ်ပြီး ယခု(၁)ပတ် အမြင့်ဆုံး ဈေးမှာ(၆၇၅)ကျပ် ဈေးဖြင့်အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၄၀)ကျပ်ခန့် ဈေးနှုန်းမြင့် တက်သွားကြောင်း၊ အနိမ့်စအမြင့်ဆုံး ဈေးနှုန်းမှာ ယခင်(၁)ပတ်က(၅၇၅)ကျပ်၊ ယခု(၁)ပတ် (၅၂၅) ကျပ်ဖြစ်၍ (၅၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းသွားကြောင်း၊ ယခု(၁)ပတ်အတွင်း မြဝတီဝယ်လက် အနည်းငယ်ရှိပြီး ပြည်တွင်းဖြန့်ဖြူး သုံးစွဲမှုသာရှိခြင်းကြောင့် ပြည်ပတင်ပို့မှုနည်း၍ ဈေးနှုန်း ဈေးကွက်ငြိမ်လျက်ရှိကြောင်း ကုန်စည်ဒိုင် အသင်းဝင်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စရှယ် (ကျပ် ၁၀၀၀/၉၀၀)၊ လတ်(ကြီး)(ကျပ် ၈၀၀/၇၀၀)၊ လတ်(သေး)(ကျပ် ၆၀၀/၅၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် မေလ(ဒုတိယပတ်)အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မြဝတီမြို့သို့ နေ့စဉ် (၆/၁၂)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီပျမ်းမျှပိဿာ (၃)သိန်း/တန်ချိန်(၂)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဈေးနှုန်းမြင့်သော်လည်း အရောင်းအဝယ်ကောင်းနေသည့် ဒူးရင်းဈေးကွက်

              မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၇.၅.၂၀၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဒူးရင်းသီးရောင်းချလျက်ရှိသော ဈေးဆိုင်တန်းများသို့ သွားရောက်၍ ဒူးရင်းသီးရောင်းဝယ်ဖောက်ကားမှု၊ ဈေးနှုန်း၊ ဈေးကွက် အခြေအနေများအား စုံစမ်းမေးမြန်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

                ထိုသို့ စုံစမ်းမေးမြန်းရာတွင် ဒူးရင်းသီးရောင်းချသူ ဆိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ ဘီးလင်း မြို့နယ် ဝင်းက၊ ယက္ကန်းသည်မ၊ မရမ်းကုန်း၊ အလူးလေး ကျေးရွာများမှ ဒေသထွက် ဒူးရင်းသီးများအား ရောင်းချလျက်ရှိကြောင်း၊ ရံဖန်ရံခါ ရေးမြို့နယ်နှင့် သထုံမြို့နယ် ကျိုက္ကော်မှ ဒူးရင်းသီးများအား ရောင်းချလျက်ရှိကြောင်း၊ ရံဖန်ရံခါ ရေးမြို့နယ်နှင့် သထုံမြို့နယ် ကျိုက္ကော်မှ ဒူးရင်းသီးများအား မှာယူရောင်းချလျက်ရှိကြောင်း၊ ဒေသခံလူများနှင့် ဘုရားဖူးခရီးသွားများ အများအပြားဝယ်ယူမှုရှိကြောင်း၊ ဒူးရင်းသီး ဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် အလုံးကြီး (၁၂၀၀၀) ကျပ်၊ အလုံးလတ် (၈၀၀၀) ကျပ်၊ အလုံးသေး (၅၀၀၀) ကျပ်ခန့် ဖြစ်ပေါ်ကြောင်း၊ ပေါ်ဦးပေါ်ဖျားရာသီဖြစ်သဖြင့် ယခင်နှစ်ထက် ဈေးနှုန်း နှစ်ဆခန့် မြင့်သော်လည်း အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

                 သထုံခရိုင်တွင် ကွက်ကောက်စာရင်းအရ ဒူးရင်းသီး စိုက်ဧက (၄၀၀၀) ဝန်းကျင်ခန့်ရှိပြီး တစ်ဧကလျှင် အထွက်နှုန်း (၃၀၀၀) ခန့်ရှိကြောင်း၊ ဒူးရင်းသီး လှိုင်လှိုင်ပေါ်သောအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်သို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

မော်လမြိုင်ဘိလပ်မြေနှင့် ဓါတ်မြေသြဇာဈေးကွက်

            မော်လမြိုင်မြို့၌ ယခု မေလ တတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်  ပုံမှန်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ)တစ်အိတ်လျှင် ကျပ် ၉၈၀၀၊ ဆင် (ထိုင်း) တစ်အိတ်လျှင် ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ် (အဝါ) တစ်အိတ်လျှင် ကျပ် ၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓါတ်မြေသြဇာမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။

          ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာ ယခုအပတ်တွင် ကွန်ပေါင်း ( မြန်မာသြဘာ‌ ရွှေကောမက်) ၁၅:15:15 50 kg ပါ တစ်အိတ်မှာ ကျပ် ၁၁၉၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:12 50 kg  ပါ တစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ကွန်ပေါင်း (Thai Grow How) 50kg ပါတစ်အိတ်မှာ ကျပ် ၁၁၀၀၀၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50 kg ပါ တစ်အိတ်မှာ ကျပ် ၆၈၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါ တစ်အိတ်မှာ ကျပ် ၉၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)

 

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့်သီဟိုစျေး တည်ငြိမ်တက်လျက်ရှိ

           ကွမ်းသီးနှင့် သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း ( ၂ ) မျိုးရှိကြောင်း သိရှိရပါသည်။

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ မေ​၁၈ ရက်တွင်  ကွမ်းသီးအလုံး(အခွံမပါ)တစ်ပိဿာလျှင် ကျေးရွာအတွင်း ဝယ်ယူသောစျေးမှာကျပ် ၅၀၀ဝ နှုန်းရှိပြီး နေလှန်းအခြောက်ခံသန့်စင်ထုပ်ပိုးပြီး ရန်ကုန်စျေးကွက်သို့တင်ပို့ရာ ရောင်းစျေးမှာ တစ်ပိဿာလျှင် ကျပ်၅၈၀၀နှုန်း စျေးရှိနေပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ သီဟိုစျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ကျပ် ၃၄၀ဝ ရှိပြီး  သီဟိုစေ့အချောတစ်ပိဿာ လျှင် ကျပ်၂၂၃၀ဝ ရှိကြောင်း သိရှိရသည်။

          ကွမ်းသီးနှင့် သီဟိုစေ့ဈေးနှုန်းများမှာ ယခင်အပတ်နှင့် ယခုပတ်နှိုင်းယှဉ်လျှင် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်လည်ပတ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ပခုက္ကူခရိုင် ကြက်သွန်ကုန်ဝယ်ဒိုင်တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းဈေးကွက်

             ပခုက္ကူခရိုင်အတွင်း ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ရေစကြို ၊ ပေါက်၊ ရေပြာ၊ ယောနယ်၊ ကမ္မနှင့်ဆိပ်ဖြူဒေသများမှ ဆောင်းစိုက်(ပင်စိုက်)များ လှိုင်လှိုင်ပေါ်ထွက်နေပြီး စစ်ကိုင်းတိုင်းဒေသကြီး ပုလဲ၊ မွှေ့ခါရွာမှ ကြက်သွန်နီများလည်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

                မေ(၈)ရက်နေ့မှ (၁၄) ရက်နေ့အတွင်း ဖြစ်ပေါ်လျှက်ရှိသော ကြက်သွန်နီလက်ကားဈေးမှာထိပ်စ တစ်ပိဿာလျှင် (၇၃၀) ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၄၅၀)ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၃၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကုန်ချိန်မှာ နေ့စဉ်တစ်နေ့လျှင် ပိဿာ(၃၀၀၀၀ မှ ၇၀၀၀၀)ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့မ ဈေးတွင် ရောင်းချသော လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် (၁၀၀၀-၉၀၀) ကျပ်၊ အလတ်စ တစ်ပိဿာ လျှင် (၈၀၀)ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၇၀၀-၆၀၀)ကျပ်ဖြင့် ရောင်းချနေပြီး ဘင်္ဂလားဒေ့ရှ်၊ မြဝတီနှင့် အခြားနယ်များသို့ တင်ပို့လျှက်ရှိကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။

DOCA (မကွေး)

ပခုက္ကူ ကုန်စည်ဒိုင်၏ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုနှင့် တင်ပို့ရောင်းချမှု အခြေအနေ

          ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံသီးနှံများမှာ ပဲစဉ်းငုံနီ၊ ကုလားပဲမျိုးစုံ၊ ပဲတီစိမ်းကြီး ၊ ပဲဇီးကွက်၊ ပြောင်းဖူးစေ့( CP)နှင့် အခြားပဲမျိုးစုံ၊ မန်ကျည်းတောင့်များ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

         မေလ(၈)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း ဖြစ်ပေါ်လျက်ရှိသာ ပဲစဉ်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် (၄၂၁၀၀-၄၂၃၀၀)ကျပ်၊ ကုလားပဲဝါလုံးကြီး(929) တစ်တင်းလျှင် (၄၃၈၀၀-၄၄၀၀၀)ကျပ်၊ ကုလားပဲဖြူ လုံးကြီး(V6) တစ်တင်းလျှင် (၄၈၀၀၀) ကျပ်၊ ပဲတီစိမ်းကြီးတစ်တင်းလျှင်(၄၆၈၀၀)ကျပ်၊ ပဲဇီးကွက် တစ်တင်း လျှင်(၄၂၈၀၀)ကျပ်၊ ပြောင်းဖူးစေ့(CP) တစ်တင်းလျှင်(၁၇၁၀၀)ကျပ်၊ ပဲလွန်းပြာတစ်တင်းလျှင် (၃၁၀၀၀) ကျပ်၊ မန်ကျည်းတောင့် တစ်ပိဿာလျှင် (၁၇၈၀)ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်မှုမှာ ပဲစဉ်းငုံနီ(၄၀၀) အိတ်၊ ကုလားပဲဝါလုံးကြီး (929)(၁၀၀)အိတ်၊ ကုလားပဲဖြူလုံးကြီး(V6) (၂၀၀) အိတ်၊ ပဲတီစိမ်းကြီး(၆၀၀) အိတ်၊ ပဲဇီးကွက်(၁၅၀) အိတ်၊ ပဲလွန်းပြာ(၁၀၀)အိတ်၊ ပြောင်းဖူးစေ့ (CP)(၁၀၀) အိတ်၊ မန်ကျည်းတောင့် ပိဿာချိန်(၉၀၀၀)နှင့် တင်ပို့မှုမှာ ကုန်းလမ်းမှ ပဲယင်းနီ၊ ထောပတ်ပဲဖြူ၊ ကုလားပဲမျိုးစုံ၊ ပဲတီစိမ်းကြီး၊ စွန်တာနီပဲများကို ရန်ကုန်သို့ တင်ပို့လျှက်ရှိပြီး ပဲဈေးနှုန်းများမှာလည်း အချိန်နှင့်တပြေးညီ ပြောင်းလဲနေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA (မကွေး)

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာ ဈေးတည်ငြိမ်လျက်ရှိ

             တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို  အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထားရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း  RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ ယခင်အပတ်ထက် ယခုနှစ်အပတ်တွင် ဈေးတည်ငြိမ်လျက်ရှိပြီး ယခုအပတ် (၁၆. ၅. ၂၀၂၂) မှ (၂၀. ၅ .၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၀၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၀ဝ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက် အပြစ်အနာဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။

             ရော်ဘာကို ရန်ကုန်သို့ တင်ပို့လျက်ရှိပြီး ကော့သောင်းနှင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး သယ်ယူပို့ဆောင်ခ (ကားခ) တစ်ပိဿာ လျှင် (၆ဝိ/-) (၇ဝိ/-) နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။

DOCA(တနင်္သာရီ)

ပဲခူးမြို့နယ်အတွင်း နွေစပါး ဈေးကောင်းရခြင်းကြောင့် တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်း

            ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၌ ယခုနှစ်တွင် နွေစပါးဧက(၁၃၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိနွေစပါးပေါ်ချိန် စပါးတင်း (၁၀၀)လျှင် ကွင်းဈေး ၇၉၀၀၀ဝိ/- ကျပ်၊ စက်အရောက်ဈေး ၈၂၀၀၀ဝိ/- ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          တောင်သူများအနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီတွင် သွင်းအားစုဈေးနှုန်းများ မြင့်မားခြင်း၊ လုပ်သားခများမြင့်တက်ခြင်း၊ သယ်ယူပို့‌ဆောင်ခနှုန်းထားများ မြင့်တက်လာခြင်းကြောင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်တွင် ကျပ် ၄၀၀၀၀ဝိ/-ခန့် ကုန်ကျခဲ့သော်လည်း တစ်ဧကအထွက်နှုန်း တင်း(၈၀)ခန့် ထွက်ရှိခြင်း၊ ယခငနှစ် နွေစပါးပေါ်ချိန်ထက် ဈေးပိုမိုရရှိခြင်းတို့ကြောင့် အကျိုးအမြတ်ဖြစ်ထွန်းမှုများရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကေတုမတီ စိန်တလုံးသရက်သီး ဈေးကွက်

              တောင်ငူခရိုင်အတွင်းရှိ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်များတွင် စိန်တလုံး သရက်သီးများကို အများဆုံး စိုက်ပျိုးကြပါသည်။ တောင်ငူခရိုင်အနေဖြင့် ၇၄၂ ဧက စိုက်ပျိုးသည့် အနက် ၄၄၃ ဧက အသီးခူးနိုင်ခဲ့ပြီး တစ်ဧကလျှင် အလုံးရေ ၁၅၀၀၀ မှ ၃၀၀၀၀ အထိ ထွက်ရှိပါသည်။ တစ်နှစ်လျှင် စိန်တလုံးသရက်သီး တန်ချိန် ၃၁၀၀ ခန့်ထွက်ရှိပါသည်။

              ထွက်ရှိလာသော စိန်တလုံးသရက်သီးများအား ဒေသတွင်းနှင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချလျှက်ရှိရာ အလုံးသေး တစ်လုံးလျှင် ၂၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၃၀၀ ကျပ်နှင့် အကြီးတစ်လုံးလျှင် ၅၀၀ ကျပ်အထိ ရောင်းချရကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့သို့ ဝင်ရောက်လာသော ဓညင်းသီးဈေးကွက်

              တောင်ငူမြို့မှ အရှေ့ဘက် မိုင် ၃၀ ခန့် ဝေးသော ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်ကြီး၊ လိပ်သို၊ ဘောဂလိ ဒေသများရှိ ကျေးရွာများမှ ဓညင်းသီးများသည် တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဓညင်းသီးပွဲရုံများသို့ တစ်ရက်လျှင် ပိဿာချိန် ၃၀၀၀ မှ ၅၀၀၀ ခန့်အထိ ဝင်ရောက် လျှက်ရှိပါသည်။

              လက္ကားဈေးအနေဖြင့် သောင်းပြောင်း တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ဝယ်ယူရပါသည်။ လက်လီအနေဖြင့် ၁၀ လုံးဈေးဖြင့်သာ ရောင်းချပြီး ဓညင်းသီးပေါ်ခါစတွင် အသေး ၁၀ လုံးလျှင် ၁၀၀၀ ကျပ်၊ အလတ် ၁၀ လုံးလျှင် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရောင်းချရပြီး ယခု အချိန်တွင် ဓညင်းသီးခြံများမှ များများစားစား ထွက်ပေါ်လာသည့်အတွက် ဈေးကွက်အတွင်း၌ ယခု အပတ်အတွင်း အသေးနု ၁၀ လုံးလျှင် ၅၀၀ ကျပ်၊ အလတ် ၁၀ လုံးလျှင် ၁၀၀၀ ကျပ်နှင့် အကြီး ၁၀ လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဓညင်းသီးပွဲရုံများမှ ဓညင်းသီးများကို ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း